Sunday, August 7, 2011

အမုန်းကြီးတော့ အရှုံးကြီး



“အစားနဲ့တရား” အပိုင်း(၂) အမုန်းကြီးတော့ အရှုံးကြီး

အစွဲနာပြီးအခွာခက်ကြလို့ ခံရခက်တဲ့ဒုက္ခတွေကို မသက်မသာခံစားကြရတဲ့ ဒီပုထုဇဉ်အများစုကြီးကိုတွေ့မြင်ပြီ သံဝေဂရသွားကြတဲ့ ပုထုဇဉ် အနည်းစု များလဲပေါ်ထွက်လာပါတယ်၊ သူတို့ရဲ့စဉ်းစားတွေးမြင်ပုံကတော့ အလွန်ကိုအပေါ်ယံ ဆန်လွန်းပြီးအလွန်လဲပေါ့တန်လွန်းတယ်လို့ ဆိုရမယ်ထင်ပါတယ်။

သူတို့စဉ်းစားပုံကတော့ “အခုလိုခွဲခွာချိန်မှာ နာကျင်ခံခက်ဖြစ်ရတာဟာ ပိုင်ဆိုင်စရာအာရုံငါးပါးတို့ကို ရှာဖွေသိမ်းပိုက် ပိုင်ဆိုင်ထားကြ လို့ဖြစ်တယ်၊ အာရုံငါးပါးတို့ကို ရှာဖွေသိမ်းပိုက်ပိုင်ဆိုင်ထားတဲ့ အာရုံတွေ မရှိခဲ့ရင် ဒီလိုဒုက္ခမျိုးလဲ ငြိမ်းမယ်”ဆိုတဲ့ အတွေးအမြင်ပါ။ ဒါကြောင့်လဲ ဒီပုထုဇဉ်လူ နည်းစုတို့ဟာ အာရုံတွေကို ရှာဖွေသိမ်းပိုက်ခံစားနေတဲ့ အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာပြီး အိမ်ရာ တည်ထောင်မှုတွေ နဲ့ကင်းဝေး ရာ တောထဲကို သီးခြားထွက်ကြပါတယ်၊ အိမ်ရာတည်ထောင်တဲ့ “သာဂါရိက” ပုထုဇဉ်များနဲ့ တစ်မျိုးတစ်ဘာသာ ခြားနားတဲ့ ဒီပုဂ္ဂိုလ် များကိုတော့ “အနာဂါရိက - အိမ်ရာတည်ထောင်မှု ကင်းကြသူများ”လို့ သတ်မှတ်ပါတယ်။

ဒီပုဂ္ဂိုလ်များဟာ တွေးခေါ်ရှုမြင်ပုံ ပေါ့တန်သလောက် လိုက်နာကျင့်ကြံမှုကတော့ အလွန်ကိုပြင်းထန်ကြပါတယ်။ သူတို့ရဲ့ အဓိကကျင့်စဉ်ကတော့ အာရုံငါးပါးတို့ကို ရှာဖွေခံစားလိုစိတ်မဖြစ်အောင် ခန္ဓာကိုယ်ကိုနည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက် ကြတာပါပဲ၊ “ချမ်းလျှင်ရေချိုး၊ ပူလျှင်မီးလှုံ၊ အားလျှင် တုံးခုံ၊ မောလျှင်ဇယ်ခတ်”ဆိုတဲ့ အကျင့်မျိုးတွေလဲပါတယ်၊ အဓိကရည်ရွယ် ချက်ကတော့ အာရုံငါးပါးဆီ စိတ်မသွားနိုင်အောင် မနားတမ်းညှင်း ပန်းကြတာပါပဲ၊ မျက်စေ့စတဲ့ ကမ္မဇရုပ်များနဲ့ အဆင်းစတဲ့ အာရုံတွေ တွေ့ကြုံခွင့်မရအောင်လဲ ပိတ်ပင်ကြပါတယ်။ လူသိများပြီး လူလေးစားခြင်း အခံရဆုံးကတော့ ဘယ်လောက်အေးတဲ့ ရာသီမှာမဆို ဘယ်လိုအဝတ်အရုံမှမပါဘဲ ကိုယ်လုံးတီး နေထိုင်ကြခြင်းပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓခေတ်မတိုင်မီကစပြီး ခုချိန်အထိမဇ္ဈိမဒေသခေါ် အိန္ဒိယနဲ့ နီပေါနိုင်ငံတစ်ဝန်းမှာတော့ အဝတ်မဝတ်ခြင်းဟာ အရညဝါသီ တောနေ ပုဂ္ဂိုလ်တွေ ထဲမှာ ဂုဏ်သိက္ခာအကြီးမားဆုံး (လူခပမာဏိက)ဖြစ်တာမို့ ဒီလိုပုဂ္ဂိုလ်များဟာ ရှာမှရှားတဲ့ ဧရာမသူတော်စင်ကြီးများအဖြစ်နဲ့ အထင်ကြီးလေးစားခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေပါပဲ။

