“သီလမဂ္ဂင် ကံလမ်းစဉ်”“အစားနဲ့တရား” ( အပိုင်း ၃)
“အလွန်ကို အရေးကြီး ပါတယ်”လို့ အထူးပြု ပြောရတာကတော့ ဒီနေ့ ဗုဒ္ဓဘာသာဝင် တော်တော် များများတို့ဟာ “သားကျွေးမှု၊ မယားကျွေးမှု အတွက် စီးပွားဥစ္စာ ရှာဖွေကြရတာဟာ အပါယ် ရောက်ကြောင်းတွေလား၊ နိဗ္ဗာန် ရောက်ကြောင်း တွေလား၊ ဒါမှမဟုတ် ဒီပုဂ္ဂိုလ်မျိုးတွေဟာ အပါယ်ကို ဦးတည် နေကြသလား၊ နိဗ္ဗာန်ကို ဦးတည် နေကြသလား”လို့ မေးလိုက်တိုင်း “အပါယ်ရောက်ကြောင်းတွေပါ၊ အပါယ်ကို ဦးတည်နေကြတယ်”ဆို တဲ့ ဖြေသံကြီးက တစ်ခဲနက် တစ်ပြိုင်တည်းကို “ဟည်း” ပြီးထွက် လာတတ်ကြလို့ပါ။
မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ် (မဂ္ဂင်ရှစ်ပါး)ကို ခံယူပြီးလိုက်နာကျင့်သုံးနေကျတဲ့ ဗုဒ္ဓဘာသာဝင်များလို့ အမည်ခံထား ပြီးဒီလိုဖြေဆိုသံကိုကြားရတိုင်း “ကိုယ်လျှောက်နေတဲ့လမ်းမှာ ဘယ်လိုမှတ်တိုင်တွေရှိတယ် ဆိုတာတောင် ပြတ်ပြတ် ထင်ထင်မသိမြင်ကြသေးတဲ့ ယိမ်းယိုင်ယောင်ဝါး ဗုဒ္ဓဘာသာဝင်များပါကလား” ဆိုတာတွေးပြီးတော့လဲ အလွန်အမင် စိုးရိမ် မကင်းဖြစ်မိရပါတယ်။
ပိုပြီးတော့ ပီပီပြင်ပြင် ကြည်ကြည် လင်လင်ကလေးဖြစ်အောင် ထပ်ပြီးရှင်းပြပါဦးမယ်၊ သားကျွေးမှု မယားကျွေးမှု အတွက်ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရေ တစ်ကာယ အတွက်ပဲဖြစ်ဖြစ် လုပ်ကိုင်ရှာဖွေကြရတာကို ပါဠိလို “ အာဇီဝ”လို့ခေါ်ပါတယ်၊ မြန်မာလိုတော့ “အသက်မွေးဝမ်းကျောင်းမှု”လို့ဆိုရပါတယ်၊ အထက်မှာ ပြောခဲ့တဲ့အတိုင်း ဘဝတစ်ခုမှာ ဖြစ်တည်လာ ပြီဆို ကတည်းက အသက်ရှင်ရပ်တည်ရေးက အချိန်ဆွဲနေလို့မရတော့ပါဘူး၊ ချက်ချင်းလက်ငင်းဆိုသလိုလုပ်ကိုင် ဆောင်ရွက်ကြရမှာပါ၊ ဒီလိုလုပ်ကိုင်ရှာဖွေရတာကို “အသက်မွေးမှု”လို့ခေါ်ဆိုတာကိုလဲ သတိပြုပါ၊ ဒီလိုမှ ကျွေးမွေးမပေးရင် အသက်က ဆက်လက် ရှင်သန်ဖို့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် စီးပွားဥစ္စာရှာဖွေတယ်ဆိုတာ တိတိကျကျပြောရရင် အပါယ်ရောက်ကြောင်း လဲ မဟုတ်သေးပါဘူး၊ နိဗ္ဗာန်ရောက်ကြောင်းလဲမဟုတ် သေးပါဘူး၊ အသက်ရှင်သန် ကြောင်းသာ ဖြစ်ပါတယ်။
