Monday, August 29, 2011

“ဈာန်”



“ဈာန်” အစားနဲ့တရား အပိုင်း(၄)

သစ္စာ မဖောက်မိကြဖို့”ဆိုတာ ဈေးရောင်းဈေးဝယ် လုပ်တဲ့နေရာမှာ ဝယ်သူကလည်း “ရုပ်နာမ်အနိစ္စပစ္စည်း တစ်ခု လောက်ပေးပါ”ဆိုပြီး ပရမတ္ထ သစ္စာစကား သွားမလုပ်နဲ့။ “ဆီဖြင့် ဆီ၊ ဆန်ဖြင့် ဆန်၊ ရွှေဖြင့် ရွှေ”လို့ သမုတိသစ္စာကိုပဲ သုံးရမှာ။ ပြီးတော့ ကြည့်တဲ့ အခါမှာလည်း “ရုပ်နာမ်အနိစ္စ”လို့ ရှုနေလို့ မရဘူး။ တောင်းပြည့် မပြည့်၊ အလေးပြည့် မပြည့်၊ ပစ္စည်းဥစ္စာအစစ် အမှန်ဟုတ် မဟုတ်ကို ရှုရမှာ။ ရောင်းသူကလဲ သူပေးတဲ့ ပိုက်ဆံကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”လို့ ရှုနေလို့ မဖြစ်ဘူး။ အစစ်လား၊ အတုလားဆိုတာကို ရှုရမှာ။ ဒီလိုမဟုတ်ဘဲ သမုတိနယ်ထဲက အလုပ်မှာ သမုတိသစ္စာကို မစောင့်ဘဲ သစ္စာဖောက်မိရင်တော့ စိတ္တဇဆေးရုံရောက်သွားပါလိမ့်မယ်။......

ဈာန်လမ်းမဂ္ဂင်နဲ့ ပတ်သက်ပြီး သိထားဖို့လိုအပ်တာကတော့ - “ဈာန်”ဆိုတာ ဗုဒ္ဓဘာသာဝင် တော်တော်များများက “မြေလျှိုးမိုးပျံ” ဆိုတဲ့ တရားမျိုးလို့ ထင်ကြတာများတယ်။ မြေလျှိုးမိုးပျံတာက ဈာန်တရားမဟုတ်ပါဘူး၊ ဈာန်ကိုအခြေခံပြီး ပွားများရတဲ့ အဘိညာဉ် တရားသာဖြစ်ပါတယ်။


အဘိညာဉ်ရဲ့ အခြေခံဖြစ်တဲ့ ဈာန်တရားများကိုတော့ အပ္ပနာဈာန်လို့ ခေါ်ပါတယ်။ ဈာန်သမာပတ်လို့ ခေါ်တဲ့ဈာန်မျိုးပေါ့။


ဈာန်ရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကတော့ “စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ ဈာန်ဟုခေါ်သတတ်” လို့ လယ်တီဆရာတော် ဘုရားကြီး လင်္ကာစီထားတဲ့အတိုင်း “အာရုံကို စူးစိုက်ရှုမှတ်ခြင်းသဘော” ဖြစ်ပါတယ်။ “ဆန့်ကျင်ဘက်တရားတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေတတ်တဲ့ သဘော”လို့လဲ အဓိပ္ပာယ်ရပါသေးတယ်။

ဈာန် (၂)မျိုး

စူးစိုက်ရှုမှတ်တဲ့ “ဈာန်” ဆိုရာမှာလဲ “အာရုံကိုစူးစိုက်ရှုမှတ်တဲ့ အာရမ္မဏူပနိဇ္ဈာန်” နဲ့ အနိစ္စအစရှိတဲ့ “သဘောလက္ခဏာတွေကို စူးစိုက်ရှုရတဲ့ လက္ခဏူပနိဇ္ဈာန်” ဆိုပြီးနှစ်မျိုးရှိပါတယ်။


ဗုဒ္ဓဘာသာဝင်တို့ ကြားဖူးနားဝနဲ့အသိများတဲ့ “ဈာန်သမာပတ်” ဆိုတဲ့ဈာန်က အာရုံကိုစူးစိုက်ရှုမှတ်ရတဲ့ အာရမ္မဏူပနိဇ္ဈာန် ဖြစ်ပါတယ်။ အာရုံကို စူးစိုက်ရှုမှတ်တယ်ဆိုတဲ့နေရာမှာလဲ အာရုံရဲ့သဘောလောက်ကို သိကာ မတ္တမဟုတ်ဘဲ အာရုံထဲမှာ လွန်လွန်ကဲကဲ စွဲမြဲသက်ဝင်နေအောင်ကို စူးစိုက်ရှုမှတ်ရတာဖြစ်ပါတယ်။ တခြား ဘယ်လိုအာရုံပေါ်ကိုမှ စိတ်ကမသွားတော့ဘဲ လွန်လွန်ကဲကဲ စူးစိုက်သက်ဝင်သွားတဲ့အဆင့်အထိ ရောက်သွားတာကို “အပ္ပနာဆိုက်တယ်” လို့လဲခေါ်ပါတယ်။ “အပ္ပနာဈာန်” ခေါ်တယ်လို့ အတိုချုပ်မှတ် သား နိုင်ပါတယ်။ “ဈာန်သမာပတ်”လို့ ခေါ်တဲ့ ဈာန်မျိုးပေါ့။


အဲဒီလို အပ္ပနာဆိုက်အောင် စူးစိုက်သက်ဝင်ပြီး ငြိမ်နေဖို့ ရှုမှတ်ရတဲ့ ဈာန်မှာဆိုရင် အရှုခံအာရုံကလဲ များသောအားဖြင့် ဖောက်ပြန်ပြောင်းလဲခြင်းမရှိတဲ့ ပညတ်အာရုံမျိုး ဖြစ်ရပါတယ်။ ကမ္မဋ္ဌာန်းအမျိုးအစားအားဖြင့် ပြောမယ်ဆိုရင်တော့ “သမထကမ္မဋ္ဌာန်း” လို့ ခေါ်ပါတယ်။ သမထကမ္မဋ္ဌာန်းရဲ့ အာရုံတွေ ကို ကြည့်မယ်ဆိုရင် ကသိုဏ်းပညတ်၊ အသုဘပညတ်၊ အာနာပါနပညတ်၊ ကာယဂတာသတိပညတ်၊ ဗြဟ္မစိုရ်ရဲ့အာရုံဖြစ်တဲ့ သတ္တဝါပညတ်၊ အာကာသပညတ်၊ နတ္တိပညတ်ဆိုတာတွေကို တွေ့နိုင်ပါတယ်။

