ရဟန်းနှင့် ဣတ္ထိယတောင်တန်း
ပိုင်စိုးဝေကြီးရဲ့ ကဗျာစာအုပ်အမည်ကိုက “ဣတ္ထိယတောင်တန်း”တဲ့၊ လောကီဆန်လွန်းလှပါပေ့။ မာတုဂါမ အရိပ်တွေ ထင်းထင်းကြီးပေါ်နေပါရောလား။
ဗုဒ္ဓအရှင်နဲ့ ရှင်အာနန္ဒာတို့ရဲ့ ကုသိနာရုံနောက်ဆုံးစကားဝိုင်းမှာ မာတုဂါမအရေးကို ဆွေးနေခဲ့ကြတာ အမှတ်ရမိပါသေးတော့တယ်။ အဲဒီအကြောင်းကို “ကုသိနာရုံဆင်ဖိုနီ” ကဗျာရှည်( ဓမ္မဂင်္ဂါဘလော့ဂ်)မှာ ဒီလို ရေးမှတ်ခဲ့ဖူးရဲ့။
“ရှင်အာနန်မှာ
မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။
ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး
နည်းပေးခဲ့ပါဦးတဲ့
တိုတိုရှင်းမိန့်ဆိုတယ်
“မကြည့်နဲ့ အာနန္ဒာ” တဲ့
“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့
“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။
“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့
“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။”
မူရင်းလေးလည်း ဖော်ပြချင်ပါသေးတယ်။
“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။”
“အဒဿနံ အာနန္ဒ”
“ဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။”
“အနာလာပေါ အာနန္ဒ”
“အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ”
“သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။”
ဒီဓမ္မဒိုင်ယာလော့ဂ်လေးကို အရှင်ဇနကာဘ၀ံသက အဖွင့်ကျမ်းတွေနဲ့ညှိနှိုင်းပြီး ဒီလို ရှင်းပြခဲ့တာပါ။
(၁။ အဒဿနံ။ မိမိ၏ ပရိယတ်ပဋိပတ်တရား၌ စိတ်ဝင်စား၍ ကြိုးစားနေသော ရဟန်းမှာ မာတုဂါမကို မမြင် ရလျှင် လောဘစိတ်လည်း မဖြစ်၊စိတ်လှုပ်ရှားမှုလည်း မဖြစ်၊ မိမိ၏ ပရိယတ်ပဋိပတ်တရားအပေါ်၌သာ စိတ်ဝင် စား၍နေသောကြောင့်“မမြင်ရခြင်း”ကို အကောင်းဆုံးအကျင့်အဖြစ် ပထမစည်းထားတော်မူသည်။ (နဂိုကပင် စိတ်မထိန်းပဲ ကြံချင်ရာကြံနေသူအတွက် မမြင်ရသော်လည်း စိတ်အားဖြင့်သွားနေမည်ဖြစ်သော ကြောင့် မမြင်ရ ရုံမျှကို အကောင်းဆုံးဟု ဆိုမရသေးပါ။)
၂။အနာလာပေါ။ စကားပြောမိလျှင် ရင်းနှီးမှုဖြစ်၏၊ ရင်းနှီးမှုဖြစ်လျှင် စိတ်ဖောက်ပြန်မှုဖြစ်တတ်၏။ ဖောက်ပြန် မှုဖြစ်လျှင် သီလပျက်၍ အပါယ်လေးပါးသို့ ရောက်တတ်သည်။ ထို့ကြောင့်စကားမပြောခြင်းကို အကောင်းဆုံး အကျင့်အဖြစ် ဒုတိယစည်းထားတော်မူသည်။
