Saturday, August 6, 2011

မြင်းလိုလူ

မြင်းလိုလူ

ရန်ကုန်လိုမြို့လို နေရာမှာ မြင်း(၄)ကောင် ရှိတယ်ဟု ဆိုလျှင် အလွန် အံ့သြကြပေလိမ့်မည်။ တိရိစ္ဆာန်ရုံထဲမှာ ဖြစ်မှာပေါ့ဟုလည်း စဉ်းစားကောင်း စဉ်းစား ကြပေမည်။ မဟုတ်ပါ။ တာမွေလေး ရပ်ကွက် သိင်္ဂီရွှေဝါလမ်း၊ ကောဝိဒါရာမ ကျောင်းတိုက်တွင် မြင်း(၄)ကောင် အမှန်တကယ် ရှိနေပါသည်။

ကျွန်တော် ကောဝိဒါရာမကျောင်းတွင် ခေတ္တနေထိုင်ခွင့်ရစဉ်ကဖြစ်ပါသည်။ ကျောင်းထိုင် ဆရာတော်ဦးကောဝိဒသည် အသက်(၇၀)ကျော် သည့်တိုင် အလွန်သွက်လက်ဖျတ်လတ်ဆဲ၊ ကိုယ်တိုင်အလုပ်လုပ်နေဆဲ ဖြစ်ပါသည်။ အလွန်ဖြောင့်မှန်ပြီး ဟောဟောဒိုင်းဒိုင်း ရှင်းရှင်းဘွင်းဘွင်း ပြောဆိုတတ်သည့် ဆရာတော်ဖြစ်ပါသည်။ ဆရာတော်၏ကျောင်းဝင်းတစ်လုံး အလွန်သန့်ရှင်းသပ်ရပ်ပြီး အမှိုက်ဆို၍ တစ်စတလေတောင်မရှိဟု ဆိုနိုင်လောက်အောင် သန့်ရှင်းပါသည်။ ဆရာတော်အား ကြည့်လိုက်လျှင် တစ်ခုမဟုတ် တစ်ခု အမြဲလုပ်နေတတ်ပါသည်။

“ဒကာ စာရေးဆရာ..ကိုယ်ယူလာတဲ့ အမှိုက်ကို ကိုယ်တိုင်ရှင်း၊ တွေ့ရာမှာ အမှိုက်မပစ်ပါနဲ့။ ကိုယ့်အမှိုက်ကလည်း သူများအမှိုက် မဖြစ်စေပါနဲ့။ ကိုယ့်အမှိုက်က သူများကိုလည်း မထိခိုက်စေရဘူး ဒကာရဲ့” ဟု ဆရာတော်က ပြောပါသည်။ ဆရာတော်၏ စကားကြောင့် ကျွန်တော် အံ့သြသွားရပါသည်။ အသိလည်း လင်းသွားရပါသည်။

‘ကျွန်တော်တို့ အားလုံး ကိုယ့်အမှိုက်ကိုရှင်းကြပါသလား။ မရှင်းကြသည့်အပြင် တွေ့ရာအမှိုက်တွေနဲ့ ရှုပ်ထွေးနေကြပါရောလား။ သူများ အမှိုက်ကိုရော ကူညီရှင်းပေးဖူးရဲ့လား။ ရှင်းပေးဖို့ရော လိုသလား’ စသည်ဖြင့် တွေးနေမိပါသည်။ ဆရာတော် က ဆက်လက်၍..

“ဒကာလို..စာရေးဆရာတွေက ပိုသိရမှာပါ။ ပိုပြီးဂရုစိုက်ရမှာပေါ့။ ဘုန်းဘုန်းလည်း ကိုယ့်အမှိုက်ကိုယ်ရှင်းနေရတယ်။ သူများအမှိုက်ကို ရှင်းမပေးနိုင်ရင်တောင် ကိုယ့်အမှိုက်ကိုယ်တော့ ရှင်းရမှာပဲ ဒကာတော်.. ”

ကျွန်တော် အမှုမဲ့အမှတ်မဲ့ ပစ်လိုက်မိသည့်ကျွတ်ကျွတ်အိတ်ခွံလေးကို ပြန်ကောက်ပြီး အမှိုက်ခြင်းထဲ ထည့်လိုက်ပါသည်။ ဘာမှ မဟုတ်သည့် သာမာန် အမှိုက်စ တစ်စ ဆိုလင့်ကစား… တစ်ဘ၀လုံးနှင့် ဆက်နွယ်စဉ်းစားကြည့်လျှင် …….။

ဆရာတော်သည် ရေပိုက်နှစ်ချောင်းကိုဆက်၍ ကျောင်းဝင်းကို ရေဖြန်းရန်လုပ်နေပါသည်။ ‘ဆရာတော်တောင် အလုပ်လုပ်နေတာပဲ ၊ ငါလည်း တစ်ခုခုတော့ လုပ်ကူမှပဲ ‘လို့ စဉ်းစားမိသည်။ ထို့ကြောင့် ဆရာတော်အား..

