“သူတော်ကောင်း”ဆိုတဲ့ စကားလေးကို တစ်ချို့က “သူတော်မှ ကိုယ်ကောင်းမယ်”ဆိုတဲ့ ကလေးကလား အတွေးလေးတွေနဲ့ ပြောတတ်ကြပါတယ်။ ဒီသဘောက “သူမတော်ရင် ကိုယ်လည်းမတော်နိုင်၊ သူမကောင်းရင် ကိုယ်လည်းမကောင်းနိုင်၊ သူမပြောင်းရင် ကိုယ်လည်း မပြောင်းနိုင်ဘူး”ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ တကယ်တော့ သူတော်ကောင်းတွေရဲ့ စိတ်သဘောထားဟာ
“သူမတော်လည်း ကိုယ်ကောင်းမယ်” ဆိုတဲ့ သဘောထားမျိုးပဲ ဖြစ်ပါတယ်။ သူမတော်ရင် တော်လာအောင် ကိုယ်ကကောင်းအောင် ကျင့်သုံးနေထိုင်တတ်တဲ့ သဘောမျိုးကသာ သူတော်ကောင်းများရဲ့ သဘောထား အမှန်ပဲ ဖြစ်ပါတယ်။
“ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် ကျင့်သုံးနေထိုင်ခြင်းမျိုး”လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆိုတော့ကား သူမတော်လို့ ကိုယ်မတော်ရင်၊ သူမကောင်းလို့ ကိုယ်မကောင်းရင် သူလည်းမတော် ကိုယ်လည်းမကောင်း ဖြစ်တတ်တဲ့အတွက် သူတော်လာအောင် ကိုယ်ကအရင် ကောင်းကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သူမတော်လည်း ကိုယ်ကတော်ပြကြဖို့ လိုပါတယ်။ ဒါမှ သူလည်း တဖြည်းဖြည်းပြောင်းလာ၊ ကောင်းလာမှာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ လောကမှာရှိတဲ့ လူအတော်များများက ငါဆိုတဲ့အတ္တစွဲလေးတွေ ခံနေကြတော့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်ဖြစ်လာကြတဲ့အခါ သူဖြစ်သလို ကိုယ်လည်း လိုက်ဖြစ်တတ်ကြပါတယ်။ သူမကောင်းရင် ကိုယ်လည်းလိုက်ပြီး မကောင်းဖြစ်တတ်၊ သူဒေါသထွက်ရင် ကိုယ်လည်းလိုက်ထွက်တတ်၊ သူမကျေနပ်ရင် ကိုယ်လည်းလိုက်ပြီး မကျေမနပ်ဖြစ်တတ်၊ သူဒီလိုဆက်ဆံရင် ကိုယ်လည်းလိုက်ပြီး သူနဲ့အပြိုင် ဆက်ဆံတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ်ကောင်းရဲ့သားနဲ့ သူမကောင်းတဲ့အခါ ကိုယ်ပါလိုက်ပြီး မကောင်းတဲ့အထိ ပြောင်းတတ်ကြပါတယ်။ အဲဒီလိုသာ သူမကောင်းလို့ ကိုယ်မကောင်းဖြစ်ကြ၊ သူမတော်လို့ ကိုယ်မတော် ဖြစ်ကြမယ်ဆိုရင် သူလည်းမကောင်း ကိုယ်လည်းမကောင်း၊ သူလည်းမတော် ကိုယ်လည်းမတော် ဖြစ်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ မတော်မကောင်းမပြောင်း သံသရာက ရှည်သထက် ရှည်နေကြတော့မှာ ဖြစ်ပါတယ်။
ဖြစ်သင့်တာက သူ့ကိုပြောင်းချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းကြည့်သင့်ပါတယ်။ သူ့ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကိုလည်း ပြင်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုမျိုးကစပြီး ပြင်သင့်သလဲဆိုရင် အတွေးအခေါ်က စပြီး ပြင်သင့်ပါတယ်။ တစ်ချို့က “ငါဒီလောက်ကောင်းရဲ့သားနဲ့ ငါ့အပေါ်ကို…” စတဲ့ အတွေမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို အတွေမျိုးကစပြီး ပြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတွေးမိတတ်တာကိုက ကိုယ့်သန္တာန်မှာ သူနဲ့ပတ်သက်ပြီး တစ်ခုခု တုန့်ပြန်မှုကောင်းကို မျှော်လင့်နေတဲ့ သဘောရှိနေသလို ကိုမျှော်လင့်တဲ့အတိုင်း မဖြစ်လာတဲ့အခါ မဖြစ်ရကောင်းလားဆိုတဲ့ အမှတ်အတေးလေးတွေ ဖြစ်တတ်လို့ပဲ ဖြစ်ပါတယ်။ မျှော်လင့်နေတယ်ဆိုကတည်းက မျှော်လင့်မှုရဲ့နောက်မှာ ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် “ငါဒီလောက် ကောင်းရဲ့သားနဲ့” စတဲ့ အတွေးတွေ ပေါ်ပေါက်လာပြီး အသေးအဖွဲလေးတွေကစပြီး အငြိုးအတေးလေးတွေ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့ တစ်စတစ်စ အတွေးလွဲလေးတွေကစပြီး ကြာတော့အဆိုင်အခဲ ဖြစ်လာကာ သူ့ကိုယ်ပြောင်းဖို့လုပ်ရင်း ကိုယ်ပါသူလို့ ဖြစ်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ သူ့ကိုပြင်ရင်း ကိုယ့်ကိုယ်ကို မမြင်မိကြ၊ မပြင်မိကြလို့ပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ပြင်ဖို့ဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကို သိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို သိဖို့လိုတယ်လို့ ဆိုတာက တစ်ချို့ တော်တော်ဗဟုသုတများ၊ အသိများ၊ အဖတ်များကြပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိထားသလောက်၊ ဖတ်ထားသလောက်၊ ပြောနေသလောက် မဟုတ်တာကို တွေ့ရတတ်ပါတယ်။ ဖတ်မှတ်လေ့လာမှုတွေ များနေပေမယ့် ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်တတ်၊ ကိုယ်ကိုယ်ကို ပြန်မြင်တတ်တဲ့ အကျင့်က အားနည်းနေတော့ ကိုယ်ဘာဖြစ်နေတယ်ဆိုတာလည်း မသိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို တကယ်မသိတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်သိအောင်လုပ်ပါလို့ ဆိုရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တကယ်သိလာပြီဆိုရင် အဲဒီအသိနောက်ကို အကျင့်လိုက်ကြည့်ဖို့ လိုပါတယ်။ သိပြီးမြင်၊ မြင်ပြီးပြင်မယ်ဆိုရင် ဒါဟာ အသိနောက်ကို အကျင့်လိုက်တာပဲ ဖြစ်ပါတယ်။
လူပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ် သိထားသလောက် အကျင့်မရောက်ရင် ကိုယ့်ကိုယ်ကိုလည်း သိဖို့မလွယ်လှပါဘူး။ ကိုယ့်ကိုယ်ကို မသိရင် ကိုယ့်ကိုယ်ကိုပြင်ဖို့လည်း မလွယ်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုတော့ ကိုယ်ကိုယ်တိုင်က မပြင်ဘဲ သူများကို ပြင်ဖို့ပြောနေလို့ကတော့ သူတပါးလည်း ပြင်ဖို့မလွယ်လှပါဘူး။ အပြောခံရတဲ့သူက သူတော်ကောင်းတရားအပေါ် ခံယူချက်ကောင်းတဲ့ သူဖြစ်လို့ ပြောင်းပြင်သွားရင်လည်း ကိုယ်ပြောလိုက်လို့ သူကောင်းသွားပေမယ့် ကိုယ်ကတော့ မကောင်းတာက မကောင်းတာပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတပါးကို တော်စေချင်ရင်၊ သူတပါးကို ကောင်းစေချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းပြင်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ အထက်တန်းကိုရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့၊ ခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့၊ ဆရာအဖြစ် ခံယူထားကြတဲ့ ပုဂ္ဂိုလ်တစ်ချို့က သူတပါးအပေါ် အကောင်းဆုံးစကား၊ အကောင်းဆုံး တရားတွေနဲ့ ဟောပြောပေးကြ၊ လမ်းညွှန်ပေးကြပေမယ့် မိမိတို့ကိုယ်တိုင်ကတော့ ပြောတဲ့အတိုင်း လိုက်နာကျင့်သုံးမှု မရှိကြတာကို တွေ့ရတတ်ပါတယ်။ သူတပါးတွေကို လောဘမကြီးဖို့၊ ဒေါသမကြီးဖို့၊ ဣဿာမစ္ဆရိယ မများဖို့၊ မာနမကြီးဖို့ စသဖြင့် သွန်သင်ပြသ ဆုံးမကြပေမယ့် မိမိတို့ ကိုယ်တိုင်ကတော့ ဒေါသကြီးလိုက်ကြတာ၊ လောဘကြီးလိုက်ကြတာ၊ မာနကြီးလိုက်ကြတာ အလွန်ပါပဲ။ ဒါကြောင့် ဆရာတော်ကြီးတစ်ပါးက တက်သစ်စ ဓမ္မကထိ ရဟန်းတော်တစ်ပါးကို “မောင်ပဉ္ဇင်းတို့ သူများတွေကိုပဲ ကျင့်ဖို့ပြောမနေကြနဲ့၊ ကိုယ်ကျင့်ဖို့လည်း ချန်ထားကြဦး”လို့ သတိပေး ဆုံးမတော်မူတာ ဖြစ်မှာပါ။
ပညာရှိစကား သိပ်မှတ်သားစရာကောင်းပါတယ်။ ဆရာတော်ကြီး ပြောသလို သူများကိုပဲ ဟောနေပြောနေလို့ မဖြစ်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဟောတဲ့အတိုင်း၊ ပြောတဲ့အတိုင်း ကျင့်နိုင်မှ ကိုယ်လည်း အကျိုးရှိ၊ သူလည်းအကျိုးရှိမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဆရာတော်ကြီးမိန့်သလို ကိုယ်ကျင့်ဖို့ မကျန်ဘဲ ဖြစ်နေကြမှဖြင့် ဒုက္ခ။ ကိုယ်ကိုယ်တိုင် အရင်ကျင့်၊ ကိုယ်ကိုယ်တိုင် တော်အောင်လုပ်ပြီးမှ သူတပါးကို တော်စေကြရ၊ ပြင်စေကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကမကျင့်၊ ကိုယ်ကမတော်ဘဲနဲ့ သူတပါးကို တော်လာစေဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။
ဆိုတော့ကား သိထားတဲ့ အသိတွေများပြီး အကျင့်တွေလည်း များလာတဲ့အခါ ကိုယ့်ကိုယ်ကို တော်လာပြီလို့ ပြောလိုက ပြောနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကတော်လာပြီဆို သူများကလည်း ကိုယ့်ကိုတော်အောင် ပြုမှုဆက်ဆံ ပြောဆိုလာမှာ ဖြစ်ပါတယ်။ ကိုယ်တော်တာကို အကြောင်းပြုပြီး သူများလည်း တော်လာစရာ အကြောင်းရှိပါတယ်။ အဲဒီလိုကိုယ်လည်းတော်၊ ကိုယ့်ကိုအကြောင်းပြုပြီး သူများလည်း တော်လာပြီဆိုရင် ဒါဟာ သူတော်ကောင်းရဲ့ သဘောတွေ တဖြည်းဖြည်း ထင်လာတော့တာ ဖြစ်ပါတယ်။ ကိုယ်တော်ပြတဲ့အတွက် သူတပါးလည်း တော်လာတာဖြစ်လို့ ကိုယ့်အတွက်လည်း ကောင်းလာတော့တာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ကောင်းတဲ့အတွက် သူပြောင်းလာခြင်းပဲ ဖြစ်ပါတယ်။
တစ်ခါတစ်လေကျတော့ ကိုယ်ကဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ကောင်းကောင်း သူတပါးတွေက အကောင်းမမြင်ဘဲ မပြောင်းပြင်ကြတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ပုထုဇဉ်သဘာဝ စိတ်မှာ အလိုမကျတတ်တာတွေ ရှိနေတတ်ပြီး မထူးပါဘူးကွာဆိုပြီး သူနဲ့အပြိုင် အရွဲ့တိုက်တာလေးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကိုယ်ကောင်းရဲ့သား၊ ကိုယ်တော်ရဲ့သားနဲ့ သူကပြောင်းမလာဘူး၊ တော်မလားဘူးဆိုလည်း ဒါဘာဖြစ်သေးလဲ။ ကိုယ်ကောင်းအောင် ကြိုးစားဖို့က အဓိကပဲ မဟုတ်လား။ သူပြောင်းပြီး သူကောင်းဖို့ထက် ကိုယ်အရင်ပြောင်းပြီး ကိုယ်ကောင်းဖို့က အဓိကပဲ ဖြစ်ပါတယ်။ သူပြောင်းတာမပြောင်းတာ သူ့အပိုင်းပဲ ဖြစ်ပါတယ်။ သူ့ဘက်ကလည်း အချိန်တန်ပြီး ကိုယ်ကောင်းနေတာကို သိတဲ့အခါကျရင် သူ့အလိုလို ပြောင်းလာကြမှာ ဖြစ်ပါတယ်။ ဒီအတွက် သိပ်ပူစရာ မရှိပါဘူး။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အရင်ဆုံး အသိနောက်ကို အကျင့်လိုက်ပြီး ကောင်းအောင်ပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ဘဲ သူမကောင်းလို့ ကိုယ်မကောင်းဘူးဆိုရင် ကိုယ်လည်း မကောင်းစာရင်းဝင်ဖြစ်ပြီး အကုန်မကောင်းသူတွေပဲ ဖြစ်ကုန်ကြတော့မှာ ဖြစ်ပါတယ်။
ဆိုလိုတာက “လူအတော်များများက ကိုယ်ကောင်းဖို့ထက် သူကောင်းတာကို လိုချင်ကြတာများပြီး သူမကောင်းရင် ကိုယ်လည်း မကောင်းချင်ကြတဲ့သူတွေ များနေတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြိုင်ဖြစ်ကာ မကောင်းတာတွေပဲ အဖြစ်များနေတတ်ကြောင်း၊ အမှန်တော့ သူတော်ဖို့ ကောင်းဖို့ဆိုတာ ကိုယ်ကလည်းတော်မှ၊ ကိုယ်လည်းကောင်းမှ သူလည်းပြောင်းလာမှာ ဖြစ်တဲ့အတွက် သူတော်သူကောင်းတာကို လိုချင်ရင် ကိုယ်ကအရင်တော်ကောင်းပြရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ကိုယ်ကတော်ကောင်းပေမယ့် သူကမတော်မကောင်းဘူးဆိုလည်း ဒါကသူ့ဘက်က အပိုင်းပဲဖြစ်ပြီး ကိုယ့်ဘက်ကတော့ အရင်ဆုံး ကိုယ့်ကိုယ်ကို တော်အောင်ကောင်းအောင် ကြိုးစားကျင့်ကြံသင့်ကြောင်း၊ သူတော်ကောင်းတွေရဲ့ သဘောကိုကြည့်ရင် သူတော်တော် မတော်တော်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်၊ ကိုယ်တော်အောင် နေထိုင်ကျင့်သုံးတတ်ကြတာကို တွေ့ရမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ သူတော်ကောင်းတွေလောက် မကျင့်သုံးနိုင်သေးရင်လည်း အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုတော့ အကောင်းဆုံးဖြစ်အောင် အသိနောက်ကို အကျင့်လိုက်ပြီး နေထိုင်ကျင့်သုံးသင့်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် သူတော်မှ ကိုယ်ကောင်းကြမယ်လို့ ဆိုတတ်ကြတဲ့ သူတွေအနေနဲ့ အဲဒီလို သူဘက်ကိုယ့်ဘက် အပြိုင်သဘောမျိုး ဖြစ်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုအရင်ဆုံး တော်ကောင်းလာအောင် ကျင့်သုံးပြီး သူမတော်လည်း ကိုယ်ကောင်းနိုင်အောင် ကြိုးစားကာ သူတော်လာအောင် ပြောင်းနိုင်ကြမယ်ဆိုရင် အကောင်းဆုံး အမြတ်ဆုံးအကျင့် တစ်ခုဖြစ်တဲ့အတွက် သူ့ဘက်က တုန့်ပြန်မှုကို မျှော်လင့်နေကြဖို့ထက် ကိုယ့်ဘက်ကသာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပြီး သူမတော်လည်း ကိုယ်ကောင်းကြည့်ကြပါစို့လို့ အကြံပြုရင်း တိုက်တွန်းစကား ပါးလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ)