Wednesday, August 31, 2011

နားလည်ခွင့်လွှတ်မှုများနှင့် ပတ်ဝန်းကျင်



နားလည်ခွင့်လွှတ်မှုများနှင့် ပတ်ဝန်းကျင်



ငြင်းခုံတာ ရန်ဖြစ်တာ သိက္ခာကျတယ်။ လူတစ်ယောက်နဲ့  ရန်ဖြစ်တယ်ဆိုတာ

ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နှိမ့်လိုက်တာပဲ။ ဂုဏ်သိက္ခာ

တကယ်ရှိတဲ့သူ၊ တည်ကြည်မှု၊ ခန့် ညားမှု တကယ်ရှိတဲ့သူဟာ ဘယ်သူနဲ့ မှ မငြင်းဘူး၊

ရန်မဖြစ်ဘူး၊ ပြောစရာ ရှိတာကို ရှင်းရှင်းလင်းလင်း တိတိကျကျပဲ ပြောတယ်။

သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့  သူတစ်ပါး သိက္ခာကျအောင်

ပုတ်ခတ်တဲ့စကားမျိုးကို မပြောဘူး၊ သူများ သိက္ခာကျမှ

ကိုယ့်မှာ ဂုဏ်ရှိတယ်လို့  မယူဆဘူး။

ဒီနေရာမှာ မြတ်စွာဘုရားနဲ့  ပတ်သက်တာတစ်ခု သွားသတိရတယ်။

မြတ်စွာဘုရားက "ငါဘုရားဟာ လောကလူအများနဲ့  မငြင်းခုံဘူး။

လောကလူအများကသာ ငါဘုရားနဲ့  အငြင်းအခုံလုပ်တာ"

