Monday, August 22, 2011

ကန်တော့ဝန်ချတောင်းပန်ပါ၏ ဘုရား

ရွှေစကားတို့ရဲ့ မြစ်ဖျား(၄)

“ကံသုံးပါးဖြင့် မိုက်မှားမိပါသည်။ တပည့်တော် ကန်တော့ဝန်ချတောင်းပန်ပါ၏ ဘုရား“

(တောင်ငူမင်းသား)

မင်းသားချည်း မှားသည်မဟုတ်၊ ငါလဲ မှားလေသည်။ မင်းသားလဲ ပုထုဇဉ် ငါလဲ ပုထုဇဉ်ဖြစ်ခဲ့၏။ ပုထုဇဉ်ဂတိကို လိုက်စားမိသည့်အတွက် ဖြစ်ကြ သောကြောင့် မှားကြချေပြီ။ မင်းသားက ပုထုဇဉ်အငယ် ငါက ပုထုဇဉ်အကြီးဖြစ်၍ ငါက မင်းသား ထက် သွန်၍ မိုက်မှားမိချေသည်။“

(မောင်းထောင်သာသနာပိုင်ဆရာတော်)

ကုန်းဘောင်ခေတ်စာမျက်နှာတွေ လှန်လှောလိုက်ရင် ရှေ့ပိုင်းစာမျက်နှာတွေဖတ်ရတာ အားရသလောက် နောက်ပိုင်းစာ မျက်နှာကျတော့ သိပ်ပြီးအားမပါတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ဇာတ်သိမ်းပိုင်း“ ကိုသိထားပြီး ဖြစ်တာကိုး။ ဆရာ ညိုမြကတော့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ဘုန်းဘောင်တစ်ခေတ်ကို နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေ၀င်ချိန်ဆိုပြီး လောကနေ့တစ်နေ့နဲ့ ဥပမာပေးထားပါတယ်။ အတက်ကာလ၊ အဆင်းကာလအားဖြင့် ပြောမယ်ဆိုရင်တော့ အလောင်းမင်း တရားကနေ ဘိုးတော်ဘုရားနတ်ရွာ စံတဲ့အထိကို အတက်ကာလ၊ ဘကြီးတော်မင်းတရားကနေ သီပေါ်မင်းအထိကို အဆင်းကာလလို့ဆိုထားပါတယ်။ ပြီးတော့ ကုန်းဘောင်ခေတ် (ရှေ့ပိုင်း) မြန်မာပြည်မြေပုံအရ အာသံ၊ မဏိပူရ၊ ဇင်းမယ်၊ အယုဒ္ဓယတို့ဟာ မြန်မာ့အင်ပါယာဖြစ်ခဲ့ဖူးပါတယ်။

အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ လောကဓမ္မတာဆိုပေမယ့် သမိုင်းကျရှုံးခြင်းတွေကျတော့ နောင်မျိုးဆက်များစွာအထိ ဒီကျရှုံးမူဒဏ်တွေကို နောက်မျိုးဆက်များစွာအထိ ဒီကျရှုံးမူ ဒဏ်တွေကို ခံစားရပါတယ်။ နိုင်ငံသစ်တစ်ခု တည်ဆောက်တဲ့နေရာမှာ အတိတ်ခေတ်ရဲ့ သမိုင်းကျရှုံးမူ ဒဏ်ရာတွေကို ဦးစွာကုစားပြီ ကျန်တဲ့အစိတ်အပိုင်းတွေကို တစ်ဆင့်ချင်းတည်ဆောက်နေရတာကိုး။ သမိုင်းဒဏ်ရာတွေကလည်း စိတ်ပိုင်းဒဏ်ရာ၊ ရုပ်ပိုင်းဒဏ်ရာ နှစ်မျိုးရှိနေတဲ့အနက် ရုပ်ပိုင်းဒဏ်ရာကို ကုစားဖို့ လွယ်ကူသလောက် စိတ်ပိုင်းဒဏ်ရာ ကျတော့ အချိန်ကာလများစွာယူပြီး ကုစားရပါတယ်။ တချို့သမိုင်းအရှုံးတွေကျတော့ မျိုးဆက်ကုန်တဲ့အထိပဲ ဒဏ်ရာအမာရွတ်တွေကျန်သွားမယ့် အနေအထားပါ။ ရေးနေကျ ရွှေစကားတွေအကြောင်း မရေးခင် ဒီအတွေးတွေ အရင်ဝင်လာတာကတော့ ရွှေစကားအတွက် ရေးဖို့လှန်ထားတဲ့ စာမျက်နှာတွေက ကုန်းဘောင်ခေတ်စာမျက်နှာတွေ ဖြစ်နေလို့ပါ။ ကဲ ကုန်းဘောင်ခေတ် ရွှေစကားတို့ရဲ့ မြစ်ဖျားခံရာ လိုက်ကြည့်လိုက်ကြရအောင်။

