Friday, August 12, 2011

“ကြောက်၍ပင် တောထဲ၌ နေပါသည်“

ရွှေစကားတို့ရဲ့မြစ်ဖျား(၃)

“တောထဲ၌ ပရိသတ်ခြွေရံနည်းသည် ကြောက်တော်မမူလော” (တောင်ဖီလာဆရာတော်)

ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့်နေပါသည်“ (ရွှေဥမင်ဆရာတော်)

အင်းဝခေတ်စာမျက်နှာတွေလှန်လိုက်ရင် လုံးဝချန်လှပ်လို့မရတဲ့ ရွှေစကားနှစ်ခွန်းရှိပါတယ်။ အဲဒါတွေကတော့ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင် ဆရာတော်တို့ရဲ့ စကားနှစ်ခွန်းပါ။ ဒီစကားနှစ်ခွန်းရဲ့ မြစ်ဖျားခံရာကိုကြည့်လိုက်တော့

တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်ဆိုတာ အင်းဝခေတ်မှာ သာလွန်မင်းတရားလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်တွေပါ။ အဲဒီခေတ်လတ်တလောက ပစ္စုပ္ပန် အနေအထားအရ တောင်ဖီလာဆရာတော်က မြို့မှာ သီတင်းသုံးတဲ့ဆရာတေ်။ မင်းကိုးကွယ်တဲ့ဆရာတော်၊ ရွှေဥမင်ဆရာတော်က တောထဲမှာ ကပ္ပိသူတော်တစ်ယောက် ကိုသာ အဖော်ပြုပြီး သတင်းသုံးနေတဲ့ ဆရာတော်။ ဒါပေမယ့် ဆရာတော်နှစ်ပါးလုံး ပါရမီဗီဇအခံတွေတူနေကြတော့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းနှစ်စုံဟာ တစ်ခုတည်းသော ပန်းတိုင်ဆီကိုသာ ဦးတည်နေပါတယ်။ ဦးတည်ချက် ပန်းတိုင်မှန်ရင် လုပ်ဆောင်ချက်လဲမှန်ကြတာ လောကဓမ္မတာပါ။

တစ်နေ့မှာ သာလွန်မင်းတရားဆီကို နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ မန်းစက်တော်ရာ နှစ်ဆူကို ရှာဖွေပေးဖို့ စာသွင်းလျှောက်ထားကြပါတယ်။ မင်းကြီးလဲ သဘောကျတာနဲ့ ကြည်ညိုရင်းစွဲရှိတဲ့ တောင်ဖီလာဆရာတော်အပါအ၀င် ဆရာတော်လေးပါးနှင့်အတူ မန်းစက်တော်ရာ နှစ်ဆူရှာဖို့ အင်းဝနေပြည်တော်ကနေ မင်းဘူးကိုကြွခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်တောဝင် တစ်တောင်ထွက် ရှာလိုက်ကြတာ ရက်တွေသာကုန်လွယ်သွားပါတယ်။ ဘာသဲလွန်စမှ မရဘူးဖြစ်နေ ပါတယ်။ ရှာလိုက်နားလိုက် စက်တော်ရာအနီး မရှက်ရွာရောက်တော့ အနားယူရင်းက တစ်ညတာ ကျိန်းစက်ဖို့ စီစဉ်ကြပါတယ်။

အဲဒီညမှာပဲ တောင်ဖီလာဆရာတော် အိမ်မက်မက်ပါတယ်။ ဘယ်လိုမက်သလဲဆိုတော့ လူတစ်ယောက်က ခွေးနက်ကြီးတစ်ကောင်နဲ့လာပြီး “ဘုန်းကြီးတို့လာကြသည်မှာ အန္တရာယ်ကြီးလှပါသည်။ တောလည်းနက် သားရဲလဲ ထူပြောပါတယ်။ အဘယ်ကြောင့်ကြွလာရသနည်း “ လို့မေးပါတယ်။ ဆရာတော်ကလဲ “ရှေးမင်းတို့ သွားရောက် ပူဇော်လေ့ရှိတဲ့ စက်တော်ရာနှစ်ဆူရှိကြောင်း၊ ရာဇ၀င်ကြောင်းရှိ၍ ရှာဖွေရန်ကြွလာကြကြောင်း” ပြန်အမိန့်ရှိလိုက်ပါတယ်။ ဒီတော့ခွေးနက်ကြီးနဲ့လူက “ဤသို့ဆိုလျှင် ခွေးနက်ကြီးဝင်ရာတောသို့ နောက်ကလိုက်လျှင် တွေ့ပါလိမ့်မည်” လို့ပြန်လျှောက်ပါတယ်။ စကားဆုံးတော့ ဆရာတော်လည်း တစ်ခါတည်း နိုးသွားပါတယ်။ အဖော်သုံးပါးကိုလည်း အိမ်မက်အကြောင်းပြောပြလိုက်ပါတယ်။

