Avatar ရုပ်ရှင်ထဲက တောင်ထွတ်များရဲ့တည်နေရာ
နာမည်ကျော်ဒါရိုက်တာ James Cameron ရဲ့ Avatar ကားကို ကြည့်ဖူးကြမှာပါနော်။ အဲဒီကားထဲမှာထည့်သွင်း ရိုက်ကူးထားတဲ့ Pandora ဂြိုလ်ပေါ်က တိမ်တွေကြားမှာ မျောလွှင့် နေသော Hallelujah တောင်ကြီးတွေကို မှတ်မိဦးမယ် ထင်ပါတယ်။ ကျွန်မတော့ Avatar ကားကိုကြည့်မိတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် ကောင်းလောက်အောင် လှပလွန်းတဲ့ တောင်တွေရဲ့အလှကို အပြင်မှာ တကယ်ကို တွေ့မြင်ချင်တဲ့ ဆန္ဒတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ သို့ပေမဲ့ ဒါဟာ စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်မှာပါ။ ဒီလိုတောင်တွေဆိုတာ အပြင်မှာ တကယ်တမ်းတော့ ဘယ်ရှိနိုင်ပါ့မလဲနော်။
Avatar ကားထဲက Floating Mountains of Pandora တောင်များ

ကြည့်လေ တိမ်တွေကြားက Hallelujah တောင် ဘယ်လောက်များ လှလိုက်သလဲနော်
ဒါပေမဲ့
ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်တွေဟာ တကယ်လက်တွေ့ဖြစ်နိုင်မှန်း တစ်ရက်မှာ
သိလိုက်ရပါတယ်။ ဘာလို့ဆိုတော့ ရုပ်ရှင်ကားထဲမှာ ပါဝင်နေတဲ့ တောင်တွေဟာ
အပြင်မှာ တကယ်ကို ရှိနေလို့ပါဘဲ။ မဖြစ်နိုင်ဘူးလို့ ထင်ပါသလား။ တကယ်ပါ။
Avatar ကားထဲက Pandora ဂြိုလ်ပေါ်က တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိပါတယ်။
ဒါပေမဲ့ အပြင်မှာ တကယ်ရှိတဲ့တောင်တွေက ရုပ်ရှင်ထဲကလို ကောင်းကင်မှာ
အောက်ခြေမပါဘဲ မျောလွှင့်နေတဲ့ Floating Mountains တောင်များတော့
မဟုတ်ပါဘူး။ မြေပြင်ကနေပြီး ထောင်မတ်စွာ မြင့်မြင့်မားမား ဖြစ်ပေါ်တည်ရှိ
နေကြတဲ့ ကျောက်တောင်ထွတ်တွေ ဖြစ်ကြပါတယ်။ အောက်ကပုံတွေမှာ
ကြည့်ကြည့်ပါရှင်...



ဒီကျောက်သားတိုင်
သဖွယ် တောင်ကတော့ ရုပ်ရှင်ထဲမှာ Pandora ပေါ်က Hallelujah တောင်အဖြစ်
ထင်ထင်ရှားရှားတွေရတဲ့ တရုတ်ပြည် ဟူးနန့်ပြည်နယ် ZhangJiaJie
ဥယျာဉ်တွင်းရှိ တောင်ဖြစ်ပါတယ်။

ဇာတ်ကားထဲက Hallelujah တောင်နဲ့ Zhangjiajie ဥယျာဉ်အတွင်းက ပင်လယ်ရေမျက်နှာပြင်အထက်
မီတာ ၁၀၇၄ (ပေ ၃၅၀၀ ခန့်) မြင့်မားတဲ့ တောင်တို့ရဲ့ တူညီတဲ့အချက်များ
ကောက်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဝဘ်ဆိုဒ် တစ်ခုမှာလည်း
Avatar ကားထဲကတောင်ဟာ Zhangjiajie ဥယျာဉ်အတွင်းက တောင်တွေကနေ
ဖြစ်ပေါ်ထာတာပါလို့ အတိအလင်းဖော်ပြထားပါတယ်။ အောက်မှာတော့ Zhangjiajie
ဒေသရဲ့ သလင်းနဲ့ သဲကျောက်တောင်များရဲ့ အလှကို ရင်သပ်ရှုမော
တွေ့မြင်ကြရမှာဖြစ်ပါတယ်

