ဗုဒ္ဓ၏ အဆုံးအမ တရားတို့ကို အနှစ်ချုပ်လျှင် နှစ်ချက်ကို တွေ့ရ၏။ လောက အကျိုး၊ အများ အကျိုး သယ်ပိုးရန်နှင့် မိမိကိုယ်တိုင် လောကမှ လွတ်မြောက်၍ နိဗ္ဗာန် မျက်မှောက်ပြုနိုင်ရန် ဖြစ်သည်။သုမေဓာ ရှင်ရသေ့ဘ၀ကတည်းက နိဗ္ဗာန်သို့ကူးလျှင် ရနိုင်သော်ငြားလည်း လောကအကျိုး သယ်ပိုးရန် လေးသင်္ချေ ကမ္ဘာတသိန်း ဖြည့်ဆည်းခဲ့ပြီး ဘုရားဖြစ်သည့်အခါတွင်လဲ နောက်ဆုံးအချိန်အထိ မရပ်မနားလောကအကျိုး၊ အများအကျိုး သယ်ပိုးခဲ့သည့် မဟာကရုဏာ၊ မဟာစေတနာများကား အံ့ဖွယ်ချီးကျူးဖွယ်ရှိရသည်။
ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲ့သည်မှာ နှစ်ပေါင်း ၂၆၀၀ နီးလာခဲ့ပြီး။ ကြားကာလတွင်ဤကမ္ဘာကြီးသည် ပူသည်လဲရှိ၏။ အေးသည်လဲ ရှိခဲ့၏။ ချမ်းသာသောနိုင်ငံများ ရှိခဲ့သလို မွဲတေနေရသော နိုင်ငံများလဲ အများအပြား၊ အင်အားကြီးသောနိုင်ငံများရှိသလို ကိုယ့်နိုင်ငံကိုယ်မကာကွယ်နိုင်သော နိုင်ငံများလဲရှိ၏။ စစ်သူရဲကောင်း၊ ကြမ်းကြမ်းတိုက်၊ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရာမှ အသိရခဲ့သော အသောက မင်းလို မဟာပုရိသများရှိခဲ့သလို မုန်းတီးစိတ်၊ နာကြည်းစိတ်ဖြင့် နောက်ဆုံးထွက်သက်အထိ လူတွေကို သတ်ပြီးရင်းသတ်၊ ကိုယ့်ကိုယ်ကိုယ်လဲ ပြန်သတ်ခဲ့သော ဟစ်တလာလိုလူမျိုးလဲ မွေးဖွားခဲ့ဖူးသည်။ နှစ်ပေါင်း ၂၆၀၀အတွင်း ကမ္ဘာကြီးသည် အပြောင်းအလဲများစွာ ဖြစ်ခဲ့သည်။ နိုင်ငံများစွာတို့သည်လဲအပြောင်း အလဲများစွာ ဖြစ်ခဲ့သည်။ ကမ္ဘာကြီးက ပြောင်းသည်မဟုတ်၊ သူ့ဝင်ရိုးပေါ်သူလည်၍ နေကိုသာ တနှစ်တကြိမ် ပုံမှန်ပတ်နေပါသည်။ နိုင်ငံအသီးသီးမှာရှိကြသော လူတွေက ပြောင်းလဲနေကြခြင်းဖြစ်သည်။
