Thursday, October 13, 2011

သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မအခါတော်နေ့ )


သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မအခါတော်နေ့ )

သီတင်းကျွတ်လပြည့်နေ့ ကို ဘာကြောင့် အဘိဓမ္မာနေ့လို့ ခေါ်တာလဲ ကိုကြီး ။ ညီလေးက ကျွန်တော့် ကို ထိုမေးခွန်းမေးလာသောအခါ ကျွန်တော် မည်ကဲ့သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားမိသည် ။ နှိုက်နှိုက်ချွတ်ချွတ် မေးလေ့မေးထ ရှိသော ညီလေး အကျင့်ကိုလည်းသိသည် ။ ကိုကြီးတို့ ဗုဒ္ဓမြတ်စွာဘုရားက အဲဒီနေ့မှာ အဘိဓမ္မာ တရားတော်ကို ဟောခဲ့လို့ ပေါ့ ညီလေးရ ။ ဘာဖြစ်လို့ အဘိဓမ္မာတရားတော်ကို ဟောရတာလဲ  ၊ ဘယ်သူတွေကို ဟောတာလဲ ၊ ပြီးတော့ ဘာဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ အခြားနေ့တွေထက်ပိုပြီး ဆီမီးတွေနဲ့ ပူဇော်ကြတာလဲ ၊ လူကြီးသူမတွေကိုကော ဘာဖြစ်လို့ အဲဒီနေ့ကြမှ ထူးထူးခြားခြား သားတို့က ကန်တော့ကြရတာလဲ ကိုကြီး ။


မင်းမေးခွန်းတွေက လဲ များလိုက်တာကွာ ၊ မလွန်လွန်ဘူးလား ၊ ငါအကုန်လုံးဘယ်သိမလဲ ဟ လို့ ကျွန်တော်ပြောတော့ညီလေးကကိုကြီးကလဲဗုဒ္ဓဘာသာဝင်ဖြစ်ပြီးအဲဒီလောက်လေးမေးတာတောင်မသိဘူးလားတဲ့ ။ ညီလေးတို့လို ငယ်တဲ့လူငယ်လေးတွေက မသိလို့ ကိုကြီးတို့ တွေကို မေးတာ ၊ ကိုကြီးတို့က အစမသိရင် ညီလေး ဘယ်လိုလုပ် ရမလဲတဲ့ ။ သူလုပ်တာနဲ့ပဲ ကိုယ်က အလကားနေရင်း ဘာသာရေးနဲ့ ပတ်သက်ပြီး မသိနားမလည်သူ ဖြစ်ရပါတော့တယ် ၊ ကိုသိထားတာက နည်းနည်း သူသိချင်တာက များများ ၊ အလျော့ပေးလို့တော့ လုံးဝမဖြစ် ၊ ဒီလိုလုပ်ညီလေးရာ ဒီနေ့ ကိုကြီးလုပ်စရာလေးတွေရှိလို့ မနက်ဖြန်ညနေကြရင် ညီလေးကို ကိုကြီးပြောပြမယ်နော် ၊ မြန်မြန်လုပ်နော် ကိုကြီး ၊ သီတင်းကျွတ်က နီးနေပြီ ၊ ညီလေး သူငယ်ချင်းတွေကို သီတင်းကျွတ်လပြည့်နေ့ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောပြမယ်လို့ ကတိပေးထားတယ်ဗျ ။ အေးပါကွာ ၊ အေးပါ ။ ငါ မင်းစိတ်ကျေနပ်အောင် ပြောပြပါ့မယ် ၊ အခုတော့ ငါ့ကို အချိန်လေးပေးအုံး ၊ ဟုတ် ဟုပြောပြီး ညီလေး ကျွန်တော့်ဘေးကနေ ထွက်သွားပါသည် ။