“ဘုန်း ဘုန်း တပည့်တော် ဘာလုပ်ရမလဲ ဘုရာ့ “ဟု လျှောက်တင်လိုက်ပါသည်။ ထိုအခါ ဆရာတော်က..

“ဘာမှ လုပ်စရာမလိုဘူး ဒကာ။ ဒကာ လုပ်စရာရှိတာကိုသာလုပ်ပါ။ ကိုယ်လုပ်ရမယ့် အလုပ်ကိုသာ ပြီးအောင်လုပ်ပါ။ ကိုယ့်အလုပ်ကို ပစ်ထားပြီး တစ်ခြားဘာမှမလုပ်ပါနဲ့။ လုပ်ရမယ့်အလုပ်တာဝန်ကို ကောင်းအောင်လုပ်ပါ”ဟု မိန့်ကြားပြီး ဆရာတော်သည် ရေဖြန်းသည့်အလုပ်ကို ဆက်လက်လုပ်နေပါသည်။

ဆရာတော်တစ်ပါးတည်း အလုပ်လုပ်နေသည် မဟုတ်ပါ၊ အခန်းနေဦးဇင်း ဦးစန္ဒိမာ၊ ဦးကေတုနှင့် အခြားဦးဇင်းများ၊ ကိုရင်များလည်း အလုပ်ကိုယ်စီ လုပ်ဆောင်နေကြပါသည်။

ကျွန်တော် ဆရာတော့်ကျောင်းတွင် နှစ်လ ကျော်ကျော်နေထိုင်ခဲ့သည့်အတွင်း ကဗျာအနည်းငယ်၊ ဘာသာပြန်ဝတ္ထု နှစ်ပုဒ်၊ ပင်ကိုယ်ရေးဝတ္ထု နှစ်ပုဒ်သာ ရေးသားနိုင်ခဲ့ပါသည်။ တကယ်တမ်းရေးမည်ဆိုလျှင် ထိုအရေအတွက်ထက် များစွာပို၍ ရေးနိုင်သော်လည်း ပျင်ပျင်းနေတတ်သည့် ကျွန်တော့် အကျင့်ကြောင့် မရေးနိုင်ခဲ့ပါ။

တစ်နေ့တွင် ကျွန်တော်သည် သံဃာတော်များရေချိုးသည့် ရေချိုးခန်းကို ဆေးသုတ်ပေးပြီး ကုသိုလ်ယူနေပါသည်။ ထိုအချိန်တွင် ဆရာတော် ကျွန်တော့်အနီး ကြွရောက်ကြည့်ရှုရင်း..

“လောကကြီးမှာ မြင်း(၄)ကောင်ပဲရှိတယ် ဒကာရဲ့။ ပထမမြင်းက လှည်းဆွဲဖို့ဝန်သယ်ဖို့ လှည်းမှာတပ်လိုက်တယ် ဆိုရင်ပဲ အဲဒီမြင်းဟာ သူ့တာဝန် သူ့အလုပ်ကို သိတယ်။ မနေမနားမခိုမကပ် ရုန်းကန်ပြေးဆွဲတယ်တဲ့။

အဲ ဒုတိယမြင်းကတော့ ပထမမြင်းလိုမဟုတ်ဘူးတဲ့။ ကြာပွတ်သံလေး ပေးမှ၊ တစ်ချက်နှစ်ချက်ရိုက်လိုက်မှ လှည်းကိုဆွဲတယ်တဲ့။ သူလုပ်ရမယ့်တာဝန်ကို ကျေပြွန်ဖို့ တက်တက်ကြွကြွမရှိတဲ့သဘောပေါ့။