သူတို့ရဲ့အဓိကချွတ်ယွင်းချက်ကတော့ ဒုက္ခရဲ့တကယ့်လက်သည်မှန်ကို သိမြင်နိုင်စွမ်းမရှိကြဘဲ၊ အပြင်မှာမြင်ရ၊ ကြားရ၊ တွေ့သိရတဲ့ အာရုံတွေကိုသာ အဓိကပစ်မှတ်အဖြစ်ထင်မြင်သိမှတ်ပြီး တိုက်ခိုက်နေကြခြင်းပဲဖြစ်ပါတယ်။ မရပ်မနား တရစပ်တိုက်ခိုက်နေကြပေမယ့် ပစ်မှတ်ကိုကြောပေးပြီး ပစ်ခတ်နေကြတဲ့ အတွက်မြားကုန်ပြီးလူပန်းတာသာ အဖတ်တင် တယ်၊ ဒုက္ခကတော့ မပါးတဲ့အပြင် အငတ်ဘေးဆိုက်တဲ့ ဒုက္ခသစ်ကြီးက ထပ်ပြီးတော့တောင်တိုးပွားဖိစီးခြင်းခံ ကြရပါတယ်။

အပြင်အာရုံတွေကို ဘယ်လိုပဲငြင်းဆန်ပယ်ရှားနေနေ၊ အတွင်းမှာရှိနေတဲ့ တပ်မက်စွဲလမ်းမှုတို့ကို အမြစ်မဖြတ်နိုင်ကြတဲ့ အတွက် အာရုံငါးပါးကို တပ်မက်တဲ့ ကာမတဏှာက ပါးသယောင်ယောင်ထင်ရသလောက် ဘဝကိုခင်မင်တွယ်တာတဲ့ ဘဝ တဏှာက ပွားသည်ထက်ပွားပြီး နောက်ဆုံးမှာ ဆင်းရဲကြီးစွာနဲ့ ဘဝကိုနိဂုံးချုပ်ကြရပါတယ်။ ဒီပုဂ္ဂိုလ်များကို ဓမ္မစကြာ တရားမှာတော့ “အတ္တကိလမထာနုယောဂ - ခန္ဓာကိုယ်ကို ပင်ပန်းအောင် အားထုတ်မှု အစွန်းရောက်သူများ” လို့သတ်မှတ်ပါ တယ်။

ကာမသုခလ္လိကာနုယောဂ ပုထုဇဉ်များနဲ့ အတ္တကိလမထာနုယောဂပုထုဇဉ်တို့ဟာ လုပ်ဆောင်ချက်အရကြည့်မယ် ဆိုရင်တော့ အာရုံငါးပါးတို့ကို အငမ်းမရရှာဖွေသိမ်းပိုက်သူများနဲ့ အာရုံငါးပါးတို့ကို အမုန်းကြီးစွာ ငြင်းပယ် စွန့်လွှတ်သူများအဖြစ် ဖြောင့်ဖြောင့်ဆန့်ကျင်ကြပြီး “အကျပ်ဘေးဆိုက်ပြီး ဒုက္ခရောက်သူ” နဲ့ “အငတ်ဘေးဆိုက်ပြီး ဒုက္ခ ရောက်သူ” ရယ်လို့ ကွဲပြား ကြပေမယ့် ဒုက္ခနဲ့ဇာတ်သိမ်းရတာချင်းကတော့အတူတူပါပဲ။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လဲ အလောင်းတော်သိဒ္ဓတ္ထမင်းသားအဖြစ်နဲ့တုန်းက ဒီအစွန်းရောက်ကျင့်စဉ်ကြီး နှစ်မျိုးလုံးကို အစွန်းရဲ့ဟိုဘက် အဖျားရောက်အောင် ခြောက်ကမ်းပါးကျခါနီး ဆဲဆဲတဲတဲကလေးလို့တော့တဲ့အထိ လျှောက် လှမ်း ကျင့်သုံးခဲ့ဖူးပါတယ်။

