Thursday, October 20, 2011

ကောင်းချီးမင်္ဂလာ


ကောင်းချီးမင်္ဂလာ


“ဘာကြောင့် ငါက ကျေးဇူးတင်ရမှာလဲ၊ ကျေးဇူးတင်ရမှာက အလှူရှင်က တင်ရမှကွ”

(ဂျပန်ဘုန်းတော်ကြီး ဆေဆက်စု)

ကောင်းတဲ့ဂုဏ်သတင်း ကျော်စောထင်ရှားခြင်းဟာ လောကအမြင်မှာ ထင်ရှားတဲ့ “လောကပကာသန”နဲ့ ဓမ္မအမြင်အရ ထင်ရှားတဲ့ “ဓမ္မပကာသန”လို့ နှစ်မျိုး နှစ်စားရှိပါတယ်။

လောက ပသာသန-ဆိုတာ တောင့်တခြင်း၊ မော်ကြွားခြင်း၊ အမြင်မှားခြင်းဆိုတဲ့ (တဏှာ၊ မာန၊ ဒိဋ္ဌိ) တရားတွေ မကင်းတဲ့အတွက် သံသရာဝဋ်ဒုက္ခတွေ ပိုပြီး ရှည်လျားစေတတ်ပါတယ်။ ဓမ္မပကာသန-ဆိုတာကတော့ သာသနာတော်လို့ခေါ်တဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့အညီ ထင်ရှားတာဖြစ်လို့ သာသနာစံမှီတဲ့ ထင်ရှားကျော်ကြားမှုပါ။ တစ်နည်းပြောရရင် သာသနာတွင်းသားတိုင်း အလေးထားရမည့် ကျော်ကြားမှုမျိုး ဖြစ်ပါတယ်။

လောကနဲ့ ဓမ္မ (သို့) သာသနာ ဒီနှစ်မျိုး ယှဉ်လိုက်ရင် သာသနာ့စံ၊ ဓမ္မစံ-ဆိုတာ ဆင်းရဲအားလုံး ချူပ်ငြိမ်းရာ နိဗ္ဗာန်အထိ အထောက်အကူပြုနိုင်တာဖြစ်လို့ သာသနာနဲ့ ကြုံကျိုးနပ်လိုသူတိုင်း အလေးထားခံယူရမည့် ပကာသနလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လောကနဲ့သာ ရင်းနှီးကျွမ်းဝင်ကြတဲ့ ပုထုဇဉ်များဟာ သာသနာနဲ့ ကြုံတုန်းမှာ စွမ်းနိုင်ရာရာ သာသနာပြု၊ ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်ပြီးတိုင်း ဓမ္မစံ ဓမ္မပကာသနကို အလေးမထားကြဘဲ တစ်ဘဝစာတောင်ပြည့်အောင် မခံတတ်တဲ့ လောကပကာသနကိုပဲ လိုလားတောင်းတနေတတ်ကြပါတယ်။ တစ်သိန်းတန်ရွှေခွက်ထက် ရက်တက်(စိမ်ရည်)ကို ပိုပြီး အလေးထားတတ်တဲ့ သဘောပေါ့။

ဂျပန်ဘုန်းတော်ကြီးများရဲ့ အတ္ထုပတ္တိများထဲက ဟောဒီ အဖြစ်အပျက်ကလေးကို ကြည့်ကြည့်ပါဦး။

(Kamakura) “ကံမာကူရ” မှာရှိတဲ့ “အင်ဂါကုဂျိ” (Engakuji Temple) ကျောင်းမှာ ကျောင်းထိုင်ဆရာတော် “ဆေဆက်စု” ကျောင်းထိုင်စဉ်က စာသင်သားတွေများလွန်းလို့ ကျောင်းဆောင်အသစ် ဆောက်ဖို့လိုနေတယ်။ အဲဒီမြို့က ကုန်သည်ကြီးတစ်ဦးဖြစ်တဲ့ “အူမေဓူဆေဘေ” က ကျောင်းဆောက်လုပ်ရေးအတွက် “ရယော”လို့ ခေါ်တဲ့ ရွှေဒင်္ဂါငါးရာလှူဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ အဲဒီအသပြာကို ဆရာတော်ဆီ ယူလာတယ်။ ဆရာတော် ဆေဆက်စုက “ကောင်းပြီ၊ ထားခဲ့ပေါ့” လို့ မိန့်တယ်။ အူမေဓူက ရွှေဒင်္ဂါးထုပ်ကို ဆရာတော်ဆီ ဆက်ကပ်တယ်။ ဒါပေမယ့် ဆရာတော်ရဲ့ အမူအရာသဘောထားကိုတော့ တယ်ဘဝင်မကျဘူး။ “ရယော”ဆိုတဲ့ ရွှေဒင်္ဂါ သုံးပြားလောက်ရှိရင်တောင် သာမာန်လူတစ်ယောက်ဖို့ အရင်းအနှီးပြုပြီး တစ်သက်လုံး အသက်မွေးနိုင်တာ။ အခုသူက ရွှေဒင်္ဂါငါးရာကြီးများတောင် လှူတာကို ဆရာတော်က ကျေးဇူးတင်စကားလေး တစ်ခွန်းတစ်လေမျှ မဟဘဲကိုး။

