Tuesday, August 30, 2011

ဥပုသ်သယ်

ဥပုသ်သယ်

ဥပုသ်သည်လို့ မရေးဘဲ “ဥပုသ်သယ်”လို့ သတ်ပုံကို ပြင်ပြီး မြန်မာ အခေါ်အတိုင်း ရေးလိုက်ပါတယ်။ ဥပုသ်ဆိုတာ ဥပေါသထ-ပါဠိကို ပါဠိသက် ဝေါဟာရအနေနဲ့ ခေါ်ဆိုခြင်းပါ။ ဥပုသ်နဲ့ ပတ်သက်လို့ ဥပုသ်နှစ်မျိုးကို မှတ်သားရပါ့မယ်။ ရဟန်းတော်များ ဥပုသ်နဲ့ လူများ ဥပုသ်တို့ပဲ ဖြစ်ပါတယ်။

လပြည့်လကွယ် ဥပုသ်နေ့တွေမှာ ပါတိမောက် ပြခြင်း၊ (ရွက်ဆိုခြင်း)ကို တကျောင်းတိုက်လုံး ရဟန်းတော်များ သိမ် ကျောင်းဆောင်မှာ စုပေါင်း ဆောင်ရွက်ကြရတယ်။ ဒါကို ဝိနည်းပညတ်တော်အရ ကံဆောင်တယ်၊ ဥပုသ်ပြုတယ်လို့ ခေါ်ဆို တယ်။ ဆောင်းပါးမှာတော့ လူများနဲ့ပတ်သက် တဲ့ ဥပုသ်အကြောင်းကိုပဲ ရေးပါမယ်။


ဥပုသ်ဆိုတာ- လူတို့ ဆောက်တည်တဲ့ အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့ သီလရဲ့အမည်ပါ။ ဆောက်တည်ထားတဲ့ သ်ီလကို လုံခြုံအောင် စောင့်ထိန်းခြင်း ဟာ ကောင်းမှု့(ကုသိုလ်) ဖြစ်ပါတယ်။ ဆောက်တည်လို့ဘဲဖြစ်ဖြစ်၊ အဓိဋ္ဌာန်လို့ဘဲဖြစ်ဖြစ် သီလနဲ့နေခြင်းက အရိယာတို့လို နေထိုင်ခြင်းမျိုး ဖြစ်ပါတယ်။ သီလစောင့်တယ်ဆိုတာ မွန်းလွဲချိန်အစာ မစားခြင်း၊ သူ့အသက်မသတ်ခြင်းစတဲ့ သီလတွေနဲ့အတူနေခြင်းဘဲ ဖြစ်တယ်။


သီလဆောက်တည်ထားရင် သီလက ကိလေသာ ရန်သူတွေကို အနီးကပ် လောင်ကျွမ်းပစ်နိုင်စွမ်းရှိတယ်။ သူ့အသက်သတ်၊ သူ့ဥစ္စာခိုးစတဲ့ အကုသိုလ် အမှု့တွေကိုလည်း မလွန်ကျူးဖြစ်တော့ဘူး၊ သီလစင်ကြယ်သူ တရား အားထုတ်ချိန်မှာ သီလက သမာဓိကို ထောက်ကူပေးတယ်။


ဥပုသ်နဲ့ပတ်သက်ပြီး ရှစ်ပါးသီလသာ ရှိတယ်၊ ကိုးပါးသီလမရှိဘူးဆိုပြီး စာရေးသူ ကိုးပါးသီလပေးတိုင်း အမေးခံ ရတယ်။ သူတို့အပြောကေ တာ့ မေတ္တာဟာ သီလမဟုတ်ဘူး၊ ဘာဝနာသာ ဖြစ်တယ်ဆိုတဲ့ အများသိနေ တဲ့ အကြောင်းပြချက်နဲ့ ပြောလေ့ရှိကြတယ်။ ဆရာတော်ကြီးတွေ လည်း ပေးနေလို့ ပေးတာပေါ့လို့ဘဲ ငြင်းခုန် မနေချင်တာနဲ့အလွယ် ပြောဖြစ်ခဲ့တာ များပါတယ်။


တစ်နေ့ စာချဆွမ်းဝိုင်းမှာ ဆွမ်းစားကြရင်းနဲ့ ကိုးပါးသီလကိစ္စ စကား စပ်မိကြတော့ ကိုးပါးသီလဆိုတာ ပိဋကတ်မှာ အမှန်ရှိတာကို မသိကြ လို့ ပြောကြတာမို့ အားလုံးသိသွားအောင် ဆောင်းပါးရေးသင့်ကြောင်းကို စာချဆရာတော်များက အကြံပြုကြတယ်။ ဒါ့ကြောင့် “ဥပုသ်သယ်” အမည်နဲ့ ဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။


