Tuesday, October 25, 2011

နေက္ခမ္မလရောင်



နေက္ခမ္မလရောင်


(၁-က)

ညအခါ လသာသာ 
ကစားမလား နားမလား။ (သူငယ်တန်းဖတ်စာ)

ပီဘိကလေးငယ်ဘဝက အသံသာသာဖြင့် ရွတ်ဆိုဟစ်အော် မြူးပျော်ခဲ့ရဖူးသောကဗျာ ..   ..၊
ကျေးလက်ည၏ လရောင်ဆမ်းကွင်းပြင်ကျယ်တွင် ပြေးလွှားခုန်ပေါက်စိတ်မြောက်ခဲ့ရဖူးသော    အလင်္ကာ .   . .။ သူငယ်တစ်ယောက်၏ရိုးရှင်းကြည်မြနေသည့်စိတ်လွင်ပြင်တွင် ရုတ်ရုတ်သဲသဲနာရီများ၊ သေကောင် ပေါင်းလဲချိန်ဆိုချက်များ၊ ရှုပ်ထွေးဝေဝါးသောအိပ်မက်များနှင့် ခမ်းနားထယ်ဝါသော မနက် ဖြန်များလည်း
ရှိမနေခဲ့ပါ ။

ကစားခြင်းနှင့်အနားယူခြင်းသာ ကလေးငယ်တစ်ယောက်၏အဘိဓမ္မာ (သို့မဟုတ်) ပစ္စုပ္ပန်စစ်စစ် ဖြစ်ခဲ့သည် ။
လရောင်လင်းပသော ညအခါတွင်
လွတ်လပ်ပေါ့ပါးစွာ ခုန်ပေါက်ပြေးလွှား ဆော့ကစားမည်။ နွမ်းနယ်ပင်ပန်း လေးတွဲ့သွားခဲ့လျှင်တော့
အပူပင်ကင်းစွာ အနားယူအိပ်စက်ပစ်လိုက်မည်။
လရောင်သည်  မြတ်နိုးစရာဟု   နုနယ်သော နှလုံးသားက ထိထိရှရှ ပွတ်တိုက်မိလေသည်။

(၁-ခ)

အန္ဓီဘူတော အယံလောကော။ 
ဤလောကသည် အမှောင်ဖြစ်၏။ (ကစ္စာယနဗျာကရဏ)

ဆယ်ကျော်သက် လူငယ်တစ်ယောက်၏ နားစည်ကို ရိုက်ခတ်လာသောအသံ-----။
ဘယ်မှာမှောင်လို့လဲ ။
ခြေလှမ်းတို့ကိုမြှင့်တင်ပေးနိုင်သည့် သင်ယူလေ့လာစရာ သင်ခန်းစာများရှိသည်၊ ရည်မှန်းချက်ကို
ကြွတက်လာစေသည့် အတ္ထုပ္ပတ္တိစာအုပ်ထူထူများရှိသည်။ ကျောင်းသွားဖေါ်တို့၏နွေးထွေး ပွင့်လင်းသော
ရယ်သံများရှိသည်။ ဗြဟ္မစိုရ်တွန်းအားနှင့် စေတနာဆွဲငင်အားလည်းရှိသည်။ လတ်ဆတ်သော အတွေးနှင့်
ယစ်မူးဖွယ်ဂီတတို့ကလည်း လူငယ်တစ်ယောက်၏ ပုဂ္ဂလိက   ရင်ခွင်ကို သိမ်းပိုက်ထားခဲ့ကြ ပြန်လေသည်။

စာသင်ခန်းအဆောင်ဆောင်ကို အောင်မြင်စွာကျောခိုင်းနိုင်ခဲ့ပြီဆိုလျှင် မုဒိတာတံခါးချပ် များက အသင့်ဆီးကြိုနေကြပေဦးမည်။
ဘယ်မှာလဲ အမှောင် ။
အတွေ့အကြုံတိုးတိမ်လွန်းနေသေးသည့် လူငယ်တစ်ယောက်က သူ၏အိပ်မက်မှတ်စုတွင် မျှော်မှန်းချက်အလင်းတို့ကိုသာ လက်လက်ထအောင်ရေးခြစ်နေခဲ့မိလေသည်..။

(၁-ဂ)

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။

မမေ့ခြင်းသည် မသေလမ်း၊ မေ့ခြင်းသည် သေလမ်း။ (ဓမ္ဓပဒ )