အထူးသဖြင့်လုပ်ပိုင်ခွင့် ရှိကြသော ဦးဆောင်သူတွေကသာ ပြောင်းလဲနေကြခြင်း ဖြစ်သည်။ အသိနှင့် ပြည့်စုံသောခေါင်းဆောင်တို့က အများအကျိုးအတွက် လောကီဖြစ်စေ၊ လောကုတ္တရာအရဖြစ်စေ တခုခုကို ကောင်းသော လားရာသို့ ပြောင်းလဲခဲ့ကြသလို အသိအားနည်းသော ဟစ်တလာလို အမြင်ကျဉ်းသည့် ခေါင်းဆောင်တို့ကလ လောကီ၊ လောကုတ္တရာ ရှုထောင့်နှစ်မျိုးလုံးမှ လက်ခံနိုင်ဖွယ်ရာ မရှိသော ဆုတ်ယုတ်ခြင်းမျိုးကို ဆောင်ကြဉ်းခဲ့ကြသည်။ လောကသည် အပြောင်းအလဲ အစဉ်တစိုက် ဖြစ်နေသည်။ မည်သို့ပြောင်းလဲသည်ကို ဦးဆောင် သူတို့က ရုပ်လုံးဖော်ကြသည်။
လောကကောင်းကျိုး
ခေတ်သစ်စီမံ ခန့်ခွဲမှုဂုရုကြီး ပီတာဒရက်ကာ (Peter Drucker) ကလဲ သူရေးခဲ့သော စာအုပ်ပေါင်း အုပ်လုံးတွင် လူ့လောက၊ လူ့အဖွဲ့အစည်း ကောင်းကျိုးကိုသာ အနှစ်သာရအားဖြင့် ရေးခဲ့သည်။ ဒရက်ကာက လောကီရှုထောင့် တခုတည်းမှ လောကီချမ်းသာမှုကိုသာဦးတည်၍ ရေးခဲ့သည်။ ဗုဒ္ဓက လောကုတ္တရာ ချမ်းသာမှုကိုပါ ဗုဒ္ဓအမွေအဖြစ် ပေးခဲ့သည်။ လူတွေ အသိတူ၊ အမြင်တူ၊ ရည်ရွယ်ချက် တူလျှင် ဘာဖြစ်မည်နည်း။ ပြောင်းလဲမှုဖြစ်စဉ်သည် တဖက်စွန်းသို့ ရောက်မည်ဖြစ်၏။ ကောင်းလျှင် အလွန်ကောင်း၍ ဆိုးလျှင် အလွန်ဆိုးသော ပြောင်းလဲမှု ဖြစ်စဉ်ကို ပေးပါလိမ့်မည်။ အမှန်သိ သိလျှင် ကောင်းသော ပြောင်းလဲခြင်းများကို ဆောင်ကြဉ်းမည်ဖြစ်သော်လဲ အမှားကို အမှန်ဟုသိလျှင်ကား ဆိုးသောပြောင်းလဲခြင်းများကို ကမ္ဘာလုံးအမျှပြင်းထန်စွာပေးမည်ဖြစ်သည်။ လူတွေ အသိတူ၊ အမြင်တူ၊ ရည်ရွယ်ချက်တူ မဟုတ်ကြပါ။ ထို့ကြောင့် ကမ္ဘာ့အတိုင်းအတာနှင့် မဟုတ်သော်လဲ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာ၌ ဦးဆောင်သူတို့၏ အသွေးအရောင်ပေါ်လိုက်၍ အပြောင်းအလဲများ ဖြစ်ကြပါ၏။
ကမ္ဘာ့အတိုင်းအတာဖြင့်မဟုတ်ဟု ဆိုသော်လဲကမ္ဘာ ဆန်မှုဖြစ်စဉ်အရ သက်ရောက်မှုများကတော့ ဘယ်နိုင်ငံမှလွတ်ကင်းသည် မရှိ၊ များများစံ၊ များများ ခံရ သောနိုင်ငံနှင့် နည်းနည်း စံ၊ နည်း နည်း ခံ ရသောနိုင်ငံအဖြစ်သာ ကွာနိုင်ကြသည်။ အချိန်အခါတခု၏ ဦးဆောင်သူတို့အပေါ် မူတည်၍ အကောင်းအဆိုးတို့ ဖြစ်သွားကြသည်။ ဦးဆောင်သူ အားလုံးမှာ လူထဲကလူ သာဖြစ်၏။
ဗုဒ္ဓအလိုအရ ပုထုဇဉ် ၄ မျိုးကို ခွဲခြား ပေးခဲ့သည်။