အင်္ဂုတ္တိုရ်အဋ္ဌကနိပါတ်မှာ ရဟန်းတော်များ၊ ဝိသာခါကျောင်းအမ၊ ဝါသေဋ္ဌဒကာနဲ့ ဗောဇ္ဈဒကာမတို့ကို အကြောင်းပြုပြီး အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့ ဥပုသ်စောင့်ခြင်းဟာ အကျိုးကြီးမာကြောင်းကို ဟောကြားတော်မူပါတယ်။ အင်္ဂါရှစ်ပါးဆိုတာကတော့ ဒီကခေတ်မှာ ဆောက်တည်နေကြတဲ့ ပါဏာတိပါတအစ ဥစ္စာသယနမဟာသယန အဆုံးရှိတဲ့ သီလရှစ်မျိုးဘဲဖြစ်ပါ တယ်။(အဋ္ဌကနိပါတ်၊အင်္ဂုတ္တိုရ်၊ဥပေါသထဝဂ်)


ဒါ့အပြင် နဝကနိပါတ် အင်္ဂုတ္တိုရ်မှာ နဝင်္ဂဥပေါသထသုတ်အမည်နဲ့ အင်္ဂါကိုးပါးနဲ့ပြည့်စုံတဲ့ဥပုသ်ကို ဆောက်တည် ခြင်းဟာလည်း အကျိုးမားကြောင်း ရဟန်းတော်များ အား ထပ်ဆင့်ဟောတော်မူပြန်ပါတယ်။

ရှစ်ပါးသီလရဲ့အဆုံးမှာ မေတ္တာ အထွဋ်တပ်ပြီး မေတ္တသဟဂတေနစတဲ့ ကိုးပါးမြောက်အင်္ဂါထည့်သွင်း ဆောက်တည်ကြရမှာကို ဟောပြတော်မူပါတယ်။ ခုအခါ ဆရာတော်ကြီးများက မေတ္တသဟဂတေန စေတသာ-နောင် ပါဠိကို အနည်းငယ်ပြောင်းပြီး ကိုးပါးသီလပေးကြပါတယ်။ အဓိပ္ပါယ်ကတော့ ပါဠိတော်နဲ့ တသဘောတည်း ဖြစ်ပါတယ်။ (နဝကနိပါတ်၊အဂ်ုတ္တိုရ်၊စာမျက်နှာ-၁၉၂။)


ယင်းပါဠိတော်ရဲ့အဖွင့် အဋ္ဌကထာမှာ ဝေနေယျတို့အလို(ဆန္ဒ၊အဇ္ဈာသယ)အတိုင်း ရှစ်ပါးသီလရဲ့အဆုံးမှာ မေတ္တာဘာဝနာကို ထည့်သွင်းပြီး “အရပ်ဆယ်မျာနှာ၌ မေတ္တာစိတ် ဖြန့်၍ နေခြင်း” ဆိုတဲ့ ကိုးပါးမြောက် အင်္ဂါတစ်ခုကို ပေါင်းထည့်ပြီး ကိုးပါးသီလ ပေးကြရမှာကို ဖွင့်ဆိုပါတယ်။ (အံ၊ဋ္ဌ၊၃။၂၆၆။)


“ရှစ်ပါးသီလဆောက်ထိန်းမှာလား၊ ရှစ်ပါးသီလမှာ မေတ္တဘာဝနာအထွဋ်တပ်ပြီး ကိုးပါးသီလ ဆောက်တည်မှာလား” ဆိုတာ ဥပုသ်စောင့်မည့်သူများဆန္ဒကို မေးပြီး သီလကို တိုင်ပေးရပါမယ်။ ဒါလောက်ဆို ကိုးပါးသီလလည်း ဆောက်တည် လို့ရတာကို သဘောပေါက်ကြမယ် ထင်ပါတယ်။


နာမည်ကျော်ဓမ္မကထိကများကိုယ်တိုင် ပရိတ်သတ်များစွာရဲ့အလယ်မှာ တရားဟောရင်း ကိုးပါးသီလမရှိဘူး-ဆိုကာ ရှုံ့ချကဲ့ရဲ့နေတာကို ကြားဖူးတယ်။ တချို့ကိစ္စက ပိဋကတ်စာပေ နှံ့စပ်ပါမှ ပြောကြရင် ကောင်းပါတယ်။တရားနဲ့ပတ်သက်ရင် လူအများစုက ဘုန်းကြီး ပြောရင် အမှန်ချည်း ထင်ကြတာ မဟုတ်လား ၊ဓမ္မကထိကကိုယ်တိုင် ပြောတော့ ပိုဆိုးတော့မပေါ့။


ဘယ်လို ဥပုသ်ဆောက်တည်ကြရမှာလဲ?

ဥပုသ်ဆောက်တည်မဲ့သူဟာ “မနက်ဖန် ဥပုသ်စောင့်မယ်ဆိုရင် ဒီနေ့လိုက လုပ်ဆောင်သင့်တဲ့ကိစ္စတွေကို ကြိုတင်ဆောင်ရွက်ထားကြရ ပါမယ်။ နောက်နေ့မှာ သီလကို ဘာကြောင့်ကြမှ မရှိဘဲ စောင့်ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။


ဥပုသ်နေ့ နံက်စောစော ရဟန်း၊ ရဟန်းအမျိုးသမီး၊ ဆယ်ပါးသီလစောင့်ထိန်ထားတဲ့ ဥပသကာ၊ ဥပသိကာမ-လေးဦး တစ်ဦးဦးထံမှ နှုတ်ကဆိုပြီး ဥပုသ်သီလကို ဆောက်တည်ကြရပါမယ်။ အကယ်၍ ပါဠိလို မဆိုနိုင်ရင် “ဘုရားပညတ်တဲ့ ဥပုသ် သီလကို ဆောက်တည်ပါ၏” လို့ မြန်မာလို လိုက်ဆိုစေရပါမယ်။ ဆောက်တည်တယ်ဆိုတာ အဓိဋ္ဌာန်(စိတ်မှာစွဲစွဲမြဲမြဲ အသိ အမှတ်)ပြုခြင်း ဖြစ်ပါတယ်။