သမထကမ္မဋ္ဌာန်းမှာ ချွင်းချက်အနေနဲ့ အရူပဈာန် အဆင့်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်များအနေနဲ့တော့ အောက်အောက် အရူပဈာန်အာရုံကို လွန်တဲ့အခါ အထက်အထက် အရူပဈာန်ကို ရမြဲဓမ္မတာဖြစ်လို့ ဒုတိယ-စတုတ္ထ အရူပဈာန်တွေက ပထမ၊ တတိယဆိုတဲ့ မဟဂ္ဂုတ် ပရမတ္ထအာရုံတွေကို အာရုံပြုနိုင် တာတော့ ရှိပါတယ်။ ဒါကလဲ အလွန်ကို သမာဓိအားကောင်းတဲ့ ဘာဝနာစွမ်းအားကြောင့် ရှုနိုင်တာပါ။ အခြေခံအဆင့်မှာတော့ ပညတ်အာရံ သာတွေဖြစ်ကြပါတယ်။


သာသနာပ ကာလတွေမှာတော့ အဲဒီလိုအပ္ပနာဆိုက်သွားတဲ့ “ဈာန်သမာပတ်”ဆိုတာ ကမ္မဋ္ဌာန်းတို့ရဲ့ အမြင့်ဆုံးပန်းတိုင်ပဲ ဖြစ်ပါတယ်။ ခုလိုသာသနာတွင်း ကာလမျိုးကြုံလို့ “နိဗ္ဗာန်”ကို ပန်းတိုင်အဖြစ်ရည်မှန်း အားထုတ်ရတဲ့ မဂ္ဂလမ်းစဉ်ကို ပွားများကြရာမှာတော့ “ဈာန်”ဆိုတာ ပန်းတိုင်မဟုတ်တော့ပါဘူး၊ သီလနဲ့ ပညာတို့ကို အထောက် အကူပြုပေးရတဲ့ “ငြမ်း” အဆင့်လောက်ပဲ ရှိပါတယ်။ ဒီလို “ငြမ်း”အဖြစ် အသုံးပြုတဲ့ “ဈာန်”ဆိုတာ အပ္ပနာ ဆိုက် လောက်အောင် စူးစိုက်သက်ဝင်တဲ့ ဈာန်မျိုးမဟုတ်တော့ပါဘူး။ အာရုံနဲ့ အာရုံရဲ့သဘောလက္ခဏာတို့ကို သိနိုင် လောက် ရုံသာ စူးစိုက်ရှုပွားရတဲ့ ဈာန်ဖြစ်ပါတယ်။


“ ငြမ်းအဖြစ်အသုံးပြုတဲ့ ဈာန်ဆိုတာ အာရုံနဲ့ အာရုံရဲ့သဘောလက္ခဏာကို သိရုံလောက်သာ စူးစိုက်ရှုရတယ်”ဆိုတဲ့ စကားလိုလဲ အသေအချာ မှတ်ထားပါ။ အဲဒီမှာလဲ အာရုံကိုစူးစိုက်ရှုရတာက “အာရမ္မဏူပနိဇ္ဈာန်”ဖြစ်တယ်၊ အာရုံရဲ့သဘော လက္ခဏာကို စူးစိုက်ရှုရတာက “လက္ခဏူပနိဇ္ဈာန် ” ဖြစ်တယ်ဆိုတာလဲ ကွဲကွဲပြားပြား မှတ်ထားစေချင်ပါတယ်။


မဂ္ဂလမ်းစဉ်ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးထဲမှာ “ဝီရိယ၊ သတိ၊ သမာဓိ” ဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးကိုပဲ ဈာန်လမ်းမဂ္ဂင်လို့ ခေါ်ဆို သတ်မှတ်တယ် ဆိုတာကို လဲ ပြောခဲ့ပြီးပါပြီ။ ဒီဈာန်မဂ္ဂင်သုံးပါးတို့ဟာ ကံလမ်းဖြစ်တဲ့ သီလမဂ္ဂင်တွေ အစင်အကြယ် ပီပြင်အောင်လဲ ကူညီရပါတယ်။ ဥာဏ်လမ်းဖြစ်တဲ့ ပညာမဂ္ဂင်တွေ ကြည်လင်ပြည့်စုံအောင်လဲ ကူညီရပါတယ်။ ဈာန်မပါရင် ကံလဲမပီပြင်နိုင်ဘူး၊ ဥာဏ်လဲမကြည်လင်နိုင်ဘူးလို့ အလေးအနက် မှတ်ထားရပါမယ်။


ဒီနေရာမှာ အသုံးချသစ္စာ (၂)မျိုးအကြောင်းကိုနည်းနည်း သိထားဖို့လိုပါတယ်။ ဗုဒ္ဓဘာသာတိုင်း “သစ္စာလေးပါး” ဆိုတာကိုတော့ ကြားကြသူများပါ လိမ့်မယ်။ အဲဒီသစ္စာလေးပါးဆိုတာက အရိယသစ္စာခေါ်ပါတယ်။ မဂ်ဖိုလ်ကို ရရှိပြီးတဲ့ အရိယပုဂ္ဂိုလ်များသာ မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့ ထိုးထွင်းသိမြင်နိုင် တဲ့ သစ္စာတရားများ ဖြစ်ပါတယ်။ အဲဒီအရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်နိုင်ရေးအတွက် အသုံးချရတဲ့ သစ္စာ(၂)ပါး ဆိုတာလဲ ရှိပါသေးတယ်။


လောကလူသားအချင်းချင်း ဆက်ဆံပြောဆိုတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အမှန်အကန်ပြောဆိုတယ်လို့ အသိအမှတ်ပြုနိုင်ဖို့ အတွက် သက်မဲ့ရုပ်ဝတ္ထုများ နဲ့ သက်ရှိရုပ်နာမ် အစုအဝေးတို့ အပေါ်မှာ သတ်မှတ်မှည့်ခေါ်ထားတဲ့ အမည်နာမ ပညတ်များကို သမုတိသစ္စာလို့ခေါ်ပါတယ်။ လောကီလူ့ဘောင်ဆိုတဲ့ သမုတိနယ်ထဲမှာ အမှန်လို့ သတ်မှတ် အသုံးချတဲ့ သစ္စာပါ။

ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ၊ ရွှေ၊ ငွေ၊ တိုက်တာ၊ အိုးအိမ်စတာတွေ၊ လူ၊ ခွေး၊ မြင်း၊ ဆင်စတာတွေ၊ ကျွန်း၊ အင်ကြင်း၊ ပြင်းကတိုး၊ သစ်ရာ စတာတွေပေါ့။ ဒီအမည်တွေဟာ တကယ်ရှိတဲ့ ရုပ်နာမ်ဆိုတဲ့ တရားအစုအဝေးတို့ကို အချင်းချင်းပြောဆိုတဲ့အခါ သိမှတ်နိုင်စေဖို့ သတ်မှတ်သမုတ် ထားတဲ့ အမည်များသာဖြစ်ပါတယ်၊ တကယ်အမှန်အကန် အရှိတရားများတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုခေါ်ဝေါ် ပြောဆိုတာဟာ တစ်ဦးက တစ်ဦးအပေါ် လိမ်ညာလှည့်ဖြားရာ မကျတဲ့အတွက် “သစ္စာ”လို့ပဲဆိုရပါတယ်။ သမုတိသစ္စာပေါ့။


ပင်ကိုယ်သဘာဝ လက္ခဏာအနေနဲ့ ထင်ရှားရှိတဲ့ ပူခြင်း၊အေးခြင်းစတဲ့ အကြောင်းတို့ကြောင့် ပုံသဏ္ဍာန်၊ အရောင်အဆင်း၊ အပျော့ အမာစ သည် ပြောင်းလဲဖောက်ပြန်နေတတ်တဲ့ ရုပ်တရား၊ အာရုံကို သိတတ်၊ ညွတ်တတ်တဲ့ နာမ်တရားဆိုတဲ့ အခြေခံ တရားနှစ်ခုနဲ့၊ ရုပ်ရဲ့အစိတ်အပိုင်း များဖြစ်တဲ့၊ မာတဲ့ပျော့တဲ့သဘော (ပထဝီဓာတ်)၊ ပူတဲ့အေးတဲ့သဘော(တေဇောဓတ်) တွန်းကန် လှုပ်ရှား တောင့်တင်းတဲ့သဘော (ဝါယောဓာတ်) စိမ့်ဝင်, ကြီးထွား,ဖောင်းပွ, ဖွဲ့စည်း,ယိုစီးတတ်တဲ့သဘော (အာပေါဓာတ်)၊ စသည်တို့၊ နာမ်ရဲ့အစိတ်အပိုင်းများဖြစ်တဲ့ လိုချင်တဲ့သဘော (လောဘ) ၊ ပြစ်မှားတဲ့သဘော (ဒေါသ)၊ အမှန်မသိတဲ့သဘော (မောဟ)၊ စွန့်လွှတ်လို တဲ့သဘော (အလောဘ)၊ ခွင့်လွှတ်နိုင်တဲ့သဘော (အဒေါသ)၊ အမှန် အကန် ခွဲခြားသိတတ်တဲ့သဘော

(အမောဟ) စသည်တို့ကတော့ ပင်ကိုသဘော လက္ခဏာတွေလဲ အသီးသီး ကိုယ်စီရှိကြပြီ၊ ဖြစ်ပြီးပျက် တတ်ခြင်းကြောင့် မမြဲခြင်း(အနိစ္စ) လက္ခဏာ၊ ဖြစ်ပျက်ပြောင်းလဲမတည်မြဲခြင်း ဆိုတဲ့ဘေးနဲ့ မကင်းခြင်း(ဒုက္ခ)လက္ခဏာ၊ ကိုယ်ထင်သလို ကိုယ့်အလို ကျ မဖြစ်နိုင်ခြင်း (အနတ္တ) လက္ခဏာဆိုတဲ့ ဘုံဆိုင်လက္ခဏာတွေလဲ ထင်ရှားရှိတဲ့အတွက် အမှန်အကန် တကယ်ရှိတဲ့ “ပရမတ္ထသစ္စာ” လို့ခေါ်ပါတယ်။ သမုဓိသစ္စာ ဆိုတာ လောကအတွက် အသုံးချတဲ့သစ္စာ၊ ပရမတ္ထသစ္စာက ဓမ္မအတွက် အသုံးချတဲ့သစ္စာလို့လဲ ခွဲခြားသိထားဖို့ လိုပါတယ်။


တရားဟောပင့်တဲ့ ဒကာများက ဝိပဿနာဆိုက်အောင်နဲ့ သမထဝိပဿနာခွဲခြား နားလည်တတ်အောင် အခြေခံလေး ဟောပေးပါဆိုလို့ ဒီအကြောင်းတွေကို ဒီလောက်ထိ အကျယ်တဝင့်ပြောပေးနေတာပါ။ အကြောင်းအရာက နည်းနည်း တော့လေး နေပါတယ်။ ဆန်ပြုတ်လို ပါးစပ်ထဲရောက်ရုံနဲ့တော့ အရသာကို ချက်ချင်းမသိနိုင်ပါဘူး။ ထမင်းခပ်မာမာလို ခပ်ညက်ညက်ကလေး ဥာဏ်သွားနဲ့ ဝါးကြည့်နိုင်မှ အရသာပေါ် မှာ ဖြစ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ခပ်ညက်ညက်ကလေး ဝါး သလို စဉ်းစား နားထောင်ကြရ ပါလိမ့်မယ်။


ကံကိုကူတဲ့ ဈာန်

ဈာန်လမ်းမဂ္ဂင် သုံးပါးတို့ဟာ - ကံလမ်းဖြစ်တဲ့ သီလမဂ္ဂင်တို့ကို ကူညီတဲ့အခါ ဈာန်အနေနဲ့လဲ အာရုံကို အဓိကရှုရတဲ့ အာရမ္မဏူပနိဇ္ဈာန် ဖြစ်ရပါတယ်။ အသုံးချ ရှုမှတ်ရမယ့် အာရုံကလဲ သမုတိသစ္စာဆိုတဲ့ ပညတ်အာရုံများ ဖြစ်ရပါတယ်။ ဒါလေးကို သဘောပေါက်အောင် နည်းနည်းရှင်းပြပါတယ်။ ဥပမာ - သမ္မာဝါစာမဂ္ဂင်ဆိုပါစို့ -