အသက်ဆယ့်ခြောက်နှစ်အရွယ်ကစပြီး နှစ်ဆယ့်ကိုးနှစ်အရွယ်အထိ ကပိလဝတ္ထုနန်းတွင်းမှာ ဆယ့်သုံးနှစ်တိုင်တိုင် “ကာမသုခလ္လိကာနုယောဂ” အစွန်းကို လျှောက်ခဲ့ဖူးသလို အသက်နှစ်ဆယ့်ကိုးနှစ်ကသုံးဆယ့်ငါးနှစ်အထိ ခြောက်နှစ် တိုင်တိုင် ဥရုဝေလတောမှာ “အတ္တကိလမထာနုယောဂ” အစွန်းကို လျှောက်ခဲ့ဖူးပါတယ်။ နောက်ထပ်တစ်ရက်လောက်သာ ဒီအတိုင်း ဆက်သွားခဲ့ရင် အသက်ပျောက်ဖို့ပဲရှိတော့တယ်ဆိုတဲ့ အခြေ အနေရောက်တော့မှသာ “လမ်းမှားသိလျှက်၊ သွားမပျက်၊ သင့်ထက်မိုက်သူ ရှိချိမ့်လော” ဆိုတဲ့ သတိသမ္ပဇဉ်ဖြစ်ပေါ်လာလို့ ဥရုဝေလတော ကနေ ဗောဓိပင် ခြေကိုရွှေ့ ပြောင်းပြီး မဇ္ဈိမ ပဋိပဒါ လမ်းကြောင်းမှန်ပေါ် ပြောင်းတက်ခဲ့လို့ သဗ္ဗညုဘုရားရှင်အဖြစ်ရောက်ရှိခဲ့တာပါ။

ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့တော့ အတိတ်ကံဟောင်းနဲ့ ပါရမီဓာတ်ခံကောင်းတို့ရဲ့ အထောက်အပံ့ကြောင့် ဘုရားရှင်ရဲ့သာသနာတော်မြတ် ကြီးကို ကြုံလဲကြုံ ကြိုက်လဲကြိုက်ကြတဲ့ “ကြုံကြိုက်သူများ”ဖြစ်ကြလို့ အစွန်းရောက်တဲ့ လမ်းမှားကြီး နှစ်ခုကိုလဲ ကြိုတင်သိမြင်ခွင့်ရကြသလို မဇ္ဈိမပဋိပဒါဆိုတဲ့ လမ်းမှန်ကြီးကိုလဲသိခွင့်ရကြတာပါ၊ “ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖေါ်ညွှန်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ သိကြရ၊ များလှ ကျေးဇူးတွေ”ဆိုတဲ့ လင်္ကာအတိုင်းပေါ့၊ ဒါနဲ့တောင် လမ်းမှန်ကိုမြဲမြဲခိုင်ခိုင်မလျှောက်လှမ်းလိုကြဘဲ ယိမ်းယိုင်တွေဝေပြီ ပေတေ တေ လုပ်နေကြဦး မယ်ဆိုရင်တော့ “လမ်းမှန်သိလျှက်၊ ပြောင်းမတက်၊ သင့်ထက်မိုက်သူရှိချိမ့်လော့”ဆိုတဲ့ “ကဝိ ဗန္ဓကထာ”ကျမ်းလာ စကားအတိုင်းသာဆိုရပါလိမ့်မယ်။

မြတ်ဗုဒ္ဓတွေ့ရှိဖော်ထုတ်ခဲ့တဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ အစားကြောင့်လဲမကျပ်၊ တရားကြောင့်လဲမငတ်၊ အမှားကြောင့်လဲ မပတ်ရအောင်၊ အစားနဲ့တရားတို့ အချင်းချင်း အပြန်လှန်ကျေးဇူးပြုပြီး ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ကို ဦးတည်တဲ့ လမ်းစဉ်ဖြစ်ပါတယ်၊ ဒီလမ်းစဉ်ကညွှန်ပြတဲ့ ကျင့်စဉ်များ ကို ကျေကျေညက်ညက် လေ့လာကြည့်ရင် အစားနဲ့ တရားကို မျှမျှတတ ပေါင်းစပ်ထားတာကို တွေ့မြင်ကြရပါလိမ့်မယ်။