တစ်နေ့မှာ မောင်းထောင်သာသနာပိုင်ဆရာတော်က ဦးတေဇဆိုတဲ့ ဦးပဉ္စင်းငယ်တစ်ပါးကို စာပြန်ခိုင်းပါတယ်။ စာပြန်ရတာက သမားရိုးကျပုံစံနဲ့ ပြန်ရတာမဟုတ်ပါဘူး။ ဆိုင်းမဆင့် ဗုံမဆင့်ခေါ်ပြီး ပြန်ခိုင်းတာပါ။ ပြန်ခိုင်းတဲ့စာတွေကတော့ ဘိက္ခုပါတိမောက် ပါဠိနိဿယအကုန်၊ ဘိက္ခုနီပါတိမောက် ပါဠိနိဿယအကုန်၊ ခုဒ္ဒကသိက္ခာ၊ ပါဠိနိဿယအကုန်၊ မူလသိက္ခာပါဠိနိဿယအကုန်ပါ။ ဒီစာတွေက ၀ိနည်းပိုင်းဆိုင်ရာ စာတွေပါ။ စာပြန်ရမယ်လို့ ကြိုတင်သိမထားတာရယ် ပြန်ခိုင်းတဲ့စာတွေက များလွန်နေတာရယ်ကြောင့် ဦးတေဇက အကုန်မရပါဘူး။ အချို့တစ်ဝက်ကိုပဲ ရပါတယ်။ မောင်းထောင်သာသနာပိုင်ဆရာတော်ကလည်း မရမချင်း အထပ်ထပ်ပြန်ဆိုခိုင်းပါတယ်။ အစကတည်းက ကြိုတင်ပြင်ဆင်ခွင့်မရလာတာကြောင့် ဘယ်လိုပြန်ခိုင်းပြန်ခိုင်း မရပါဘူး။ ဒါကြောင့် စာမရ ရကောင်းလားဆိုပြီး သဲဒဏ် ရေဒဏ်ပေးပါတယ်။