ဘယ်လောက်တောင် ပန်းချီဆန်တဲ့ အလှလည်းနော်
တိမ်တွေကြားကပုံတွေကိုကြည့်ပြီး
အိပ်မက်ထဲမှာသာ တွေ့နိုင်မဲ့ မြင်ကွင်းမျိုးလို့ ကျွန်မစိတ်ထဲ
ခံစားမိပါတယ်။ လှပလွန်းလှတဲ့ ဒီကျောက်တောင်ထွတ်တွေရဲ့ ရှုခင်းဟာ တကယ်ကို
ရင်သပ်ရှုမောဖြစ်ရလောက်အောင် ကျွန်မကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။
တိမ်တွေကြားမှာ ခမ်းနားကြီးကျယ်စွာ မြင်တွေ့ရတဲ့ တောင်ထွတ်တွေရဲ့
မြင်ကွင်းဟာ ကောင်းကင်ဘုံက မြင်ကွင်းတစ်ခုလို
ထူးခြားဆန်းပြားလွန်းလှပါတယ်။ ဒီလောက်လှပ ဆန်းကျယ်တဲ့ တောင်ထွတ်တွေ
ရှိတဲ့နေရာဟာ ဘယ်နေရာများဖြစ်မလဲလို့ အချက်အလက်တွေကို စိတ်ဝင်စားစွာနဲ့
မွှေနှောက်ရှာဖွေမိပါတော့တယ်။




သဘာဝရဲ့
ဆန်းကျယ်လျှို့ဝှက်နက်နဲစွာ ဖန်တီးမှုတွေနဲ့ အလွန်ခမ်းနားလှပစွာ
ဖြစ်ပေါ်နေတဲ့ တောင်တွေ ရှိတဲ့နေရာက တရုတ်ပြည် ဟူးနန့်ပြည်နယ်ရဲ့မြို့တော်
Changsha နဲ့ ၂၆၅ ကီလိုမီတာ ကွာဝေးတဲ့ ZhangJiaJie အမျိုးသား
သစ်တောဥယျာဉ်တွင်းက Wulingyuan သဘာဝရှုမျှော်ခင်း ဧရိယာအတွင်းမှာ
ဖြစ်ပါတယ်။ Avatar ကားထဲမှာ ၄င်း သဲကျောက်တောင်နဲ့ ရှုခင်းများကို
ထည့်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသား ဥယျာဉ်အကြောင်းလေးကို
စာဖတ်သူများနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်...






တိမ်ပင်လယ်ကြားက တောင်ထွတ်များ
တရုတ်တွေရဲ့
ရှုမျှော်ခင်း ပန်းချီကားတွေမှာ အမြဲလိုလိုတွေ့ရတတ်တဲ့ ဒဏ္ဍာရီဆန်ဆန်
တောင်ထွတ်တွေဟာ အပြင်မှာ တကယ်ရှိနေခဲ့ပါတယ်။ ၄င်းတောင်များကို
ပဉ္စလက်တောင်များလို့လည်း ခေါ်ရလောက်အောင် တိုင်လုံးပုံသဏ္ဍာန် ထူးထူးဆန်းဆန်း
ဖြစ်ပေါ်နေတဲ့ သဲကျောက်တောင်ကြီးတွေ ဖြစ်ပါတယ်. ၄င်းတို့ဟာ တရုတ်နိုင်ငံ
Hunan ပြည်နယ်ရှိ ZhangJiaJie အမျိုးသား သစ်တောဥယျာဉ်တွင်းက Wulingyuan
သဘာဝ ရှုမျှော်ခင်း ဧရိယာအတွင်းမှာ တည်ရှိနေတာဖြစ်ပြီး ZhangJiaJie
အမျိုးသားဥယျာဉ်နဲ့ ရှုမျှော်ခင်း ဧရိယာဟာ တရုတ်ပြည်တွင်း ခရီးသွားများသာမက
နိုင်ငံခြားခရီးသွားများကြားမှာပါ ထင်ရှားကျော်ကြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရသကဲ့သို့ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဆန်းပြားလှတဲ့
တိုင်လုံး ပုံသဏ္ဍာန် သလင်းကျောက်နဲ့ သဲကျောက်တို့ဖြင့် ဖွဲ့စည်းထားတဲ့
တာင်ကြီး ၃၁၀၀ခန့်ဟာ ကောင်းကင်ကို ထိုးတက်တော့မည့်ပမာ တည့်မတ်စွာဖြင့်
ထူးထူးခြားခြား ဖြစ်ပေါ်တည်ရှိနေပါတယ်။ ကျောက်တောင်တိုင်းရဲ့
တောင်ထိပ်ဖျားမှာလည်း သစ်ပင်များဟာ ကပ်ကပ်သပ်သပ်ဖြင့် စိမ်းလန်းစိုပြေစွာ
ပေါက်ရောက်နေခဲ့ပါတယ်။