အဲဒီလို စီးပွားဥစ္စာရှာဖွေကြရာမှာ “ဘယ်သူသေသေ၊ ငတေမာပြီးရော”ဆိုတာမျိုးလို သူတစ်ပါးကိုမတရားသဖြင့် နှိပ်စက်သတ်ဖြတ် အနိုင်ကျင့်ပြီး ရှာတာမျိုး (ပါဏာတိပါတ)တို့၊ သူတစ်ပါးပိုင်ဆိုင်ပြီးသား ဥစ္စာကိုနိုင်ထက်စီးနင်း တိုက်ခိုက် သိမ်းပိုက်ယူတာ၊ မရိုးမသားလှည့်ဖြား ခိုးဝှက်ယူတာ (အဒိန္နာဒါန)တို့၊ လိမ်ညာလှည့်ဖြားပြီးချိန်ခွင်စဉ်းလဲ၊ တောင်းခွက် စဉ်းလဲ အလေးစဉ်းလဲ၊ ငွေကြေးစဉ်းလဲ ပစ္စည်းဥစ္စာအမှတ်တံဆိပ် စဉ်းလဲခြင်းမျိုးနဲ့ ရှာဖွေတာစတဲ့ မရိုးသားတဲ့ နည်းမျိုးတွေနဲ့ ရှာဖွေကြရင်တော့၊ အဲဒီလို မရိုးသားမှု၊ မတရားမှု၊ လွဲမှားမှုတို့ကို ပါဠိလို “မိစ္ဆာ”လို့ခေါ်ပါတယ်၊ လွဲမှားတာက “မိစ္ဆာ” စီးပွားရှာတာက “အာဇီဝ”ပါ၊ မိစ္ဆာနဲ့အာဇီဝကိုပေါင်းလိုက်ရင် “မိစ္ဆာဇီဝ”ဖြစ်သွားပါတယ်၊ ဒီလိုမိစ္ဆာဇီဝဖြစ်တဲ့ စီးပွားရှာမှုမျိုးကတော့ အပါယ်ရောက် ကြောင်းဖြစ်ပါတယ်၊ ဒီလိုရှာဖွေသူများဟာလဲ အပါယ်ကိုဦးတည်နေပါတယ်။ ဒီနေရာမှာ ခြားခြားနားနား ကွဲကွဲ ပြားပြား သိထားရမှာကတော့ “အာဇီဝကြောင့် အပါယ်ရောက်ရမှာမဟုတ်ဘူး၊ မိစ္ဆာကြောင့်သာ အပါယ်ရောက်ရမှာ ဖြစ်တယ်” ဆိုတာပါပဲ။
မိစ္ဆာရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကောင်းမွန်မှန်ကန်ပြီး ရိုးသားကြိုးစားတဲ့နည်းနဲ့ ရှာဖွေကြမယ်ဆိုရင်တော့ ကောင်းမွန် မှန်ကန် ရိုးသားတာက “သမ္မာ” ဆိုတဲ့ ဂုဏ်ကိုရရှိပါတယ်၊ စီးပွားရှာဖွေတာကတော့ “အာဇီဝ”ပါပဲ၊ နှစ်ခုပေါင်း လိုက်တော့ မဂ္ဂင် ထဲမှာပါတဲ့ “သမ္မာအာဇီဝ”ဆိုတာဖြစ်သွားပါပြီ၊ ဒီလို“သမ္မာ”ဆိုတဲ့ ဂုဏ်မြောက်အောင် ရှာဖွေပြီဆိုရင်တော့ နိဗ္ဗာန်ရောက် ကြောင်း စစ်စစ်ကြီးဖြစ်သွားပါပြီ။
အမှန်ကတော့ အသက်မွေးဝမ်းကျောင်းကိစ္စဖြစ်တဲ့ စီးပွားရှာမှုသည်ပင် နိဗ္ဗာန်ရောက်ကြောင်းလဲဖြစ်တယ်ဆိုတဲ့ ကိစ္စဟာသိပ်ပြီးနက်နဲတယ်လို့ ဆိုရလောက်အောင်ဖုံးလွှမ်းကွယ်ဝှက်နေတဲ့အရာလဲမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ကိုယ့်ပါးစပ်ကထွက်တဲ့ စကားသံရဲ့စကားနက်ကို အလေးအနက် သတိမမူကြဘဲ ပေါ့ပေါ့တန်တန်နိုင်လွန်းကြလို့သာ ကွယ်ဝှက် နက်နဲသယောင်ယောင်ဖြစ်နေကြရတာပါ။