“အိတ်ထဲမှာ ရွှေဒင်္ဂါငါးရာပါဘုရား”လို့ အူမေဓူက ဆရာတော် ရိပ်မိအောင် လျှောက်လိုက်တယ်။
“ဒကာကြီး ခုနက ပြောပြီးသားပဲ”လို့ ဆရာတော်က မိန့်တယ်။
“တပည့်တော်ဟာ ချမ်းသာတဲ့ကုန်သည်ကြီးတစ်ဦး ဆိုတာတောင်မှ ရွှေဒင်္ဂါငါးရာဆိုတာ နည်းတာ မဟုတ်ဘူးဘုရာ့”လို့ အူမေဓူက ဆိုပြန်တယ်။
“ဒီလို လှူတဲ့အတွက် ဒကာကြီးကို ကျူပ်က ကျေးဇူးတင်စကား ဆိုစေချင်တာလား”လို့ ဆရာတော်က မေးတော့ -
“ဆိုဖို့ကောင်းတာပေါ့ဘုရား”လို့ ပြန်လျှောက်တယ်။
“ဘာကြောင့် ငါက ကျေးဇူးတင်ရမှာလဲဟဲ့၊ ကျေးဇူးတင်ရမှာက အလှူရှင်က တင်ရမှာကွ”လို့ မိန့်ကြားလိုက်ပါသတဲ့။

ကဲ ဖြစ်ရပ်ကလေးကတော့ ဒါပါပဲ။ စဉ်းစားကြည့်စမ်းပါ။ ဆရာတော်ဆေဆက်စုရဲ့ စကားထဲက “ငါက”ဆိုတဲ့ နာမ်စားလေးဟာ သူ့ကိုယ်သူကိုယ်စားပြုပြီး ပြောတာဆိုရင်တော့ သာမာန်လူတစ်ယောက်အတွက် “လှူမိတာ မှားပေါ့”လို့များ ထင်မှားမိလေမလားပဘဲ။ နဘေးက ကြားရသူဆိုရင်လည်း “ဘုန်းကြီးက ဂျစ်ကပ်ကပ်နဲ့ လှူတဲ့လူ စေတနာပျက်အောင်လုပ်တယ်”လို့ ပြစ်မှားမိမယ် ထင်တယ်။

သေသေချာချာ စဉ်းစားကြည့်ရင်တော့ ဆရာတော်ပြောတဲ့ “ငါက”ဆိုတာ သူ့ကိုယ်သူ ကိုယ်စားပြုတာ မဟုတ်ပါဘူး။ သူ ထမ်းဆောင်နေတဲ့ သာသနာတော်ကို ကိုယ်စားပြုပြောတာပါ။

ပြောလိုရင်းကတော့ သာသနာတော်နဲ့ ကြုံတုန်းကြုံခိုက် သာသနာပြု အလှူတစ်ခု ပြုလုပ်တဲ့အခါမှာ “သာသနာတော်က ဒါယကာရဲ့ ကျေးဇူးကို သိရမှာလား၊ ဒါယကာက သာသနာတော်ရဲ့ ကျေးဇူးကို သိသင့်တာလား”လို့ မေးလိုရင်း ဖြစ်ပါတယ်။ တကယ်လို့ သာသနာက ဒါယကာအပေါ် ကျေးဇူးတင်သင့်တယ်လို့ ထင်မှား တောင့်တနေတယ်ဆိုရင် သူ့အလှူဟာ စေတနာမမှန်တဲ့ အလှူဖြစ်သွားမှာပေါ့။ ဒီလို မေးလိုက်တာကို သဘောပေါက်သွားလို့ “ဟုတ်ပေသားပဲ။ ဒါယကာက သာသနာကျေးဇူးကို သိပြီး လှူရမှာပါကလား”ဆိုတဲ့ အသိရသွားခဲ့ရင် “လှူတာလည်း မှန်သွားမယ်၊ ပျက်နေတဲ့ စေတနာလည်း ကောင်းမွန်သွားမယ်” ဒီလိုရည်ရွယ်ချက်နဲ့ ဆရာတော်က မေးခွန်းထုတ်ခဲ့တာ ဖြစ်သလို ဒကာကလည်း သဘောပေါက်သွားပုံရပါတယ်။ ဘာမှ ထပ်မလျှောက်တော့ဘဲ ကျေနပ်သွားပါတယ်။ ဒီလို ကျေနပ်ပြီး လှူဒါန်းမှလည်း လောကပကာသန ကင်းဝေးပြီး ဓမ္မပကာသန ပေါ်လွင်ထင်ရှားတဲ့ အလှူစစ်ကြီး ဖြစ်သွားမှာပါ။