“ငါသည် သူတစ်ပါးကို လိမ်ညာလှည့်ဖြားခြင်း၊ ကုန်းတိုက်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ အတင်းအဖျင်းပြောခြင်း မပြုဘဲရှောင်ကြဉ်ရမယ်” ဒီလိုမဟုတ် လား။ အဲဒီမှာ -“ငါ သူတစ်ပါး လိမ်ညာလှည့်ဖြား” စတာတွေဟာ သမုတိသစ္စာခေါ်တဲ့ ပညတ်တွေပါ။ အဲဒီပညတ်တွေကို အလေးထား အာရုံပြု အသုံးချရပါတယ်။


အလားတူပဲ - သမ္မာကမ္မန္တမဂ္ဂင် ဖြစ်ဖို့ဆိုရင်လဲ - ငါသည်၊ သူတစ်ပါးရဲ့ အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးဝှက်လုယက် သိမ်းပိုက်ခြင်း၊ သူ့သားအိမ်ယာ ကျူးလွန်ခြင်းတို့ကို မပြုဘဲရှောင်ရမှာပါ။


အဲဒီမှာလဲ - ငါ၊သူတစ်ပါး၊ အသက်၊ ဥစ္စာ၊ သားမယား၊ သတ်ခြင်း၊ ခိုးခြင်း၊ ကျူးလွန်ခြင်းတို့ ဆိုတာ ပညတ်တွေပါပဲ။ အဲဒီသမုတိသစ္စာဖြစ်တဲ့ ပညတ်တွေကို အလေးအနက်အာရုံပြုပြီး ရှောင်ကြဉ်ကြရတာပါ။


ဒီနေရာမှာ ပရမတ္ထသစ္စာကို အသုံးချလို့ မရပါဘူး၊ “ငါက သူ့အသက်ကို သတ်တယ်” ဆိုတဲ့ နေရာမှာ “ ငါသူတစ်ပါးတို့၊ အသက်တို့ဆိုတာ မရှိဘူး၊ ရုပ်နာမ်အစုအဝေးကြီးက ရုပ်နာမ်အစုအဝေးကြီးကို ဖောက်လွဲဖောက်ပြန်ပြုတာပါ။ ဒါတွေဟာ ဖြစ်ပြီးပျက်သွားပါပြီ” လို့သွားမလုပ်လေနဲ့။ သမုတိနယ်ဖြစ်တဲ့ လောကထဲမှာ အဲဒီလို ပရမတ္ထသစ္စာကဝင်ရှုတ်ရင် အမှုက မလွတ်ရုံမကဘူး၊ အရူးထောင်ထိ အပို့ခံရလိမ့်မယ်။ အဲဒါကြောင့် “ သူ့နယ်နဲ့သူမှာ သစ္စာမဖောက်ကြနဲ့” လို့ ပြောရတာ။ လောကအတွက် အသုံးချတဲ့အခါ သမုတိသစ္စာကို စောင့်သိရမယ်။ ဓမ္မအတွက်အသုံးချတဲ့ အခါကျမှ ပရမတ္ထသစ္စာကို စောင့်သိအသုံးချရတယ် လို့ သတိပေးရတာပါ။


ထပ်ပြောပါရစေ။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရောရောထွေးထွေးဖြစ်ပြီး လမ်းမပျောက်ဘဲနဲ့ မျက်စိလည် နေတတ်လို့ပါ။ ဟုတ်တယ်၊ သမ္မာအာဇီဝဖြစ်အောင် စီးပွားရှာတယ်ဆိုတာ လောကီကိစ္စမဟုတ်လား၊ ဒီလိုလောကီ ကိစ္စဆောင်ရွက်ရာမှာ အသုံးချရမယ့် သစ္စာဟာ သမုတိသစ္စာဖြစ်တယ်ဆိုတာကို သတိပြုရမယ်လို့ ပြောတာပါ။ ဒီနေရာမှာ သစ္စာမဖောက်မိကြ ဖို့ အရေးကြီးပါတယ်။


“သစ္စာမဖောက်မိကြဖို့”ဆိုတာ ဈေးရောင်းဈေးဝယ်လုပ်တဲ့နေရာမှာ ဝယ်သူကလည်း “ရုပ်နာမ်အနိစ္စပစ္စည်းတစ်ခု လောက်ပေးပါ” ဆိုပြီး ပရမတ္ထ သစ္စာစကားသွားမလုပ်နဲ့။ “ဆီဖြင့် ဆီ၊ ဆန်ဖြင့် ဆန်၊ ရွှေဖြင့် ရွှေ”လို့ သမုတိသစ္စာကိုပဲ သုံးရမှာ။ ပြီးတော့ ကြည့်တဲ့အခါမှာလည်း “ရုပ်နာမ်အနိစ္စ”လို့ ရှုနေလို့ မရဘူး။ တောင်းပြည့် မပြည့်၊ အလေးပြည့် မပြည့်၊ ပစ္စည်းဥစ္စာအစစ် အမှန်ဟုတ် မဟုတ်ကို ရှုရမှာ။ ရောင်းသူကလဲ သူပေးတဲ့ ပိုက်ဆံကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”လို့ ရှုနေလို့ မဖြစ်ဘူး။ အစစ်လား၊ အတုလားဆိုတာကို ရှုရမှာ။ ဒီလိုမဟုတ်ဘဲ သမုတိနယ်ထဲက အလုပ်မှာ သမုတိသစ္စာကို မစောင့်ဘဲ သစ္စာဖောက်မိရင်တော့ စိတ္တဇဆေးရုံရောက်သွားပါလိမ့်မယ်။