မဇ္ဈိမပဋိပဒါလမ်းစဉ်မှာ ကျင့်စဉ်အင်္ဂါရပ်အနေနဲ့ ရှစ်ခုပါရှိပါတယ်၊ မဂ်Óဏ်ကိုရရှိကြောင်း အင်္ဂါရပ်များဖြစ်လို့ “မဂ္ဂင်ရှစ်ပါး”လို့ခေါ်ပါတယ်၊ ဒီလမ်းစဉ်ကိုဦးဆောင်တဲ့တရားက “သမ္မဒိဋ္ဌိ = မှန်ကန်တဲ့ အသိအမြင်အယူအဆ”နဲ့ “သမ္မာသင်္ကပ္ပ-မှန်ကန်တဲ့တွေးတောကြံစည်စဉ်းစားမှု”ဆိုတဲ့ မဂ္ဂင်နှစ်ပါးဖြစ်ပါတယ်၊ ဒီမဂ္ဂင်နှစ်ပါးက အသိပညာဆိုင်ရာ မဂ္ဂင်များဖြစ်လို့ “ပညာမဂ္ဂင်နှစ်ပါး”လို့ခေါ်ပါတယ်။

မဇ္ဈိမပဋိပဒါလမ်းစဉ်အရမှန်ကန်တဲ့အသိ (သမ္မာဒိဋ္ဌိ)သုံးဆင့်ရှိပါတယ်။

၁။ ကံနဲ့ကံရဲ့အကျိုးကို မယိမ်းမယိုင်ခိုင်ခိုင်မာမာသိတဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိ၊

၂။ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ဖြစ်ပြီးပျက်တတ်တဲ့ အတွက်မခိုင်မြဲတဲ့အနိစ္စသဘော။ ဖြစ်ခြင်းပျက်ခြင်းတို့ရဲ့ နှိပ်စက်မှုကြောင့်ပင် စိတ်အေးကိုယ်ခိုင် ကျေနပ်သည်းခံနိုင်စရာမရှိဘဲ ဆင်းရဲခြင်းသာ အသားတင်ထင်ရှားတဲ့ ဒုက္ခသဘော၊ ဆုတောင်းလို့လဲမရ၊ အောက်ကျို့ခံတောင်းပန်လို့လဲမရ၊ အမိန့်ပေးလို့လဲမရ၊ ဘယ်လိုနည်းနဲ့မှ အစိုးလဲမရ အလိုကျလဲ မဖြစ်တဲ့ အနတ္တသဘောတို့ကိုအမှန်အတိုင်းသိမြင်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ။

၃။ ဖြစ်တတ်ပျက်တတ်တဲ့ သင်္ခါရတရားတို့ကို လွန်မြောက်ပြီး ဖြစ်မှုပျက်မှုဘေးကကင်းဝေးလွတ်မြောက်ရာ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်မျက်မှောက်ပြုရတဲ့ မဂ္ဂဖလသမ္မာဒိဋ္ဌိတို့ဖြစ်တယ်။

ဒီသမ္မာဒိဋ္ဌိသုံးမျိုးသုံးဆင့်မှာ နောက်ဆုံးဖြစ်တဲ့ မဂ္ဂဖလသမ္မာဒိဋ္ဌိအဆင့်ဆိုတာ ပုဂ္ဂိုလ်ကကြောင့်ကြ စိုက်အားထုတ် စရာမလိုဘဲ ဓမ္မသတ္တိ ဓမ္မဗျာပါရ အနေနဲ့ ရရောက်သိရှိလာမည့်အဆင့်ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ရှေ့အဆင့် နှစ်ဆင့်က ပုဂ္ဂိုလ်အနေနဲ့ကြောင့်ကြကြိုးကုတ်အားထုတ်ရတဲ့ ပုဂ္ဂလဗျာပါရ အဆင့်များ ဖြစ်ပါတယ်၊ နောက်ဆုံး အဆင့်ကတော့ ဒုတိယ ဆင့်ဖြစ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိပြီးပြည့်စုံတဲ့အခါမှာ ဝိပဿနာဓမ္မရဲ့ အစွမ်းသတ္တိဗျာပါ ရကြောင့်ရရောက် သိရှိလာတဲ့ အဆင့်ပါ။တစ်နည်းပြောမယ်ဆိုရင်တော့ ရှေ့သမ္မာဒိဋ္ဌိနှစ်ဆင့်က အကြောင်းသမ္မာဒိဋ္ဌိ၊ နောက်ဆုံးအဆင့်က အကျိုး သမ္မာဒိဋ္ဌိ လို့လဲ ပြော နိုင်ပါတယ်။