သီလပေးမဲ့သူမရှိရင်တော့ ကိုယ်ဖာသာကို သီလဆောက်တည်ရပါမယ်။ ယနေ့ခေတ်မှာ ဘုရားဆင်းတုတော်၊ စေတီ တော်တွေရဲ့ရှေ့မှာ ကိုယ်ဖာသာ သီလယူနေကြတာ စာလာပေလာနဲ့ ညီညွတ်ပါတယ်။ အခြားသူထံမှာဘဲ သီလယူçယူ၊ကိုယ်ဖာ သာဘဲ သီလယူ ယူ ဆောက်တည်လို့ ရပါတယ်။ ဒါပေမယ့် နှုတ်ကတော့ ဆိုကြရပါမယ်။


သီလဆောက်တည်ထားသူဟာ အခြားသူများနဲ့ပတ်သက်တဲ့ ကိစ္စများကို မလုပ်ကြရ၊ သီလကြီးနဲ့ ဈေးရောင်းဈေး ဝယ်တွေကိုလည်း မပြုလုပ်ရ။ နေ့လည်စာ စားသောက်ပြီးချိန်မှာတော့ နိစ္စဘတ်ရဟန်းကဲ့သို့ ကျောင်းတော်သွား တရားနာခြင်း၊ တရားအားထုတ်ခြင်း၊ ပုတီးစိပ်ခြင်းစတဲ့ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို ဆင်ခြင် နှလုံးသွင်း နေကြရပါမယ်။ (အင်္ဂုတ္တိုရ်၊တိက နိပါတ် အဋ္ဌကထာ။နှာ-၁၉၉၊၂၀ဝ။)


သီလဆောက်တည်ပြီရင်တော့ ဥပုသ်ထွက်တဲ့နေ့(အချိန်)တိုင်အောင် သီလတွေကို တစ်ပါးချင်းစီ၊ ဒါမှမဟုတ် နှစ်ပါး သုံးပါး၊ ဒါမှမဟုတ် သီလ အားလုံးကို မကျိုးမပေါက်၊ မပျက်စီးအောင် ထိန်းသိမ်းထားကြရပါမယ်။ အဲလို ဥပုသ်သီလကို မကျိုး မပေါက်မပျက်စီးအောင် သယ်ဆောင် ထားနိုင်တဲ့အတွက် ဥပုသ်စောင့်သူ( သီတင်းသည်) ကို ဥပုသ်သယ်လို့ ခေါ်ဆိုရတာပါ။ ဒါကြောင့် ဆောင်းပါးကို ဥပုသ်သည်လို့ မရေးဘဲ ရေးထုံး ကို ပြောင်းပြီး “ဥပုသ်သယ်” လို့ ရေးလိုက်တာ။


ဒီကနေ့ခေတ်မှာတော့ ကျောင်းတွင်းဥပုသ် ၊တစ်ထိုင်ဥပုသ်လို့ ကာလအပိုင်းအခြားနဲ့ သတ်မှတ်ပြီး(ကာလပရိယန္တ) ဥပုသ်စောင့်ကြတယ်။ ဥပုသ်ထွက်တဲ့နေ့တိုင်အောင် ဥပုသ်ကို မသယ်ကြတော့ဘူး၊ ကျောင်းတွင်းဥပုသ်ကို ကျောင်းတော်က မပြန်ခင်အထိ၊တစ်ထိုင်ဥပုသ်ကို ထိုင်ပြီးသီလ ယူခိုက်သာ စောင့်တဲ့ သဘောပါ။ သူတို့ကို “ဥပုသ်မသယ်” လို့ဆိုရမယ်ထင်ရဲ့။


“ဆောက်တည်ထားတဲ့ သီလကို လုံခြုံအောင်စောင့်ထိန်းခြင်းဟာ ကောင်းမှု့(ကုသိုလ်)တစ်မျိုး ဖြစ်တယ်” ဆိုတဲ့စကား အရ ဆောက်တည်ထားတဲ့ သီလကို ထိန်းမထားရင် ဥပုသ်စောင့်ပေမယ့် ကောင်းမှု့ကုသိုလ် ပြည့်ပြည့်ဝ၀ ရခြင်း၊ မရခြင်း ဆိုတာဟာ စဉ်းစားကြရမဲ့ကိစ္စ ဖြစ်လာပါတယ်။ ဥပုသ်စောင့်ပြီး ကုသိုလ်မရရင် ဘာလုပ်မှာလဲ ?