တော်ပါသေးရဲ့ ၊ အချိန်ရသွားလို့ ၊ နောက်မို့ဆို မလွယ်ဘူး ၊ ဒီကောင်အမေးအမြန်းထူပုံမျိုးနဲ့ ၊ အင်း ငါကလဲ ငါပဲ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အဲဒီလောက်ကလေးမေးတာတောင် မဖြေနိုင်ဘူး  ၊ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင် လို့ ပြောရမှာတောင် ရှက်လာပြီ ၊ သီတင်းကျွတ်ရင် လူကြီးတွေရှေ့ ကဆုန်ပေါက် ကန်တော့ပြီး မုန့်ဖိုးတောင်းမယ် ။ ပြီးရင် လမ်းပေါ်မှာ ဗျောက်အိုး ၊ မီးပန်း ၊ မီးပုံးပျံလွတ်မယ် ၊ ၀ရန်တာတွေ ၊ ခြံထဲတွေမှာ ဖရောင်းတိုင်တွေ လိုက်ထွန်းမယ် ၊ အဲဒီလောက်ပဲ အသိရှိခဲ့တာကို ၊ တကယ့် ဗုဒ္ဓဘာသာဝင်တွေသိသင့် သိထိုက်တဲ့ အချက်အလက်တွေကျတော့ တခုမှ မသိပဲ အပေါ်ရံ အပျောင်အပျက်အလုပ်တွေကို ပဲ နှစ်တိုင်းလုပ်ချင်နေမိတယ် ၊  အဲဒီတော့ ငါသေသေချာချာသိအောင်ကြိုးစားပြီး ညီလေးကို တခြားလူတွေက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မေးမြန်းလာရင် ဘာမှမသိ ၊ မလေ့လာတဲ့ မိရိုးဖလာ ၊ အပေါ်ရံ ဗုဒ္ဓဘာသာဝင်မဖြစ်အောင် ငါကိုတိုင် ကြိုးစားရမယ် ။

ကဲဘယ်လိုလဲကိုကြီး ၊ ပြောပြတော့လေဗျာ၊ ဈေးကိုင်တာကလဲများပြီ ၊ အေးပါကွာ အေးပါ ၊ ငါပြောတာတွေကို မင်းသေချာမှတ်ထားပြီး ၊ မင်းလိုမျိုးမသိတဲ့ မင်းသူငယ်ချင်းတွေကို ပြန်ပြောပြရမယ်နော် ဟုတ်ကဲ့ပါကိုကြီးရာ ၊ ကျွန်တော်က ကိုယ်ကိုးကွယ်ယုံကြည်ထားတဲ့ ဘာသာတရားနဲ့ ပတ်သက်တာတွေကို  သေသေချာချာသိရမှ ကျေနပ်တာဗျ ၊ ကိုစီးတဲ့မြင်း အထီးလားအမလား ဆိုတာတော့ သိသင့်တာပေါ့ကိုကြီးရာ ၊ ဟုတ်ကဲ့ပါ ဆရာ ၊ အခု ကျွန်တော်ပြောရမှာလား ၊ ခင်ဗျားလေးပြောမလား ဟုကျွန်တော် မေးလိုက်တော့မှ ၊ ဟီးဟီး ၊ ကိုကြီးပြောပါ ၊ ကျွန်တော်နားထောင်ပါ့မယ်တဲ့ ၊ တော်သေးတာပေါ့ ၊ အမေက ငါ့ကိုသူ့ထက်အရင် မွေးထားလို့ ၊ အဲဒီကောင်သာအရင် လူ့လောကထဲ ရောက်လာရင်တော့မလွယ်၊ ကျွန်တော်ကြီး အဟောက်ခံနေရမှာ အသေအချာပါဘဲ ။
ကဲကိုကြီးပြောပြမယ်သေချာနားထောင်နော် ၊ ကိုကြီးတော့ မြတ်စွာဘုရားက ဘုရားအဖြစ်ကို ရောက်ပြီး ခုနှစ်ဝါမြောက်မှာ လူ့ပြည်ကနေ ထွက်ခွာပြီး တာဝတိသာနတ်ပြည်မှာ သီတင်းသုံးတော်မူတယ် ။