ဦးဇင်းတို့ ကိုရင်ဘဝတုန်းက ရွာမှာ ဘုန်းကြီးလူထွက် ဒကာကြီးတစ်ယောက်ရှိတယ်။ မိုးဦးကျ သူများတွေ ထွန်ယက်စိုက်ပျိုး နေချိန် ဥပုသ်နေ့ကြီး သူကကျောင်းလာ သီလယူပြီး ဘီရိုထဲက စာအုပ်ကြီးတွေကို ယူကြည့်နေတယ်။ “ဒကာကြီးကော သူများတွေလို ထွန်ဖို့ကြဲဖို့ မသွားရဘူးလား” လို့ မေးတော့ “ဒီနေ့ ဥပုသ်နေ့လေ ကိုရင်ရဲ့။ ကောက်ပဲသီးနှံတွေ ဆိုတာက သင်္ခါရတရားတွေပါ ကိုရင်ရယ်၊ ဖြစ်ပြီးရင် ပျက်သွားမှာတွေပါ၊ သေရင် ကိုယ့်နောက်ပါမှာတွေမှ မဟုတ်ဘဲ။ လူတွေက ဒါကို မသိကြလို့ ဥပုသ်နေ့မှန်းမသိ၊ ဘာမသိ တွန်းလုပ်နေကြတာ၊ ဒကာကြီးတို့က ဒါတွေကို သိနေလို့ သူတို့လို မမိုက်ရဲပါဘူး”တဲ့။


အသီးအနှံတွေ ရိတ်သိမ်းပြီးချိန်ရောက်တော့ ရွာနဲ့မလှမ်းမကမ်းနေရာလောက်မှာ တရားစခန်းတစ်ခု လာဖွင့်တယ်၊ ရွာထဲက လူလတ်ပိုင်း လူကြီးပိုင်းတွေ အတော်လေး သွားကြပါတယ်။ အဲဒီအခါမှာလဲ စောစောက ဒကာကြီးက ကျောင်းကိုပဲ လာတယ်။ “ဒကာကြီးကော တရားစခန်း မသွားဘူးလား”လို့ မေးတော့ ဒကာကြီးက မချိတင်ကဲ မျက်နှာလေးနဲ့ “သွားတော့ သွားချင်သားပေါ့ ကိုရင်ရယ်၊ ဒါပေမယ့် ဒကာကြီးတို့ဘဝက တစ်နေ့ လုပ်မှ တစ်နေ့ စားရတာဆိုတော့ ဒီလို ဆယ်ရက်လောက်ကြီး အိုးပစ်အိမ်ပစ် မသွားနိုင်ပါဘူး”တဲ့။

အဲဒါစဉ်းစားကြည့်ပါ၊ သမုတိသစ္စာကို အလေးထားရမယ့်အချိန်မှာ ပရမတ္ထ သစ္စာတွေပြောနေပြီး တကယ်တမ်း ပရမတ္ထသစ္စာကို အလေးထား ရမယ့်နေရာရောက်တော့မှ သမုတိစကားတွေ ပြောနေရ တယ်၊ အဲဒါမျိုးကို သစ္စာဖောက်တယ်လို့ ပြောတာ။ “သစ္စာဖောက်ရင် အမြစ်ပါပျောက် မယ်”ဆိုတဲ့ ဇာတ်ထဲက လူကြမ်းတွေ ပြောတဲ့စကားလိုပဲ အခုလဲ သစ္စာဖောက်မိတော့ သာသနာတော် နဲ့ကြုံကြိုက်ခွင့်ဆိုတဲ့ ပါရမီအရင်းအမြစ်တွေ အချည်းနှီးပျောက်ဆုံးရတော့မယ့် အခြေအနေ ရောက်သွားတော့တာပေါ့။ အစားလည်း မဝ၊ တရားလည်း မရဆိုတဲ့ အဖြစ်မျိုးနဲ့ ကြုံရပြီလေ။


ကဲ ... သမုတိနယ်ပယ်မှာ သမုတိသစ္စာကို စောင့်သိအသုံးချကြလို့ သမုတိနယ်သားဘဝမှာ ပြည့်စုံရမယ့် သီလ သိက္ခာတွေပြည့်ပြီ၊ ကမ္မဿကတ ပညာတွေ ခိုင်မာပြီဆိုတော့မှ ပညာသိက္ခာဆိုတဲ့ ဥာဏ်လမ်းကို ကူးကြရပါတော့မယ်။


သာသနာတွင်း ကုသိုလ်အစစ်ဆိုတာ

“ပညာသိက္ခာ”ဆိုတဲ့ ဥာဏ်လမ်းက ဝိပဿနာပညာကစရမှာပါ။ ဒါဟာ လောကနယ်ကနေ ဓမ္မနယ်ကို တကယ် စတင် ကူးပြောင်းတာပါပဲ။ “တကယ်စတင်ကူးပြောင်းတယ်”လို့ ပြောရတာကတော့ သာသနာတွင်းကုသိုလ်အစစ်ဆိုတာ ဝိပဿနာ ကုသိုလ်ရောက်မှ စတင်တာဖြစ်လို့ပါပဲ။


ဒါန,သီလတို့ သမထတို့ဆိုတဲ့ ကုသိုလ်တွေက သာသနာပကာလတွေမှာလဲ ရနိုင်တဲ့ကုသိုလ်တွေပါ။ ဝိပဿနာကုသိုလ်ကတော့ သာသနာပကာလမှာ အပြည့်အစုံမရနိုင်ပါဘူး၊ “အနိစ္စ၊ ဒုက္ခ” ဆိုတဲ့ လက္ခဏာနှစ်ပါးလောက်သာ ရနိုင်ပါတယ်။ တကယ်တမ်းပြီးပြည့်စုံတဲ့ ဝိပဿနာကုသိုလ်လို့ ဆိုရမယ့် “အနတ္တ”လက္ခဏာဆိုတာကတော့ သာသနာ တွင်းကာလမှာသာ ကြားခွင့်၊ နာခွင့်၊ ပွားများခွင့်ရနိုင်တာပါ။ ဒါကြောင့် ဝိပဿနာကုသိုလ်ကို လက္ခဏာရေး သုံးပါးလုံးနဲ့ ပြည့်ပြည့်စုံစုံအားထုတ်မှ သာသနာတွင်း ကုသိုလ်အစစ်စတင်တယ်။ ဓမ္မနယ်ပယ်ကို တကယ်တမ်းကူးပြောင်းတယ်လို့ ဆိုနိုင်မှာပါ။