ဦးနှောက်ထဲမှ သင်ခန်းစာများကို စားဝတ်နေရေးမျက်နှာစာတွင် အမှန်တကယ်ချခင်းပြရသော အခါ လူရွယ်တစ်ဦး၏ နေ့စဉ်ရုန်းကန်ရမှုများက ချောင်ချောင်ချိချိ အင်္ကျီတစ်ထည်ကို ဝတ်ဆင်ရသလို လွယ်ကူချောမွေ့ခဲ့သည်တော့ မဟုတ်ပါ..။ ပေးဆပ်ရသည်များရှိသည်။ နာကျင်ကြေကွဲမှုများရှိသည်။ချောင်ပိတ်ခံရခြင်းများရှိသည်။ တွန်းတွန်းတိုက်တိုက်ဖြတ်စီးလာသော လှောင်ရယ်သံများလည်း ရှိနေနှင့်လေသည်။ သို့သော် ချွှန်ထက်မြိမြသောမာနဖြင့် မိမိကိုယ်ကိုယ် ချွန်းကုန်ဖွင့်ပစ်ခဲ့ပါသည်။

ဤသို့ဖြင့်ပိတ်ထားသော တံခါးများပွင့်ထွက်၊ ရန်လိုသောစမ်းသပ်မှုများ ချုပ်ငြိမ်း၍
ထုထည်ကောင်းကောင်း ပြဿနာများပြိုလဲသွားခဲ့သည်။ လောကဓံပြေးလမ်းရှင်း၍ ခါးသက်ကြမ်းရှသော နေ့ရက်တို့
ပြေလျှော့စပြုသည်နှင့် ပကာသနစီးဝင်မှုနှုန်းက တရိပ်ရိပ်မြင့်တက်ခဲ့ပါသည်..။

လက်ခုပ်သံတို့က တပွေ့တပိုက်၊

ဂုဏ်ပြုတေးတို့က တမေ့တမိုက်..။

အောင်မြင်ပြည့်စုံမှု အချွေအရံနှင့် ရယ်သံလွင်လွင်တို့သာ လွှမ်းခြုံနေသည့် ပြက္ခဒိန်စာမျက်နှာကို မထင်မှတ်စွာ ပေါက်ပြဲသွားစေသည်က အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၏ နာရေးဖိတ်စာ…..၊ နာရေးသတင်းပေါင်းများစွာကို အများနှင့်ထပ်တူ ရောနှောစုတ်သပ်ခဲ့ဖူးပါသည်.။ အများနှင့်ထပ်တူပဲ စာနာအားဖြည့်ခဲ့ဖူးပါသည် ..။ သို့သော် ဤမျှလောက် သွေးပျက်ဖွယ်ထိတ်ပျာ ဝေဝါးမှုမပွါးစီးခဲ့ ..။ အနီးကပ်ကျကွဲသံက ပိုမိုကျယ်လောင်ခဲ့ပါသည် ..။ သေခြင်းတရား၊ ကိုယ်နှင့်မဆိုင်သော ဘာသာရပ်တစ်ခုသဖွယ် မေ့လျှော့ခြင်းသေတ္တာတွင် ခေါက်သိမ်းထားခဲ့သောအရာ..။
ငါ ..   ..   ဘာလဲ ..။
ငါ ..   ..   ဘယ်လဲ ..။
ငါ ဆိုတာကရော ဘာလဲ ..   ..။
ငါ ဆိုတာကရော ဘယ်လဲ ..   ..။
မေးခွန်းတို့က ရင်တစ်ခုလုံးကို တဝုန်းဝုန်း ထုနှက်နေကြ၏။ ချွေးစီးချွေးပေါက်တို့ဖြင့် နစ်မွန်းရသည်က အခါခါ။
အိပ်မက်ဆိုးတို့ဖြင့် ချောက်ချောက်ခြားခြား လန့်နိုးရသည်က အကြိမ်ကြိမ်။

သေခြင်းတရားက ချစ်လှစွာသော သူငယ်ချင်းဆီ အချိန်ကိုက် ရောက်ရှိခဲ့တာမှ ဟုတ်ရဲ့လား။
ချစ်လှစွာသော သူငယ်ချင်းကလည်း သေခြင်းတရားကို သတ္တိအပြည့်နဲ့ လက်ခံကြိုဆိုဖို့ အသင့်ရှိနေခဲ့တာမှ ဟုတ်ပါရဲ့လား။

မေ့လျော့မှု ပမာဒ၏ သွေးဆောင်မှု မာယာတွင် နှစ်ခြိုက်ပျော်ဝင် နေခဲ့သည့် သူ ကိုယ်တိုင်ကရော ..   ..   ..။ ၊ ၊ ..   ..   ..။

(၂-က)

သေရာသို့ သွားနေခြင်းသည် ထာဝရအလုပ်၊
စားဝတ်နေရေး ဆောင်ရွက်ခြင်းသည် ယာယီအလုပ်။ (မိုးကုတ်ဆရာတော်)