ရှင်တော်မြတ်ဘုရားက အဲဒီဝါတွင်းကာလကို တာဝတိသာမှာ ရှိတဲ့ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုသိတနတ်သား ကို မွေးကျေးဇူး ဆပ်ရန်အတွက် သွားရောက်ခြင်းဖြစ်တယ် ၊ မြတ်စွာဘုရားရဲ့မယ်တော်က  ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ကို ဖွားမြင်တော်မူပြီး ၇ ရက်မြောက်မှာပဲ ကံကုန်ပြီး တာဝတိံသာနတ်ပြည်မှာ နတ်သားသွားဖြစ်တာကွ ၊
ခမည်းတော် သုဒေါဓနမင်းကြီးကိုလည်း အနာဂါမ်တည်အောင်ဟောပြောပြီး ၊ မိထွေးတော် ဂေါတမီကို လည်း မိခင်မယ်တော်မာယာကိုယ်စား နို့ချိုအေးတိုက်ကျွေးခဲ့သမျှ ကျေးဇူးဆပ်၍ သောတာပန်ဖြစ်ပြီးနောက် သာသနာတော်မှာ ဘိက္ခုနီမ အဖြစ် တရားရှာဖို့ အခွင့်အလမ်းလဲ ပေးခဲ့တယ် ၊ အဲဒီအချိန်မှာ မယ်တော်အရင်းကို မွေးကျေးဇူးဆပ်ရန် ဘာမှ မဆောင်ရွက်နိုင်သေးဘူး ၊ ဒါကြောင့် တာဝတိံသာကို အထူးကိစ္စအနေနဲ့ ကြွသွားတာကွ ညီလေးရ ။

အဲဒီ တာဝတိသာခရီးစဉ်မှာ ရှင်တော်မြတ်ဘုရားက တစ်ချက်ခုပ် နှစ်ချက်ပြတ်ဆိုသလို အခုကိုကြီးပြောခဲ့တဲ့ မိခင်မယ်တော်မာယာကို မွေးကျေးဇူးဆပ်တဲ့အပြင် အဘိဓမ္မာတရားကိုလည်း သတ္တ၀ါအများ အား ဟောပြောနိုင်ရန် လည်းရည်ရွယ်တယ် ။ ကိုကြီးတို့ မြတ်စွာဘုရားက မဟာဗောဓိပင်ခြေရင်းမှာ အာသ၀က္ခယဥာဏ် သဗ္ဗညုတဥာဏ်တော်များဖြင့် ပဋိစသမုပ္ပါတ်တရား ၊ အရိယ သစ္စာလေးပါးတရားတော်များကို ထိုးဖောက်သိမြင်တဲ့အတိုင်း လူနတ်ဗြဟ္မာ ဝေနေယျ သတ္တ၀ါတွေကို ဟောပြောပြသဆုံးမခဲ့လို့ ကျွတ်တန်းဝင်ရသူပေါင်းဟာ ကုဋေသိန်းသန်းရှိသွားပြီကွ ၊ ဒါပေမယ့် ရတနဃရ သတဟမှာ သုံးသပ်ဆင်ခြင်ပေါက်ေ၇ာက်ထင်မြင်ခဲ့တဲ့ အဘိဓမ္မာပဌန်းဒေသနာတော် ကိုတော့ ဟောပြောမပြရသေးဘူး ။

အဲဒီလို နက်နဲကျယ်ပြန့်တဲ့ အဘိဓမ္မာတရားတော်များကို လူ့ပြည်မှာ နားလည်သဘောပေါက်သူဆိုလို့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးမှတပါး အခြားသူ တစ်ဥိးတစ်ယောက်မှ မရှိဘူး ။ ပြီးတော့ ဒီတရားက သုတ္တန် တရားတော်တွေလိုမျိုး လိုတာလောက်ထုတ်နုတ်ပြီး တရားအချက်တစ်ခုခုကို ကွက်ပြီး သာဓကတွေ ဥပမာတွေနှင့် တစ်ခုစီရှင်းပြပြီး ဟောပြလို့ ရတဲ့တရားမျိုးမဟုတ်ဘဲ အဘိဓမ္မာတရားတော်မြတ်ကြီးဟာ အားလုံးခြုံငုံသုံးသပ်ပြီးမှ ပြည့်စုံနားလည်နိုင်တာကွ ။ အဲဒီလောက်ကျယ်ပြန့်တဲ့ အဘိဓမ္မတရားတော်ကြီးကို ကိုကြီးတို့လူ့ပြည်မှာ ဟောပြောလို့ မဖြစ်နိုင်ဘူး ၊ ဒါကြောင့် လူ့ပြည်လောက သတ္တ၀ါတွေထက် ပါရမီများပြားထူးခြားပြီး ၊ ဥာဏ်ပညာနေရာမှာလဲ အဆင့်မြင့်တဲ့ တာဝတိသာနတ်ပြည်ကို ကြွရောက်ပြီး ဟောပြောတာ ၊ တာဝတိသာမှာတော့ အဘိဓမ္မ ၇ကျမ်းလုံးကိုတောက်လျောက် မနားတမ်းဟောကြားခဲ့တယ် ။