ပညာသိက္ခာဖြစ်တဲ့ ဥာဏ်လမ်းကိုလဲ“ဝီရိယ၊ သတိ၊ သမာဓိ”ဆိုတဲ့ ဈာန်လမ်း မဂ္ဂင်သုံးပါးတို့နဲ့ ကူညီအားထုတ်ရ တာပါပဲ။ တကယ်တော့ ဥာဏ်လမ်းကို ကူညီတဲ့ အချိန်ရောက်မှသာ ဒီနေ့ ဗုဒ္ဓဘာသာဝင်အများစု နားလည်ထားတဲ့ “တရားအားထုတ်ခြင်း”ဆိုတဲ့ လုပ်ငန်းကလည်း တကယ်တမ်း စတင် တယ်လို့ ဆိုနိုင်တာပါ။


ဥာဏ်ကိုကူတဲ့ ဈာန်

ပညာသိက္ခာ(ဥာဏ်လမ်း)ကို ကူညီပေးရတဲ့ ဈာန်ကတော့ “လက္ခဏူပနိဇ္ဈာန်”ဖြစ်ပါတယ်။ အနိစ္စအစရှိတဲ့ သဘော လက္ခဏာတို့ကို စူးစိုက်ရှုရတဲ့ ဈာန်ဖြစ်တာနဲ့အညီ၊ အရှုခံ အာရုံအဖြစ်နဲ့ အသုံးချရတဲ့သစ္စာကလည်း သဘောလက္ခဏာ ထင်ရှားရှိတဲ့ ပရမတ္ထသစ္စာ ပရမတ်အာရုံတွေ ဖြစ်ရပါမယ်။ ပရမတ္ထသစ္စာဆိုတာ အခြေခံအနေနဲ့တော့ ရုပ်ပရမတ်၊ နာမ် ပရမတ်ဆိုတဲ့ တရားနှစ်ပါး ပါပဲ။ “ရုပ်နာမ်ဓမ္မ သင်္ခါရ”လို့ ဗုဒ္ဓဘာသာဝင်တို့ နှုတ်ကျိုးနေတဲ့ တရားနှစ်ပါးပေါ့။


“ရုပ်နာမ်”ဆိုတဲ့ နေရာမှာလဲ “ရုပ်”ဆိုတာက ရုပ်ပေါင်း (၂၈)ပါးလုံးနဲ့ ဆိုင်တဲ့ ဘုံအမည်ဖြစ်နေပါတယ်။ “နာမ်” ဆိုတာ ကလည်း (ဒီနေရာမှာ)သင်္ခါရ နာမ် (၅၃)ပါးလုံးတို့ရဲ့ ဘုံဆိုင်အမည်ဖြစ်နေပါတယ်။ ဝိပဿနာဆိုတာ ကွဲကွဲပြားပြား သိမြင်ရ မှာဖြစ်လို့ ဘုံဘုံပြားပြား အဖြစ်နဲ့လုံးပြီး ရှုလို့မရပါဘူး။ တိတိကျကျ သတ်မှတ်ရှိရမှာပါ။


လယ်တီဆရာတော် ဘုရားကြီးကတော့ ရုပ် ၂၈ ပါးထဲက အနည်းဆုံး မဟာဘုတ် ရုပ်တရားလေးပါးတို့လောက် ကိုပဲ သဘောလက္ခဏာပိုင်ပိုင် ရှုမှတ်နိုင်အောင် ကြိုးစားရှုရင် ဝိဇ္ဇာမျိုးစေ့ဖြစ်တဲ့ ဝိပဿနာကုသိုလ်ရတယ်လို့ ဗောဓိပက္ခိယ ဒီပနီမှာ မိန့်ကြားပါတယ်။


မဟာဘုတ်လေးပါးဆိုတာ မာတဲ့သဘော,ပျော့တဲ့သဘော(ပထဝီဓာတ်)၊ ပူတဲ့သဘော,အေးတဲ့သဘော (တေဇောဓာတ်)၊ တွန်းတဲ့သဘော, တိုးတဲ့ သဘော,လှုပ်တဲ့သဘော,ထောက်ကန်တဲ့သဘော (ဝါယောဓာတ်)၊ ဖွဲ့တဲ့သဘော, စိမ့်ဝင်ကြီး ထွား ဖုံးပိတ်တဲ့သဘော (အာပေါဓာတ်) တို့ ဖြစ်ပါတယ်။ အဲဒီဓာတ်ကြီးလေးပါးထဲက တစ်ပါးပါးကိုပဲ ပိုင်ပိုင် နိုင်နိုင်စတင် ရှုရမှာပါ။ ရှုတဲ့အခါမှာလည်း “မာတယ်၊ ပျော့တယ်”စတဲ့ အချင်း ချင်းသိနိုင်အောင် ပါးစပ်က စကားအဖြစ်နဲ့ ပြောသလို ရှုမှတ်ရ မှာ မဟုတ်ပါဘူး။


“ငငြုပ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကိုတည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ” ဆိုတဲ့အတိုင်း ရုပ်တရား၊ နာမ်တရားတို့ရဲ့ သဘောသတ္တိကလေးသက်သက်ကိုသာ ဥာဏ်ထဲမှာ မြင်လာအောင် သတိနဲ့ကပ် ပြီး ရှုရမှာ ဖြစ်ပါတယ်။