အန္ဓဗာလပုထုဇဉ်သည် ဥာဏ်အမြင်လဲ ကန်း၊ မိုက်လဲ မိုက်သူ ဖြစ်သည်။
အန္ဓပုထုဇဉ်မှာ ဥာဏ်အမြင်ကန်းပြီး
ကလျာဏပုထုဇဉ်မှာ သာမန်အတွေးနှင့်ဥာဏ်အမြင်ရှိသူဖြစ်သည်။
ပတ်ဝန်းကျင်၏ ရေခံမြေခံကောင်းမှု၊ ငယ်စဉ်သင်ကြားခဲ့ရသော ပညာ၊ အတွေးအခေါ်မှန်တို့ကို ဆရာကောင်း၊ သမားကောင်းများထံမှ ရရှိနိုင်ခြင်းအပေါ်မူတည်၍ ကလျာဏပုထုဇဉ်တို့မှာ ကောင်းခြင်းဘက်ရောက်နိုင်ခွင့် ရှိသည်။ မိသားစုကို ဦးဆောင်ခြင်းမှ ဧရာမကုမ္ပဏီကြီးများ အလယ်၊ နိုင်ငံများကို ဦးဆောင်ကြသူတို့အဆုံး အရေးကြီး၏။ မည်မျှ မှန်ကန်သောအတွေးအခေါ်၊ အသိအမြင်၊ ပညာများရရှိလာသနည်း ဟူသည့်ပေါ်မှာ ကြီးစွာအခြေခံ၍ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ရလဒ်အဖြစ် မျှော်လင့်နိုင်သည်။
တချို့သောသူများ (ယေဘုယျ အသုံးအားဖြင့်) ပညာများစွာ တတ်ကြ၏။ ပညာတတ်ခြင်းနှင့် စာတတ်ခြင်းကို ကိုယ်တိုင်ပိုင်းခြားနိုင်ကြသောသူများ ရှိနိုင်သော်လဲ အမှန်သိ၊ မသိကိုမူ သူတို့လုပ်ရပ်များဖြင့် တိုင်းတာနိုင်သည်။ အများအကျိုး၊ လောကအကျိုး မည်မျှဆောင်ရွက်နိုင်ခြင်းသည် အခြေခံ စံ တခု ဖြစ်သည်။ တချို့ စိတ်ဓာတ်အထက်တန်းကျသော ပုထုဇဉ်များသည် ကိုယ်ကိုယ်တိုင်လဲ သံသရာမှလွတ်မြောက်ရန်၊ အများအကျိုးလဲပါရန် နိဿရဏ နည်းဖြင့် လေ့လာဆည်းပူးကြသည်။ တချို့ စိတ်ဓာတ်အောက်တန်းကျသော သူများမှာ အများက ကိုယ့်ကိုအထင်ကြီးစေရန်၊ သူတပါးပေါ် ပညာပြရန် အထဂန္ဒူပမာ လေ့လာကြသည်။ စာတတ်ခြင်း တူသော်လဲ ပညာတကယ်တတ်ခြင်း မတူနိုင်ပါ။ ပထမအမျိုးအစား ခေါင်းဆောင်တို့ကို ရရှိခြင်းသည် ကောင်းသော ဆုလာဘ်ကြီးတခုဖြစ်သော်လဲ ဒုတိယအမျိုးအစား ခေါင်းဆောင်တို့ကို ဆရာ အတင်မှားမိလျှင် သံဃာစင်မှောက်မည် ဖြစ်သည်။
ကိုယ်မှတပါး