အဲဒီလို ဟောပြောပြီးနောက် သီတင်းကျွတ်လပြည့်နေ့ရောက်တဲ့အခါမှာ မြတ်စွာဘုရားက သိကြားမင်းကို  ၊ ဒါယကာသိကြားမင် ၊ငါဘုရားသည် လူ့ပြည်သို့ပြန်ကြွအံ့ ဟု အသိပေးမိန့်ကြားခဲ့တယ် ။ အဲဒါနဲ့ သိကြားမင်းလည်း မြတ်စွာဘုရားမိန့်ကြားလိုက်တာနဲ့တပြိုင်နက် တာဝတိသာနတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက်ဖို့ စောင်းတန်းသုံးခုကို ဖန်ဆင်းလိုက်တယ် ။ ယာဘက်က ရွှေစောင်းတန်း ၊ ၀ဲဘက်က ငွေစောင်းတန်း နဲ့ အလယ်က ပတ္တမြားစောင်းတန်း တို့ဖြစ်တယ် ၊ စောင်းတန်းများရဲ့အခြေက လူ့ပြည် သင်္ကသမြို့ကနေပြီး စောင်းတန်းဦးဖြစ်တဲ့ မြင်းမိုရ်တောင်ထိပ်အထိ ရှည်တယ်ကွ ။
ကိုကြီးတို့မြတ်စွာဘုရားက လူ့ပြည်ကို ကြွဖို့ မြင်းမိုရ်တောင်ထိပ် အလယ် ပတ္တမြားစောင်းတန်းမှာ ရပ်တော်မူလိုက်တာနဲ့  ယာဘက်ရွှေစောင်းတန်းမှာ သိကြားမင်းနဲ့ သူ့နတ်ပရိသတ်တွေကနေရာယူထားကြပြီး ၊ ဘယ်ဘက်ငွေစောင်းတန်းမှာ ဗြမ္ဘာပရိသတ်တွေက နေရာယူထားကြတယ် ၊ မြင်းမိုရ်တောင်ထိပ် ပတ္တမြားစောင်းတန်းကနေပြီး မြတ်စွာဘုရားက ရပ်ပြီး ရေမီးအစုံ တန်ခိုးပြာဋိဟာ ကို ပြတော်မူလိုက်တဲ့အချိန်မှာ ဗြဟ္မာဘုံ ၂၀ ၊ နတ်ပြည် ၆ ထပ် နဲ့ လူ့ပြည် စတဲ့လေးဘုံစလုံးဟာ တဦးနဲ့တဦးအတားအဆီးမရှိ ဟင်းလင်းတိုးလျိုပေါက် အချင်းချင်း မြင်နိုင်ကြတယ်လို့ ဗုဒ္ဓ၀င်ထဲမှာဆိုထားတယ်ညီလေးရ။