ဥပုသ်ကို ဘယ်လိုထိန်းမှာလဲ? မကျိုးအောင်၊ မပေါက်အောက်၊ မကြားအောင်၊ မပျောက်အောင် ထိန်းကြရပါမယ်။


အဆုံးဖြစ်တဲ့ ဥစ္စာသယနမဟာသယန သီလပျက်ရင် ကျိုးတယ်လို့ဆိုပါတယ်။ ဝတ်ထားတဲ့ပုဆိုး၊လုံချည် အနားပျက်သ လိုမျိုးတဲ့။ အလယ်ဖြစ်တဲ့ မုသာဝါဒနဲ့သုရာမေရယ ပျက်ရက် ပေါက်တယ်လို့ ဆိုပါတယ်။ ဝတ်ထားတဲ့ ပုဆိုးလုံချည် အလယ် က ပေါက်သလိုမျိုးတဲ့။ အစသီလ နှစ်ပါး၊ သုံးပါး ပျက်ရင်တော့ ပျောက်တယ် လို့ ဆိုပါတယ်။ကျောကုန်းက အမွေးတစ်မျိုး၊ဝမ်း ဗိုက်က အမွေးတစ်မျိုး ပေါက်နေတဲ့နွားကို နွားကျားလို့ ဆိုရသလိုမျိုးတဲ့။ ဟိုသီလ ကျိုးပျက်၊ ဒီသီလကျိုးပျက်နဲ့ ဆိုရင်တော့ နွားရဲ့ခန္ဓာကိုယ်မှာ ဟိုနားအမွေးတမျိုး ၊ဒီနားကအမွေးတစ်မျိုးနဲ့ နွားပျောက်လို ပျောက်တဲ့သီလလို့ ဆိုပါတယ်။ အဲလိုမျိုးတွေ မဖြစ်အောင် သီလကို လုံခြုံစေရမှာ ဖြစ်ပါတယ်။


ဒါ့အပြင် သီလစောင့်ထိန်းလိုက်ရင် “ငါတော့ ဘာ ရ၊ ရမယ်၊ဘာဖြစ်မယ်” ဆိုတဲ့ တဏှာရဲ့ကျေးကျွန် ဥပုသ်စောင့်ထိန်း ခြင်းမျိုးလည်း မဖြစ်စေ ရဘူးတဲ့။ တစ်ချို့က ဘာဖြစ်ချင်လို့၊ ဘာရချင်လို့ဆိုတဲ့ ရည်ရွယ်ချင်နဲ့ ဥပုသ်ရက်ရှည် စောင့်တတ်ကြတယ်။ ဒါမျိုးကို တဏှာစေခိုင်း လို့ စောင့်တဲ့ ဥပုသ်၊တဏှာ့ကျွန် ဥပုသ်လို့ ဆိုပါတယ်။


ပညာရှိသူတော်ကောင်းများ ချီးမွမ်းခံနိုင်တဲ့ သီလမျိုး၊ စိတ်စင်ကြယ်ပြီး သမာဓိကို ထောက်ကူဖြစ်စေနိုင်တဲ့ သီလမျိုး ဖြစ်အောင် ထိန်သိမ်းကြရမှာတဲ့။ အများစုက ဥပုသ်သာ စောင့်နေကြတာရယ် ဒီလိုမျိုး ကျကျနန မသိကြဘူး။


ဥပုသ်နေ့-ဥပုသ်သီလပက်သက်ပြီး ဥပုသ်နေ့များကို ပိဋကတ်တော်မှာ ပြဆိုထားပါတယ်။

တစ်လမှာ လေးဥပုသ်ရှိပါတယ်။ လဆန်း ၊ လဆုတ်(ဂ)ရက်(အဋ္ဌမီ)၊လပြည့်၊ လကွယ်(၁၅)ရက် (ပန္နရသီ)၊လကွယ် (၁၄)ရက်(စာတုဒ္ဒသီ) ဥပုသ်နေ့တို့ ဖြစ်ပါတယ်။ ဒီရက်များကိုတော့ လူအများ လက်ခံထားတဲ့ ဥပုသ်နေ့များဖြစ်လို့ (ပကတိ စာရိတ္တ) ဥပုသ်နေ့ များလို့ ခေါ်ဆိုတယ်။


ထိုနေ့များရဲ့ ရှေ့နောက်ကပ်လျှက်(အကြို+အပို)ဖြစ်တဲ့ (၇)ရက်၊(၉)ရက်၊(၁၃)ရက်၊(၁)ရက်နေ့များကိုတော့ ပါဋိဟာရိ ယ(အဝင်+အထွက်) ဥပုသ်နေ့များလို့ ခေါ်ဆိုတယ်။


ဒါ့အပြင် ဝါမကပ်မီ နယုံလပြည့်ကျော်(၁)ရက်မှ ဝါဆိုလပြည့်အထိ တစ်လ၊ ဝါတွင်း သုံးလ၊ သီတင်းကျွတ် လပြည့် ကျော်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ တစ်လ၊ဒီ(၅)လကိုလည်း ပါဋိဟာရိယဥပုသ် စောင့်သုံးရာ ကာလ-လို့ ဆိုကြတယ်။


ဒါ့အပြင် ဝါမကပ်မီ နယုံလပြည့်ကျော်(၁)ရက်မှ ဝါဆိုလပြည့်အထိ တစ်လ၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ တစ်လ၊ တပိုတွဲလပြည့်ကျော်(၁)ရက်မှတပေါင်းလပြည့်ထိ တစ်လ-ပေါင်းသုံးလကိုလည်း ပါဋိဟာရိ ယဥပုသ်စောင့်သုံးရာကာလ-လို့ အခြားဆရာများ က ဆိုကြပြန်တယ်။