စာပြန်ခိုင်းခံရသူ ဦးတေဇဆိုတာက တစ်ခြားမဟုတ်ပါဘူး။တောင်ငူမင်းသားရဲ့ ရဟန်းပါ။ တောင်ငူမင်းသားက သူ့ရဟန်း မောင်းထောင်သာသနာ ပိုင်ဆရာတော် ကျောင်းမှာ ဒဏ်ထမ်းနေရတဲ့သတင်းကြားသွားပါတယ်။ သတင်းကြားတာနဲ့ ကျောင်းကို တစ်ခါတည်း ထလိုက်သွားပါတယ်။ ကျောင်းရောက်တော့ သူ့ရဟန်း ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ဒဏ်ထမ်းနေရတာကို မြင်ရပါတယ်။ သူ့ရဟန်းအတွက် အတော်လေးစိတ်မကောင်း ဖြစ်သွားဟန်တူပါတယ်။ ဒါကြောင့် သာသနာပိုင်ဆရာတော်ဆီသွားပြီး တပည့်တော်ရဲ့ ရဟန်းစာမရပေမယ့် ၀ိနည်းသိက္ခာနဲ့ ဆန့်ကျင်တဲ့ အကျင့်ပျက်မူများ ရှိပါသလား လို့လျှောက်ထားပါတယ်။ သာသနာပိုင်ဆရာတော်က အကျင့်သိက္ခာပုဒ် အပျက်လိုက်နာကြောင်း ငါသိတယ်။ ဒင်းစာမရလို့ ငါဒဏ်ပေးတာ လို့ ပြန်အမိန့်ရှိပါတယ်။ ဒီတော့ တောင်ငူမင်းသားက စာမရသော်လည်း အကျင့်သိက္ခာပုဒ် မပျက် ရင်သည်းခံတော်မူသင့်ပါတယ်။ မေ့နေတဲ့စာကို နောင်ပြန်ကျက်ရင် ရနိုင်တာပဲမဟုတ်လားဘုရားလို့ ပြန်လျှောက်ပါတယ်။ သာသနာပိုင်ဆရာတော်ကလည်း မဟုတ်ဘူးမင်းသားရဲ့ ဒင်း ၀ိနည်းသိက္ခာကျမ်းကို အာဂုံအမြဲဆောင်ထားရမှာကို အရဆောင်မထားလို့ နောင်မှတ်သွားအောင် ငါက ဒဏ်ပေးထားတာလို့ ထပ်မိန့်ပါတယ်။ တောင်ငူမင်းသားက ကိုယ့်ရဟန်းဆိုတဲ့ သံယောဇဉ်ရယ်၊ မင်းသားဆိုတဲ့ ဂုဏ်ရယ်ကြောင့် “မာန်“လေး ၀င့်လာပုံရပါတယ်။ အဲဒီဝင့်လာတဲ့ “မာန်“လေးနဲ့အတူ တောင်ငူမင်းသားက အရှင်ဘုရားဟာမဟုတ်သေးပါဘူး။ အရှင်ဘုရားက ခုချက်ချင်းအကုန်ရ ရမယ်လို့ အမိန့်ချပြီး ချက်ချင်းပြန်ခိုင်းတော့ ဘယ်ရနိုင်မှာလဲ။ စာကျက်ရက်ပေးပြီး ပြန်ခိုင်းတာမရလို့ ဒဏ်ပေးတယ်ဆို တော်သေး။ အခုအပြစ်ပေးတာကလဲ အတော်ပင်ပန်းနေပါပြီ၊ သည်းခံတော်မူပါဘုရားလို့ လျှောက်ပါတယ်။

ဆရာတော်ကလည်း သာသနာပိုင်ဆိုတဲ့ရာထူးကို လွယ်လွယ်ကူကူနဲ့ ရထားတာမှ မဟုတ်တာ။ ဘက်စုံထက်မြတ်လို့ ရထားတာကိုး။ ပြီးတော့ တောင်ငူမင်းသားနည်းတူ သာသနာပိုင် ဆိုတဲ့ မာန်ကလေးကလည်း တစ်ခါတည်းဝင်လာတော့ “နင် ဘာလာစကားများနေတာလဲ“ ဆိုပြီး အနီးမှာရှိတဲ့ထွေးခံနဲ့ ပစ်ပေါက်လိုက်ပါတယ်။ တောင်ငူမင်းသားကလည်း ထွေးခံကိုကောက်ပြီး ဆရာတော်ကို ပြန်ပေါက်ပါရော။ ဒီတော့ ဆရာတော်က ထ တဲ့ပြီး ခြေထောက်နဲ့ ပြေးကန်ပစ်လိုက် ပါတယ်။ တောင်ငူမင်းသားကလည်း အကန်ခံနေရာက ချက်ချင်းထ၊ ဆရာတော်ကို ဖက်ပြီး နပန်းသတ်တော့တာပါပဲ။ သာသနာပိုင်ဆရာတော်နဲ့ တောင်ငူမင်းသား ထွေးလုံးရစ်ပတ်နဲ့ နပန်းသတ်နေကြတာကို အနားမှာရှိတဲ့ တိုက်အုပ်၊ တိုက်ကြပ် ဘုန်းကြီးတွေ၊ ကပ္ပိယတွေက ဒီအတိုင်းပဲ ကြည့်နေကြရပါတယ်။ ဘယ်သူမှဝင်ပြီး မခွဲဝံ့ကြပါဘူး။ နောက် မဟာဒါန်ဝန်ရောက်လာပြီး မဟာဒါန်ဝန်ကခွဲပေးမှ ရန်ပွဲပြီးသွားပါတယ်။ တောင်ငူမင်းသားကလည်း သူ့ရဲ့ရဟန်း ဦးတေဇကို ဒဏ်ထမ်းနေရာကနေပင့်ပြီး ပြန်သွားပါတယ်။