ပတ္တမြားစောင်းတန်းထိပ်မှ ရေးမီးအစုံ တန်ခိုးပြဋိဟာများပြပြီး နောက် ရောင်တောင်ခြောက်ပါးအစုံနှင့် ရောင်ခြည်တော်လွှင့်ထုပ်ကာ သက်ဆင်းလာတော်မူတဲ့ ဘုရားရှင်ရဲ့ အသားရေတော် ကို ဖူးမြော်ကြည်ညိုရတဲ့ နတ်လူဗြဟ္မာအပေါင်းတို့မှာ ဘုရားအဖြစ်ကို မတောင့်တသူဟူ၍ တစ်ယောက်မှ မရှိဘူးတဲ့ ။ မြတ်စွာဘုရားရဲ့ လက်ယာဘက်စောင်းတန်းမှာ သိကြားမင်းက ဥိးဆောင်ပြီး ၀ိဇယုတရ ခရုသင်းကိုမှုတ်ပြီး ပူဇော်ကာ လိုက်ပါလာခဲ့ပြီး သူ့နောက်မှာ ပဉ္စသိခနတ်သားက ဗေဠုဝစောင်းကို ပိုက်ပြီး ဓမ္မတေးများ တီးခတ်ပူဇော်ကာ လိုက်ပါလာတယ်၊ပဉ္စသိခနတ်သားနောက်က သုယာမနတ်သားက စာမရီသား မြီးယပ်ကိုကိုင်လျက် လိုက်ပါလာတယ် ။ သုယာမနတ်သားနောက်က မယ်တော်မိနတ်သားလို့ခေါ်တဲ့ သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်းကိုတလွှဲလွှဲခပ်ပြီးသက်ဆင်းလာကြတယ်၊နောက်ဆုံးမှာတော့စကြ၀ဠာထဲမှရှိရှိသမျှနတ်အပေါင်းကတခဲနက်လိုက်ပါလာကြတယ်တဲ့ ။ လက်ဝဲဘက်စောင်းတန်းမှာတော့ ဗဟ္မာကြီးတွေက ထီးဖြူမိုးပြီး ပူဇော်လျက် လိုက်ပါဆင်းသက်လာကြတယ်တဲ့ ။

ညီလေးမျက်လုံးထဲမှာမြင်တယ်နော် ၊ ဟုတ်ကိုကြီး ၊ တော်တော် စိတ်ဝင်စားအားကျဖို့ကောင်းတာပဲနော် ။ ဆက်ပြောပါအုံးဗျ ။
အင်း ၊ အဲဒီအချိန်မှာ သာဝတ္ထိပြည်သူပြည်သားတွေလည်း ရှင်သာရိပုတ္တရာမထေရ် ရဲ့ အကြောင်းကြားချက်အရ ရှင်တော်ဘုရား တာဝတိသာက နေ လူ့ပြည်သင်္ကသမြို့တံခါးကို သက်ဆင်းတော်မူမယ်လို့သိကြတဲ့အတွက် သာဝတ္တိပြည်ကနေ ထွက်လာကြတယ်တဲ့ ။ သာဝတ္တိနဲ့ သင်္ကသ က ယူဇနာ ၃၀ လောက်ဝေးကွာတာ ။

ညနေချမ်းအချိန် ထက်ကောင်းကင်ကို မော့ကြည့်လိုက်ရင် မြင်ရမယ့်မြင်ကွင်းက တကယ့်ကို အံ့မခန်းဖြစ်စရာပဲ ညီလေးရ ။
ထွက်ပေါ်လာတဲ့ လပြည့်ဝန်းကြီးရဲ့ နောက်ခံအလင်းရောင် ငွေခြည်လွှာကားချပ်ကြီးမှာ ရောင်ခြည်တော်ခြောက်စုံနဲ့ ထွန်းလင်းတောက်ပနေတဲ့ ကိုကြီးတို့ ဗုဒ္ဓမြတ်စွာရယ် ၊ တန်ခိုးက္ကဒိပါတ်အလင်းတွေနဲ့ ၀င်းထိန်နေတဲ့ နတ်ဗြဟ္မာပရိသတ်ခြံရံပြီး တဖြည်းဖြည်း ဆင်းသက်လာတဲ့ ရှုခင်းဟာ သာဝတ္တိပြည်သူတွေအတွက်တော့ တသက်မေ့ဘွယ် ဘယ်ရှိတော့မလဲ ။ သင်္ကသမြို့တခါးတ၀ိုက်ရဲ့အခြေမှာလည်း မနိုင်ရင်နေမယ် ၊ အရှုံးမပေးစေတနာ ပီတိတွေနဲ့ လူတွေ စီမံထွန်းညှိပူဇော်နေကြတဲ့ ဆီမီးပွဲတော်ကြီးရဲ့ မြင်ကွင်းဟာလည်း တကယ့် အံ့ဖွယ်ရှုမ၀ စရာပါဘဲ တဲ့ ။