ကံကောင်းထောက်မစွာ အမှတ်မထင် ကြားနာခွင့်ရခဲ့သည့် ရှင်းလင်းပီပြင်သည့် သြဝါဒက တင်းတင်းဆုပ်ကိုင်ထားခဲ့ဖူးသော အတွေးစများကို  ဖျပ်ဖျပ်လူးသွားစေခဲ့သည်။
ဘဝရဲ့ အဓိပ္ပာယ်ဆိုတာရွှေရောင်စာလုံးတွေနဲ့ ရေးထွင်းထားတဲ့ နာမည်တစ်ခုလား။ ဇိမ်ခံကား တစ်စီးပေါ်က မြင့်မောက်ဝင့်ဝါခြင်း တစ်မျိုးလား။ လက်ကိုင်စကားပြောကိရိယာတစ်ခုနဲ့ ရှုပ်ထွေးဝင့်ကြွားခြင်းလား။ အရောင်လက်လက် သတ္တုစတွေကို တွဲစပ်ဝတ်ဆင်ခြင်းလား။ ဟန်ဆောင်ရောနှောရယ်မောရခြင်းတွေလား။
အမှန်တကယ် ဘဝဆိုသည်မှာ သေရာသို့အဆက်မပြတ် သွာနေရခြင်းဝန်ပိနေသည့် ကာလတို
ဖြစ်ရှိမှုလေးတစ်ခုမျှသာတကား။
မိမိနှင့် မိမိစွဲလမ်းသမျှ အရာရာကို အခိုင်အမာဟု သေချာမှတ်ယူထမ်းပိုးထားလိုသော ပုထုဇ္ဇဉ်ပီသလွန်းသည့်
မိစ္ဆာဒဿနတို့ လဲပြိုယိုင်နဲ့သွားတော့၏။
ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများဆီ ခုတ်မောင်းနေဆဲ အရှိန်အဟုန်များက လောင်မြှိုက်လာကြသည်။သူ့အဇ္ဈတ္တသည် ပူပြင်အိုက်စပ်နေခဲ့၏။ အမှောင်ထုဖြင့်ပိတ်ဆို့လျှက်ရှိသော သူ့ဝန်းကျင်တဆုံး သွေးရူးသွေးတမ်း ငဲ့စောင်း ကြည့်မိသောအခါ
လရောင်...
သန္တရသစက်စက်ယိုကျနေသော ပရမတ္ထလရောင်... 
လွတ်မြောက်လိုမှုတို့ဖြင့် ရုန်းကြွနေသော နေက္ခမ္မလရောင်..။

(၂-ခ)

သွာက္ခာတော ဓမ္မော ၊ စရထ   ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။
တရားဓမ္မကို ကောင်းစွာဟောပြအပ်ပြီ။
ဆင်းရဲခြင်းကိုအဆုံးသတ်ဖို့ အကျင့်မြတ်ကို မှန်ကန်စွာကျင့်သုံးကြ။ (ဗုဒ္ဓ)

လရောင်ရွှန်းမြသော ညတစ်ညဆီက တိမ်းညွတ်ဖွယ်ပဒေသရာဇ်အဆောင်အယောင်နှင့် အမြစ်တွယ်ကာ အကိုင်းအခက်ဝေစ မိသားစုဘဝသံယောဇဉ်ကို နောက်ပြန်မလှည့်ကြေး စွန့်ခွါဝံ့ရဲ ထွက်ပြေးနိုင်ရက်သည့် မင်းပျိုမင်းလွင် သိဒ္ဓတ္ထ၏ ခြေလှမ်းစိပ်စိပ်တို့က အနောမာသောင်ကမ်းဆီ။ စကြာဝဠာတစ်ခုလုံး၏ မျက်ရည်များကို
သုတ်ပေးဖို့ပုဂ္ဂလိက ကြေကွဲမှုကို မျက်နှာလွှဲခဲ့ရသူ မင်းသားမြတ်အနေဖြင့်'တစ်သံသရာလုံး ငိုခဲ့ရပြီးပြီပဲ' ဟူသော အတွေးသံဝေဂတို့ဖြင့် ခြေလှမ်းတို့ကိုတည့်မတ် ခရီးဆက်ခဲ့ရပေလိမ့်မည်။ ထိုသို့ဖြင့်ဗုဒ္ဓအရှင်သည်
ကိုယ်တော်တိုင်နှင့်တကွ ဝေနေယျအနန္တတို့၏ သောကအပူမှန်သမျှကို ငြှိမ်းဧမျက်ရည်ဇာတ်လမ်းတို့ကို သိမ်းစေခဲ့
သည်။ အရှင်မြတ်၏ နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ပကတိလရောင်အောက်တွင် ဓမ္မလဝန်းထွန်းပခဲ့လေပြီ။

(၃-က)