တတိယမြင်းက တော့ ရိုက်နှက်ရုံတင်မကဘူး၊ ဆဲဆိုကန်ကျောက်မှ လှည်းဝန်ကို ရုန်းဆွဲသတဲ့။ ဒီတတိယမြင်းက သူ့အလုပ်တာဝန်ကို မထမ်းဆောင်ချင်တဲ့ သဘော၊ တာဝန်ကို ငြင်းဆန်တဲ့ သဘောပေါ့။

ဒါပေမယ့် စတုတ္ထမြင်းကတော့ ရိုက်နှက်ကန်ကျောက်ဆဲဆိုတာတောင် မပြေးမဆွဲဘူးတဲ့။ သံချွန်နဲ့ ထိုးဆွ မောင်းနှင်မှ၊ အရိုးထိအောင်နာကျင်မှ ၀န်လှည်းကို ရုန်းဆွဲသတဲ့။ ဒါ အင်္ဂုတ္ထိုရ် ပါဠိတော်မှာပါတယ်။

ဒီလိုပဲပေါ့ ဒကာစာရေးဆရာရဲ့… ဘုန်းကြီးဖြစ်ဖြစ်၊ လူဖြစ်ဖြစ် သူ့တာဝန်သူ့အလုပ်တွေရှိတယ်။ ဘုန်းကြီးဖြစ်လို့ ဘုန်းကြီးတာဝန်၊ ဘုန်းကြီးအလုပ်၊ ဘုန်းကြီးသိက္ခာ၊ ဘုန်းကြီးဝိနည်းတွေ လိုက်နာစောင့် ထိန်းရမယ်၊ ကျင့်ကြံရမယ်၊ အားထုတ်ရမယ် မဟုတ်လား။ အဲဒီလိုပဲ လူတွေ လုပ်ရမယ့်အလုပ်၊ တာဝန်နဲ့ ၀တ္တရားတွေ ရှိတယ်မဟုတ်လား။ အဲဒီလိုမှ မဟုတ်ရင် စတုတ္ထမြင်းနဲ့ ဘာထူးမှာလဲ။ ဒါကာတို့ လူတွေမှာလည်း စတုတ္ထမြင်းလိုလူတွေ အများကြီးပဲ။ ကိုယ်လုပ်ရမယ့်အလုပ်၊ ကိုယ်လုပ်ရမယ့် တာဝန်၊ ကိုယ့်ဝတ္တရားတွေ ပျက်ကွက်ပြီး သံချွန်နဲ့ အထိုးခံဖို့ စောင့်နေသူတွေ အများကြီး၊ အများကြီးပါ။ ဘုန်းဘုန်းကတော့ ရှင်းတယ်။ ကိုယ့်အလုပ်ကို ကိုယ်လုပ်တယ်။ ကိုယ့်အလုပ်မဟုတ်တဲ့အလုပ် လာလုပ်တတ်တဲ့လူတွေကိုလည်း ပြောလွှတ်လိုက်တာပဲ။ ပြောလို့မှ နားမလည်ရင် ဆဲသိုလိုခပ်ကြမ်း ကြမ်းပြောပစ်လိုက်တာပဲ။ ဒါမှ ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ကို သူတို့ ကိုယ်တိုင်ရုန်းဆွဲကြမှာကိုး”

ဆရာတော်၏ စကားလုံးသံချွန်သည် ကျွန်တော့ကျောပေါ်ကို တည့်တည့်ထိုးစိုက်လာသည်ဟု ခံစားမိလိုက်ပါသည်။ ကျွန်တော်ရော ကျွန်တော့်တာဝန်ကို ကျေပြွန်နေပြီလား၊ လုပ်ကိုင်ရဲ့လား၊ တာဝန်က ရှောင်ဖယ်နေတာလား စသည်ဖြင့် စဉ်းစား မိလာပါသည်။ တစ်ဆက်တည်း ဆေးသုတ်နေရာမှ (စုတ်တံနှင့် ဆေးပုံးကို ခဏချထားပြီး)ဆရာတော်အား လှိုက်လှဲကျေနပ် ၀မ်းမြောက်စွာ ရှိခိုးလိုက်ပါသည်။

“တပည့်တော် ပထမမြင်းဖြစ်အောင် ကြိုးစားပါတော့မယ်ဘုရား” ဟု စိတ်ထဲက လျှောက်တင်လိုက်ပါသည်။ ဆရာတော်ကား သူလုပ်စရာ အလုပ်ကို လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။

နိုင်စွမ်း