နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရသည်မှာ
အိပ်မပျော်သူအတွက် ညတာရှည်သကဲ့သို့ ထင်ရ၏။ ခရီးပန်းလာသူအတွက် တစ်ယူဇနာ ခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက် သံသရာသည် အလွန်ရှည်လျား နေရတော့သည်။
(ဓမ္မပဒ (၆ဝ) အညတရ ပုရိသာ ဝတ္ထု )ကလေးတို့သည် နှစ်ခြိုက်စွာ အိပ်ပျော်လေ့ ရှိကြသည်။ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခြင်း၏ ပထမအကြောင်းရင်းမှာ ပူပင်သောက မရှိခြင်းနှင့် ဆိုင်သည်။ ကလေးတို့သည် လောကကြီး အကြောင်း ကောင်းစွာ နားမလည်သေးသဖြင့် သူတို့၌ ပူပင်သောက ကြီးကြီးမားမား မရှိ။ ထို့ပြင် တာဝန်ယူစရာ မလိုအပ်သေးသည့် အရွယ်လည်း ဖြစ်နေပြန်သည်။ သူတို့သည် မအိပ်စက်မီ တောင်တွေး မြောက်တွေး မရှိ။ တခုတည်းသာတွေး၍ အိပ်တတ်သည်။
ဥပမာ- သူတို့ နှစ်သက်ရာ အရုပ်လိုချင်သည့် အကြောင်း၊ အဝတ်အစားသစ် လိုချင်သည့်အကြောင်း တွေး၍ အိပ်သွားခြင်းမျိုး ဖြစ်သည်။ အစွဲအလမ်းဖြင့် အိပ်သွားခြင်းသည် ပူပင်သောက တမျိုးကို ခံစားရခြင်း ဖြစ်သည်။ သို့သော် ပုံမှန်ကလေးတို့ မည်သည် များသောအားဖြင့် အခြားအစားထိုးစရာ တခုခုကို အလွယ်တကူ လက်ခံတတ်သည့် သဘောရှိတတ်၍ ကြီးမားသော ပူပင်သောက မဖြစ်။ ထိုအခါ ကလေးတို့၏ စိတ်သည် ထွေပြားခြင်း မရှိပဲ တည်ငြိမ်နေတော့သည်။
တနည်းအားဖြင့် ပုံမှန်ကလေးတို့၏ စိတ်သည် အလွန်အကျွံ မဖြစ်တတ်။ ထိုသို့သောစိတ် တခုတည်းကိုသာ ထားနိုင်စွမ်း ရှိကြသည်။ စိတ်တခုတည်း ထားနိုင်ခြင်းဖြင့် အိပ်ပျော်စေတတ်ကြောင်း လူကြီးများဖြင့် နမူနာပေးနိုင်သည်။ အချို့လူကြီးများသည် အိပ်ယာဝင်သောအခါ အချိန်အတန်ကြာသည်အထိ အိပ်မပျော်နိုင်ပဲ ရှိနေတတ်ကြသည်။ ထိုအခါ သူတို့သည် ထွက်သက် -ဝင်သက်ကိုသာ ပုံမှန် ပြုလုပ်နေရင်း မကြာခင်မှာပင် အိပ်ပျော်သွားတတ်ကြသည်။ လိုရင်းမှာ ထွက်သက်-ဝင်သက်အပေါ် စိတ်တခုတည်းသာ ရှိနေသဖြင့် ပူပင်သောက(များ)ကို တမင်တကာ မေ့ထားသလို ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ ရာသီဥတု ဒဏ်မှ နွေးထွေးလုံခြုံပြီး သက်တောင့်သက်သာ ရှိသည့် နေရာတွင် အိပ်စက်ရခြင်း ဖြစ်သည်။ အလွန်အကျွံ ပူခြင်း၊ အေးခြင်း မရှိလျှင်၊ ကြမ်းပိုး-ခြင်-ယင်-မှက်များ မရှိလျှင် ပူပင်သောက ကင်းတတ်သူ မှန်သမျှ သင့်တင့်မျှတသော နေရာတွင် နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြသည်။ သို့ဖြစ်ရာ အပူအပင်ကင်းနေခြင်းနှင့် လုံခြုံနွေးထွေးပြီး သက်တောင့် သက်သာရှိသောနေရာ၌ အိပ်စက်ခြင်းသည် ကောင်းစွာ အိပ်ပျော်စေနိုင်မည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု ဆိုရပါမည်။