မနက်မိုးလင်းတော့ အိမ်မက်အတိုင်းလိုက်ရှာကြပါတယ်။ ခွေးနက်ကြီးတစ်ကောင်က ဆရာတော်ရဲ့ရှေ့က သွားနေတာနဲ့ ခွေးနက်ကြီး နောက်လိုက်ရင်း စက်တော်ရာနေရာရောက်တော့ ပျောက်သွားပါတယ်။ မန်းချောင်းနဖူးအရောက်မှာ နတ်ဘီလူးတစ်ယောက် ကိုယ်ထင်ရှားပြပြီး စက်တော်ရာနှစ်ဆူကိုလိုက်လံ ညွှန်ပြပါတယ်။

တောင်ဖီလာဆရာတော်တို့လည်း စက်တော်ရာနှစ်ဆူတွေ့ပြီဆိုတော့ တောင်ပေါ်မှာပဲ ကျိန်းစက်ကြပါတယ်။ တောင်ဖီလာဆရာတော်ကတော့ ပဠာန်းဒေသနာနဲ့ ရွတ်ဖတ်ပြီး ပူဇော်ပါတယ်။ ပြီးတော့ ဆရာတော်က စက်တော်ရာကို ပံ့သကူသင်္ကန်းနဲ့ လွှမ်းအုပ်ပြီး “ငါသည် ဘုရားဖြစ်မည် “ဧကန်မှန်လျှင် ဤသင်္ကန်း၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏများ ထင်စေသတည်း” ဆိုပြီး အဓိဠာန်လိုက်ပါတယ်။ သင်္ကန်းတောက်ဟာကြိုးကြာရုပ်သကဲ့သို့ ကုန်းကွထလာတယ်လို့ဆို ပါတယ်။ ကြိုးလည်းကြိုးစား ကြာလည်းကြာဦးမယ်ဆိုတဲ့ အမှန်နိမိတ်ပါဒါ တွေရေးပြလိုက်ရတာကတော့ စက်တော်ရာနဲ့ တောင်ဖီလာဆရာတော်ရဲ့ ကျေးဇူးရယ်၊ မြန်မာပြည်သားဘုရားဆုပန် ဆရာတော်တစ်ပါးရဲ့ ပုံရိပ်တစ်စိတ်တစ်ဒေသရယ် ကို ကြည်ညိုစေချင်သိစေချင်လို့ပါ။

တောင်ဖီလာဆရာတော်ဟာ စက်တော်ရာကအပြန် ရွှေဥမင်ဆရာတော်ထံ ၀င်ရောက်ဖူးတွေ့ပါတယ်။ တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်ကို ဖူးရုံသက်သက်မဟုတ်ပဲ သီးခြားရည်ရွယ်ချက်တစ်ခုလည်း ပါလာပါတယ်။ အဲဒါကတော့ မိမိရေးသားပြုစုထားတဲ့ ၀ိနည်းငါးကျမ်း ပါဠိအဌာကထာ နိဿယနဲ့၊ ရွှေဥမင် ဆရာတော်ပြုစုရေးသားထားတဲ့ ၀ိနည်းငါးကျမ်းပါဠိအဌကထာနိဿယတို့ကို တိုက်ဆိုင်ကြည့်ျင်လို့ပါ။

