ပြောင်းလဲသွားသည့် လဝန်းများ
(၁)
လ၀န်းတစ်ခု၏ အလှ၊ လ၀န်းတစ်ခု၏ အရသာကို အရှိန်ဝါတွေကြီးသည့် မြို့ကြီးပြကြီးများတွင် ခံစားနိုင်ဖို့ မလွယ်လှ။ လျှပ်စစ်မီးများက လူသားများ၏ ရှင်သန်ခွင့်ကို ကြီးမာစွာ ထောက်ပံ့ပေးနေလင့်ကစား လ၀န်းတစ်ခု၏ တောက်ပမှုကို အမှောက်အဖျက်ပြုနေသည်။ သည်အရာကို ကြည့်လိုက်ကတည်းက ဘယ်အရာမဆို ဘေးထွက်ဆိုးကျိုး အနည်းနှင့် အများ ရှိနေတတ်သည်ဟု နားလည်မိသည်။
သူ လျှောက်လာသည့်သည့် လမ်းသည် လျပ်စစ်အလင်းမရှိ။ ပကတိအလှတရားဖြစ်သည့် ပုရစ်သံများ၊ လရိပ်ဖြာနေသည့် သစ်ရွက်များ။ မဆိုစလောက် တိုက်ခတ်နေသည့် လေညှင်းသဲ့သဲ့များ။ ဒါပဲ ရှိသည်။ သူ လမ်းလျှောက်ရင်းဖြင့် ယခင်နှစ်က လ မင်းကို သတိရမိသည်။ ဟုတ်သည်။ ယခင်နှစ်က လမင်းနှင့် ယခုလမင်း လုံးဝမတူ ကွဲပြားခြားနားလျက်ရှိသည်။ တူသည်ဆို၍ လ သည် နေအရှိန်ကြောင့် လင်းရတာခြင်း တစ်ခုပဲ ရှိသည်။ ကျန်သည့်အချက်များက လုံးဝကွဲပြားခြားနားနေသည်တကား။
(၂)
လေတဟူးဟူးတိုက်နေသည့် တောင်ခြေ။ ကုသိုလ်တွေးဖြင့် လှုပ်ရှားနေသော လက်များ၊ခြေများ၊ နှုတ်များ။ မပီဝိုးတစ်တ၀ါး ကြားနေရသည့် သစ်ပင်များပေါ်က ငှက်တေးသံများ။ ပတ်ဝန်းကျင်ကို သူ သတိမထားမိ။ သူသတိထားမိသည်က ကောင်းကင်ပြာပြာနောက်ခံကားပေါ်က လပြည့်ဝန်း။ သူ သည်လိုနေရာမျိုးကနေ သည်လို လ၀န်းကြီးကို ကြည့်ခွင့်ရခဲ့လိမ့်မည်ဟု နည်းနည်းလေးမျှ စိတ်မကူးခဲ့စဖူး။ တကယ်သူရောက်နေသည့် နေရာလည်း ကြည့်ပါဦး။ သူ့လို တောသား တောင်သူလယ်သမားသားတစ်ယောက် လာရောက်ဖို့ စိတ်မကူးနိုင် သည့် နေရာ။ အမေရိကားတဲ့။ ကာလဖိုးနီးယားတဲ့။ လောစ်အိန်ဂျလစ်တဲ့။ သည်နာမည်တွေကို စာအုပ်တွေထဲ သတင်းစာတွေထဲမှာပဲ သူဖတ်ခဲ့ဖူးသည်။ အခုတော့ စာအုပ်တွေ သတင်းစာတွေထဲမှာသာ ဖတ်ခဲ့ဖူးသည့် နေရာများကနေ လပြည့်ဝန်းကို ကြည့်ခွင့်ရနေသည်ကိုပဲ ကိုယ့်ကိုယ်ကို အံ့သြနေမိသည်။ ပြီးတော့ သူ မကြာမကြာ ကြုံးဝါးလေ့ရှိခဲ့သော ‘ ရွာပြန် နွားကျောင်းမယ် ဟူသော စကားလေးကို ပြန်တွေးရင်း ကိုယ့်ကိုယ် ကို ပြန်ပြုံးနေမိသည်။ ရွာပြန်နွားကျောင်းဖို့ အိပ်မက်မက်ထားသူက ဘာကြောင့်များ သည်လိုနေရာကို ရောက် လာပါလိမ့်ဟူသော အတွေးတစ်စကို ကိုယ်ဘာသာကိုယ် ဆွဲနေမိသည်။
(၃)