လို့ မိန့် တော်မူတာ စာပေထဲမှာ ဖတ်ဖူး မှတ်ဖူးတယ်။

ဒီအချက်ဟာ တော်တော် လေးလေး နက်နက် မှတ်သားထိုက်၊ စဉ်းစားထိုက်တယ်။

မြတ်စွာဘုရား လက်ထက်က ဘုရားကို နိုင်အောင် ငြင်းဖို့ ၊ ၀ါဒပြိုင်ပွဲလုပ်ဖို့ 

လာကြတဲ့သူတွေ ရှိပါတယ်။ သူတို့ ကို မြတ်စွာ ဘုရားက ပြောသင့်တာကို

အေးအေးဆေးဆေးပဲ ပြောတယ်။ မေးသင့်တာကို မေးတယ်၊ ဖြေသင့်တာကို ဖြေတယ်။

ဒါပေမယ့် တစ်ခါမှ အငြင်းအခုံ မလုပ်ခဲ့ဘူး။

အနိုင်လိုချင်တဲ့စိတ်နဲ့  ငြင်းခုံတာ သိက္ခာကျတယ်။ ဒါကြောင့် သိက္ခာရှိရှိ၊

Dignity ရှိရှိ နေတတ်တဲ့သူဟာ ငြင်းခုံတာ မလုပ်ဘူး။ ရန်မဖြစ်ဘူး။

ရန်ဖြစ်နေကြတာကို ဘေးကနေ အေးအေးဆေးဆေး အကဲခတ်ကြည့်ပါ။

တစ်ယောက်ကို တစ်ယောက်ပုတ်ခတ်နေတာ၊ ဆဲနေတာ၊ စွပ်စွဲနေတာ ဘယ်လောက်

သိက္ခာကျသလဲ၊ ဘယ်လောက် ရယ်စရာ ကောင်းသလဲ၊

ဘယ်လောက် ရှက်စရာကောင်းသလဲ။ ဘယ်သူမှ ဂုဏ်သိက္ခာ တိုးမလားဘူး။

နှစ်ဖက်လုံးပဲ ဂုဏ်သိက္ခာ ကျသွားတယ်။ ဒါ တော်တော် ဥာဏ်မပါတဲ့အလုပ်

ဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။

လူတွေမှာ တစ်ယောက်နဲ့  တစ်ယောက် ထိတွေ့ မှု ဆက်ဆံမှု တော်တော်များတယ်။

အဆင်မပြေမှုလည်း တော်တော်များတယ်။ အဆင်မပြေမှုများရတဲ့ အကြောင်းတစ်ခုက

တစ်ယောက်ကို တစ်ယောက် နားလည်ဖို့  ကိုယ်ချင်းစာဖို့  မကြိုးစားပဲ

အနိုင်ယူဖို့  ကြိုးစားလို့ ပါပဲ။ တစ်ယောက်နဲ့  တစ်ယောက် တွေ့ ကြတဲ့အခါ တွေ့ ခါစမှာ

နည်းနည်း အဆင်ပြေတယ်။ အတူတူနေတာ၊ အတူတူ အလုပ်လုပ်တာ ကြလာရင်

အဆင်မပြေတော့ဘူး။ ဘာဖြစ်လို့ လဲ။

အတူတူနေတာ အတူတူအလုပ်လုပ်တာ ကြာလာရင် တစ်ယောက်ကို တစ်ယောက်

နိုင်ချင်လာတယ်၊ အပြစ်ရှာလာတယ်။ အပြစ်တွေ ချို့ ယွင်းချက်တွေ ရှာကြည့်လာတယ်။

အိမ်ထောင်ကျခါစမှာ အဆင်ပြေတယ်။ ကြာရင် တစ်ယောက်ကိုတစ်ယောက်

မလေးစားတော့ဘူး။ အထင်သေးတဲ့စကားမျိုး အပြစ်ရှာတဲ့ စကားမျိုးတွေ ပြောလာတယ်။

ကိုယ့်မှာလည်း အကောင်းအဆိုး ရှိတယ်။ သူ့ မှာလည်း အကောင်းအဆိုး ရှိတယ်။

တစ်ဘက်လူအပေါ် အကောင်းချည်းပဲ မျှော်လင့်နေရင် ကိုယ်ထင်သလို အကောင်းချည်းပဲ

မဟုတ်တာ တွေ့ တဲ့အခါမှာ စိတ်ပျက် စိတ်ဆိုးမယ်၊ ဆက်ဆံရေး အဆင်မပြေဖြစ်မယ်။

ကိုယ့်မှာရှိတဲ့ အကောင်းအဆိုး နှစ်မျိုးလုံးကို သေသေချာချာ မြင်ပြီးတော့

အကောင်းကို လက်ခံနိုင်သလိုအဆိုးကိုလည်း လက်ခံနိုင်ဖို့ အရေးကြီးတယ်။

အဆိုးကို လက်ခံနိုင်မှသာ အဲဒီအဆိုးဟာ အကောင်းဖက်ကို တဖြည်းဖြည်း

ပြောင်းသွားမယ်။

လက်ခံနိုင်သေးသရွေ့ ၊ ဖုံးကွယ်ထားသရွေ့  အကောင်း ဖြစ်မလာနိုင်ဘူး။

ဖုံးကွယ်ထားပြီး မရှိဟန်ဆောင်နေရင် ပြုပြင်နိုင်တဲ့အဆင့်ကို မရောက်နိုင်ဘူး။

ဒါဟာ သဘာဝပဲ။ အမှန်အတိုင်း မဖုံးမကွယ်ပဲ လက်ခံလိုက်မှသာ ပြင်နိုင်မယ်။

သူတစ်ပါးလည်း ကိုယ့်လိုပဲ ကောင်းတာနဲ့ ဆိုးတာ ရောနေတယ်ဆိုတာကို လက်ခံရမယ်။

သူတစ်ပါးရဲ့ အမှားကို မြင်ရင် ပြစ်တင် ရှုတ်ချတာမျိုး မလုပ်ပဲနဲ့  ၊

အရှက်ခွဲတာမျိုး မလုပ်ပဲနဲ့ ၊ ကိုယ်ချင်းစာပြီးတော့ လေးစားတဲ့စိတ်၊

တန်ဖိုးထားတဲ့စိတ်နဲ့  သူ့ ရဲ့ချို့ ယွင်းချက်ကို လက်ခံနိုင်ရင် တစ်ဖက်လူဟာ

သူ့ ကိုယ်ကိုသူ အကာအကွယ်ပေးတဲ့ အနေနဲ့  ဖုံးကွယ်နေစရာ မလိုတော့ပဲ

သူ့ ချို့ ယွင်းချက်ကိုသူ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့စိတ်ကို ရမယ်။