သဘာဝအတိုင်းဖြစ်ပေါ်နေသော ကျောက်တံတား

သဘာဝတံတားရဲ့ အနီးကပ်မြင်ကွင်း
ဒီတံတားကိုတော့
ကမ္ဘာမြေပေါ်က ပထမဦးဆုံးတံတားလို့ တင်စားခေါ်ဆိုကြပါတယ်။ လွန်ခဲ့တဲ့
နှစ်သန်းပေါင်းများစွာကတည်းက သဘာဝအတိုင်း ဖြစ်ပေါ်နေခဲ့တာမို့
ပထမဦးဆုံးတံတား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


အချို့သော
ကျောက်သားတိုင်ကြီးများဟာ မြေပြင်အထက် မီတာ ၁၀၀၀ (ပေ ၃၀၀၀ ခန့်)
မြင့်မားစွာ တည်ရှိနေပါတယ်။ ၄င်းအပြင် ဥယျာဉ်အတွင်းမှာ
သဲကျောက်တောင်များသာမက စိမ်းစိုလှပတဲ့ ခြောက်ကမ်းပါးကြီးများ၊ သစ်ပင်များ
ထူထပ်စွာ ပေါက်ရောက်နေတဲ့ မိုးသစ်တောများ၊ ကျောက်စက်ပန်းဆွဲများဖြင့်
ခမ်းနားလှတဲ့ ကျောက်လှိုဏ်ဂူများ၊ ပြာလွင်ကြည်လဲ့နေတဲ့ ရေကန်များ၊
ကျောက်တောင်များထက်မှ စီးကျနေသော ရေတံခွန်များ၊ ကျောက်တောင်များကြား
ရစ်ခွေစီးဆင်းနေသော စမ်းချောင်းကလေးများ၊ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့
ကျောက်တံတားများ စသည်တို့ဟာ ၂၆၆ စတုရန်းမိုင်ခန့် ကျယ်ဝန်းလှတဲ့
ဥယျာဉ်ကြီးအတွင်းမှာ သဘာဝအတိုင်း မပျက်မစီး တည်ရှိနေဆဲဖြစ်တာကြောင့်
သဘာဝအလှကို မြတ်နိုးတန်ဖိုးထားလိုသူများ၊ ခံစားလိုသူများအတွက်
သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ၄င်းဒေသမှာ
မိုးရေချိန်ဟာ တစ်နှစ်ကို ၁၂၀၀ မှ ၁၆၀၀ မီလီမီတာအထိ ရွာသွန်းပြီး
ပျှမ်းမျှအပူချိန်ဟာ ၁၆ ဒီဂရီ စင်တီဂရီတ် ရှိတာကြောင့် ဥယျာဉ်အတွင်းရှိ
၉၇%ဟာ သစ်ပင်များအမျိုးအစားပေါင်း မြောက်မြားစွာဟာ ဥရောပတိုက်တစ်ခုလုံးမှာ
ပေါက်ရောက်တဲ့အပင်တွေထက် နှစ်ဆမကအောင် များပြားစွာ ပေါက်ရောက်
ရှင်သန်နေတယ်လို့ ဆိုပါတယ်။