သို့သော် နေ့နေ့ညည အိပ်မပျော်နိုင်သူများမှာလည်း ဒုနှင့်ဒေး ပေါများလှသည်။ ပင်ပန်းလွန်း၍ အိပ်မောကျ သွားသည်ကလွဲ၍ အိပ်ယာကလည်း ကောင်းပါလျက်၊ လုံခြုံနွေးထွေးပါလျက် အိပ်မပျော်နိုင်ကြသူများ ရှိသည်။ သူတို့တွင် ရောဂါ ဝေဒနာ တခုခု ရှိသောကြောင့်၊ သို့မဟုတ်လျှင် ပူပင်သောကများ၊ စိုးရိမ်စိတ်များ ရှိနေသောကြောင့်ဟုသာ ဆိုရပေလိမ့်မည်။ အသက်ကြီးလာသည်နှင့်အမျှ လူ့လောကထဲတွင် “အသက်တရာ မနေရသော်လည်း အမှုတရာ ပွေရသည်” ဆိုသော စကားအတိုင်း ဖြစ်လာကြရသည်။ စီးပွားရေး၊ လုံခြုံရေး၊ ရာထူး တည်မြဲ-တိုးတက်ရေး၊ သားရေး-သမီးရေး အစရှိသည်တို့အတွက် လိုအပ်သည်ထက်ပို၍ ကောင်းသထက်ကောင်းအောင် ဖြစ်ချင်သော စိတ်ဆန္ဒများ ရှိလာကြသည်။
ဤသည်မှာ လောဘ ဖြစ်သည်။ ထိုထိုသော အမျိုးစုံစွာ ရှိသည့် လောဘကို တားဆီး ပယ်ဖျက်နိုင်သူများ ရှိကြသည်။ တားဆီးနိုင်သည်နှင့်အမျှ ပူပင် သောက မဖြစ်။ ဖြစ်လာသည့်တိုင်အောင် ဖြေဖျောက် အစားထိုးနိုင်စွမ်း ရှိသည်။ ထိုအခါ ကောင်းစွာ အိပ်ပျော်သည်။ လူ့လောကတွင် လောဘကို မသတ်နိုင်သူတို့ ရှိကြသည်။ တဖန် ဆန္ဒပြည့်ဝပြီးသော်လည်း ရလေ-လိုလေ ဖြစ်နေတတ်ကြပြန်သည်။ နောက်ထပ် မရမှာ၊ သူတပါး ရသွားမှာ တွေးရင်း ပူပင်သောက ဖြစ်ကြသည်။ လောဘ ဖိစီးမှုကြောင့် သောက ဖြစ်ရသည်။ များများ ဖိစီးလေ။ သောက ပိုများလေ ဖြစ်ရသည်။ ထိုအခါ မည်မျှပင် လုံခြုံနွေးထွေးသောနေရာ၌ အိပ်စက်ရစေကာမူ အိပ်မပျော် နိုင်ပဲ ဖြစ်နေတော့သည်။
လောဘကိုမသတ်နိုင်သူတို့မှာ ဒေါသဖြစ်ကြသည်။ လောဘကြီးလေ ဒေါသကြီးလေ ဖြစ်သည်။
ဒေါသဖြစ်လေ အိပ်မရလေ ဖြစ်ရပြန်သည်။ မိမိကိုယ်ကို လောဘ တက်နေမှန်း မသိ၊ ဒေါသထွက်နေမှန်း မသိ ဖြစ်နေပြန်သည်။ ဤသို့ မသိခြင်းမှာ မောဟ ဖြစ်သည်။ ဘာကြောင့် မောဟ ဖြစ်ရသနည်း။ သူတော်ကောင်းတရားကို မသိသောကြောင့် ဖြစ်ရသည်။ မရမက သိအောင် အားထုတ်သူတို့ ရှိနိုင်ရာသည်။ သို့သော် အချို့မူကား သူတော်ကောင်းတရားကို သိနားလည်ရန်၊ လက်ခံကျင့်သုံးရန် အခြေအနေ မပေး။ အခြေအနေ ပေးသည့်တိုင်အောင် လောဘဇောကပ်နေသဖြင့် အချိန်ပေးပြီး အားမထုတ်နိုင်။