တကယ်လို့သာ “နိဗ္ဗာန်ရောက်ကြောင်းတရားကိုဘယ်မှာရှာရမလဲ”လို့ မေးကြည့်ရင်အားလုံးကပဲ “တရားရှာ ကိုယ်မှာ တွေ့”ဆိုတဲ့ စကားကနှုတ်တက် ရနေ ကြပြီဖြစ်လို့ “ဒီခန္ဓာကိုယ်ကြီးမှာရှာရမှာပါ”လို့ မှန်မှန်ကန်ကန်ဖြေတတ်ကြမှာပါ။
ဒါဖြင့် “အဲဒီ တရားရှာစရာ ခန္ဓာကိုယ်ကြီးက ဘာနဲ့ထောက်ပံ့ထားလို့ တည်တန့်နေနိုင်တာလဲ”ဆိုရင် ဘယ့်နှယ် ပြောကြ မလဲ၊ “သဗ္ဗေသတ္တာ အာဟာရဌိတိကာ”လို့ ဘုရားရှင်ဟောတော်မူတဲ့အတိုင်း အစာအာဟာရနဲ့ ထောက်ပံ့ပေးထားလို့ တည်တန့် နေနိုင်ကြတာ မဟုတ်လား။ သတ္တဝါမှန်သမျှ အစာအာဟာရနဲ့ ခုနှစ်ရက်ထက်ကင်းကွာပြီး ရပ်တည်နိုင်စွမ်းမရှိလို့ အနာဂါမ်တို့ ရဟန္တာတို့ နိရောဓသမာပတ် ဝင်စားပြီး အသက်ရှင်လျက် နိဗ္ဗာန်ရဲ့ အရသာကို ခံစားနေကြတဲ့ ကိစ္စကိုတောင် ခုနှစ်ရက် အတွင်းမှာသာ ခံစားခွင့် ပြုထားတယ် မဟုတ်လား။
ဒါဆိုရင် “တရား”ဆိုတာ “အစား”နဲ့ ကင်းပြီး မရနိုင်ဘူးဆိုတာကို အားလုံး သဘောပေါက်လောက်ပါတယ်။ ဘုရားရှင်ကိုယ် တော်တိုင်လဲ အလောင်းတော် အဖြစ်နဲ့ ဥရုဝေလတောထဲမှာ တရားရှာခဲ့စဉ်က “အစား” က အရေးမပါဘူး “တရား” သာ အဓိကလို့ ထင်မှတ်ပြီး “အစား”ကို အလေးမထားခဲ့တဲ့အတွက် “မသေရာကို ရှာဖွေရင်း အသေစောရမည့်ဆဲဆဲ အထိရောက် ခဲ့ရဖူးတယ်လေ။ နောက်ဆုံးမှာ လုပ်ရပ်နဲ့အဖြေ တခြားစီဖြစ်နေတာကို သတိပြုမိပြီး အချိန်မီ အစားကို စားလိုက်နိုင်လို့သာ ဗောဓိမဏ္ဍိုင် အရောက်ကြွမြန်းပြီး မဇ္ဈိမလမ်းစဉ်မြတ် ကို ဖော်ထုတ် ကျင့်ကြံနိုင်ခဲ့တာ မဟုတ် လား။ ဒါကို သဘောပေါက်ရင် အစားရှာဖွေတာဟာ နိဗ္ဗာန်ရောက်ကြောင်းအတွက် မရှိမဖြစ် အရေးပါတယ် ဆိုတာကို သဘော ကျ လက်ခံနိုင်လောက်ပါပြီ။