၃။အာလပန္တေန။ မာတုဂါမက “ဒီနေ့ ဘာနေ့ပါလဲ” ဟုမေးလျှင် ပြန်ဖြေရလိမ့်မည်။“ သီလပေးပါ” ဟုတောင်းလျှင် ပေးရလိမ့်မည်။ “တရားနာလိုပါသည်”ဟု လျှောက်လျှင် တရားစကားပြောရလိမ့်မည်။ ပြဿနာမေးလျှင် ဖြေရလိမ့်မည်။
စကားမပြောလျှင် ကဲ့ရဲ့ခံရ။ ဤသို့ရဟန်းကောင်းများပြုထိုက်သောအလုပ်ဖြစ်၍ စကားမပြောဘဲနေသော ပုဂ္ဂိုလ်ကို“ဒီကိုယ်တော်ကအအကြီးပဲ၊” “ဒီကိုယ်တော်က အထိုင်းကြီးပဲ” ဒီကိုယ်တော်က စားပြီးတော့ ကြိုးနဲ့ တုပ်ထားသလိုထိုင်နေတာပဲ” ဤသို့စသည်ဖြင့် အပြစ်တင်ကာ အကုသိုလ်ဖြစ်စရာရှိ၏။ ထို့ကြောင့် စကား ပြောခွင့်ကြုံလျှင်--
၎။သတိ ဥပဋ္ဌာပေတဗ္ဗာ။ အမိလို့ သတိထားလိုက်၊ အမ နှမလို့ သတိထားလိုက်၊ သမီးလို့ သတိထားလိုက်။ ဤသို့သတိထားနိုင်လျှင် မေတ္တာစိတ်သာဖြစ်ဖို့ ရှိ၏။ ဖောက်ပြန်သောစိတ်ကား မဖြစ်နိုင်တော့။ ထို့ကြောင့် စကားပြောခွင့်ကြုံလာလျှင်သတိထားဖို့ရာတတိယစည်းထားတော်မူသည်။(သုတ်မဟာဝါဘာသာဋီကာ၊ဒု၊၄၅၂။)
(၂)ဒေသနာတော်မူရင်းကို စဖတ်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ ပြာသွားပါတယ်။ မာတုဂါမမကြည့်ရ၊ မာတုဂါမစကားမပြောရ ဆိုတော့လေ။ ဝေးပြီပေါ့။သူ့မှာက ထသွားထလာတယ်လီဖုန်းလေးတစ်လုံးကလည်း ရှိပြန်၊ ဂူးဂဲလ်ချတ်တင်းအကောင့်လေးတစ်ခုကိုလည်း ဖန်တီးထားပြန်ဆိုတော့ ခက်ခက်ရချည်ရဲ့။
မပြောရတော့ဘူးဆိုရင်တော့ ဗာရာဏသီမှာ ခါနာနိမ်း(စားစရာမရှိ)၊ ဂျကာနိမ်း(နေစရာမရှိ)ဖြစ်သွားချေမပေါ့။
မိခင်တွေ အမ နှမတွေနဲ့ စကားပြောရပေဦးမှာ မဟုတ်လား။
ရှင်အာနန္ဒာကို ကျေးဇူးတင်ကာ အခါခါဦးညွတ်မိပါတော့တယ်။ “မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား” တဲ့။ Woh Good Question! ပစ္စည်းလေးပါးအမှီအခိုရှာပြီး သာသနာ့ဝန်ထမ်းနေရတဲ့ ရဟန်းတစ်ပါးအတွက်ကတော့ ဒကာတွေ ကြည်ညိုရုံနဲ့ မပြီးဘဲကိုး။ ဒကာမတွေရဲ့ ယုံကြည်လေးမြတ်မှုကလည်း အရေးကြီးတဲ့ အခန်းက ပါနေခဲ့တာပါ။
( အဟမ်း အဟမ်း ဆွမ်ခံကြွချိန်မှာ ဒကာမကြည်ညိုမှ ဟင်းကောင်းကောင်း စားခဲ့ရတာတော့ သေချာတယ်။ ကိုရင်လေးဘ၀က
ကျောင်းပိတ်လို့ အိမ်ပြန်တဲ့ အခါ အမေက လက်သိပ်ထိုးအပိုဆောင်းလှူလိုက်တဲ့ ငွေစကြေးစလေးလည်း အမှတ်ရမိပေသပေါ့..။)
ဝိပဿနာဒေသနာပြပြီး သံသရာငြီးငွေ့ကြောင်းတရားတွေ ဟောတော်မူခဲ့တဲ့ လယ်တီဆရာတော်ကြီးကိုယ်တိုင်လည်း
အဲဒါကိုတော့ ကောင်းကောင်းသဘောပေါက်ခဲ့လေသပေါ့။ ကမ္မဋ္ဌာန်းဆရာဟာ ကာမဂုဏ်ရဲ့ အပြစ်ကို ထောက်ပြရလေ့ရှိပါတယ်။ ဆရာတော်ဘုရားများနဲ့ အမျိုးသားယောဂီဆရာတွေရဲ့ ကာမဂုဏကထာမှာ မာတုဂါမတွေက ထိပ်တန်းခေါင်းစဉ်အဖြစ်ရှိနေတတ်ပါတယ်။ မိန်းမမှန်သမျှ ရှောင်ကြကွင်းကြ ဖယ်ရှားကြလော့။
အမျိုးသမီးကမ္မဋ္ဌာန်းနည်းပြ ဆိုရင်တော့ ယောက်ျားတွေကို ကာမဂုဏ်ဇယားကွက်ထဲထည့်ပြီး နောက်နားမှာ တော့
“ ရှင်းလင်းဖယ်ရှားရန်” လို့ မှတ်ချက်ပေးထားမယ်ထင်ပါရဲ့။
အဲဒီလိုမှ မဖယ်ရှားချင်သေးဘူး ဆိုရင်တော့ ဘလော့ဂါမိတ်ဆွေနာမည်ကြီး စာရေးဆရာမတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်လို
“ခုတော့ ဒီမှာလေ..
စိတ်လက်ခန္ဓာတွေ… အထပ်ထပ် တုပ်နှောင်ခံထားရ…
ရုန်းမရ… ဖယ်မရ…
တကယ်တမ်းက ပိုးသားမျှင်လေးတွေမျှ…။
ဒါနဲ့ပဲ နောက်ဆုံးတော့...
"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "ဆိုတဲ့
ကြည်အေးရဲ့ သစ္စာသစ်ကိုပဲ သီချင်းလုပ်ဆို...။” ဖြစ်ရချေဦးမပေါ့။
ထားပါ။
လယ်တီဆရာတော်ကြီးရဲ့တရားပွဲတစ်ပွဲကအသံလေးနားထောင်ကြည့်ပါဦး။တရားထောက်တာက အမျိုးသားပါ။
“ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ”
“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား”
“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထဲ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့”
“မှန်ပါ လုပ်သင့်ကြောင့်ပါ”
“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့”
“မှန်ပါ လုပ်ပြီးကြောင်းပါ” (ဆရာဒကာ အတိုင်အဖောက်ညီနေတာပါ။)
“ ကိုင်း ဒကာရေ လှေလုပ်ပြီးရင် မိန်းမမှန်သမျှ ဘုစုခရု မျိုးစေ့ပါမကျန် စုပြုံထည့်ကွာ”
“ထည့်ပြီးကြောင်းပါဘုရား”
“မျှောဖို့ အသင့်ဖြစ်ပြီလား”
“ ဖြစ်ပါပြီဘုရား”