သူ့ ချို့  ယွင်းချက်ကို ထောက်ပြပြီး အရှက်ခွဲမယ်ဆိုရင် သူ့ ကိုယ်ကိုသူ

အကာအကွယ် ယူရတော့မယ်။ အလျှော့ မပေးနိုင်းဘူး၊ ၀န်မခံနိုင်ဘူး။

အလျှော့ပေးလိုက်ရင် ပိုပြီး အနိုင်ခံရမှာ ကြောက်လို့  တုန့် ပြန်မယ်။

ကိုယ့်အမှားကို ဖော်ပြီး ကိုယ့်ကို အရှက်ခွဲမယ်၊ အရွဲ့ တိုက်ပြီး ပိုဆိုးအောင်

လုပ်ချင်လုပ်မယ်။ ပြင်ဖို့  စိတ်မကူးနိုင်ဘူး။ ပြင်လိုက်ရင် အရှုံးပေးရာ

ရောက်သွားမှာ ကြောက်မယ်။

သူ့ ကို လေးစားတဲ့စိတ် ကိုယ်ချင်းစားတဲ့စိတ်နဲ့  သူ့ အမှားကို လက်ခံနိုင်ရင် သူ

အကာအကွယ် မယူတော့ဘူး။ သူ့ စိတ်ထားတွေ နူးညံ့လာမယ်။

လူတွေဟာ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေကြတာများနေတော့

အပြစ်တင်ခံရမှာ ကြောက်လို့  အများကြီး အကာအကွယ် ယူနေကြတယ်။

ဘာနဲ့  ဥပမာတူသလဲဆိုတော့ သူလည်း သံချပ်ကာ အင်္ကျီ

ဝတ်ထားတယ်။ ကိုယ်လည်း သံချပ်ကာ အင်္ကျီဝတ်ထားတယ်။

အတွင်းက လူကို ထိလို့ မရအောင် အပြင် အမာခံနဲ့  အကာအကွယ် ယူထားကြတယ်။

သူ့ အမှားကို ကိုယ်က ဖော်ရင် ကိုယ့်အမှားကိုလည်း သူက ဖော်မှာ ကြောက်ပြီးတော့

တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်လင်း ရိုးရိုးသားသား မဆက်ဆံနိုင်ကြဘူး။