မင်းဆရာတော် ကြွလာတယ်ဆိုတော့ သိတဲ့အတိုင်းပါပဲ။ နောက်ကခြွေရံပရိသတ်တွေ လှူဖွယ်ပစ္စည်းဝတ္တုတွေ အပြည့်နဲ့ပေါ့။ ရွှေဥမင်ဆရာတော်က ကပ္ပိယသူတော်တစ်ယောက်ပဲရှိပါတယ်။ ပြီးတော့ ဘာပစ္စည်းဝတ္တုမှလည်း မရှိပါဘူး။ ပစ္စည်းဝတ္တုဘယ်လောက်ခေါင်းပါးသလဲဆိုရင် မင်းဆရာနဲ့ ပရိသတ်အတွက် နေရာထိုင်ခင်းမပေးနိုင်လို့ သားရေ နွယ်အခင်လေးကို ဖုန်ခါပြီးနေရာထိုင်ခင်းပေးရပါတယ်။ အဲဒီလောက်အထိ ပစ္စည်းဝတ္တုတွေ ခေါင်းပါးတာပါ။

ရွှေဥမင်ဆရာတော်ရဲ့ လက်ရှိပစ္စက္ခအနေအထားအရ တောထဲမှာ ပရိသတ်မရှိပုံ ပရိသတ်မရှိလို့ ပစ္စည်းဝတ္တု ခေါင်းပါးပုံကို ကြည့်ပြီး တောင်ဖီလာဆရာတော်က “အရှင်ဘုရား တောထဲ၌ ပရိသတ်အခြွေအရံနည်းသည်၊ ကြောက်တော်မမူလော့” လို့မေးလျှောက်ပါတယ်။ ဒီတော့ ရွှေဥမင်ဆရာတော်က “ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့်နေပါသည်” လို့ပြန်မိန့်လျှောက်ပါတယ်။

မထင်မှတ်တဲ့စကားကို ကြားလိုက်ရတော့ တောင်ဖီလာဆရာတော်က တော်တော်လေးကို တုန်လှုပ်သွားပါတယ်။ ပါရမီအခြေခံရှိပြီးသားဆိုတော့ ဒီစကားနဲ့ တန်ပြန်အတွေးတစ်ခု ၀င်လာပါတယ်။ အဲဒါကတော့ “သြော် ငါကတော့ မကြောက်တတ်သူဖြစ်ခဲ့ပါပြီ” ဆိုတဲ့တန်ပြန်အတွေးပါ။ နောက်တောင်ဖီလာဆရာတော်က သူ့မှာပါလာတဲ့ ပစ္စည်းတွေထဲက နှစ်ထပ်သင်္ကန်းကြီးကို ကိုယ်တိုင်ပြီး “သင်္ကန်းပါဘုရား.. အရှင်မဟာကဿပဘုရားရှင် ကပ်လှူပ်သော နှစ်ထပ်သင်္ကန်းကြီးကဲ့သို့ မွန်မြတ်သော မင်းဧကရာဇ်လှူ၍ရသော ပစ္စည်းပါဘုရား။ သံသရာကို ချီးမြှောက်သဖြင့် သုံးဆောင်တော်မူပါလို့” ပြောဆိုပြီး လှူဒါန်းပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း ကိုယ်တိုင်လက်နှစ်ဖက်နဲ့ ခံယူပါတယ်။ သင်္ကန်းကို အောက်မချသေးပဲ တောင်ဖီလာဆ၇ာတော်နည်းတူ သင်္ကန်းကို အပေါ်မြှောက်လိုက်ပြီး “သာဓု၊ သာဓု၊ ဤသင်္ကန်းကို ရွှေစည်းခုံဘုရားအား လှူပါ၏” လို့ဆိုပြီး အောက်ပြန်ချထားလိုက်ပါတယ်။ နောက်တောင်ဖီလာ ဆရာတော်က ပါလာတဲ့ပစ္စည်းကို တစ်ခုချင်းလှူပါတယ်။ ပစ္စည်းတစ်ခု လှူတိုင်း လှူတိုင်း ရွှေဥမင်ဆရာတော်က “ဤပစ္စည်းကို ရွှေစည်းခုံဘုရားအား လှူဒါန်းပါ၏” လို့ချည်ဆိုပြီး ဘေးကို ချချထားလိုက်ပါတယ်။

“ရွှေဥမင်ဆရာတော်ရဲ့ အပြုအမူကိုကြည့်ပြီး တောင်ဖီလာဆရာတော်က ဒီလိုတွေးပါတယ်။’သြော် .. ငါ့ကား မင်းဆရာဖြစ်၍ ငါ့ပစ္စည်းဝတ္တုတို့၌ ရှာသဖြင့် ဤသို့ပြုချေသည်”