သေတာကိုမြတ်စွာဘုရားလည်း မတားနိုင်ဘူး။
နောက်ထပ်မဖြစ်ဖို့ဘဲ လမ်းပြနိုင်တယ်။ (မစိုးရိမ်ဆရာတော်)

တရားဓမ္မ၏ သန္တရသအရိပ်ထိုးကျရာ ဥပုသ်ကျောင်းဆောင်လေးသည် ဆိတ်ငြိမ်အေးမြလျှက်ရှိသည်။ ကဗျာအသက်ဓာတ်တို့ ပူးကပ်ယှက်သန်းနေသည့် ဓမ္မကထိကရဟန်းတော်လေး၏ စကားလုံးများက ပြိုးပြက်တောက်ပနေကြသည်။

'' ကလေးဘဝက သင်ခဲ့ရတဲ့ ညအခါ လသာသာ ကဗျာဟာ မိမိတို့နှလုံးသားပေါ်မှာ အကြိမ်ကြိမ်ဝဲနေရမယ့် ကြာပွတ်ရိုက်သံ ဖြစ်သင့်တယ်။''

''သံသရာတစ်လျှောက်လုံး မှောင်ခဲ့ကြပြီးပြီ။ မှားခဲ့ကြပြီးပြီ။လမ်းကြောင်းလွဲကြပြီးပြီ။

မိမိတို့ရဲ့ခြေလှမ်းတွေကို တည့်မတ်ဖို့ သစ္စာဓမ္မလရောင်သာတဲ့အချိန်ထက် ကောင်းမြတ်တဲ့ကာလ မရှိနိုင် တော့ပါဘူး။ မိမိတို့ခြေလှမ်းတွေမှာ အပ္ပမာဒအထိမ်းအကွပ်ရှိကြရဲ့လား။ ဒါမှမဟုတ် အဲ့ဒီခြေလှမ်းတွေကို ပမာဒခြေချင်းခတ်လို့ ကာမဂုဏ်မီးလျှံထဲမှာ ပိတ်မိနေကြသလား။ လူ့ဘဝဆိုတဲ့ အပြည့်စုံဆုံးအခြေအနေကို ပိုင်ဆိုင်ထားသူတွေအတွက် မေးခွန်းတွေအများကြီးမလိုဘူး။ နှစ်ခုပဲ။

ကစားမလား နားမလား''။

(၃-ခ)

ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပါဒေထ။

ပြုပြင်ပေးရ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘာဝရှိကုန်၏။

မမေ့လျော့ခြင်းဖြင့် ကိစ္စပြီးစေကြ။ (ဗုဒ္ဓ)

တီဗွီ ချန်နယ်(လ်)တစ်ခုကို ဖွင့်ကြည့်လိုက်မိသည်နှင့် မသေချာမှုများနှင့်သာ သေချာလှသော ပစ္စက္ခကမ္ဘာမြေ၏ ကူကယ်ရာမဲ့ အခြေအနေအရပ်ရပ်က သူ့ရင်ဝကို စူးအောင့်နာကျင်စေပါသည်။ ဆူနာမီဒီလှိုင်း ဟာရီကိန်းနှင့် တိုင်ဖုန်းမုန်တိုင်း အင်အားကြီးမြေငလျင် တောင်ပြို မြေကျွံနစ်မှု ကြက်ငှက်တုပ်ကွေးစသော သဘာဝဘေးအန္တရာယ် များနှင့်အသေခံ ဗုံးဖေါက်ခွဲမှု လူမျိုးရေးပဋိပက္ခ စစ်မက်ပြုကျူးကျော်ခြင်းစသော ပြဿနာအရပ်ရပ်က ဘဝ၏ပြည့်
စုံလုံခြုံမှုဆိုသည်ကို ရယ်သွမ်းသွေးနေကြသည်။ အကြောင်းတရားအမျိုးမျိုး၏ နောက်ကွယ်တွင် သေခြင်းတရားရှိ လေသည်။ မွေးစာရင်းဝင်ခဲ့ပြီးမှတော့ သေစာရင်းတွင်လည်း ကိုယ့်နာမည်က  အထင်းသားဖြစ်နေတော့မှာသေချာလှပါသည်။ အချိန်မရွေးရောက်လာနိုင်သော သေခြင်းတရား၏ တံခါးခေါက်သံမကြားရမီ သစ္စာဓမ္မလရိပ်မလွန်မီ

သူကိုယ်တိုင် အပြီးသတ်ဖြေဆိုရမည့် မေးခွန်းကို သူ့မိတ်ဆွေများကိုလည်း မျှဝေလိုက်ချင်ပါသေးသည်။

ညအခါ လသာသာ ကစားမလား
နားမလား။

အရှင်ဝိစိတ္တသာရ (modern)