အချို့လည်း နည်းမျိုးစုံဖြင့် အကြောင်းပြ၍ ရှောင်ထွက်ကြသည်။ သို့ဖြင့် နောက်ဆုံးတွင် သူတော်ကောင်းတရားနှင့် လွဲရသည်။ သူတော်ကောင်းတရားနှင့် လွဲနေသော်လည်း လောလောဆယ်၌ ရာထူး၊ စည်းစိမ်ဥစ္စာ၊ ခြွေရံသင်းပင်း အစရှိ သည်တို့ ပြည့်စုံနေသေးသဖြင့် လွဲရကျိုးနပ်သည်ဟု ထင်နေသူတို့လည်း ရှိတတ်သည်။ အယူမှားခြင်း တမျိုး ဖြစ်သည်။ ထိုသို့အယူမှားခြင်းကြောင့် လက်ရှိအခြေအနေတွင် မိမိပြုသမျှ မှန်သည်၊ ကောင်းသည်ဟုသာ အထင်ရောက်နေသည်။ ယထာဘူတ ကျကျ သုံးသပ်ဆင်ခြင်ရန် မလိုအပ်သေးဟု ယူဆနေကောင်း နေပေ လိမ့်မည်။
တချိန်ချိန်တွင် မတည်မြဲသော သင်္ခါရ တရားကို လူတိုင်း ကြုံတွေ့ကြရမည်သာ ဖြစ်သည်။ ရာထူးကို မစွန့်လွှတ် ချင်သော်လည်း စွန့်လွှတ်ရမည်။ စည်းစိမ်ဥစ္စာတို့လည်း ပျက်စီးဆုံးပါးမည်သာ။ မည်မျှပင် ချစ်ခင် တွယ်တာ အားကိုးလောက်စရာ ဖြစ်သူ၊ သစ္စာရှိသူ ဖြစ်သည့်တိုင်အောင် အကြောင်းတခုခုဖြင့် လမ်းခွဲသွားမည်သာ ဖြစ်သည်။၊ သင်္ခါရတရားကို တားဆီးနိုင်စွမ်းရှိသူ လူစွမ်းကောင်းများ ဤကမ္ဘာတွင် မရှိပါ။ နောင်လည်း ရှိမည် မဟုတ်ပါ။
သူတော်ကောင်း ဖြစ်သူကို တွေ့လျှင် သူတော်ကောင်းတရားကို သိရှိလာမည်မှာ သေချာသည်။ မတွေ့ရသည့် တိုင်အောင် သူတော်ကောင်းတို့ ပြောဆိုကျင့်ကြံသည်များ၊ ဆုံးမညွှန်ပြသည်များကို အခြားတနေရာရာမှတဆင့် ကြားနိုင်သည်။ ဖတ်နိုင်သည်။ ဆည်းပူးလေ့လာနိုင်သည်။ မိမိကိုယ်တိုင် အလားတူ ကျင့်ကြံအားထုတ်နိုင်သည်။ သူတော်ကောင်းတွင် ကုသိုလ်စိတ်သာ ရှိသည်။ သီလရှိသည်။ သမာဓိရှိသည်။ ပညာရှိသည်။ ထို့ထက်ပို၍လည်း ရှိနိုင်သေးသည်။
သို့ဖြစ်၍ မိမိ၏ဘဝကို တိုးတက်အေးချမ်းလာအောင် သူတော်ကောင်းက ကုသိုလ်ပြု ကူညီပေး မည်ဖြစ်သည်။ လိုအပ်သလို လမ်းညွှန်ပေးမည်ဖြစ်သည်။ နေမကောင်းဖြစ်သူ၊ ရောဂါဝေဒနာရှိသူကို ဆရာဝန်က ကုသပေးသကဲ့သို့ ဖြစ်သည်။ ရောဂါသည်က ဆရာဝန် အစစ်အမှန်နှင့် တွေ့ရန် လိုသကဲ့သို့ သူတော်ကောင်းတရား ရှာဖွေရန် သူတော်ကောင်း အစစ်အမှန်နှင့် တွေ့ရဖို့သာ ဂရုစိုက်ရပါလိမ့်မည်။
သူတော်ကောင်းတရား မတွေ့သရွေ့ လောဘ၊ ဒေါသ၊ မောဟအတွင်း တဝဲလည်လည်နေရပေဦးမည်။ မိမိပိုင် ရာထူး၊ စည်းစိမ်၊ ခြွေရံသင်းပင်းတို့က ပူပင်သောကများကို အမှန်စင်စစ် ဖြေဖျောက်ပေးနိုင်စွမ်း ရှိမည် မဟုတ်ပါ။ ယခုပင်လျှင် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်ခြင်း၏ အကျိုးတရပ်ကို သိနေပြီးလောက်ပြီ ဖြစ်သည်။ သူတော်ကောင်းတရားနှင့် စတင် မိတ်ဆက်နေလေပြီ။
သူတော်ကောင်းတရားများကို လက်လှမ်းမီသရွေ့ ဓမ္မပဒမှ ဆက်လက် ရှာဖွေကြပါဦးစို့။
by http://plusair.blogspot.com
၂၈-၉-၂ဝဝ၈