ဗုဒ္ဓ၏အဆုံးအမတို့သည် လောကမှလွတ်မြောက်ရန် တခုတည်းအတွက်သာ အကျိုးရှိသည် မဟုတ်ဘဲ လောကကြီးထဲ ကျင်လည်နေစဉ်တွင်လဲ အကျိုးကြီး၏။ လောကီ၊ လောကုတ္တရာ အကျိုးနှစ်ဖြာကို ကြီးစွာရ၏။တချို့သော ပညာရှိ၊ ခေါင်းဆောင်ကောင်းတို့သည် မိမိက ပေးကမ်းစွန့်ကြဲ ခြင်း၊ အများ ကောင်းရာမွန်ရာရောက်ရှိခြင်းအပေါ်မှာ ရသ(ပျော်ရွှင်ခြင်း)ကို ရယူသည်။ အထက်မှ အောက်သို့၊ မြင့်ရာမှ နိမ့်ရာ ရေစီးသကဲ့သို့ ဖြစ်၏။ မိမိက ရယူခြင်း၊ အများဒုက္ခ ဆင်းရဲတွင်းရောက်ခြင်းတို့ကို မပြုလုပ်ကြချေ။ ပညာမဲ့လူမိုက်များကား မိမိ ရယူခြင်းတွင် ဥစ္စာပစ္စည်းအရဖြစ်စေ၊ ဂုဏ်ပကာသနအရဖြစ်စေ၊ ရာထူးအရှိန်အ၀ါအရဖြစ်စေ ကြိုးစားလေ့ရှိကြပြီး ၎င်းအပေါ် ရသယူကြသည်။ ဆန့်ကျင်ဘက်ဖြစ်သည်။ ပညာရှိတို့က လောကအကျိုးဆောင်ကြပြီး ပညာမဲ့တို့က လောကအကျိုးယုတ်လျော့စေသည်။ စာရိတ္တ ချို့တဲ့သူ၊ သမာသမတ် မရှိသူ၊ တကိုယ်ကောင်း ဆန်သူ၊ အများအကျိုး ဖျက်ဆီးသူတို့ကို မသေခင်က ¡¥ပုပ်¡¦နေသူများဟု သတ်မှတ်နိုင်သည်။ အဖွဲ့အစည်းတခုတွင် တာဝန်အရှိဆုံးသူမှာ ခေါင်းဆောင်ဖြစ်သည်။ နောက်လိုက်များအပေါ် တာဝန်ပုံ ချ၍မရ၊ တာဝန်ယူခြင်းကို Responsibility ဟုသုံးပြီး တာဝန်ခံခြင်းကို Accountability ဟုပြောပါသည်။
၂၀၀၈ နောက်ပိုင်းလေးလပတ်တွင် ကမ္ဘာ့စီးပွားရေးအခြေအနေ၊ အထူးသဖြင့် ဘဏ္ဍာရေးကဏ္ဍသည် အမှောင်တိုက် ထဲရောက်နေ၏။ ခေါင်းဆောင်လုပ်သူတို့ တာဝန်ခံကြရသည်။ အောက်ခြေကို အပြစ်ပုံချ၍ မရ၊ အမေရိကန်၏ ဘဏ်ကြီးနှစ်ခုဖြစ်သော Freedie Mac နှင့် Fannie Mae တို့ စတင်ပြိုလဲရာမှ ဂယက်က အားလုံးကို ကူးစက် ရိုက်ခတ်သွားခြင်းဖြစ်သည်။ သမ္မတက ထိုဘဏ်ကြီးနှစ်ခုအပေါ် အပြစ်ပုံချ၍ မရ၊ အမေရိကန်နိုင်ငံ အနေဖြင့် သမ္မတမှာ တာဝန်ရှိကြောင်း၊ တာဝန်ယူရသည်။ ကမ္ဘာ့အဆင့်တွင်လဲ အမေရိကန် တနိုင်ငံတည်းကို အပြစ်ပုံ၍ အကျိုးမထူးတော့။ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ ဂျပန်၊ အမေရိကန်၊ တရုတ်စသော အင်အားကြီးနိုင်ငံများစုပေါင်း၍ ဖြေရှင်းရန်သာကြိုးစားကြပြီး အကောင်းဆုံးနည်းလမ်းကိုသာ ရှာဖွေကြရတော့သည်။