“ဟဲ့ ဟဲ့ နေကြဦး ဒကာတို့ ဒို့များကို ဘယ်သူက ဆွမ်းချက်ကပ်ကြမတုန်းကွယ်။ အိမ်က ဘုရားခန်းမှာ သောက် တော်ရေချမ်းဆီမီးပန်းတွေ ဘယ်သူတွေက ကပ်လှူကြမတုန်းကွယ်။ မောင်တို့ စီးပွားရှာနေတုန်း အိမ်ကို သပ်ရပ်သန့်ရှင်းပြီး သာသာယာယာဖြစ်အောင် ဘယ်သူက ဆောင်ရွက်ကြမတုန်းကွယ်။သားတွေ သမီးတွေ လူချွန်လူမွန်လေးတွေဖြစ်အောင် ဘယ်သူက ထိန်းကျောင်းကြမလဲကွယ် ”
စသည် စသည် ဆရာတော်ကြီးက မိန်းမတွေရဲ့ တန်ဖိုးကို ဟောပါတော့တယ်။
တော်တော်ပိုင်တဲ့ ဆရာတော်ကြီးပေပါ့။ ဒီလိုမှ မဟုတ်ရင် မိန်းမတွေကို မျှောပစ်လိုက်တော့မလို့။ တရား ထောက်တဲ့ ဒကာကလည်း သိသိကြီးနဲ့ မျှောပစ်လိုက်သေးတယ်။ နောက်က ပါရမီဖြည့်ဘက်ကြီးကို လှည့်ကြည့် လိုက်တော့ “ မျှောလိုက် မျှောလိုက်” လို့ လူကြားကောင်းအောင် အချက်ပေးလိုက်လေသကိုး။
ကဗျာဆရာ ဒကာပိုင်စိုးဝေကြီးကလည်း “ဣတ္ထိယတောင်တန်း”တဲ့။ ကျော်လို့လည်း မရ၊ ထားလို့လည်း မရ ဖြစ်နေပါရောလား။
(၃)
ကိုးကွယ်ရာအစစ်ဗုဒ္ဓအရှင်မြတ်ကိုယ်တော်တိုင်လည်း ဘဒ္ဒကဉ္စနာဆိုတဲ့ မာတုဂါမလေးရဲ့ အကူအညီတွေများ စွာ ယူခဲ့ရလေသပေါ့။ ဘဒ္ဒကဉ္စနာဆိုတာ ယသော်ဓရာလို့ ထင်ရှားတဲ့ မိန်မမြတ်ကြီးတစ်ဆူပေပ။ ဒီပင်္ကရာ ဘုရားမြတ်ခြေတော်ရင်းမှာ ၀မ်းလျားထိုးမှောက်လို့ ခန္ဓာကိုယ်ကို တံတားခင်းဆောက်လှူနေရှာတဲ့ လူချော လူလှ သုမေဓာရှင်ရသေ့လေးကို တိတ်တခိုးချစ်မိရာက ပါရမီဖြည့်ဘက်အဖြစ် ဆုတောင်းခဲ့မိလေသကိုး။ လေး သင်္ချေနဲ့ ကမ္ဘာတစ်သိန်းခရီးကြမ်းဆိုတာ သုမေဓာကိုယ်တော်လေးတစ်ပါးတည်း ဖောက်ခဲ့ရတဲ့ ပါရမီလမ်းမှ မဟုတ်တာပဲ။ သုမိတ္တာမာတုဂါမလေးကလည်း ကြာငါးခိုင်ကို ကိုင်ဆွဲပြီး နောက်တော်ပါးက ရဲရဲကြီးလျှောက် ခဲ့ရတာပါပဲလေ။
(မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ''ယသော်ဓရာသာ ယောက်ျားဖြစ်ပြီး ဘုရားဆုပန်မယ်ဆို ဖြစ်နိုင်တယ်ဗျ..သူလည်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်နိုင်လောက်အောင် ဇွဲကြီးတဲ့ မိန်းမပဲ''တဲ့။)
ယသောဓရာမင်းသမီးကိုယ်တိုင် ရဟန္တာထေရီမကြီးအဖြစ် ပရိနိဗ္ဗာန်စံဝင်ခါနီးဆဲဆဲ ဗုဒ္ဓအရှင်မြတ်ကို နောက်ဆုံး ကန်တော့ခြင်းနဲ့ ဓမ္မကဗျာတွေရွတ်ဆိုသီဖွဲ့ပြီး လျှောက်ထားခဲ့တာလေးကိုသာ ကြည်ညိုကြည့်ကြပါဦးတော့။ သံသာလေကမ်းတိုင်ခဲ့ကြပြီဖြစ်တဲ့ ပါရမီဖြည့်ဖက်ကြီးနှစ်ဆူရဲ့ အန္တိမလမ်းခွဲပါပဲ၊ သံဝေဂထက် လွမ်းတောင် လွမ်းမိရသေး။