မဂ္ဂင်ရှစ်ပါးမှာ အခုနှုတ်တက်ရရှိထားတဲ့ အစဉ်အတိုင်းဆိုရင် ပထမဆုံး ပညာမဂ္ဂင်နှစ်ပါး၊ နောက် သီလမဂ္ဂင်သုံးပါး၊ နောက်ဆုံး သမာဓိ မဂ္ဂင်သုံးပါးလို့ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ “ပညာ၊ သီလ၊ သမာဓိ”လို့ ဖြစ်နေတာပါ။ ဒါကို ဟောစဉ် “ဒေသနက္ကမ” လို့ ခေါ်ပါတယ်။ လက်တွေ့ကျင့်သုံးရာမှာတော့ ပထမဆုံး သီလမဂ္ဂင်သုံးပါးက စပြီးကျင့်သုံးကြရမှာပါ။ ဒါကြောင့် ကျင့်စဉ် (ပဋိပတ္တိက္ကမ) အရ ပြောမယ်ဆိုရင်တော့ “သီလ၊ သမာဓိ၊ ပညာ”လို့ ဖြစ်ရမှာပါ။
ပထမဆုံး သီလမဂ္ဂင်သုံးပါးဆိုတာကလဲ အထက်မှာပြောခဲ့သလိုပဲ၊ လူဖြစ်လာရင် လူလိုသူလို၊ ပြောစရာရှိတာပြော၊ လုပ်စရာရှိတာလုပ်၊ စားဝတ်နေရေး အတွက် စီးပွားရှာစရာရှိတာကို ရှာရတာပါပဲ။ ဒီလိုပြောဆိုလုပ်ကိုင် ရှာဖွေတဲ့အခါမှာ ဟိုး...ဘုရားရှင်တိုင်းရဲ့ အခြေခံအဆုံးအမ အနှစ်ချုပ်မှာပါတဲ့အတိုင်း “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်”ပြီး ပြောမယ်၊ လုပ်မယ်၊ ရှာဖွေမယ်ဆိုရင် “ပြောသမျှစကားတိုင်းထဲမှာလဲ တရားပါမယ် (သမ္မာဝါစာ)၊ လုပ်သမျှအလုပ်တိုင်းထဲမှာလဲ တရားပါမယ်(သမ္မာကမ္မန္တ)၊ ရှာသမျှ စီးပွားရေးတိုင်းထဲမှာလဲ တရားပါမယ်(သမ္မာအာဇီဝ)”လို့ သဘောပေါက်ရမှာ ဖြစ်ပါတယ်။
အစားနဲ့တရားကို သီးခြားစီသာ လုပ်ကိုင်ရမယ်လို့ ထင်မှတ်နေသူများအတွက်တော့ ဒီစကားက နားစိမ်းနေမယ်ထင် ပါတယ်။ ဒီစကားကို နားစိမ်းနေသေးသမျှလဲ မြတ်ဗုဒ္ဓလမ်းစဉ်ကို တကယ်တမ်း သဘောမပေါက်သေးသူသာ ဖြစ်နေမှာလဲ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ မဂ္ဂလမ်းစဉ်မှာ ကျင့်စဉ် (ပဋိပတ္တိက္ကမ)အရ ပထမဆုံးကျင့်သုံးရမှာက ပြောရင်း, လုပ်ရင်း, စီးပွားရှာရင်း “သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ”ဆိုပြီး သမ္မာဂုဏ်မြောက်အောင် ပြောဆို၊ လုပ်ကိုင်၊ စီးပွားရှာ ရမှာဖြစ်လို့ပါပဲ။
လူတော်တော်များများက မြတ်ဗုဒ္ဓရဲ့ ဒီမဂ္ဂင်လမ်းစဉ်ကျင့်သုံးရေး အခြေခံကို သဘောပေါက်ပုံ မရကြပါဘူး။ ဘာကြောင့် ဒီလိုမှတ်ချက်ချရတာလဲဆိုရင် သူတို့ပြောလေ့ရှိတဲ့စကားတစ်ခုက “တပည့်တော်တို့မှာ - စားဝတ်နေရေးအတွက် လုံးချာလိုက် နေရလို့၊ အလုပ်တွေက မအားမလပ်လို့ တရားနားကို မသီနိုင်ကြပါဘူး”တဲ့။ သူတို့ပြောတဲ့ ဒီစကားသံတွေက မြတ်ဗုဒ္ဓရဲ့ မဂ္ဂလမ်းစဉ်အပေါ် ဘယ်လိုမှ သဘောမပေါက်ဘူးဆိုတာကို ဖော်ပြနေတာပါ။