မင်းလည်း မမြင်ဟန် မသိဟန် ဆောင်နေလိုက်။ ငါလည်း မမြင်ဟန်၊ မသိဟန်ဆောင်

နေလိုက်မယ်။ သူလည်း မျက်နှာဖုံးစွပ်ထားတယ်။ ကိုယ်လည်း မျက်နှာဖုံးစွပ်ထားတယ်။

မျက်နှာဖုံးချင်းသာ ဆက်ဆံတော့တယ်။ နောက်ကွယ်က လူအချင်းချင်း ဆက်ဆံရေး

မရှိတော့ဘူး။

ကိုယ့်အကြောင်း အကောင်းအဆိုးကို အမှန်အတိုင်းသိပြီး လက်ခံတဲ့ သူ မရှိတော့ဘူး။

သူ့ အကြောင်း အကောင်းအဆိုးကိုလည်း ကိုယ်က အမှန်အတိုင်း မသိတော့ဘူး။

အဲဒီလို ဖြစ်နေရင် ဘယ်လို ခံစားရမလဲ။ ငါ့ကို တကယ်သိတဲ့သူ၊ လက်ခံတဲ့သူ၊

တန်ဖိုးထားတဲ့သူ မရှိဘူး၊ ငါ ဟန်လုပ်ပြတာကိုပဲ လက်ခံနေကြတယ်။

ငါ တစ်သက်လုံး ဟန်လုပ်ပြီး နေရတော့မယ်။ ဟန်မလုပ်နိုင်တဲ့အခါ ငါ့ကို လေးစားမှာ

မဟုတ်တော့ဘူး။ ငါ့အကြောင်း ကောင်းတာရော၊ ဆိုးတာရော အမှန်အတိုင်းသိပြီး

ငါ့ကို ကိုယ်ချင်းစာနိုင်တဲ့သူ၊ ချစ်နိုင်တဲ့သူ၊ ခင်နိုင်တဲ့သူ ရှိရင် ကောင်းမှာပဲ။

ဟန်လုပ်နေစရာမလိုပဲ ဆက်ဆံလို့ ရတဲ့သူတွေနဲ့  နေရရင် ကောင်းမှာပဲ။

ဟန်လုပ်နေရတာ ပင်ပန်းလှပြီ။ ဟန်လုပ်နေရတာ အဖော်မဲ့ အထီးကျန်ဖြစ်နေပြီ။

ငါ့အကြောင်းကို အမှန်အတိုင်း ပြောပြချင်ပါတယ်။ ဒါပေမယ့် ငါ့ကို အပြစ်တင်မှာ

အထင်သေးသွားမှာ ကြောက်တယ်။ မပြောတော့ပါဘူးဆိုပြီး အဖော်မဲ့ပြီး

အလွန်ပြင်းထန်တဲ့ အထီးကျန်ခံစားမှုကို ခံစားရတယ်။

တကယ်တော့ လူတိုင်းဟာ အနည်းနဲ့  အများ အဖော်မဲ့တဲ့ခံစားမှု အထီးကျန်ဖြစ်နေတဲ့

ခံစားမှုကို ခံစားနေကြရပါတယ်။ တစ်ယောက်နဲ့  တစ်ယောက် အထီးကျန်ခံစားမှုဖြစ်တဲ့

အတိုင်းအတာချင်း မတူဘူး။ နည်းနည်း ပွင့်လင်းရင် နည်းနည်းသက်သာတယ်။

မပွင့်လင်းတဲ့သူဟာ ပိုပြီး အထီးကျန်ခံစားမှုကို ခံစားရတယ်။ လုံးဝမပွင့်လင်းတဲ့သူဟာ

အဆိုးဆုံး ရူးသွားတဲ့အထိ ဖြစ်နိုင်တယ်။ စိတ်ရောဂါ ဖြစ်နိုင်တယ်။

လူလူချင်းဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိတဲ့အခါ အထီးကျန်ဖြစ်တယ်။

အထီးကျန် အဖော်မဲ့  ဖြစ်နေရင် အားငယ်တယ်။ အားငယ်တော့ ဆက်ဆံရေးမှာ

မပွင့်လင်းတော့ပဲ ပြောချင်တာကို မပြောပဲ အောင့်ထားတယ်။ အောင့်ထားပါများရင်

စိတ်ရောဂါဖြစ်သလို ခန္ဓာကိုယ်ရောဂါလည်းဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါ၊

အားနည်းတဲ့ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါဆိုတာတွေဟာ များသောအားဖြင့်

အောင့်ထားရာကရတဲ့ ရောဂါတွေပဲ။ ယုံကြည်ရတဲ့သူမရှိလို့ ၊ ပြောရမှာ ကြောက်လို့ 

ပြောချင်တာတွေကို မပြောပဲ အောင့်ထားရာကနေ ရောဂါဖြစ်သွားတတ်တယ်။

ဒါကြောင့် ကိုယ့်အကြောင်းကိုကိုယ် သိအောင် ကြိုးစားသင့်တယ်။ ကိုယ့်စိတ်ထဲမှာ

ဘာတွေ တွေးနေသလဲ။ ဘာတွေ ခံစားနေရသလဲဆိုတာ အကုန်လုံး ဖော်သင့်တယ်။

ပြောလို့ ဖြစ်သလောက် ပြောသင့်တယ်။ ဒါမှ လူလူချင်း ရင်းနှီးမှု နားလည်မှုရှိမယ်။

တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း မသိပဲနဲ့ ၊ တစ်ယောက်ကို

တစ်ယောက် နားမလည်ပဲနဲ့  စစ်မှန်တဲ့ မေတ္တာ ဖြစ်နိုင်ဖို့ တော်တော်ခဲယဉ်းပါတယ်။

ဒါကြောင့် ကိုယ့်အကြောင်း အကောင်းရော အဆိုးပါ သိပြီး နားလည်ပြီး

လက်ခံပြီးတော့ သူလည်း ငါ့လိုပါပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူ့ ကို နားလည်

လက်ခံနိုင် ကိုယ်ချင်းစာနိုင်ဖို့  ကြိုးစားရတယ်။

ပြီးတော့ ဒီလူဟာ ငွေအကြောင်းကို ဘယ်တော့မှာ မပြောဘူးတဲ့။

ငွေစကား မပြောဘူးတဲ့။ ဒါတော်တော် အံသြစရာကောင်းတဲ့ အချက်ပဲ။

လူများစုဟာ ငွေအကြောင်းတွေးတယ်။ ငွေအကြောင်းပြောတယ်။

ရှိတဲ့ လူကလည်း ပြောတယ်။ မရှိတဲ့ သူကလည်း ပြောတာပဲ။

ရှိတဲ့ သူက သူ့ မှာရှိကြောင်း ဂုဏ်ဖော်ချင်တယ်။ ကြွားချင်တယ်။

ကိုယ့် လောက် မရှိတဲ့သူနဲ့  တွေ့ ရင် ကိုယ့်မှာရှိတာကို ပြောပြီး အသာစီး

အထက်စီးကနေ နေတယ်။ ငါ့အိမ်က ဘယ်လောက်တန်တယ်။

ငါ့ကားက ဘယ်လောက်တန်တယ်ဆိုတာ ပြောချင်တယ်။

အထူးသဖြင့် အခုခေတ်မှာ ငွေစကားပြောကြတာများတယ်။

ကိုယ့်ငွေတွေ ဘယ်လောက် ဆုံးရှုံးသွားတယ်ဆိုတာကိုလည်း ပြောတတ်တယ်။

ဒါကိုလည်း ဂုဏ်တစ်ခုလို ပြောကြတာ ကြားရတယ်။ အဖိုးတန်ပစ္စည်းတွေ

ဘယ်လောက်တန်တာ ၀ယ်လိုက်တယ်။ ဘယ်စားသောက်ဆိုင်မှာ

ဘယ်လောက်ကုန်ကျအောင် စားလိုက်တယ်။ ဘယ်သူ့ ကို ဘယ်လောက်

အကုန်အကျခံပြီး ဧည့်ခံလိုက်တယ်။ မွေးနေ့ မင်္ဂလာတို့  ၊ ထိမ်းမြားမင်္ဂလာတို့ မှာ

ဘယ်လောက် အကုန်အကျခံပြီး ဧည့်ခံကျွေးမွေးတယ်၊ စသည် စသည် ငွေစကားတွေကို

အရသာခံပြီး ကြွားပြီး ပြောကြတယ်။

ငွေဟာ လူတွေရဲ့ စိတ်ထဲမှာ အချိန်အများဆုံး ယူထားတဲ့အရာဖြစ်နေတယ်။

သားသမီးနဲ့  မိဘ ဆက်ဆံရေး၊ ဇနီးခင်ပွန်း ဆက်ဆံရေး၊ မိတ်ဆွေ အပေါင်းအသင်း

ဆက်ဆံရေးတွေမှာ ငွေဟာ အရေးပါတဲ့ အကြောင်းတစ်ခုဖြစ်နေတယ်။

လူတွေကို အများဆုံး လွှမ်းမိုးတာ၊ ခြယ်လှယ်တာ ငွေဖြစ်နေတယ်။ ငွေခိုင်းတာ

လုပ်နေကြရတယ်။ ဒီလူကတော့ ငွေအကြောင်း မတွေးဘူး၊ ငွေစကား မပြောဘူး။

ရတာကို မျှအောင် သုံးတယ်။ ငွေခိုင်းတာကို မလုပ်ဘူး။ သူ့ စိတ်ဟာ လွတ်လပ်နေတယ်။

ဣနြေ္ဒသိက္ခာ တည်ကြည်မှု ခံ့ညားမှုရှိတယ်။

ငွေကို အဓိကထားပြီး ဆက်ဆံတဲ့ ဆက်ဆံရေးဟာ လူ့ တန်ဖိုးကို ကျစေတဲ့ ဆက်ဆံရေး၊

လူ့ ဂုဏ်သိက္ခာကို ကျစေတဲ့ ဆက်ဆံရေးဖြစ်တယ်။

ငွေအကြောင်း ပြောလွန်းတာ dignity မရှိဘူး။ ဣနြေ္ဒ သိက္ခာ မရှိဘူး။

ဒီလူကတော့ စိတ်နေသဘောထားနဲ့  အသိဥာဏ် မြင့်မားတဲ့သူ ဖြစ်လို့  ဘ၀မှာ ငွေဟာ

အရေးအကြီးဆုံးလို့  သဘောမထားဘူး။ ချမ်းသာတဲ့သူကိုလည်း အထင်မကြီးဘူး။

ဆင်းရဲတဲ့သူကိုလည်း အထင်မသေးဘူး။သူ့ စိတ်ဟာအင်မတန်လေးနက်မြင့်မြတ်နေတယ်။

သူ့ ဘ၀ကို ငွေနဲ့  မတိုင်းတာဘူး။ သူ့ ဘ၀ကို ငွေနဲ့  မရောင်းဘူး။ ဒါကြောင့် သူဟာ

သိက္ခာရှိရှိ နေနိုင်တဲ့သူဖြစ်တယ်။ dignity ရှိရှိ နေနိုင်တဲ့သူ ဖြစ်တယ်။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ သိက္ခာရှိရှိနေမယ် စာအုပ်မှ ကူးယူဖော်ပြပါသည်။
by ပန်းကမ္ဘာ