ဒီသတင်းကို ဘိုးတော်ဘုရားကြားသွားတော့ “အင်း တောင်ငူကလည်း တောင်ငူပဲ။ မောင်းထောင်ကလဲ မောင်းထောင်ပဲ“ လို့ ညည်းတွားမိန့်တော်မူပါတယ်။ ဘိုးတော်ဘုရားအနေနဲ့ တစ်ဖက်ကလည်း သားတော်၊ တစ်ဖက်ကလည်း သာသနာပိုင်ဆရာတော်၊ ဘုန်းကြီးဘက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လောကရေးနဲ့ကြည့်ရင် အမြင်မလှပါဘူး။ ဒါကြောင့် လူဖြစ်တဲ့ သားတော်အနေနဲ့ ၀န်ချတောင်းပန်စေချင်ပါတယ်။ ဒါပေမယ့် သားတော် တောင်ငူမင်းသားက ခပ်စွာစွာ ခပ်ထက်ထက် မာနနဲ့ မိမိပြောလို့ကတော့ ဘယ်လိုမှတောင်းပန်မှာမဟုတ်တဲ့အကြောင်း ကိုယ့်သားတော် အကြောင်း ကိုယ်သိပြီးသားပါး ဒီတော့ သားတော်တောင်ငူမင်းသားကို နိုင်တဲ့ ရန်ကုန်ဝန်ကြီး ဦးကျော်ရွေးကို အကူအညီတောင်းရပါတယ်။ ဦးကျော်ရွေးဆိုတာက တောင်ငူမင်းသားငယ်ငယ်က ချီပိုးထိန်းကျောင်းခဲ့ရသူ။ ရိုက်သင့်ရင် ရိုက်ပြီး ဆုံးမခဲ့သူ။ တောင်ငူမင်းသားကိုယ်တိုင်ကလည်း ချစ်ကြောက်ရိုသေရသူ၊ တောင်ငူမင်းသားက ငြင်းမယ့်သူမဟုတ်ပါဘူး။ လောကထုံးစံအတိုင်း နိုင်ရာနဲ့ ကိုင်တွယ်တာပါ။ ဘိုးတော်မင်းတရားအနေနဲ့ သားတော်တောင်းပန်တယ်ဆိုတဲ့နေရာမှာလဲ ကာယကံရှင်နှစ်ဦးသာသိတဲ့ တောင်းပန်မူမျိုးမဟုတ်ဘဲ သံဃာ့ပရိသတ်၊ မင်းပရိသတ်၊ လူပရိသတ်အလယ်မှာ တောင်းပန်စေချင်တာပါး။ ဘိုးတော်မင်းတရားက သူလိုချင်တဲ့ပုံစံကိုပါ တစ်ပါးတည်းပြောပြပါတယ်။

ဦးကျော်ရွေးက တောင်ငူမင်းသားကို လောကရေး၊ ဓမ္မရေးတွေနဲ့ဆုံးမပြီး သာသနာပိုင်ဆရာတော်ကို ၀န်ချတောင်းပန်ဖို့ပြော၊ တောင်ငူမင်းသား ကလည်း ခေါင်းညိတ်၊ ဒီလိုနဲ့ ၀န်ချတောင်းပန်ပွဲ အစီအစဉ်ကို ပြုလုပ်ကြပါတော့တယ်။

နန်းတော်ရဲ့ ဇေတ၀န်ဆောင် သံဃာစင်ပေါ်မှာ မောင်းထောင်သာသနာပိုင်ဆရာတော်၊ သုဓမ္မာဝင်ဆရာတော်များ၊ အောက်ခြေမှာ ဘိုးတော် မင်းတရားနဲ့ မိဖုရားခေါင်ကြီး၊ ၀န်ကြီးဦးကျော်ရွေး၊ အမတ်ကြီးဦးပေဦး၊ အခြားမူးမတ်ကြီးများ၊ သားတော်သမီးတော်များ၊ မောင်းမမိဿံများ၊ ရဟန်းပရိသတ်၊ မင်းပရိသတ်၊ လူပရိသတ် စုံစုံညီညီ၊ ရဟန်းတော်များဆွမ်းစားခြင်းကိစ္စပြီးလို့ ငါးပါးသီလယူ၊ ပရိတ်တရားတော်လည်း နာပြီးပြီ၊ အပ်ကျသံကြားရလောက်အောင် ခန်းမဆောင်တစ်ခုလုံး ငြိမ်သက်နေပါတယ်။ အားလုံးရဲ့စိတ်က တောင်ငူမင်းသားဆီက အသံကို အားလုံးနားစွင့် နေကြပါတယ်။ တောင်ငူမင်းသားက ဦးကျော်ရွေးကို တစ်ချက်ကြည့်လိုက်ပါတယ်။ စ ရတော့မလားပေါ့။ ဦးကျော်ရွေးက ခေါင်းဆတ်ပြလိုက်ပါတယ်။ တောင်ငူမင်းသားက ပုဆစ်တုပ်ထိုင်နေရာကနေ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး

ကျေးဇူတော်ရှင် သာသနာပိုင်ဆရာတော်ဘုရား..

တပည့်တော်သည် မကောင်းသောဒေါသ၏ နောက်ပါဖြစ်၍ စိတ်လိုက်မာန်ပါ ဆရာတော်အား ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟုသော ကံသုံးပါးဖြင့် ပြစ်မှားကျူးလွန်မိုက်မှားမိပါသည်။ ထိုမိုက်မှားကျုးလွန်မိသောအပြစ်ကို ချမ်းသာပေးသနားတော်မူပါရန် တပည့်တော် ကန်တော့ဝန်ချ တောင်းပန်ပါ၏ဘုရား။ ၀န်ချတောင်းပန် ကန်တော့သည့် အတိုင်း တပည့်တော်ကို သနားသောအားဖြင့် သည်းခံတော်မူပါရန် အကြိမ်ကြိမ်ကန်တော့ ၀န်ချပါကြောင်း ရှိခိုးလျှောက်ထားဝံ့ပါသည်ဘုရား လို့ ၀န်ချတောင်းပန်လိုက်ပါတယ်။ တောင်ငူမင်းသားရဲ့ စကားဆုံးတာနဲ့ ပရိသတ်အားလုံးက ၀ိုင်းပြီးသာဓုခေါ်ကြပါတယ်။ ပရိသတ်အားလုံး သာဓုခေါ်သံအဆုံးမှာ မောင်းထောင်သာသနာပိုင် ဆရာတော်က တည်တည်ငြိမ်ငြိမ်နဲ့ မိန့်တော်မူပါတယ်။

“အင်း သာဓု၊ သာဓု၊ သာဓု ငါသည်းခံ၏။ မင်းသားချည်း မှားသည်မဟုတ်။ ငါလဲ မှားလေသည်။ မင်းသားလဲ ပုထုဇဉ်၊ ငါလဲ ပုထုဇဉ်ဖြစ်ခဲ့၏။ ပုထုဇဉ်ဂတိ လိုက်စားမိသည့်အတွက် ဖြစ်ကြသောကြောင့် မှားကြချေပြီ။ ပုထုဇဉ်ပင်ဖြစ်သော်လည်း မင်းသားက ပုထုဇဉ်အငယ်၊ ငါက ပုထုဇဉ်အကြီးဖြစ်၍ ငါက မင်းသားထက်သာ လွန်၍ မိုက်မှားမိချေသည်။ မြတ်စွာဘုရား၏ အရေတော်ကို ၀တ်ဆင်မြန်းလျှက် မဟာသံဃရာဇာအမည်ကို ရရှိသဖြင့် သည်းမခံနိုင်ဘဲ သာသနာပိုင်ဂုဏ် ယစ်မူးသောကြောင့် ဒေါသာဂတိကို လိုက်စားမိသဖြင့် ဖြစ်ရချေသည်။ သို့အတွက် မင်းသားလဲ ငါ့အပေါ်၌ အမျက်မထားလေနဲ့၊ သည်းခံပါလေ“