အဲဒီကြီးမားလှတဲ့ လူပရိသတ်ကြီးက ပူဇော်ကြတဲ့ ဆီမီးအလင်းရောင်မျိုးစုံဟာ စောင်းတန်းသုံးသွယ်က ဆင်းသက်လာတဲ့ ရှင်တော်ဘုရားရဲ့ရောင်ခြည်တော်တွေ၊ နတ်ဗြဟ္မာတွေရဲ့ ကိုယ်ရောင်ကိုဝါတွေနဲ့ တော့ ဘယ်တုပနိုင်ပမလဲ ၊ ဒါပေမယ့် သဒါကြည်ညိုစေတနာ အရင်းခံနဲ့ ဆီမီးပူဇော်ပြီး ခရီးဦးကြိုဆိုလိုတဲ့  မနောကံ ကိုသိုလ်ကတော့ နတ်ဗြဟ္မာတွေရဲ့ ကြည်ညိုမှုထက် မနိမ့်ကျပါဘူး ။

သင်္ကသမြို့တော် စောင်းတန်းအခြေမှာ ရောက်ရှိပူဇော်နေတဲ့ ရဟန္တာပရိသတ်အပေါင်းကိုတော့ လက်ယာတော်ရံ အဂ္ဂမဟာသာဝက ရှင်သာရိပုတ္တရာ မဟာထေရ်က ဦးဆောင်ဦးရွက်ပြုတယ် ။ ကိုကြီးတို့ မြတ်စွာဘုရားက တာဝတိသာမှာ နတ်တို့ရဲ့ ရက် ၃ ရက်သာ သီတင်းသုံးခဲ့သော်လည်း လူ့ပြည်အနေနဲ့တော့ ၀ါဆိုလပြည့်နေ့က နေ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလကြာမြင့်တယ် ။ အဲဒီသုံးလမှာ မြတ်စွာဘုရားထံမှ ရှင်သာရိပုတ္တရာ ထေရ်က အဘိဓမ္မတရား အကျဉ်းကို နာကြားခဲ့ရတယ်။
 
ညီလေး ကို ပိုပြီးနားလည်အောင် ပြောပြရမယ်ဆိုရင် ၊ ကိုကြီးတို့ မြတ်စွာဘုရား က တာဝတိသာနတ်ပြည်ကို ကြွရောက်တော်မူပေမယ့်  မြတ်စွာဘုရားရဲ့ ခန္တာကိုယ်က လူသားများရဲ့ခန္တာကိုယ်ဖြစ်တဲ့အတွက် အချိန်တန်ရင် အာဟာရ ဖြည့်တင်းစားသောက်ရမှာဖြစ်တယ် ။ အချိန်နဲ့အမျှ အညစ်အကြေး သန့်စင်ရတယ် ။ နတ်ဗြဟ္မာတွေကတော့  အာဟာရကိုစ္စအ၀၀မှာ သူတို့ရဲ့ တန်ခိုးတွေနဲ့ ၊ ပြီးတော့လဲ ကိုကြီးတို့ လူတွေလို ကျင်ကြီးကျင်ငယ် စွန့်ရတဲ့ကိစ္စမရှိတော့ အဘိဓမ္မာ တရားအရှည်ကြီးကို နာကြားနိုင်တာပေါ့ ။

အဲဒီနတ်ပြည်မှာ အဘိဓမ္မာတရားကို ပဲ မျက်ခြည်မပြတ်စောင့်ကြည့်နာယူနှိုင်အောင် လူ့ပြည်မှာဆွမ်းခံချိန် ၊ အာဟာရဘုန်းပေးချိန်ရောက်ရင် မြတ်စွာဘုရားက နိမ္မိတရုပ်ပွားဆင်းတုတော်ကို ဖန်ဆင်းထာခဲ့တာ ။ ကိုကြီးတို့မြတ်စွာဘုရားရဲ့ ကိုယ်သဏန် ၊အဆင်း ၊ အသံအတိုင်း တသဝေမတိမ်း တူတဲ့ ရုပ်ပွားတော်က ဟောနေဆဲတရားကို ဆက်လက်ဟောကြားနေရတယ် ။ အရှင်ဆန္ဒာဒီကရဲ့ စာအုပ်ထဲမှာတော့ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက ရုပ်မြင်သံကြားစနစ် ကို အသုံးပြုခဲ့တယ်လို့ ဖတ်ရှုမှတ်သားမိပါတယ် ။