ပုဂ္ဂလဗျာပါရအနေနဲ့ သာဝကတို့အားထုတ်ကြိုးကုတ်ရမည့် သမ္မာဒိဋ္ဌိအဆင့်နှစ်ဆင့်မှာ ပထမဆုံး အားထုတ်ကြိုး ကုတ်ရမှာက ကမ္မဿကတသမ္မာ ဒိဋ္ဌိ ဖြစ်ပါတယ်၊ ကံနဲ့ကံရဲ့အကျိုးတို့ကို (၁)နာယူသိအဆင့်ကနေ (၂)လက်တွေ့ကျင့် သုံးသိအနေနဲ့ ကြိုးကုတ်အားထုတ်ပြီး (၃)ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဆုံးဖြတ်ဖြတ်၊ ခိုင်ခိုင်မာမာ သိတဲ့အဆင့်ရောက် အောင်ပွားများ ကြ ရမှာဖြစ်ပါတယ်။

ကံနဲ့ကံရဲ့အကျိုးတို့ကိုသိမြင်မှု ခိုင်မာတယ် မခိုင်မာဘူးဆိုတာကိုယ့်ဟာကိုယ်စစ်ဆေးကြည့်နိုင်ဖို့အတွက် စကားတွဲ နှစ်စုံ လောက်ပြောကြည့်ချင်ပါတယ်။

(၁) မကောင်းတဲ့အကုသိုလ်ကံများက မကောင်းကျိုးကိုပေးတတ်တယ်၊

(၂) အဆိပ်သောက်ရင်လဲ သေတတ်တယ်၊

ဒီစကားအစုံလုံးဟာ ဆိုးပါတယ်၊ အဆိပ်သောက်တာကလဲ အသက်သေစေတတ်တဲ့ အတွက်ကြောင့်ဆိုးပါတယ်၊ မကောင်းမှုအကုသိုလ်ဆိုတာလဲ အပါယ်ဒုဂ္ဂတိနဲ့ဆိုးကျိုး ဒုက္ခတွေကိုပေးတတ်တဲ့အတွက်ကြောင့်ဆိုးပါတယ်။ ဒီနှစ်မျိုးမှာ ဘယ်ဟာက ပိုပြီးဆိုးသလဲဆိုရင်တော့ မြတ်စွာဘုရား က“အဆိပ်ဆိုတာဟာ လောလောလတ်လတ်သေစေနိုင်တဲ့ အဆိပ်ပင်ဖြစ် စေဦးတော့ ဒီအဆိပ်ကိုသောက်သူဟာ ဒီတစ်ဘဝကိုသာ သေစေ တတ်တယ်၊ ဒီဘဝသောက်တဲ့အဆိပ်ကြောင့် နောက်ဘဝတွေမှာ ဆက်ပြီးမသေစေနိုင်ပါဘူး။ မကောင်းမှုအကုသိုလ်ကံများကတော့ အပြစ်ကြီးရင်ကြီး သလောက် ဘဝပေါင်းများစွာအထိ ဆင်းရဲ အတိဖြစ်စေသလို ဘဝအထပ်ထပ်အကြိမ်ပေါင်းရာထောင်မက သေစေတတ်တယ်” လို့ဆိုပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ဒီအဆိုအမိန့်ဟာ လောသကတိဿရဟန်းကြီးရဲ့ဖြစ်ရပ်ကိုကြည့်ရင် အလွန်ထင်ရှားပါတယ်။ ကဿပ ဘုရားရှင်လက်ထက်မှာ ရဟန္တာမထေရ်မြတ်ကြီးအပေါ် ဣဿာမစ္ဆေရပွားပြီး မထေရ်မြတ်ကြီးအတွက်လှူလိုက်တဲ့ အစားအစာ တွေကို မီးပုံထဲလောင်းသွန်ဖျက်ဆီးခဲ့ တဲ့အတွက် ဒုတိယဘဝမှာ အပါယ်ငရဲကျရောက်ခဲ့ရတဲ့အပြင် ပြိတ္တာဘဝ၊ တိရစ္ဆာန်ဘဝ တွေမှာလဲ အကြိမ်များစွာဖြစ်ခဲ့ရပါတယ်၊ ဖြစ်လေရာ ရာဘဝပေါင်း ငါးရာကျော်လောက်မှာလဲ အစာရေစာရယ်လို့ ကောင်းကောင်းမွန်မွန်ဝ၀လင်မစားခဲ့ရပါဘူး။