ပုဗ္ဗာနံ လောကနာထာနံ၊
သင်္ဂမံ တေ နိဒဿိတံ။
အဓိကာရံ ဗဟုံ မယှံ၊
တုယှတ္ထာယ မဟာမုနေ၊
လောကနတ်အဆူဆူထံပါး၊
အရှင်နဲ့ ပေါင်းဆုံညားခဲ့သမျှ ကျွန်မမြင်မိပေါ့။
အကျွန့်မှာ ဆုတောင်းတွေများခဲ့ရ၊
အရှင့်အတွက်သာပ သခင်ဘုရား။
ယံ မယှံ ပူရိတံ ကမ္မံ၊
ကုသလံ သရသေ မုနေ၊
တုယှတ္ထာယ မဟာဝီရ။
ပုညံ ဥပစိတံ မယာ။
အကျွန်ဆည်းပူးခဲ့တဲ့ ကံ၊
ကောင်းမှုမှန်သမျှ သတိရပါ အရှင်။
အရှင့်အတွက်သာပဲပ သခင်၊
အကျွန်ကောင်းကျိုး ပြုခဲ့ပြီ။
အဘဗ္ဗဋ္ဌာနေ ၀ဇ္ဇေတွာ၊
ဝါရယိတွာ အနာစာရံ။
တုယှတ္ထာယ မဟာဝီရ၊
သဉ္စတ္တံ ဇီဝိတံ မယာ။
မလျော်တာ ကြဉ်ဖယ်၊
မဖွယ်ရာတာ မခင်တွယ်ဘဲ၊
အရှင့်အတွက်သာပဲပ သခင်၊၊
အကျွန်အသက်ကိုလည်း စွန့်ခဲ့ ပြီ။
နာနာဝိဓံ ဗဟုဒုက္ခံ၊
သံသာရေစ ဗဟုဗ္ဗိဓေ။
တုယှတ္ထာယ မဟာဝီရ၊
အနုဘုတ္တံ အသင်္ခယံ။
အမျိုးမျိးသော ဆင်းရဲ
သံသာဝဲအဖုံဖုံမှာ၊
အရှင့်အတွက်ပဲပ သခင်၊
အကျွန်ခံစားခဲ့ဖူးပါပြီ။
သုခပ္ပတ္တာနုမောဒါမိ၊
န စ ဒုက္ခေသု ဒုမ္မနာ။
သဗ္ဗတ္ထ တုလိတာ ဟောမိ၊
တုယှတ္ထာယ မဟာဝီရ။
သခင်လန်းတော့ ကျွန်မ ပျော်၊
ဆင်းရဲသော်လည်း ၀မ်းမနည်း။
အရာအားလုံးမှာ အတူတူပဲ ဖြစ်ခဲ့။
အရှင့်အတွက်သာပ သခင်ဘုရား။
ယသော်ဓရာထေရီရဟန္တာမကြီးရဲ့ ဓမ္မကဗျာကောက်နှုတ်ချက်အချို့ပါ။ မူရင်းအတိုင်းကြည်ညိုချင် သူများက တော့ ထေရီအပါဒါန်ပါဠိတော်အရိပ်သာ ခိုကြပေရော။ ဗုဒ္ဓအရှင်ကလည်း ယသော်ဓရာထေရီကို ဒီလို ကောင်းချီး ပေးတော်မူခဲ့ပါတယ်။
ဥပကာရာစ ယာ နာရီ၊
ယာ နာရီ စ သုခေ ဒုခေ။
အတ္ထက္ခာယီ စ ယာ နာရီ၊
ယာ စ နာရီ နုကမ္ပိကာ။
( ယသောဓရာသည်)
ကျေးဇူးလည်း ပြုတတ်ပေသော မိန်းမမြတ်၊
ချမ်းသာ ဆင်းရဲ သံသာဝဲမှာ လက်တွဲမဖြုတ်ခဲ့သော မိန်းမမြတ်၊
အကျိုးဖြစ်ရန် မှန်သာစကားကိုသာ ဆိုပေသော မိန်းမမြတ်၊
အမြဲအစဉ်သာ စောင့်ရှောက်ရှာသော မိန်းမမြတ်ပေတည်း။
အော် ဣတ္ထိယတောင်တန်းပေတကား။
ဓမ္မဂင်္ဂါ
(ဣတ္ထိယတောင်တန်းမှာ စခန်းချခြင်း လို့ ရေးခဲ့ဖူးတာလေးပါ.. ခုတော့ ရဟန်းနှင့် .....စာစဉ်လေးစုချင်တာနဲ့ ပြန်မျှဝေဖြစ်တာပါ) ဆရာတော် ဓမ္မဂင်္ဂါ၏ စာစုကို ပြန်လည်မျှဝေပါသည်။