မြတ်စွာဘုရားက စွမ်းခံချိန် မြောက်ကျွန်းကို စွမ်းခံကြွတာ ၊ ပြီးတော့ ဟိမ၀န္တာ အနောဝတတ်အိုင်မှာ ဆွမ်းဘုံး ပေးပြီး နေ့သန့်စင်တော်မူရန် စန္ဒာကူးတော သို့ကြွတော်မူတယ် ။ အဲဒီစန္ဒာကူးတောမှာ အသင့်စောင်ကြိုနေတဲ့ အရှင်သာရိပုတရာမထေရ်ကြီးကို တာဝတိံသာ နတ်ပြည်မှာဟောကြားခဲ့တဲ့ အဘိဓမ္မတရားအကျဉ်းချုပ်ကို ပြန်လည်ဟောပြောတယ် ။ နောင်အခါ ရှင်သာရိပုတ္တရာက သူ့တပည့် ရဟန်း ၅၀၀ ကို ပြန်လည်ပြီး မကျဉ်းမကျယ် ဟောပြတယ် ။ အဲဒီကတစ်ဆင့် အခြားသံဃာ့ပရိသတ် နဲ့ လူအပေါင်းတို့ဟာ အဘိဓမ္မတရားကို နာကြားကြရတာပါ ။ ဟုတ်ပြီနော် ညီလေး ။ ကဲ ဘယ်လိုလဲ ၊ သီတင်းကျွတ် လပြည့်နေ့ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နားလည်သဘောပေါက်ပြီလား ။ ဟုတ် ၊ နားလည်ပါပြီ ကိုကြီး ။

အစ်ကို အဓိက ပြောချင်တာကတော့ ကိုကြီးတို့ ဗုဒ္ဓဘာသာဝင်မြန်မာတွေဟာ သီတင်းကျွတ်လပြည့် အချိန်ရောက်ရင် မီးထွန်းပွဲကြီးကျင်းပပြီး မီးပုံးပျံတွေလွှတ် ၊ မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေကို ပစ်ဖေါက်ကစားကြ ၊ ကလေးတွေပျော်ကြ နဲ့သာ ကျေနပ်တင်းတိမ်မနေစေချင်ဘူးကွ ။ ဒီခေတ်ကာလက ညီလေးတို့လို လူငယ်တွေမပြောနဲ့ ကိုကြီးတို့လို လူလတ်ပိုင်းအရွယ်တွေ ၊ လူကြီးပိုင်းအရွယ်တွေတောင် အခု ကိုကြီး ညီလေးကို ပြောပြခဲ့သလို တာဝတိသာနတ်ပြည်မှာ မြတ်စွာဘုရားက အဘိဓမ္မာတရားဟောကြားပုံ ၊ သီတင်းကျွတ်လပြည့်နေ့မှာ နတ်ဗြဟ္မာတွေက ကြီးကျယ်ခန်းနားစွာ လူ့ပြည်ကို လိုက်ပါပို့ဆောင်ပုံ ၊ သင်္ကသမြို့က လူထုက လှိုက်လှိုက်လှဲလှဲ နဲ့ မြတ်စွာဘုရားကို ဆီမီးတွေထွန်းညှိပြီး ကြိုဆိုပူဇော်ကြပုံ အစရှိတဲ့ သီတင်းကျွတ်လပြည့်နေ့နဲ့ သက်ဆိုင်တဲ့ အနှစ်သာရ သဘောတရားတွေကို သေသေချာချာ နားလည်သဘောပေါက်ထားသင့်တယ်ကွ ။
အဲဒါမှ သီတင်းကျွတ်လပြည့်နေ့ရောက်ရင် မိဘတွေကို မြတ်စွာဘုရားမယ်တော်မိနတ်သားကို ကျေးဇူးဆပ်သလို ကိုကြီးတို့လူတွေကလည်း မိမိ ကံ ၃ ပါးနဲ့ ပြစ်မှားခဲ့တာတွေရှိရင် ခွင့်လွှတ်ဖို့ ကန်တော့တောင်းပန်ကြရမယ်။