ဘဝပေါင်းငါးရာကျော်ထဲမှာ ဘီလူးဖြစ်ရတဲ့ ဘဝတစ်ခုတုန်းက မီးနေသည် တစ်ဦးရဲ့ဘေး ထွက်သွေးပုပ်တွေကို တစ်ကြိမ်၊ ခွေးဖြစ်ရတဲ့ဘဝတစ်ခုမှာ အစာမကျေတဲ့ ခရီးသည်တစ်ဦးရဲ့ အံဖတ်ကို တစ်ကြိမ်၊ နောက်ဆုံး ဂေါတမဘုရားရှင်လက်ထက်မှာ ရဟန္တာအဖြစ်နဲ့ ပရိနိဗ္ဗာန်စံဝင်ရမည့်နေ့မှာ အရှင်သာရိပုတ္တရာ မထေရ်မြတ် ကြီးကိုယ်တိုင် အလှူခံပြီးကိုယ်ထိလက်ရောက်တိုက်ကျွေးတဲ့ စတုမဓုကိုတစ်ကြိမ် အားလုံးပေါင်းသုံးကြိမ် သုံးနပ်သာ ဝ၀လင်လင် စား ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကိုကြည့်လိုက်ရင် မကောင်းမှုအကုသိုလ်ကံတွေဟာ အပြင်းအထန်ဆုံး အဆိပ်ထက်အဆပေါင်း များစွာပြင်းထန် တယ်ဆိုတာ ထင်ရှားပါတယ်၊ ဒါပေမယ့် လူအများကိုမေးကြည့်တဲ့အခါ အဆိပ်ကိုတော့ တစ်ခါတစ်လေ အတွေ့အကြုံ ကလေးရရုံ မြည်းစမ်းကြည့်ဖူးတယ်ဆိုတဲ့လူ မရှိသလောက်ပါပဲ ။ အကုသိုလ်ကံ ကျတော့ သုရာမေရိယဆိုရင်ပဲ အကုသိုလ်ဖြစ်တယ်လို့ လူတိုင်းသိကြပေမယ့် တချို့က တစ်ခါတလေ တွေ့ဖူးကြုံဖူးအောင် ဆိုပြီး မြည်းစမ်းကြည့်သူလဲ မရှားပါဘူး။

ပါဏာတိပါတဆိုရင်လဲ မှတ်,ခြင်,ပုရွက်ဆိပ်ကစပြီး ပိုးဟတ်,လိပ်ပြာတို့အထိ အပျင်းပြေလို လက်ဆော့ တတ်ကြသူတွေလဲ မနည်းကြပါဘူး။ ငှက်,ကြက် တိရစ္ဆာန်တို့အပေါ်မှာလဲ ဟင်းရွက်ကဇွန်းရွက်လောက်သာ သဘောထားပြီး လက်ရဲဇက်ရဲ သတ်ဖြတ်ဖို့ဝန်မလေးကြသူတွေ ဒုနဲ့ဒေးပါပဲ။ အကုသိုလ်က အဆိပ်ထက်ပိုပြီး ကြောက်စရာကောင်းတယ်လို့ နှုတ်ပြော အရသိနေကြပေမယ့် တကယ့်လက်တွေ့မှာတော့ အဆိပ်ကိုသာကြောက် တတ်ကြပါတယ်။ အနည်းဆုံး အကုသိုလ်ကံကို အဆိပ်လောက်ကြောက်စရာကောင်းမှန်း သိတတ်ရင်ကိုပဲ မကောင်းမှုအကုသိုလ်ပြုလုပ်သူဟာ တစ်ရာ တစ်ယောက်မရှိလောက်ပါဘူး။ အကုသိုလ်ကံရဲ့အကျိုးကို အဲဒီလောက်အထိသိထားမှ ခံယူချက်အပြည့်နဲ့ခိုင်မာတဲ့ အသိအဆင့်ရောက်မှာပါ။