တကယ်တော့ သူသည် သာမာန်အညတရရဟန်းတစ်ပါးသည်ဖြစ်သည်။ သူ့မှာ ပြည့်စုံသည့်အရာဆို၍ မပြည့်စုံမှုတစ်ခုကလွဲ၍ ဘာမျှမရှိ။ စာချတန်းမအောင်သေးသဖြင့် ပညာရေးမပြည့်စုံ။ နောက်ဆုံးအဆင့်မှာမှ သာမဏေကျော်ဘွဲ့မရခဲ့သဖြင့် လူရိုသေရှင်ရိုသေလည်း မဖြစ်။ တက်လက်စ တက္ကသိုလ်ကလည်း ဘီအေဘွဲ့လေးတောင် မရခဲ့။ တတိယနှစ်နှင့် ကျောင်းထွက်ခဲ့သည်။ အခြားရဟန်းတော်များလို ဘုန်းကံဆိုတာလည်း ဝေလာဝေး။ သူ့မှာ မပြည့်စုံမှုအပြင် အခြားတစ်ခုတော့ ရှိသေးသည်။ သူက နေ့စဉ် ပဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဖတ်ပူဇော်ခြင်း အာစိဏ္ဏကံကုသိုလ်ပင်ဖြစ်သည်။ ၂၀၀၇ နှစ်ကုန်တော့ မြန်မာပြည်မှာ သူ့အတွက် နေစရာကျောင်းမရှိခဲ့။ ကိုယ့်ရွာကိုယ်ပြန်နေမယ်ဟု စိတ်ကူးပြန်တော့ အခြေအနေက ထင်သလောက်မဟန်။ သို့ဖြင့် မဟာရန်ကုန်မှာ ရှိသည့် သူငယ်ချင်းဦးဇင်းများကို အပူကပ်ပြီး တစ်ကျောင်းကို ၀ါဆိုသံဃာစာရင်းပြ။ နောက်တစ်ကျောင်းကို ၀ါဆိုသံဃာစာရင်းမပါဘဲ လူရုပ်ပြ။ သည်လိုနှင့် ၀ါတွင်းသုံးလပတ်လုံး လွယ်အိပ်တစ်လုံးလွယ်။ အင်္ဂလိပ်စာသင်တန်းလေး ပြေးလိုက်။ ၀ါသနာတူတွေစုရာ ၃၃လမ်းက လေထန်ကုန်းဆိုတာကို ပြေးလိုက်နှင့် ဖိနပ်ပေါ်ဝါဆိုယ်တယ်ဟု ပြောယူရလောက်အောင် ၀ါတွင်းသုံးလ အချိန်တွေ ကုန်သွားခဲ့ရသည်။ ဆရာမြသန်းတင့်ဘာသာပြန်ထားသည့် လေလွင့်သူဆိုသည်ကို အတုလိုက်ပြောရလျှင် လေလွင့်ပဉ္စင်းဟု ပြော၍ ရမည်ထင်မိသည်။ သည်လိုနေရင်းမှ ကံကောင်းထောက်မစွာ ရွာကူးလက်မှတ် (Passport) လေးကိုင်ပြီး ရွာ့အပြင်ထွက်ဖြစ်ခဲ့သည်။ သူငယ်ချင်းများနှင့် ချက်တင်ထိုင်ရင်း သူတို့က ဒီဗွီကံစမ်းမဲထိုးဟု ပြောကြသည်။ သူက ဒါတွေ ဘာမှမသိ။ အသိမိတ်ဆွေ http://www.yanaung.net ဘလော့ဂါကိုရန်အောင်ကို မေးလ်ပို့မေးကြည့်တော့ သူက ညွှန်သဖြင့် ဒီဗွီထိုးခဲ့သည်။ နောက်တော့ ဒီဗွီဗီဇာကံစမ်းမဲ အရွေးခံခဲ့ရသည်ပဲ ဆိုပါတော့။
(၄)
ဒီဗွီပေါက်သည်ဟု စသိလိုက်ကတည်းက သူ့မှာ ပြဿနာတွေက တစ်ပုံတစ်ပင်။ ရဟန်းတော်များ ဒီဗွီပေါက်ဖူးကြပါသလား။ မသိ။ လက်လှမ်းမီသလောက် မကြား။ အခြားနိုင်ငံတွင် ပညာသင်ရင်း ပေါက်ကြသည့်ရဟန်းတော်များကိုတော့ ကြားဖူးသည်။ မဟာရန်ကုန်ကနေ ပေါက်သူမရှိ သလောက်ဖြစ်နေသည်။ သည်ဗီဇာကိစ္စကို မည်သူ့ထံ နည်းခံရမည်ကို မသိသည့်အဆုံး ကိုယ့်ဘသာကို အကောင်းဆုံးပြင်ဆင်၊ သူငယ်ချင်းများကို မေး။ နေ့စဉ်ပဌာန်းရွတ်။ သည်လိုဖြင့် သံရုံးက