သဘောထားပြည့်ဝသူများကား အပြစ်ကို မိမိကိုယ်၌သာ မြင်လေ့ရှိသည်။ သဘောထား မပြည့်ဝသူ၊ သေးသိမ်သူများသည် အပြစ် ဟူသမျှကို မိမိမှအပ သူများကိုယ်၌သာ တွေ့မြင်လေ့ရှိကြပါသည်။ သူတပါးအပြစ်ကိုမြင်လေ့ရှိသူများသည် အာသဝေါတရားများ၍ အကုသိုလ်စိတ်ကြီးသူများဖြစ်သဖြင့် ဘယ်သောအခါမျှ အရဟတ္တမဂ်ကို ရနိုင်သူများ မဟုတ်ကြပါ။ Concept ဟူသော အယူအဆ၊ သဘောထား၊ ခံယူချက်တရပ်သည် တဦး တယောက်အတွက် အလွန် အရေးကြီးသည်။ ငယ်စဉ်က တဦးနှင့်တဦး အကွာအဟသိပ်မရှိခဲ့ကြသော်လဲ ကြီးလာသောအခါတွင်အကွာအဟ လွန်စွာကြီးမားသွားကြရခြင်းမှာ ငယ်စဉ်မှန်သည်ဟု လက်ခံခဲ့သော Concept အရဖြစ်သည်။
ပညာမတတ်လဲ ရပါတယ်ကွာ ဟု ခပ်တိုတိုတွေးကြသူများ ကြီးလာသောအခါ ပင်ပန်းဆင်းရဲကြသည်။ အရာရာကို ရပါတယ်ကွာ ဟု သဘောထားကြသူများ၏ ဘ၀သည် တကယ့်လက်တွေ့တွင် ဆန့်ကျင်ဘက်ဖြင့် ရင်ဆိုင်တိုးကြရသည်။ ဘာမှအလကား ရပါတယ်ကွာ ဖြစ်မလာကြပါ။ ပေါ့ပေါ့တွေးသူများ၏ ဘ၀သည် ခပ်ပေါ့ပေါ့ ဘ၀ရှင် များသာဖြစ်သွားကြသည်ကို တွေ့ရပါသည်။ အောင်မြင်ကြသူများ၊ ဦးဆောင်ကောင်းကြသူများအားလုံး ဘယ်သူမှ ခပ်ပေါ့ပေါ့လုပ်ခဲ့ကြသူများမရှိဟု ယုံကြည်သည်။
တချို့က ပါရမီ ပါလာလို့၊ အတိတ်ကံ ကောင်းလို့ဟု ဆင်ခြေပေးကြ၏။ သဘောထားပြည့်ဝသူ၊ လူတော်များသည် သူများကို အပြစ်မမြင်ဟုဆိုခဲ့သည့် စကားတွင် သက်မဲ့ နှင့် အကြောင်းအရာတို့လဲ ပါဝင်၏။
ပါရမီ ဆိုသည်က အလိုအလျောက် ရောက်လာသည့် ကိစ္စမဟုတ်၊ ကျင့်ကြံရခြင်းမှရလာသော ရလဒ် တခုဖြစ်သည်။ ဘာမှမလုပ်ဘဲ ဘယ်ကမှ ပါရမီ မဟုတ်ပါ။ အတိတ်ကံ ဟု ပြောလျှင်လဲ အတိတ်ကံ တခုတည်းပုံချ၍ ဘာမှမလုပ်လျှင် ဘာမှဖြစ်မလာနိုင်ပါ။ ဗုဒ္ဓက ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးကိုဟောခဲ့သည်။
ကံ တွင် အတိတ်နှင့်ပစ္စုပ္ပန်ကံများ ထပ်ခွဲနိုင်သေး၍ ပစ္စုပ္ပန်ကံအရာပိုင်းကို နားလည်စွာ၊ လိမ္မာစွာ ဖြည့်ဆည်းသင့်သည်။ ကိုယ်လုပ်၍ရသော အလုပ်ဖြစ်၏။ အခြားဝီရိယနှင့် ဥာဏ်အရာကိုလဲ သည်ဘ၀မှာ ဖြည့်ဆည်း ခွင့်ရပါသေးသည့်။ လုပ်ဖို့နှင့် အမှန်ကို မြင်ဖို့၊ လက်ခံနိုင်ဖို့သာ အရေးကြီးပါသည်။