“ရွှေဥမင်ဆရာတော်ရဲ့ သဘောကတော့ အဲဒီလိုမဟုတ်ပါဘူး။ ရွှေဥမင်ဆရာတ်ေရဲ့သဘောက “ဤအရှင်မြတ်သည် မင်းဧကရာဇ် ဆရာတော်ဖြစ်လျှက် ကိုယ်တိုင်ငါ့ထံသို့ လာရောက်၍ ပူဇော်သက္ကရများနှင့် ငါ့အားပူဇော်ပေသည်။ ငါကား သူကဲ့သိုပူဇော်ရန် ပစ္စည်းဝတ္တုမရှိ သောကြောင့် သူ့အားပူဇော်မရ။ ထိုအရှင်မြတ်အား ပစ္စည်းပရိသတ်ခြွေရံတို့ကိုစွန့်၍ တော်နေခြင်းအကျိုးငှာ မြတ်သော ဆုံးမစကားဖြင့် ပူဇော်အံ့။ နောက်တစ်ခု အလွန်ရခဲ့လှစွာသော ရဟန်းအဖြစ်ကို ရပါလျက် မင်းဆရာတော်အခေါ်ခံ၍ နေခြင်းသည် အကျိုးမရှိ၊ အကျိုးရှိရာကို ရှာစေအံ့” အဲဒီလိုနှလုံးသွင်းနဲ့ ပြုမူပြောဆိုခဲ့တာပါ။

လှူဖွယ်ဝတ္တုတွေလှူပြီးတော့ တောင်ဖီလာဆရာတော်က မိမိရေးသားထားတဲ့ ၀ိနည်းငါးကျမ်း ပါဠိအဌာကထာနိဿယနဲ့ ရွှေဥမင်ဆရာတော် ရေးသားထားတဲ့ ၀ိနည်းငါးကျမ်း ပါဠိအဌာကထာနိဿယကို တိုက်ဆိုင်ကြည်လိုကြောင်း လျှောက်ထားပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း မိမိရေးသားထားတဲ့ ပါဠိအဌာကထာနိဿယကို ချက်ချင်းပဲ ထုတ်ပြပါတယ်။ တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်ရဲ့ နိဿယကို စိတ်ကျေနပ်သည်အထိ ကြည့်ရှူပါတယ်။ ကြည့်လို့အားရတော့မှ “ငါရေးသားသည့် နိဿယသည် ကျယ်လွန်းသည်၊ ရွှေဥမင်ဆရာတော် နိဿယသည် ကျဉ်းသည်၊ ရွှေဥမင်ဆရာတော်နိဿယသည်ပင် နောင်စာသင်သားတို့အတွက် အားကိုးရာဖြစ်လောက်ပြီ၊ နှစ်နည်းရှိသဖြင့် လောက၀ယ် ဘုရားနှစ်ဆူပွင့်သော် သတ္တ၀ါတို့၌ သူ့ဘုရားသာသည် ငါ့ဘုရားသာသည် အငြင်းခုံသာဖြစ်၍ အကျိုးမရှိသကဲ့သို့ ရှိပေတော့မည်” အဲဒီလိုနှစ်လုံးပိုက်ပြီး မိမိကိုယ်တိုင်ရေသားထားတဲ့ နိဿယတွေကို ရွှေစည်းခုံစေတီရင်ပြင်မှာ မီးပူဇော်လိုက်ပါတယ်။ ပြီးမှ ပြန်ကြွသွားပါတယ်။