ပထမဝါ ဆိုကြတဲ့ ရဟန်းတော်များရဲ့ ပဝါရဏာပြုရာ သီတင်းကျွတ်လပြည့်နှင့် ဒုတိယဝါ ဆိုကြတဲ့ ရဟန်းတော်များရဲ့ ပဝါရဏာပြုရာ တန်ဆောင်မုန်း လပြည့်အတွင်း(၁၅)ရက်စီကိုလည်း ပါဋိဟာရိယဥပုသ်နေ့လို့ ဆိုကြတယ်။


“အလုံးစုံသောနေ့တို့၌ လူတို့စောင့်ထိန်းအပ်သော အဋ္ဌင်္ဂသီလကို ဥပုသ်ဟုခေါ်၏” လို့ ဋီကာများမှာ ဆိုသောကြောင့် အဋ္ဌင်္ဂဥပုသ်သီလကို ဥပုသ်နေ့တို့မှ မဟုတ်၊ နှစ်သက်ရာနေ့တို့မှာလည်း ကောင်းမှု့လိုလား သူများအဖို့ ဆောက်တည်လို့ရ ပါတယ်။(ဒီ၊ဋီ၊၂။၁၉၃။မ၊ဋီ၊၃။၃၅၅။)


အင်္ဂုတ္တိုရ်ကျမ်းမှာတော့ တစ်လမှာ (၅)ရက်နေ့ကို ပဉ္စမီဥပုသ် ၊(၈)ရက်ကို အဋ္ဌမီဥပုသ်၊(၁၄)ရက်ကို စာတုဒ္ဒသီဥပုသ်၊ (၁၅)ရက်ကို ပန္နရသီ-အားဖြင့် ဥပုသ်နေ့(၈)ရက်ရှိကြောင်းကို ဆိုပါတယ်။


မိမိတတ်နိုင်တဲ့ရက်တွေမှာ ဥပုသ်စောင့်လို့ ရနေတဲ့သဘောပါ။ ဒါကြောင့် ရှေးဘိုးဘွားများဟာ ဝါတွင်းဝါပ ရက်ရှည် ဥပုသ်စောင့်တတ်ကြပါတယ်။ ဒါကို ဥပုသ်ကြီးဝင်နေတယ်လို့ ဆိုတယ်။


(၈)ရက် ဥပုသ်နေ့တွေမှာ နတ်မင်းကြီးလေးပါးရဲ့ အစေအပါး နတ်အမတ်များ၊(၁၄)ရက် လကွယ်ဥပုသ်နေ့ တွေမှာ နတ်မင်းကြီးလေးပါးရဲ့ သားတော် များ၊(၁၅)ရက် လပြည့်ဥပုသ်နေ့မှာ နတ်မင်းကြီးလေးပါး လူပြည့်ကို ဆင်းကြပြီး လှည့်လည် စစ်ဆေးကြပါသတဲ့။


“လူသားတွေ အဋ္ဌင်္ဂဥပုသ်သီလ ဆောက်တည်ကြပါရဲ့လား ၊မိဘကို ကျကျနနပြုစု လုပ်ကျွေးကြပါရဲ့လား၊ ရဟန်းသံဃာများကိုရော လှူဒါန်းကြပါရဲ့ လား” ဆိုတာတွေကို ရွှေပေလွာမှာ ရေးမှတ်ကြပြီး သုဓမ္မာနတ်သဘင် အစည်းအဝေးမှာ တင်ပြကြပါသတဲ့။


နတ်မင်းများ တင်ပြတဲ့အခါ-အကယ်၍ လူသားတွေ အဲဒီကုသိုလ်ကောင်းမှု့တွေကို အားမထုတ်ကြဘူး ဆိုရင် သိကြား မင်းကြီးက“ဒို့ နတ်ပြည်ကြီး မှာတော့ နတ်သားနတ်သမီးတွေ ဆိတ်သုဉ်းကြတော့မှာဘဲလို့” ဆိုကာ ငြီးတွားတော်မူပါသတဲ့။


ကုသိုလ်ကောင်းမှု့တွေကို လူသားတွေအားထုတ်ကြရင် သိကြားမင်းကြီးက“ အိန်း ငါတို့ နတ်ပြည်ကြီးမှာတော့ နတ်သား နတ်သမီးတွေနဲ့ ပြည့်ကြပ် စည်းကားနေ့တော့မယ်ဟေ့” ဆိုကာ အားရဝမ်းသာ ဖြစ်ပါသတဲ့။


ဒီပိဋကတ်တော်ကို ထောက်ဆရင် သင်္ကြန်မှာ သိကြားမင်း ဆင်း၊ မဆင်း မသိနိုင်ပေမယ့် ဥပုသ်နေ့တွေမှာ နတ်မင်း ကြီးနဲ့ သားတော်များ ၊အခြွေအရန်နတ်များ လူပြည်ဆင်းကြပြီး စူးစမ်းတာကို သိရရုံမျှမက အဋ္ဌင်္ဂဥပုသ် သီဆောက် တည်ခြင်းဟာ နတ်ပြည်ဧကန်ရောက်နိုင် တာကိုပါ တွေ့ရပါတယ်။ ဒါနတွေ အလွန်အမင်း လှူဒါးန်းပြီး ငါးပါးသီလမျှ မလုံခြုံဘူးဆိုရင် နတ်ပြည် ရောက်ဖို့ မသေခြာဘူးတဲ့၊ ဒါနနဲ့သီလ ကွာခြားချက်ဖြစ်ပါတယ်။ (တိကအင်္ဂုတ္တိုရ်၊၁။၁၄၁-၁၄၃။)