ဓမ္မပကာသနသမားရဲ့ အလှူဟာ လှူသူအတွက်ရော သာသနာအတွက်ပါ ဘယ်လောက်အရေးပါသလဲဆိုတာ သဘောပေါက်ဖို့ မြတ်စွာဘုရားရှင်ရဲ့ ကျောင်းဒကာ အနာထပိဏ်သူဠေးကြီးရဲ့ စိတ်ထားကိုလည်း အကဲခတ်ကြည့်စေချင်ပါတယ်။

အနာထပိဏ်သူဠေးကြီးက ဘုရားရှင်နဲ့ သံဃာတော်များအတွက် ကျောင်းတော်ကြီး ဆောက်လုပ်ဖို့ ဇေတမင်းသားရဲ့ ဥယျာဉ်မြေကို ရွှေဒင်္ဂါတွေ အပြည့်ခင်းပြီး ပေးချေတဲ့အခါ (၁၈)ကုဋေ ခင်းပြီးတဲ့ အချိန်မှာ မုခ်ဦးနေရာလေးပဲ ကျန်တော့တယ်။ ဒီအတွက် ပေးချေဖို့ ဘဏ္ဏတွေ ထပ်အယူခိုင်းတဲ့အခါမှာတော့ ဇေတမင်းသားက လက်ကာပြီး တားတယ်။ မပေးပါနဲ့တော့။ ဒီနေရာလေးကိုတော့ သူအလှူပါဝင် ပါရစေပေါ့။ ဒါပေမယ့် ဒီအတိုင်းတော့ မဟုတ်ဘူး။ ဒီနေရာလေးမှာ မုခ်ဦးတပ်ပြီး ကျောင်းအမည်ကိုလည်း “ဇေတဝန”လို့ သူ့နာမည်နဲ့ ကမ္ဗည်းထိုးပေးရမယ်လို့ တောင်းဆိုပါတယ်။ အနာထပိဏ်သူဠေးကြီးက ကျေကျေနပ်နပ် ခွင့်ပြုတယ်။ ဒါကြောင့်ဘုရားရှင်ရဲ့ ကျောင်းတော်ကြီးဟာ အားလုံးပေါင်း (၅၄)ကုဋေ အကုန်အကျခံတဲ့ ကျောင်းဒကာ အနာထပိဏ်ရဲ့ အမည်မပေါက်ဘဲ မုခ်ဦးဒကာ ဇေတမင်းသားအမည်ပဲ ပေါက်တယ်။

ဒါက လောကပကာသနအရ ထင်ရှားတဲ့ အမည်ပါ။ ဓမ္မပကာသနအရတော့ အနာထပိဏ်ရဲ့ ရည်ရွယ်ချက်၊ သူ့ရဲ့ အနှစ်နာခံမှုတို့ကြောင့် သာဝတ္ထိပြည်မှာ မြတ်ဘုရားရှင်ရဲ့ သာသနာဟာ နေအထောင်၊ လအထောင်ပမာ ထွန်းလင်းခဲ့သလို ဇေတမင်းသားတို့လို ထင်ရှားတဲ့ အမျိုးအနွယ်တွေက စပြီး ဘုရားရှင် မကြွရောက်မီ သာသနာကို ကြိုတင် ကြည်ညိုကြသူတွေ ဖြစ်လာကြတယ်။

ဒီနေ့အထိ မြတ်ဗုဒ္ဓရဲ့ ဒေသနာတွေကို နာယူဖတ်ရှုလေတိုင်း “အနာထပိဏ်ဆောက်လုပ်တဲ့ ဇေတဝန်ကျောင်း”ဆိုပြီး ကျောင်းဒကာကြီးရဲ့ ဂုဏ်သတင်းက ပျံ့နှံ့နေဆဲ၊ ကြားရသူတိုင်း သာဓုခေါ်နေကြဆဲ ဖြစ်သလို နောင်ဘုရား အဆူဆူတို့ရဲ့ သာသနာအဆက်ဆက်အထိလည်း ထင်ရှားနေဦးမှာ မလွဲပါဘူး။
တကယ့် ပကာသန အစစ်ကို စိစစ်ရွေးချယ်နိုင်ကြပါစေသော် ....

သာဓု၊ သာဓု၊ သာဓု.....

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)