ဟုတ်ပါတယ်။ ပရမတ္ထတရား စစ်စစ်ဆိုတာ “သဘောသတ္တိကလေးမျှသာ”ဖြစ်ပါတယ်။ ဒီသဘော သတ္တိကလေးတွေကိုပဲ အချင်းချင်းပြောဆိုသိစေဖို့ သူတို့ကိုလည်း အမည်ပညတ်ကလေးတွေ တပ်ခေါ်ရပါတယ်။ ဥပမာ .. မာတဲ့သဘော၊ ပျော့တဲ့သဘောကို “ပထဝီဓာတ်”လို့ ခေါ်တာမျိုးပေါ့။ အဲဒီမှာ ပါးစပ်က ပြောတဲ့ “ပထဝီ”ဆိုတာက ပညတ်ပါ။ တကယ့် အရှိကို မှည့်ခေါ်တာဖြစ်လို့ “ဝိဇ္ဇမာနပညတ်”လို့ ခေါ်ပါတယ်။ တကယ့်အရှိကို မှည့်ခေါ်တဲ့ “ဝိဇ္ဇမာနပညတ်”ပဲ ဖြစ်ဖြစ်၊ မရှိတာကို အချင်းချင်းပြောဆိုသိသာဖို့ မှည့်ခေါ်ထားတဲ့ ”အဝိဇ္ဇမာနပညတ်”ပဲ ဖြစ်ဖြစ်၊ ပညတ်အာရုံကို ရှုမှတ်ရင် အာရမ္မဏူပနိဇ္ဈာန်ပဲ ဖြစ်လို့ ဒါန-သီလ၊ သမထ ကုသိုလ်မျိုးသာ ဖြစ်နိုင်ပါတယ်။ နှုတ်ပြော မဟုတ်တဲ့ “စိတ်သိ” သဘောလက္ခဏာ(သတ္တိ) ကလေး ကသာ ပရမတ်အစစ်ဖြစ်လို့ အဲဒီ“သဘောသတ္တိ”ကလေး သက်သက်ကိုသာ သတိနဲ့ ပေါ်အောင် ဖော်ပြီး ရှုကြည့်ရမယ်လို့ ဆိုလိုတာပါ။


“အတက္ကဝစရော ဂမ္ဘီရော”ဆိုတဲ့အတိုင်း စိတ်ကူးနဲ့တင် စဉ်းစားရုံနဲ့တော့ မသိနိုင်လောက်အောင် နက်နဲပါတယ်။ တကယ်တမ်း လက်တွေ့ကျင့်သုံး ကြည့်မယ်ဆိုရင်တော့ စိတ်ကူးနဲ့ ထင်နေသလောက် မခဲရင်းလှပါဘူး။ ကြိုးစားရင်သိသာ နိုင်တဲ့ တရားများဖြစ်ပါတယ်။


“ဘူတံ ဘူတတော ပဿတိ = စိတ်ကနေ သိနေတဲ့ သဘောလေးကို သိနေတဲ့အတိုင်းပဲ ရှု”ဆိုတဲ့အတိုင်း မိမိရဲ့ခန္ဓာကိုယ်မှာ သိသာနေတဲ့သဘော သတ္တိကလေးတွေကို သတိထားကြည့်ရင်တွေ့သိနိုင်ပါတယ်။ ဥပမာ “အာနာပါန” ခေါ်တဲ့ ထွက်လေ ဝင်လေကို ရှုနေရင်းက အထက်နှုတ်ခမ်းနဲ့ နှာသီး ဖျားတစ်ဝိုက်ကို သတိနဲ့ကပ်ပြီး ရှုကြည့်ပါ။ အောင့်သ လိုလိုလို့ ပြောရမလား၊ ပူသလိုလို၊ ထုံသလိုလိုလို့ပြောရမလား၊ ဘယ်လိုအမည်တပ်ရမှန်းတော့ မပြောတတ်ဘူး။ စိတ်ထဲ ကတော့ သိနေရတဲ့သဘောကလေးကို တွေ့နိုင်ပါတယ်။ အဲဒီလိုသိသာနေတဲ့ သဘောလေးဟာ သိစရာ အရှုခံအာရုံ ပါပဲ။ အဲဒီအာရုံပေါ်မှာ သတိနဲ့ စိတ်ကို ကပ်ပြီး ရှုကြည့်နေရင် တစ်ချိန်နဲ့ တစ်ချိန်မတူအောင် ပြောင်းလဲနေတဲ့ သဘော လေးကိုလဲ တွေ့သိနိုင်ပါလိမ့်မယ်။ အဲဒီလို တစ်ချိန်နဲ့တစ်ချိန် မတူအောင် ပြောင်းလဲဖြစ်ပျက်နေတဲ့သဘောလေးကိုပဲ “အနိစ္စ = မမြဲဘူး”လို့ ခေါ်တာပါပဲ။


အထူးသတိပြုရမှာကတော့ ဝိပဿနာအသိပညာဖြစ်ဖို့ဆိုတာ “နှုတ်ပြောကို ရှုရမှာ မဟုတ်ဘူး၊ စိတ်သိကို သာရှုမှတ်ရတယ်” ဆိုတာကို အလေး အနက်မှတ်ထားပါ။


ဘာကြောင့်လဲဆိုတော့ နှုတ်ပြောပညတ်တွေမှာ ဖြစ်ပျက်ပြောင်းလဲတတ်တဲ့ အနိစ္စလက္ခဏာမရှိဘူး၊ စိတ်သိ ဖြစ်တဲ့ သဘောသတ္တိကလေးတွေ (တကယ်သိနေရတဲ့ သိစရာကလေးတွေ) မှာသာ ပြောင်းလဲဖောက်ပြန်တတ်တဲ့ အနိစ္စလက္ခဏာ ထင်ရှားရှိ လို့ပါ။


“အနိစ္စ=မမြဲဘူး=ဖြစ်ပြီး ပျက်ပျက်သွားတယ်” ဆိုတာကို တကယ်ဥာဏ်နဲ့သိမြင်လာရင် ဒုက္ခလက္ခဏာကိုလဲ သိလာပါတယ်။ အဲဒီလို ပျက်ပျက် သွားခြင်းဆိုတဲ့ ဘေးမကင်းတဲ့သဘောကိုပဲ ဒုက္ခလို့ ဆိုရတာဖြစ်လို့ပါ။ ဒီလို ပျက်ပျက်သွားတာကို မပျက်ပါနဲ့လို့ ကိုယ့်စိတ်ထဲက ဘယ်လိုပဲ တောင့် တနေနေ၊ အမိန့်ပေးနေနေ၊ ကိုယ့်တောင်းတချက်၊ ကိုယ့်အမိန့်ကို မနာခံဘဲ သူ့သဘောအတိုင်းသာ ပုံမှန်ဖြစ်ပျက်နေလို့လဲပဲ “အနတ္တ = အလိုမလိုက်၊ ထင်သလို မဖြစ်”လို့ ဆိုရတာပါ။ တကယ်အားထုတ်ကြည့်ရင် သဘောပေါက်လာ ပါလိမ့်မယ်။ နှုတ်ပြောနဲ့ ကြံစည်မနေဘဲ စိတ်သိကနေ ဥာဏ် သိဖြစ်အောင် ကြိုးစားမှသာ သိနိုင်မယ်လို့သာ ပြောပါရစေ။