ပြီးတော့ ပရိတ် ၊ပဌန်း အစရှိတဲ့ဒေသနာတော်တွေကို ရွတ်ဖတ်ပူဇော်သင့်တယ် လို့ ကိုကြီးကတော့ ထင်မြင်ယူဆတယ် ။ဟုတ် ၊ ကိုကြီး ညီလေး အခု သေသေချာချာနားလည် သဘောပေါက်ပါပြီ ။ နောက်လည်း ကိုသိထားနားလည်ထားသင့်တဲ့ ညီလေးတို့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို သေချာနားလည်သဘောပေါက်အောင် ရှာဖွေဖတ်ရှုပြီး စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာအဆင့်ကို ရောက်ရှိအောင်ကြိုးစားပါ့မယ် လို့ ကိုကြီးကို ကတိပေးပါတယ် ။ အေး ဒီလိုမှပေါ့ကွ ။ ကိုကြီးလဲ ညီလေးလို ကြိုးစားနေဆဲပါဘဲကွာ ။ အခုဒီဆောင်းပါးကို ဖတ်ရှုနေတဲ့ ဓမ္မမိတ်ဆွေ သူငယ်ချင်းများလည်း ၊ မိမိတို့ ကိုးကွယ်ယုံကြည်ထားတဲ့ ဘာသာတရားရဲ့ အနှစ်သာရ အချက်အလက်များကို သေချာစွာသိရှိနားလည်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၊ ကလျာန ပုထုဇဉ်များအဖြစ်သို့ ရောက်ရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်ရင်း    …..။

မှတ်ချက် ။       ။ ယခု ကျွန်တော်ရေးသားထားသော ဆောင်းပါးသည် ဆရာဇေယျာမောင် ၏ မဟာဗုဒ္ဓ၀င်အကျဉ်းချုပ် စာအုပ်မှ သီတင်းကျွတ်လပြည့်နေ့ နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျွန်တော့်တို့ ခေတ်လူငယ်အမြင်ဖြင့် လိုက်လျောညီထွေစွာ အနည်းငယ်မျှ ပြင်ဆင်ရေးသားထားခြင်းဖြစ်ပါသည် ၊
ကျွန်တော်၏ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ဖြစ်သော  www.facebook.com/hpyae နှင့် ကျွန်တော်တို့ လူငယ်များ ဖွဲ့စည်းတည်ထောင်ထားသော လူငယ်ဗုဒ္ဓဘာသာအသင်း အင်တာနက်စာမျက်နှာဖြစ်သည့် www.ybt.yadanarbon.net တို့တွင်လည်း ထည့်သွင်းဖော်ပြထားပါကြောင်း အသိပေးအပ်ပါသည် ။
မြတ်ဗုဒ္ဓ၏ ထေရ၀ါဒ သာသနာ ရောင်ဝါနေထက် ထွန်းလင်းတောက်ပပါစေ ။

by HlaingPyae
YOUTH BUDDHISM TEAM

အမှားပြင်ဆင်ချက်။ ။ ဆောင်းပါးထဲတွင်  "တာဝတိသာမှာ နတ်တို့ရဲ့ ရက် ၃ ရက်သာ သီတင်းသုံးခဲ့သော်လည်း လူ့ပြည်အနေနဲ့တော့ ၀ါဆိုလပြည့်နေ့က နေ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလကြာမြင့်တယ် ။"
အပိုဒ်ရဲ့ အမှားကို ထောက်ပြလိုပါတယ်။ အမှန်က လူ့ပြည်သက်တမ်း အနှစ်(၁၀၀)မှ တာဝတိံသာနတ်ပြည်ရဲ့ သက်တမ်းက တစ်ရက်ပဲ ရှိပါတယ်။ လူ့သက်တမ်း (၃)လဆိုလျှင် မည်မျှပဲ ကြာမည်ဆိုသည်ကို ဝေဘန်ကြည့်ကြပါကုန်။
အကိုးအကားကို ကြည့်ရှုလိုပါက အဘိဓမ္မတ္ထသင်္ဂဟ၊ ၀ိထိမုတ်ပိုင်း၊ ဘုံခန်းကို ပြဆိုရာအပိုင်းတွင် ကြည့်ရှုနိုင်ပါသည်။ အခြားသုတ္တန်ဇာတက သာဓကများလည်း ရှိကြပါသေး၏။
ဦးဥက္ကံသ မဟာဓမ္မာစရိယ (M.A.)