ရှေးရှေးဆရာတော်ကြီးတွေဟာ ဘာစာမူခ ဘာလာဘသက္ကာရမှ မျှော်လင့်ချက်မထားဘဲ ကျမ်းပေါင်းများစွာကို တစ်ကယ့်သဒ္ဓါနှလုံးသားစစ်စစ်နဲ့ ရေးသွားတာပါ။ အဲဒီခေတ်ကာလက ဘောလ်ပင်တွေ၊ စာရွက်တွေ၊ လျှပ်စစ်မိးတွေမပေါ်သေးတော့ ပေရွက်မှာ ကညစ်တံနဲ့ မီးခွက်ထွန်းပြီး ခဲရာခဲဆစ်ရေးခဲ့ကြရတာပါ။ ဒါတင်မကသေးဘဲ ကျမ်းချင်းတူလို့ ကိုယ်ရဲ့ကျမ်းစာက အားနည်းချက်ရှိနေရင်လည်း မီးပူဇော်ပစ်ဖို့ ၀န်မလေးကြပါဘူး။ ဒါတွေကတော့ စာရေးတဲ့အခါတိုင်း တွေးရမယ့်အတွေးတွေလို့ နားလည်ထားမိပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်းကျတော့ လက်တွေ့အနေအထားနဲ့ ကွာဟနေပြန်ပါတယ်။ သြော် .. ဒီလိုအတွေးတွေ တွေးဖြစ်ပါ့လား ဆိုတဲ့အတွေးတွေနဲ့ပဲ ကိုယ့်ကိုယ်ကို ဖော့ပြီး ဖြေဆည်လိုက်ရပါတယ်။

တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်နှစ်ပါးရဲ့အပြူအမူတွေကို ကြည့်နေသူတွေထဲမှာ ကပ္ပိယသူတော် လဲပါပါတယ်။ ကပ္ပိယသူတော်က သူ့ဆရာတော်ရဲ့ အပြုအမူတွေကို အားမလို အားမရဖြစ် နေဟန်တူပါတယ်။ ဒါကြောင့် တောင်ဖီလာဆရာတော်ပြန်ကြွသွားတော့ ရွှေဥမင်ဆရာတော် အနားကပ်ပြီး

ဘုန်းကြိးတို့ဝိနည်းမှာ သဒ္ဓါ၍ လှူသောပစ္စည်းကို မသုံးဆောင်ဘဲ သူတစ်ပါးကို မပေးအပ်၊ ပေးသော်သူ့သဒ္ဓါတရားကို ဖျက်ဆီးသည်မည်ရကား သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပါတ်သင့်သည် မဟုတ်ပါလော။ အဘယ်ကြောင့် မင်းဆရာ ကိုယ်တိုင်လာ၍ လှူသည့်ပစ္စည်းကို အားပါးမနာ သူရှေ့တွင် ရွှေစည်းခုံကို လှူဘိသနည်း။ မသင့်လော့လို့ အပြစ်တင်ဟန်နဲ့ လျှောက်ပါတယ်။ ဒီတော့ ရွှေဥမင်ဆရာတော်က “သူတော် ငါစောင့်၏။ သူတော့် ဆရာတော်ကို ငါဆုံးမလိုက်သည်။ ဒီက အပြန် စစ်ကိုင်းလေးထပ်ကြီး သူနေသောကျောင်းတော်ကို သူတော့်ဆရာတော် ၀င်ဝံ့ပေလျှင် လောက၀ယ် အာဂယောက်ျားပဲ” လို့ ပြန်အမိန့်ရှိလိုက်ပါတယ်။

မကြာခင်တစ်ရက်မှာ ရွှေဥမင်ဆရာတော်နဲ့ ကပ္ပိယသူတော်ဆီကို သတင်းတစ်ခုရောက်လာပါတယ်။ အဲဒီသတင်းကတော့ “တောင်ဖီလာဆရာတော် ရွှေဥမင်ဆရာတော်ဆီကအပြန် မြို့နေမင်းဆရာအဖြစ်ကို ရှက်ရွံ့လို့ စစ်ကိုင်းတောင် အရှေ့ချောက်ကြား တောင်ဖီလာတောရမှာ တောရဆောက်တည် သွားကြောင်း” ဆိုတဲ့သတင်းပါပဲ။ အဲဒီအချိန်မှာ ရွှေဥမင်ဆရာတော်က သူတော့်ကို “ကိုင်း ဘယ့်နှယ်လဲ” ဆိုတဲ့အကြည့်နဲ့ တာသွားပုံကို တွေးပြီး ခေါင်းတဆတ်ဆတ်ညိတ်နေပုံ ပုံရိပ်နှစ်ခုကို အတွေးနဲ့ပုံဖော်ကြည့်လိုက်မိပါတယ်။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး

သီလ၀ိသောဓနီ(တတိယနံမော်ဆရာတော်)

မြတ်သတိ စက်တင်ဘာ ၂၀၀၀