တရားဟော ပင့်လျှောက်တဲ့ ဒကာများက “ဝိပဿနာဆိုက်အောင်လဲ ဟောပေးပါ”ဆိုလို့ ဝိပဿနာဆိုက်အောင် သဘော ပေါက်သလောက်ပြော လိုက်ပါတယ်။ “တရားအားထုတ်တဲ့အခါ ဘယ်အဆင့်က သမထလဲ၊ ဘယ်အဆင့်သိမှ ဝိပဿနာလဲ ဆိုတာကိုလည်း နည်းနည်းသဘောပေါက်အောင် ခွဲခြားပြပါ”လို့လဲ လျှောက်ထားသေးတယ်။ အဲဒါကတော့ ခုနပြောခဲ့တဲ့အထဲမှာ နှုတ်ပြောအဆင့်ကိုသာ ရှုမှတ်နေရင် သမထအဆင့်၊ စိတ်သိဖြစ်တဲ့ သဘောသတ္တိကို ရှုပြီး အနိစ္စစတဲ့ လက္ခဏာကို သိမြင်လာမှ ဝိပဿနာလို့ အကြမ်းဖျင်း သဘောပေါက်ထားသင့်ပါတယ်။


ဥပမာ “ထွက်တယ် ..ဝင်တယ်၊ ဖြစ်တယ် ပျက်တယ်၊ ဖောင်းတယ် ပိန်တယ်”စတဲ့ နှုတ်ပြောအတိုင်း ရှုမှတ်နေလို့ ဒီအာရုံပေါ်မှာ စိတ်ကကျရောက် တည်ငြိမ်နေတယ်ဆိုရင် အဲဒါ သမထ အဆင့်ပါ။ ထွက်လေ ဝင်လေတို့ရဲ့ တိုးနေတဲ့သဘော၊ တွန်းနေတဲ့သဘော၊ လှုပ်နေတဲ့သဘောဆိုတဲ့ “သတ္တိ”လေးတွေကိုသာ ရှုမှတ်နေလို့ အဲဒီသဘောသတ္တိကလေးတွေက ငြိမ် မနေဘဲ အမြဲမပြတ်တရစပ်ဆိုရလောက်အောင် ဖြစ်ပျက်ပြောင်းလဲနေတဲ့ လက္ခဏာကို သိမြင်လာမှ ဝိပဿနာအဆင့်ရောက် တယ်လို့ ဆိုရပါလိမ့်မယ်။


“ရဟန်းဝါ ၂၀ ကျော်လောက်ကတည်းက ဝိပဿနာတရား အားထုတ်လာခဲ့တာ အခု အသက် ၇၀ ကျော် ဝါတော် ၅၀ ကျော်ပြီ”ဆိုတဲ့ ဝိပဿနာ ဆရာတော်ကြီးတစ်ပါးနဲ့ တွေ့ဆုံလျှောက်ထားခွင့်ကြုံခဲ့ရဖူးပါတယ်။ ဆရာတော်ကြီးက “တရား ဆိုတာ နှုတ်က ပြောရုံနဲ့တော့ တယ်သဘော မပေါက်လောက်ဘူး မောင်ပဉ္စင်းရ၊ တကယ်အားထုတ် ကြည့်မှ သဘောပေါက် တာ။ အဲ .. တရားအားထုတ်တယ်ဆိုလို့ ထိုင်နေရတာချည်း မထင်နဲ့၊ တရားအားထုတ်တယ်ဆိုတာ ကိုယ့်ခန္ဓာကိုယ်ကြီးကို အမြဲသတိထားနေရတာပဲ၊ သတိနဲ့အားထုတ်လို့ အသိရလာတာဟာ တရားပဲ ဆိုတာမှတ်ထား၊ တို့ဆရာသမားများ မိန့်ကြားခဲ့တဲ့အတိုင်း ပြောရရင်တော့ ” ဈာန်နဲ့ ရှုပြီး ဥာဏ်နဲ့မြင်တယ်”တဲ့၊ ဥာဏ်နဲ့ မြင်တယ်ဆိုတာ သိတာကို ပြောတာပေါ့။ အဲဒီစကား သဘောပေါက်ရဲ့လား”ဆိုပြီး ပြန်မေးတယ်။


“အမိန့်ရှိပါဦးဘုရား”ဆိုတော့မှ “ဈာန်ဆိုတာ မဂ္ဂင်ရှစ်ပါးထဲက ဈာန်မဂ္ဂင်သုံးပါးလို့ ဆိုရတဲ့ သမာဓိမဂ္ဂင်သုံးပါးပေါ့ကွဲ့။ အဲဒီမဂ္ဂင်သုံးပါးမှာလဲ အခရာ (အရေးကြီးတဲ့ ပဓာန)က သတိပဲ မဟုတ်လား။ အဲဒီသတိနဲ့ ရှုပြီးဥာဏ်နဲ့ မြင်တာကို ပြောတာကွဲ့။“သတိသမ္ပဇည“ဆိုတာ အတွဲလိုက်ရှိရမြဲ မဟုတ် လား။ သတိထားရင် အသိလိုက်လာတာပဲ။ အသိရပြီဆိုရင်လည်း သတိရှိနေလို့ပဲပေါ့ကွဲ့”လို့ ရှင်းပြတာကို မှတ်သားလိုက်ရဖူးပါတယ်။

အခုပြောခဲ့တာတွေဟာ အဲဒီဆရာတော်ဘုရားကြီးထံမှာ လျှောက်ထားမှတ်သားခဲ့ရတာများနဲ့ မိမိသဘောပေါက်သလောက်ကို ပြောပြ လိုက်တာ ဖြစ်လို့ ဆရာတော်ကြီးများရဲ့ “အာငွေ့”နဲ့ မှုတ်နေတာလို့လည်း ဆိုနိုင်ပါတယ်။ ဒီဟောပြော(ရေးသား)ချက်များနဲ့ပဲ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကိုလည်း ကန်တော့ ပူဇော်လိုက်ပါတယ်။ ။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


မေတ္တာများဖြင့်