အင်တာဗျူးခေါ်သည့်စာကို လက်ခံရသည်။ အင်တာဗျူးသွားလျှင် ငွေကလည်း ဒေါ်လာ(၇၅၀) သွင်းရမည်။ ပြန်မရ။ ဗီဇာရသည်ဖြစ်စေ မရသည်ဖြစ်စေ ပြန်မရဆိုတော့ သူ့လို တောသား ဘုန်းကံနည်းပါးသည့်ရဟန်းတစ်ပါးအနေဖြင့် တော်တော့ကို စွန့်စားရသည့်အလုပ်ဖြစ်သည်။ တိပိဋကမဟာဂန္ဓာရုံဆရာတော်ကတော့ မိန့်တော်မူခဲ့သည်။ စွန့်မှ စားရမယ်တဲ့။ ဟုတ်တာပေါ့။ တစ်ခုလိုချင်ရင် တစ်ခုတော့ စွံ့ရတော့မှာပေါ့။ အရင်းအနှီးဆိုတာ ရင်းမှ နီးတာကွဟု သူငယ်ချင်းတစ်ပါးကလည်း ပြောခဲ့ဖူးသည်။ လေးစားရသည့်ဆရာသမား၊သူငယ်ချင်းများ၏ အဆုံးအမ၊ အကြံပေးမှုများကို တွေးဆရင်း။ တစ်နေ့ကို ပဌာန်းပစ္စနိဒ္ဒေသ (သုံး)ခေါက်ရွတ်ဆိုပူဇော်ဖြစ်ခဲ့သည်။ ရှင်တော်မြတ်ဘုရား၏ အာဝေဏိက(သီးခြား)ဂုဏ်တော်များအပါအ၀င် ဂုဏ်တော်များကို ပွားများဖြစ်သည်။ လိုရင်းပြောရလျင် ကံကောင်းထောက်မစွာ ဗီဇာရခဲ့သည်။ တချို့ကတော့ တော်တော်ကံကောင်းတာတဲ့။ သည်လို သင်္ကန်းအ၀တ်နဲ့ မကြားဘူးဘူး မတွေ့ဘူးဘူးတဲ့။ သူတို့က ကံကောင်းတာသာ မြင်ကြဟန်တူသည်။ ကံကောင်းအောင် စွန့်ခဲ့ရသည့် ရင်းခဲ့ရသည့် ကာလများ။ ငွေကြေးများ။ ကုသိုလ်ကောင်းမှုများကိုတော့ ထည့်တွက်ကျဟန်မတူ။ ထားတော့။ သူ ရင်ခုံအံ့သြကြည်ညိုရသည်က ပဌာန်းဒေသန်ာတော်ကြီိး၏ ကျေးဇူး။
နောက်တစ်ခုက သူ့လို ပါမွှား သာမာန်ဦးပဉ္ဇင်းလေးတစ်ပါးက သူ့ရွာအတွက် ရန်ကုန်မှာ ခြေသလုံးကျောင်းတိုင် (ခြေသလုံးအိမ်တိုင်မဟုတ်ပါ)ပြု ၀ါဆိုရင်း http://www.twintaung.com စာကြည့်တိုက်တစ်တိုက် ဖန်တီးနိုင်ခဲ့သည်။ သူ စာကြည့်တိုက်ကိစ္စများ ဆောင်ရွက်နေစဉ်အတွင်း ပဌာန်းဒေသနာတော်ကြီးကို နေ့စဉ်ပူဇော်မှုလုံးဝမပြတ်ခဲ့။ အခုဆို သည်စာကြည့်တိုက်သည် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)စသည့် စာရေးဆရာများဖြင့် စာပေဟောပြောပွဲ ကျင်းပပေးနိုင်ခဲ့သလို စာအုပ် ငါးထောင်ခန့်၊ ဓမ္မတရားဒီဗွီဒီများ၊ စာဖတ်အသင်းဝင် (၂၇၀)ခန့်ဖြင့် စည်ပင်တိုးပွားနေသည်။ သည်အဖြစ်သည်လည်း သူ့ဘာသာ ကံကောင်းထောက်မစွာ ပြီးစီးအောင်မြင်ခဲ့ခြင်းမဟုတ်။ ရပ်ရွာ၏ ညီညွတ်မှု၊ ရပ်ရွာဆရာ၊ တပည့်သံဃာများ၏ ညီညွတ်မှုအပြင် ဦးဆောင်သူတို့၏ နေ့စဉ်ပူဇော်နေခဲ့သည့် မဟာပဌာန်းတော်ကြီး၏ အရှိန်အ၀ါတွေ ပါသည်။ အံ့သြကြည်ညို ဖွယ် မကုန်သည့် မဟာပဌာန်းဒေသနာတော်ကြီးပါပေ။
(၅)