ဘုရားရှင်လက်ထက်တော်က လူသားများ နတ်ပြည်ကို အတော်မျှော်မှန်းကြပုံရတယ်။ ဒေသနာတော်တွေ မှာ နတ်ပြည် ရောက်ကြောင်း အကျင့်ကောင်းတွေကို အလေးပေး ဟောထားတာကို တွေ့ရလို့ပါ။ ဒီကနေ့ခေတ် တချိုလူများ အမေရိကစတဲ့ နိုင်ငံခြားတိုင်ပြည်များကို ရောက်ဖူး ချင်ကြသလိုမျိုးနေမှာ။


ဥပုသ်နဲ့ပတ်သက်ပြီး ဥပုသ်သုံးမျိုးကို ဘုရားရှင်ဟောကြားတော်မူခဲ့ပါတယ်။


ဝိသာခါကျောင်းအမကြီးလှူဒါန်းတဲ့ ပုဗ္ဗာရုံကျောင်းတော်မှာ ဘုရားရှင် သီတင်းသုံးနေတော်မူခိုက် ဝိသာခါကျောင်း အမဟာ လပြည့်ဥပုသ်နေ့ မွန်းတိမ်းချိန်မှာ ကျောင်းတော်သို့ ရောက်လာတယ်။


မြတ်စွာဘုရားကို ရှိခိုးဦးချပြီးနောက် ဘုရားရှင်က “ ဝိသာခါ၊နေ့လည်အချိန်ကြီး ဘယ်က လှည့်လာတာလဲ”


“ဒီနေ့ ဥပုသ်နေ့မိုလို့ ဥပုသ်စောင့်ရအောင် လာတာပါဘုရား”


ဥပုသ်စောင့်ခြင်းဟာ ခုခေတ်လို မနက်မှာသာ စောင့်လို့ရတာမဟုတ်၊ နေ့လည်ပိုင်းမှာလည်း ဥပုသ်စောင့်နိုင်တယ်။ ကုသိုလ်ဆိုတာ အချိန်မရွှေး လုပ်ဆောင်လို့ရတဲ့သဘောပါ။ ကုသိုလ်အလိုက် ကောင်းကျိုး လည်းရနိုင်တာပါဘဲ။


စကားစပ်လို့ အနာထပိဏ်ကျောင်းဒကာကြီးရဲ့ နေအိမ်က အလုပ်သမားတစ်ဦးဟာ ညနေမှ ဥပုသ်စောင့်ဖြစ်တယ်။ တစ်နေကုန် အလုပ် လုပ်ထားရတာမို့ အစာလွန် လေဆန် သေဆုံးသွားတယ်။ အဲဒီညနေပိုင်း စောင့်ထိန်းလိုက်တဲ့ ဥပုသ် ကုသိုလ်ကြောင့် ရုက္ခစိုးနတ်ကြီး ဖြစ်သွား တယ်။(ဓမ္မပဒ)


“ ဝိသာခါ၊ ဥပုသ်(၃)မျိုး ရှိတယ်”


“ မှန်ပါ၊အမိန့် ရှိပါဘုရား”


နွားကျောင်းသားဥပုသ်-နွားကျောင်းသားဟာ တစ်နေကုန် နွားကျောင်းပြီး ညနေစောင်းမှာ နွားပိုင်ရှင်များကို နွားများ အပ်ပြီး၊ ညစာ စားပြီးနောက် အိမ်ရှေ့ကွတ်ပြစ်ပေါ် ပက်လက်လှန် ချေပလ္လင်ချိတ်ပြီး ဒီလို စဉ်းစားနေပါတယ်။


“ငါ ကနေ့ နွားတွေကို အရှေ့တော စားကျက်မှာ ကျောင်းပြီး၊ရွာတောင်ဖက် ရေကန်မှာ ရေချ(ရေတိုက်) ခဲ့တယ်၊ မနက်ဖန်ကျ ရွာအနောက် စားကျက်မှာ ကျောင်းပြီး ၊ရွာမြောက်ဖက်က ကန်မှာ ရေချမယ်” လို့ ကြံစည် စိတ်ကူးနေသလို-


“ကနေ့ အခြားဥပုသ်သယ်တွေနဲ့ ဘာလေး စားရတာ ကောင်းလိုက်တာ၊ နောက်တပတ် ဥပုသ်ကျရင် တော့ ဘယ်လိုလေး လုပ်စားရအောင် ဘာလေးတော့ ယူသွားရဦးမယ်” လို့ နေကုန် စားသောက်ဖို့ကိုသာ စဉ်းစားနေတတ်တယ် ၊အဲလိုမျိုး ဥပုသ်သည်ကို နွားကျောင်းသားဥပုသ် လို့ ခေါ်တယ်၊ ဥပုသ်စောင့်ပေမယ့် အကျိုးကြီးကြီးမားမား မရနိုင်ဘူး-ဝိသာခါ”