Zhang
Jia Jie အမျိုးသားဥယျာဉ်ဟာ ၁၉၈၀ခုနှစ်နောက်ပိုင်းမှသာ ပြင်ပ
ခရီးသွားများအတွက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ၁၉၈၂ခုနှစ်မှသာ အမျိုးသား
သစ်တောဥယျာဉ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်မှာတော့ UNESCO
အဖွဲ့က ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးခဲ့ပြီး တရုတ်ပြည်ရဲ့ ပထမဦးဆုံး
အမျိုးသားသစ်တော်ဥယျာဉ်နဲ့ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ် ဒေသလည်း ဖြစ်ပါတယ်။
ဥယျာဉ်အတွင်းသို့ ဝင်ရောက်ဖို့ဆိုရင် သတ်မှတ်ဝင်ကြေးကို ပေးဆောင်ရပါတယ်။
ဝင်ကြေးဟာ မြန်မာငွေနဲ့ သုံးသောင်း နီးပါး ကျသင့်ပါတယ်။ Zhangjiajie
အမျိုးသားသစ်တော ဥယျာဉ်ကြီးဟာ ထူးဆန်းတဲ့ မြေပြင်ပုံသဏ္ဍာန်များနဲ့
ပြည့်နှက်နေတာမို့ ထူးဆန်းအံ့သြဖွယ်နယ်မြေ (သို့မဟုတ်) နတ်တို့ဖန်ဆင်းတဲ့
နယ်မြေ လို့လည်း ခေါ်ဆိုကြပါတယ်။ ရှေးခတ်ကတော့ ၄င်းဒေသကို
အစိမ်းရောင်တောင်ကုန်းဒေသလို့ ခေါ်ခဲ့ပေမဲ့ ခုနောက်ပိုင်းမှာတော့
Zhangjiajie လို့ခေါ်တွင်လာပါတယ်။ ဥယျာဉ်တွင်းမှာ လေထုဟာ
အောက်ဆီဂျင်ရာခိုင်နှုန်း အလွန်ပေါများစွာ ရှိတဲ့အတွက် ကျန်းမာရေးအတွက်လည်း
သင့်တော်ပြီး အနားယူအပန်းဖြေသူများအတွက် အလွန်ကောင်းတဲ့ ဒေသဖြစ်ပါတယ်။
ဥယျာဉ်တွင်းက နွေဦးရာသီရဲ့ သစ်ပင်များ
သဘာဝရဲ့
ထူးဆန်းမှုတွေ အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ဒီနေရာလေးကို တရုတ်ပြည်တွင်း
ခရီးသွားမည့်သူများ၊ ကမ္ဘာလှည့်ပြီး ခရီးသွားဖို့ စိတ်ဝင်စားသူများအတွက်
သွားလည်သင့်ကြောင်း ဒီပိုစ့်လေးနဲ့ ညွှန်းဆိုလိုက်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း ဒီနေရာလေးကို တစ်နေ့နေ့မှာ
ရောက်အောင်သွားမဲ့နေရာတစ်ခုအဖြစ် စာရင်းတို့ထားလိုက်ပါတယ်။ ထူးဆန်းလှပတဲ့ ZhangJiaJie
ဒေသအကြောင်း ရေးစရာများတာကြောင့် ရေးနေရင်းနဲ့
ပိုစ့်ကသိပ်ရှည်သွားတာကြောင့် ဒီနေရာမှာ တစ်ပိုင်းဖြတ်လိုက်ပါတယ်.။
နောက်နေ့မှ ဥယျာဉ်တွင်းက ကျန်တဲ့ လည်ပတ်စရာ နေရာများအကြောင်း
ဆက်ရေးပါရစေရှင်။
.........
အားလုံးဘဲ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာကြပါစေ...

အချက်အလက်များနဲ့ ဓာတ်ပုံများကို
google and http://www.chinafacttours.com/zhangjiajie/attractions/zhangjiajie-national-forest-park.html
http://www.conceptart.org/forums/showthread.php?p=2603859
http://www2.chinadaily.com.cn
http://www.chinatourmap.com တို့မှ ရယူပါသည်။