(၁) ကောင်းတဲ့ကုသိုလ်ကံများက ကောင်းကျိုးကိုပေးတတ်တယ်၊

(၂) အစားအစာကိုစားရင် အသက်ရှည်တယ်၊

ဒီစကားအစုံကိုလဲစဉ်းစားကြည့်ပါ၊ နှစ်မျိုးလုံးဟာ ကောင်းကျိုးကိုဖြစ်စေတတ်တာချည်းဖြစ်လို့ ကောင်းတာချည်း ပါပဲ။ဘယ်ဟာကပိုကောင်း သလဲလို့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ “အစားအစာ”ဆိုတာ ဘယ်လောက်ကောင်းမွန်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာပဲဖြစ်စေ၊ စားသုံးသူအတွက်အလွန်ဆုံးတစ်ဘဝ သက်တမ်းပြည့်နေရရုံထက်မပိုပါဘူး၊ တစ်ဘဝသက်တမ်းကုန်ဆုံးပြီဆိုရင်တော့ သူ့အစွမ်းသတ္တိလဲနိဂုံးချုပ်တော့ တာပါပဲ။ ကုသိုလ်တရားကတော့ ဗုဒ္ဓဘာသာဝင် တို့သိထားကြပြီးတဲ့အတိုင်းပဲ “နိဗ္ဗာနဿ ပစ္စယော ဟောတု - နိဗ္ဗာန်ရဲ့အထောက်အကူဖြစ်စေရမယ်” ဆိုတဲ့အတိုင်း သံသရာ ခရီးအဆုံးဖြစ်တဲ့ အရဟတ္တဖိုလ်ပေါက် အနုပါဒိသေသ(ခန္ဓာနာမ်ရုပ်အြွကင်းမဲ့ချုပ်ငြိမ်းတဲ့) နိဗ္ဗာန်အထိ သံသရာ ခရီး တစ်လျှောက်လုံးကောင်းကျိုးပေးတဲ့ တရားဖြစ်လို့ မနှိုင်းယှဉ်နိုင်လောက်အောင် ကောင်းမွန်တဲ့တရားပါ၊ ဘုရားအစရှိတဲ့ အရိယာလောင်းလျှာတို့ ပါရမီတွေဖြည့်ကျင့်ခဲ့တာဟာ အစားနဲ့မဟုတ်ပါဘူး၊ တရားနဲ့ဖြည့်ကျင့်ရတာပါ။

ဒီနေရာမှာလဲ ဗုဒ္ဓဘာသာဝင်တိုင်း ကိုယ့်ကိုကိုယ်ပြန်ပြီးသုံးသပ်ကြည့်ကြပါ၊ တစ်နေ့တစ်နေ့မှာ အစားကိုအနဲ ဆုံးသုံးထပ်လောက်မစားဘဲ နေသူဆိုတာ မရှိသလောက်ရှားပါတယ်၊ တစ်နေ့လုံးဘာမျှမစားရရင်တော့ အိပ်လို့ကိုမပျော်ဘူး ဆိုတာလဲ လူတိုင်းအသိပါပဲ။ အဲ-ကုသိုလ်ကိုကျတော့ တစ်နေ့လုံးနေ လို့ ဘာကုသိုလ်တစ်ခုမှမရသေးဘူးဆိုရင် အိပ်လို့ကိုမပျော်ဘူး ဆိုတဲ့လူက ရှာမှရှားပဲမဟုတ်လား။ တကယ်လို့မိမိကိုယ်တိုင်ကတော့ အဲဒီ “ရှာမှရှား”ထဲ မှာ တစ်ဦး အပါအဝင်ဖြစ်ပြီဆိုရင်တော့ ဘာမှတွေးတော ပူပန်မနေတော့နဲ့ “ငါဟာ အပါယ်ဒုဂ္ဂတိနဲ့ လုံးဝမတန်သူ၊ နိဗ္ဗာန်နဲ့သာ တန်သူဖြစ်ပြီ” လို့ စိတ်အေးကိုယ်ခိုင် ပိုင်ပိုင် ကြီးဆုံးဖြတ်ပါတော့။ သာသနာတွင်းကာလကြီးမှာ ကုသိုလ်ခိုင်သူတိုင်း နိဗ္ဗာန်ကို ရောက်ဖို့လဲ ခိုင်ပြီဆိုတာသေချာပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က ဓမ္မပဒပါဠိတော် အပ္ပမာဒဝဂ်မှာ“အပ္ပမာဒေါ အမတံ ပဒံ-ကုသိုလ်ကိုပြု၊ ကောင်းမှု နဲ့မွေ့၊ သတိမမေ့ခြင်းဟာ မသေရာနိဗ္ဗာန်ကိုရောက်ဖို့အကြောင်း အထောက်အပံ့ကောင်းဖြစ်တယ်”လို့ ဟောတော်မူခဲ့တယ် မဟုတ်လား။