သာသနာပိုင်ဆရာတော်က ခေတ္တရပ်လိုက်တော့ ပရိသတ်အားလုံးက ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။ ပြီးမှ ဆရာတော်က မိန့်လက်စစကားကို ဆက်ပြီး မိန့်ပါတယ်။ မင်းသားကို ဥပမာတစ်ခုပြောရဦးမယ်။ မြတ်စွာဘုရားဟောတော်မူသော မဟောသဓဇာတ်တော်မှ စူဠနီမင်းဟာ မဟောသဓကို သတ်ပစ်ရန် ဒေါသအမျက်ထားလျှင် ကြံစည်လျှက်ရှိနေသည်။ မဟာဥပကာရီဥမင် လိုဏ်ခေါင်းအတွင်းသို့ကျရောက်မှ နောက်နောက်က ပျက်စီးအောင်ကြံခဲ့ကြသော ဒေါသအမျက်ကြီးတွေကို တစ်ခါတည်း ပျောက်ကွယ်၍ တစ်ယောက်နှင့်တစ်ယောက် အသက်ချင်းလဲကြ၍ ချစ်ကြည်ကြသော အဖြစ်သို့ရောက်လေသကဲ့သို့ ဤနန်းတော်ဇေတ၀န်အဆောင်သည် မဟာဥပကာရီဥမင်လိုဏ်ခေါင်းဟု သဘောထား၍ ဖြစ်ခဲ့သော ဒေါသအမျက်တို့သည် တစ်ခါတည်း စွန့်ပစ်ပယ်ဖျောက်ပြီး အသက်ချင်းလဲကြသကဲ့သို့ ရှေ့ကိုအသက်ရှည်သမျှ ကာလပတ်လုံး မေတ္တာစိတ်မပျက်ကြရအောင် သတိပြုကြရန်ဖြစ်တော့သည်ကို အသင်မင်းသား မှတ်ယူပါတော့။“

သာသနာပိုင်ဆရာတော်ရဲ့ တရားမိန့်ကြားသံ ဆုံးတော့ ပရိသတ်အားလုံးက သာဓုထပ်မံခေါ်ကြပါတယ်။ နောက်တောင်ငူ မင်းသား ကိုယ်တိုင် အလှူတော်သင်္ကန်းတွေကို ဆရာတော်များအား ကပ်လှူပါတယ်။ ကိစ္စ၀ိစ္စတွေပြီးလို့ ဆရာတော်တွေပြန်ကြွတဲ့အခါ တောင်ငူမင်းသားက သာသနာပိုင်ဆရာတော်ရဲ့ဖိနပ်ကို ကိုယ်တိုင်ကိုင်ပြီး ဖိနပ်ကို ခင်းပေးပါတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး ပရိသတ်တွေရဲ့ မျက်နှာမှာ ကြည်နူးကျေနပ်စိတ် တွေက အထင်သားနေမှာပါ။

တကယ်တော့ ဒီပွဲဟာ မောင်းထောင်သာသနာပိုင် ဆရာတော်နဲ့ တောင်ငူမင်းသားတို့ ကိုယ့်ရဲ့မာနကို နိဝါတဆိုတဲ့ ဆပ်ပြာနဲ့ ဖွပ်လျှော်တဲ့ပွဲ။ တစ်နည်းအားဖြင့် မာနနဲ့ နိဝါတ လဲလှယ်တဲ့ပွဲ။ ဒါမှမဟုတ် တမလွန်ကို မာနတွေ ယူမသွားဘဲ နိဝါတွေသာ ယူသွားမယ်လို့ တရားဝင်ကြေငြာတဲ့ပွဲ။ ဘာပဲပြောပြော နိဝါတမင်္ဂလာနဲ့ ပြည့်စုံလှတဲ့ ပွဲတစ်ပွဲပါပဲ။ မောင်းထောင်သာသနာပိုင် ဆရာတော်ရဲ့ ငါကပုထုဇဉ်အကြီးဖြစ်၍ ငါကမင်းသား ထက်သာလွန်၍ မိုက်မှားမိချေသည် ဆိုတဲ့ စကားဟာ ကုန်းဘောင်ခေတ်မှာ ဘယ်လောက်အထိ မြည်ဟည်းခဲ့တယ်ဆိုတာ မပြောတတ်ပေမယ့် စာရေးသူကတော့ မောင်းထောင်သာသနာပိုင်ဆရာတော်ရဲ့ နိဝါတမင်္ဂလာကို အာရုံပြုပြီး ကန်တော့လိုက်မိတာတော့ အမှန်ပါ။

ကျမ်းကိုး

(၁) ပါးစပ်ရာဇ၀င်(မှော်ပီဆရာသိန်းကြီး)

(၂) ကုန်းဘောင်ရှာပုံတော်( ညိုမြ)

မြတ်သတိ အောက်တိုဘာ ၂၀၀၀