ရှိတတ်ပါတယ်၊ ဥပုသ်သယ်အချင်းချင်း နောက်တပတ်ဥပုသ်မှာ သူက ဘာချက်ခဲ့၊ ငါက ဘာ ယူခဲ့မယ်-ဆိုကာ တိုင် ပင်ပြီး ကျောင်းတော်မှာ ဥပုသ်ထိန်းဖို့ထက် အစားကိုသာ အလေးထားတတ်တာမျိုးတွေ၊ ဒါ့အပြင် လောဘနဲ့ယှဉ်တဲ့ စိတ်ကူး စိတ်သမ်းတွေနဲ့ အချင်းချင်းပြောဆို ကြပြီး နေကုန်သွားတာမျိုးတွေဟာလည်း အကျိုး မများတဲ့နွားကျောင်းသားဥပုသ်ပါဘဲ။


နိဂဏ္ဌဥပုသ်-ဝိသာခါ၊ နိဂဏ္ဌဆိုတဲ့ရဟန်းတွေဟာ သူတို့ သာဝကတွေကို ဥပုသ်နေ့မှာ ဒီလို ဥပုသ်စောင့် ခိုင်းကြတယ်။


“အရပ်လေးမျက်နှာရဲ့ ယူဇနာတစ်ရာ ဟိုဘက်မှာရှိကြတဲ့သတ္တဝါတွေကို မသတ်ပါဘူး”လို့ ဆိုစေကာ ဆောက်ထည် ခိုင်းတယ်။ သူ့ဥပုသ်က ယူဇနာတစ်ရာအတွင်းမှာရှိတဲ့ သတ္တဝါတွေကိုတော့ သတ်နိုင်တယ်လို့ အဓိပ္ပါယ်ရနေတယ်။


အဝတ်တွေ အကုန်ချွတ်ပြီး “ ငါဟာ ဘာကိစ္စမဆို ဘယ်သူ့အတွက်ဘဲဖြစ်ဖြစ် ဘဲနေရာမှာမဆို ကြောင့်ကြမရှိ၊ သူများ ကလည်း ငါ့အပေါ်မှာ ဘာဘဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကြောင်းကြဖြစ်စရာမလိုဘူး” လို့ ခိုင်းပြီး ဆောက်တည်စေတယ်။


မိမိနဲ့ သက်ဆိုင်တဲ့ ဇနီးမယားသမီးသား ကျွန်အမှု့လုပ်သားတွေကို မိမိက သိသလို၊သူတို့ကလည်း မိမိကို သိတယ်။ အဲလို သိရင်သစ္စာ၊ မသိရင် မုသာဝါဒဆိုကာ ဆောက်တည်စေတယ်။


“ အဲလို ဥပုသ်စောင့်ထားသူဟာ တစ်ညလွန်လို့ နောက်တစ်နေ့မှာ သူများပစ္စည်း မပေးဘဲနဲ့သုံးဆောင်ရင် အဒိန္နာဒါန ဖြစ်တယ် -ဆိုကာ ဆောက် တည်စေတယ်။ ကနေ့တော့ သူများပစ္စည်း မပေးဘဲ ယူငင်သုံးဆောင်ရင် အဒိန္နာဒါနမဖြစ် ဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။ နိဂဏ္ဌရဟန်း များက သူတို့ သာဝတွေကို သို့နှယ် ဥပုသ်စောင့်ခိုင်းပါတယ် ။ဘာမှ အကျိုးမရှိတဲ့ ဥပုသ်ဖြစ်တယ်၊ဝိသာခါ”


အရိယာဥပုသ်-ဝိသာခါ၊အရိယာဥပုသ်ဆိုတာ ညစ်နွမ်းနေတဲ့စိတ်ကို စင်ကြယ်စေချင်တဲ့လုံးလနဲ့“ဣတိပိ သော ဘဂဝါ အရဟံ-စတဲ့ ဗုဒ္ဓဂုဏ်တော် တွေ၊ သွာက္ခာတော ဓမ္မော-စတဲ့ တရားဂုဏ်တော်တွေ၊ သုပ္ပဋိပန္နောစတဲ့ သံဃဂုဏ်တော်တွေ၊ မကျိုးမပေါက်တဲ့ မိမိသီလတွေ၊ နတ်ပြည်(၆)ထပ်ရှိ နတ်သား နတ်သမီးတွေ ဟာ သူတော်ကောင်းတရား(၇)ပါးနဲ့ ပြည်စုံလို့ နတ်ပြည်ရောက်ကြတယ်၊ ငါ့မှာလည်း အဲဒီ သူတော်ကောင်းတရား (၇)ပါး ရှိတယ်-ဆိုကာ နတ်တွေကို သက်သေအရာ ထားပြီး မိမိရဲ့ သူတော်ကောင်းတရားတွေကို ပွားများ နေရမယ်။