ခုပြောခဲ့တာတွေကို အကုန်လုံးခြုံငုံသုံးသပ်ကြည့်လိုက်တဲ့အခါ ကမ္မဿကတ သမ္မာဒိဋ္ဌိကို အခိုင်အမာဖြစ်အောင်ကြိုး စားပွားများရေးဟာ နိဗ္ဗာန်ကိုရည် မှန်းသူတိုင်းအဦးဆုံး လိုက်နာကျင့်သုံးရမည့်တာဝန်ကြီးဖြစ်တယ်ဆိုတာကို သဘော ပေါက်ကြ မှာပါ။

ဟုတ်ပါတယ်၊ ဒါကြောင့်လဲ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်မှာ ပညာမဂ္ဂင်နှစ်ပါးရဲ့အခြားမဲ့မှာ ကမ္မဿ ကတသမ္မာဒိဋ္ဌိကို အကောင်အထည်ဖေါ်ပြီး လက်တွေ့သရုပ်ဆောင်ကြရမည့် သီလမဂ္ဂင်သုံးပါးကို ဟောကြားတော်မူထား တာပါ၊ သီလမဂ္ဂင် သုံးပါးဆိုတာ -
၁။ ကောင်းမွန်မှန်ကန်တဲ့ ပြောဆိုမှု(သမ္မာဝါစာ)

၂။ ကောင်းမွန်မှန်ကန်တဲ့ ပြုလုပ်မှု(သမ္မာကမ္မန္တ)

၃။ ကောင်းမွန်မှန်ကန်တဲ့ စီးပွားရှာမှု(သမ္မာအာဇီဝ)တို့ပဲဖြစ်ပါတယ်။

ဒီသီလမဂ္ဂင်သုံးပါးကို သေသေချာချာကြည့်မယ်ဆိုရင် ပုံမှန်လူမှုဆက်ဆံရေးနယ်ပယ်နဲ့ စီးပွားဥစ္စာ ရှာဖွေလှုပ်ရှားမှုတို့မှာ လိုက်နာရမည့် လမ်းညွှန်မှု များ ဖြစ်နေတာကိုသဘောပေါက်ကြပါလိမ့်မယ်၊ “ပြောတန်တာပြော၊ လုပ်တန်တာလုပ်၊ သက်ရှင် ရပ်တည်နိုင်ရေးအတွက် စီးပွားဥစ္စာရှာဖွေတန်တာ ရှာဖွေ”ဆိုတဲ့ကိစ္စတွေ ဟာ ဘုရားရှေ့မှာတို့၊ ဓမ္မာရုံရိပ်သာထဲမှာတို့၊ သစ်တစ်ပင်ရင်း ဝါးတစ်ပင်ရင်း၊ ဂူ၊ ချာင်၊ လှိုင်ခေါင်းတို့လိုနေရာ မျိုးမှာ လုပ်ဆောင်ကြရတာ မဟုတ်ပါဘူး၊ လူ့ရပ်လူ့နယ်မှာ လူမူရေးကိစ္စ၊ စားဝတ်နေရေးကိစ္စတွေကိုဆောင်ရွက်ကြရတဲ့ လုပ်ငန်းခွင်နယ်ပယ်အသီးသီးမှာ လုပ်ဆောင်ကြရတဲ့ ကိစ္စတွေ ဖြစ်တယ်ဆိုတာကို အထူးအလေးထား သတိပြုကြစေလိုပါတယ်။

သူလိုကိုယ်လို စိုက်ပျိုးçကူးသန်းçရောင်းဝယ်ဖေါက်ကားဆိုတဲ့ လူမှုနယ်ပယ်မှာလိုက်နာကျင့်သုံးရမည့် တရား တွေဖြစ်ပေမယ့်၊ ဒီတရားတွေ ဟာ ပေါ့သေးသေးလေးတွေမဟုတ်ပါဘူး၊ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်တရားတွေထဲမှာ အခြေခံကျကျပါဝင်နေတဲ့ တရားတွေဖြစ်တယ်ဆိုတာကိုလဲ သတိပြုမိကြဖို့အလွန် ကိုအရေးကြီးပါတယ်။


မေတ္တာများဖြင့်

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)