အကောင်းမြင်
တချို့က လောကကြီးနှင့်လူတွေကို အကောင်းမြင်သည်။ ယောနိသော မနသိကာရ ဖြစ်ပြီး ကုသိုလ် တရားဖြစ်ခြင်း၏ အနီးဆုံးအကြောင်းလဲ ဖြစ်သည်။ တချို့က ဘေးထိုင်၊ ဘုပြော၊ ဘယ်တော့မှ အကောင်းမမြင်၊ ဘယ်သူ့မှလဲ အကောင်းမမြင်၊ ကိုယ်က ဘာမှမဟုတ်သော်လည်း ဘယ်သူဘာလုပ်လုပ် အကောင်းမြင် စိတ်အခံ ဆုံးရှုံးနေကြသူများ ဖြစ်သည်။ မည်သို့ဆိုစေ လောကကြီးကို အကောင်းမြင်ရန် သင့်၏။ အကောင်းမြင်နိုင်မှ ကောင်းခြင်းတို့ကိုလုပ်ဖြစ်ဖို့ အခွင့်ရှိလာသည်။ အဆိုးမြင်နေသမျှကာလပတ်လုံး အကောင်းလုပ်ဖြစ်မှု ရောက် လာမည် မဟုတ်ပါ။ အဆိုးမြင်လေ့ရှိသူများသည် တစုံတဦး၏ မကောင်းမှုမြူမှုန်လောက်ကို အမြင်အားသန်လေ့ ရှိကြသော်လည်း မိမိတို့၏ ကြီးမားသော အပြစ်ကိုကား ပြန်မြင်လေ့မရှိကြ၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန် သုံးသပ်နိုင်ရန် အချိန်မပေးနိုင်၊ မပေးလိုကြသူများ ဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့သည် အောင်မြင်စွာဆောင်ရွက်နိုင်ကြရန် အရည်အချင်းအချို့ကို ဖြည့်ဆည်းကြရသည်။ ခေတ်သစ်အရည်အချင်းများကို စီမံခန့်ခွဲမှုဘာသာရပ်၌ ထည့်သွင်းပေးထားကြပြီး ရှေးက ဗုဒ္ဓမိန့်ကြားခဲ့သော အခြေခံအရည် အချင်းများမှာ...။
- ကြာမြင့်စွာ ပြုလုပ်ခြင်း
စိရကာလ ဘာဝနာ
- မရပ်မနား အလုပ်လုပ်ခြင်း
နိရန္တရ ဘာဝနာ
- အကြွင်းအကျန် မရှိလုပ်ခြင်း
နိရ၀သေသ ဘာဝနာ
- ရိုသေလေးစားစွာလုပ်ခြင်း
သက္ကစ္စ ဘာဝနာ
- ပျော်ရွှင်စွာ လုပ်ခြင်း
အဘိရတိ ဘာဝနာ
အကောင်းမြင်ဝါဒရှိခြင်းသည် မင်္ဂလာတပါးဖြစ်သည်နှင့်အတူ ပကတိတရားကို မြင်ခြင်းသည်လဲအရေးပါ၏။ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကြီးသည် ဥက္ကဋ္ဌကြီး မော်စီတုံးအား သြဇာအာဏာ ပေးလိုက်နိုင်သည်ကလွဲ၍ ဘာမှဖြစ်မလာခဲ့။ တိန့်ရှောက်ဖိန် (Deng Xiaoping) လက်ထက် နိုင်ငံ၏အခြေအနေနှင့် ကမ္ဘာ