“ဦးပဉ္ဇင်းလေး ဘာတွေတွေးနေတာလဲ”
အသံလာရာ ငဲ့ကြည့်လိုက်တော့ မိတ်ဆွေဦးပဉ္ဇင်းလေးတစ်ပါး။ “သည်လိုပါပဲ ဦးဇင်းရယ်။ ယခင်နှစ်က ဒီနေ့ဒီအချိန်မှာ ဒီလမင်းကို ကြည့်ခဲ့တုန်းက အမေရိကန် လောစ်အိန်ဂျလိစ်က အဇူဇာကျောင်းပဌာန်းပွဲမှာ။ အခုတော့ တကယ့်တောခြေလေးက လမ်းဘေးတစ်နေရာမှာဆိုတော့။ ပြောင်းလဲခြင်းသဘောသဘာဝတွေ၊ ပဌာန်းဒေသနာတော်ကြီးနဲ့ ကိုယ်နဲ့ ပတ်သက်ဖူးတာတွေ ပြန်တွေးနေတာပါဦးဇင်း။”
“ဟုတ်တယ်ဦးပဉ္ဇဇင်း။ လူတစ်ယောက် မြစ်တစ်မြစ်ထဲကို နှစ်ခါမဆင်းနိုင်ဆိုသလိုပဲ ပြီးခဲ့တဲ့ကာလတွေက ကြည့်ခဲ့တဲ့ လမင်းနဲ့ အခုလမင်းလည်း ကြည့်ရမြင်ရတာခြင်း လုံးဝမတူဘူး။ တစ်ခုတော့တူတယ်။ နေဆီက အရှိန်အ၀ါယူရတာလေ။ တပည့်တော်တို့ ရှင်တော်မြတ်စွာဘုရားရဲ့ ပဌာန်းဒေသနာတော်ကြီးကျတော့ အဲလိုမဟုတ်ဘူး။ ဘယ်ချိန်ပူဇော် ပူဇော် ဒါပဲ။ ပြီးတော့် ရှင်တော်ဘုရားကိုယ်တိုင်လည်း ပဌာန်းဒေသနာတော်ကြီးကို စဉ်စားဆင်ခြင်တော်မူမှ ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးခဲ့တာလေ။ သိပ်လေးနက်ကျယ်ပြန့်နက်နဲ့တဲ့ ပဌာန်းဒေသနာတော်ကြီးပဲ။”
(၆)
မိတ်ဆွေဦးပဉ္ဇင်းလေး ထွက်သွားတော့မှ သူ့အဖြစ်ကို သူ ပြန်သတိထားမိလိုက်သည်။ သည်နေရာမှာ ရပ်ရင်း အမေရိကားက အဇူဇာကျောင်းပဌာန်းပွဲတုန်းက လမင်းကို ငေးမောရင် တခုတ်တရ တွေးမိသည့်အတွေးတွေကို ပြန်တွေးသည်။ အခါတိုင်းတော့ အဇူဇာပဌာန်းပွဲကို အွန်လိုင်းကနေ တိုက်ရိုက်ကြည့်လို့ရသည်။ သည်နှစ်လည်း အွန်လိုင်းကနေ ပူဇော်ခွင့်ရအောင် စီစဉ်ထားမှာတော့ သေချာသည်။
သို့သော်……………။ ဒါပေသည့်……………………။ သူ့မှာ အင်တာနက်မရှိ၊ ကွန်ပျူတာမရှိ၊ လျှပ်စစ်မရှိ။ မြို့ပြသင်္ကေတဟူ၍ မြူမျှ မရှိသည့်နေရာ။ တစ်ခုတော့ ရှိသည်။ သည်အချိန်မှာ အဇူဇာမှာ ပဌာန်းရွတ်နေသည်ကို အတွေးဖြင့် မှန်းပြီး သူလည်း ပဌာန်းဒေသနာတော်ကြီးကို ရွတ်ဖတ်ပူဇော်နေနိုင်ခွင့်တော့ သူ့မှာ ရှိသေးသည်။ သည်အရာသည်ပင် သူ့အတွက် အကောင်းဆုံး ဆုလာဘ်တစ်ခုပင် မဟုတ်ပါလားလေ။ ။
(ဒီစာစုလေးနဲ့ အဇူဇာဆရာတော်များရဲ့ သာသနာပြုလုပ်ငန်းများကို ဦးတင်ဂါရ၀ပြုရင်း မြန်မာပြည်သူအားလုံး ပဌာန်းဒေသနာတော်ကြီး၏ ကျေးဇူးတော်ကြောင့် လွတ်မြောက်ခြင်း၏ အရသာ(၀ိမုတ္တိရသ)ကို အမြန်ဆုံးရရှိ ခံစားတော်မူနိုင်ကြပါစေဟု ဆန္ဒဆုမွန်ဖြင့်)
အင်တာနေရှင်နယ်တောမှီရဟန်း