“အဲလို ပွားများနေတဲ့ ဥပုသ်သယ်ကို ဘုရားနဲ့၊ တရားနဲ့၊ သံဃာနဲ့၊ သီလနဲ့၊ နတ်နဲ့အတူနေတဲ့ဥပုသ်သယ် လို့ ခေါ်ဆိုရ တယ်၊ဝိသာခါ။ အဝတ်လျှော်တဲ့အခါ အဝတ်ချည်သက်သက် လျှော်လို့မရဘူး၊ ရေရယ်၊ ဆပ်ပြာ မှုန့်ရယ်၊ လျှော်ဖွတ်သူရဲ့ အား စိုက်ထု ရိုက်မှု့ရယ် ဒါတွေစုံလင်မှ အဝတ်စင်သလိုမျိုး သီလဆောက်တည်ထား သူဟာလည်း အဲလိုဂုဏ်တော်တွေပွားမှ စိတ်ကြည်လင်နိုင်တယ်၊ နှစ်လိုဝမ်မြောက်ခြင်းရှိနိုင်တယ်၊ စိတ်အညစ် အကြေးတွေရှိမယ်ဆိုရင်လည်း စင်ကြယ်နိုင်တယ်။


အဲလိုဂုဏ်တော်တွေကို ပွားများပြီးနောက်မှာတော့ “ရဟန္တာအရှင်မြတ်ကြီးတွေဟာ သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ အမြတ်အကျင့် မေထုန်ကျင့်ခြင်း၊ မုသားပြောခြင်း၊ သေရည်အရက်သောက်ခြင်း၊ မွန်းတိမ်းချိန်စား သောက်ခြင်း၊ ကခြင်း သီဆိုခြင်း ၊မြင့်မြတ်တဲ့နေရာ နေခြင်းတွေမှ အသက်ထက်ဆုံးရှောကြဉ်ကြသလို၊ ဒီကနေ့ ငါလည်း သူ့အသက်သတ်ခြင်းစတဲ့အမှု့ တွေကို ရှောင်ကြဉ်ခြင်းနဲ့ ရဟန္တာ အရှင်မြတ်ကြီးတွေကို အတုလိုက်နိုင် တဲ့နေ့၊ ဥပုသ်လည်း ကနေ့ စာင့်ထိန်းပြီး ဖြစ်တယ်” လို့ဆင်ခြင်ရမယ်။ အဲလို စိတ်စင်ကြယ်စေပြီး မှ စောင့်တဲ့ ဥပုသ်မျိုးကို အရိယာဥပုသ်လို့ ခေါ်ဆိုတယ်။အရိယာဥပုသ်ကို ဆောက်တည်နိုင်ပါမှ အကျိုးကြီးမားစွာရနိုင်တယ် ဝိသခါ” လို့ ဟောပြတော် မူပါတယ်။


ညစ်ပတ်စုတ်ပေနေတဲ့သူဟာ အဝတ်သစ် ဝတ်ပြီး ပွဲလမ်းသဘင် လူတောတိုးဝင်လို့ မသင့်တော်သလို၊ စိတ်မစင်ကြယ် ဘဲနဲ့ သီလဆောက်တည်ရင် အလကားဘဲ အကျိုးမများဘူး၊ ရေမိုးချိုးကိုယ်ကိုသန့်စင်ပြီးမှ အဝတ်သစ်ဝတ်ကာ လူတောသူတော ဝင်ပါမှ သင့်တော်သလို စိတ်စင်စင်ကြယ်ကြယ်နဲ့ သီလစောင့်နိုင်ပါမှ ကောင်းကျိုးရတယ်ဆိုတာကို နားလည်ကြရပါမယ်။


“လူသားနေထိုင်ရာ ဤကမ္ဘာ လောကကြီးမှာရှိတဲ့ စိန် ရွှေ ငွေစတဲ့ ရတနာတွေအပြင်၊ တစ်လောကလုံး ကို အုပ်စိုးတဲ့ မင်းဧရာဇ်အဖြစ်နဲ့ အုပ်စိုးရစေဦးတော့၊ အဲဒါတွေ အာလုံးကို အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့သီလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တစ်ဆယ့်ခြောက် စိပ် စိပ် တစ်စိပ်တောင် လူ့စည်း စိမ်းတွေက မမှီနိုင်၊ မတုပနိုင်ဘူးတဲ့။ ဘာလို့လဲ ဆိုရင်? ဥပုသ်သီလနဲ့ပြည့်စုံ သူဟာ နတ်ပြည်ကို ဧကန်ရောက်ပြီး နတ်စည်း စိမ်ကို ခံစားမှာ သေခြာသတဲ့။ လူ့စည်းစိမ်းဆိုတာ နတ်စည်းစိမ်ကို ဘယ်လိုမှမယှဉ်နိုင်နတ်စည်း စိမ်နဲ့ယှဉ်ရင် လူ့စည်းစိမ်ဆိုတာ ဘာမှ ပြောပလောက်တာ မဟုတ်လို့ပါဘဲ ဝိသာခါ” လို့ မိန့်တော်မူပြီး ဒေသနာကို အဆုံး သတ်တော်မူပါတယ်။


အကျိုးအလွန်များတဲ့ ဥပုသ်သယ်မျိုးဖြစ်အောင် ဆောက်တည်ကြဖို့ကို တိုက်တွန်းရင်း-

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

မေတ္တာများဖြင့်