ကီး၏ ပကတိအခြေအနေတို့ကို အမှန်မြင်သုံးသပ်နိုင်ခဲ့သည့်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မှ
တရုတ်နိုင်ငံကြီး တိုးတက်လာခြင်းဖြစ်သည်။
အလောင်းတော်၏ ဒုက္ကရစရိယာခြောက်နှစ်ကျင့်စဉ်က ဗုဒ္ခ အဖြစ်ရောက်ရှိမသွားခဲ့ပါ။ မည်သို့ဖြစ်စေ ကျင့်ကြံအားထုတ်မှုများက ပါရမီအဖြစ်သို့တော့ ကူးပြောင်းနိုင်ခဲ့ပါသည်။
မဇ္ဈိမ ပဋိပဒါ နည်းလမ်းဖြင့်သာ ဗုဒ္ခအဖြစ်သို့ရောက်ရှိနိုင်မည်ဟူသော အမှန်တရားကိုမြင်ခြင်း၊ လက်ရှိ အခြေအနေ၏ ပကတိအနေအထားကို သုံးသပ်နိုင်ခြင်းတို့ကြောင့်သာ နောက်ဆုံး ဗုဒ္ဓအဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ လူ့သဘာဝအရ လိုချင်တာရနေလျှင် အကောင်းဟုယူဆရသော အခြေအနေဖြစ်စဉ်တွင် မည်သူမျှ ပကတိအခြေအနေကို မဆန်းစစ်မိကြပါ။ နည်းပါးခဲ့သော အတွေ့အကြုံသည် ဆိုးသောအခြေအနေ၊ မိမိ မနှစ်သက်သောအခြေအနေသို့ရောက်သည့်အခါ ပါရမီဖြစ်မလာခဲ့၍ သုံးသပ်ချက်များ အမှန်တရားမှ ယုတ်လျော့နိုင်ပါသည်။
အမေရိကန်၏ဘဏ္ဍာရေး ရုတ်တရက် အဆိုးဘက်တမုဟုတ်ချင်း ရောက်ရှိသွားခြင်းမှာ ဤပေါ်တွင်အခြေခံနေသည်ကို တွေ့ရပါသည်။ လောကသည် ကောင်းခါ၊ ဆိုးတလှည့်ဖြင့် သမိုင်းစာမျက်နှာတို့ကို ဖတ်ချင့်စဖွယ် ဖန်တီးပေးသည်။ ကြမ္မာရဟတ်တို့သည် လှည်းဘီးအရွေ့ဖြင့် အပေါ်မှအောက်၊ အောက်မှအပေါ်သို့ အပြောင်းအလဲတို့ကို ဖြစ်စေ၏။
အပေါ်ရောက်သည့်အခါ မပြင်ဆင်ထားကြသူများ၊ လောကကို ခပ်ပေါ့ပေါ့တွေးတတ်ကြသူများ၊ အောက်ရောက် သည့်အခါ ခါးသီးသောအတွေ့အကြုံတို့ကို ခံစားကြရသည်။ ထိုသို့သော ကောင်းခြင်း၊ ဆိုးခြင်းနှစ်ဖြာကြား ခံစားနေကြရင်းဖြင့် လောကအကျိုး၊ အများကောင်းကျိုးကို ရတတ်သမျှဆောင်ရွက်နိုင်ကြရန် ကြိုးစားဖို့ လိုပါသည်။
ထိုသို့ ဆောင်ရွက်နိုင်မှသာ အနည်းဆုံး လူပီသသောလူ ဖြစ်ချေပါမည်။
နေဇင်လတ် (October 2009)