မြတ်ဗုဒ္ဓရဲ့ မဂ္ဂလမ်းစဉ်ကို သဘောပေါက်သူများအနေနဲ့တော့ “မအားလပ်အောင် အလုပ်တွေများနေကြရတာဟာ အစားဝရေးအတွက်ရော တရားရရေး အတွက်ပါ အလွန် အားကောင်းတဲ့အကြောင်း အထောက်အပံ့ဖြစ်တယ်”ဆိုတာကို နားလည် နိုင်ပါတယ်။
မှန်ပါတယ်။ လောကမှာ “များပြားတဲ့အလုပ်တွေ”ဆိုတာကို ကောက်ချက်ချကြည့်လိုက်ရင်၊ “ပါးစပ်နဲ့ ပြောစရာတွေရယ်၊ ကိုယ်နဲ့လုပ်စရာတွေရယ်၊ စီးပွားဥစ္စာရှာဖွေရေးတွေရယ်”ဆိုတဲ့ ဒီသုံးမျိုးထက် မပိုလောက်ပါဘူး။ ဒီသုံးမျိုးလုံးကို “သမ္မာ”ဆိုတဲ့ ဂုဏ်မြောက်လောက်အောင်“ မကောင်းမှုရှောင် ၊ ကောင်းမှုဆောင်”ဆိုပြီး ကြိုးစားကြမယ်ဆိုရင် အစားဝဖို့ရော၊ တရားရဖို့ပါ လုံလောက်တဲ့ အခြေခံကောင်းတွေချည်းပဲ မဟုတ်လား။
မဂ္ဂလမ်းစဉ်ကို စနစ်တကျလေ့လာပြီး ဒီကိစ္စကို ဖြေးဖြေးလေး စဉ်းစားကြည့်ဖို့လိုပါတယ်။ မြတ်ဗုဒ္ဓလမ်းစဉ်ဟာ လူတွေကို စီးပွားမဲ့အောင်၊ ပစ္စည်းဥစ္စာရှာဖွေ ကြိုးစားလိုစိတ်မရှိအောင် ပိတ်ပင်တားဆီးနေတာ မဟုတ်ပါဘူး။ စားဝတ်နေရေးလည်း ပြည့်စုံ၊ လူ့အဆင့်အတန်းလည်း မြင့်မားပြီး “စိတ်ထားကြီးမြတ်ခြင်း”လို့ အဓိပ္ပာယ်ရတဲ့ “မနုဿ = လူ”ဆိုတဲ့ ဂုဏ်ပုဒ်ကို ပီပီပြင်ပြင်ပေါ်လွင်ထင်ရှားအောင် ညွှန်ကြားနေခြင်းသာ ဖြစ်တယ်ဆိုတာ တကယ်တမ်း စနစ်တကျ လေ့လာသူတိုင်း သိမြင်နိုင်ပါတယ်။ မဂ္ဂလမ်းစဉ်ထဲမှာ “သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ပါတယ်”ဆိုတာကိုသာ အကြိမ်ကြိမ် အထပ်ထပ်စဉ်းစား ဆင်ခြင်ကြည့်ပါ။ ကြည့်လေ မြင်လေ၊ မြင်လေ သဘော ပေါက်လေ ဖြစ်လာမှာပါ။
ဒီသီလမဂ္ဂင်သုံးခုရဲ့ အဓိကခံယူရမယ့် “ဘာဝတ္ထ=ခံယူနက်”က၊ ပစ္စည်းဥစ္စာ ရှာဖွေခြင်းဆိုတဲ့ လောဘကို ဖယ်ရှားဖို့ မဟုတ်ဘူး မတော်မတရား၊ မမှန်ကန် မရိုးသားတဲ့ ဝိသမလောဘကို ပယ်ဖို့သာဖြစ်တယ်ဆိုတာကို သဘောပေါက်ရမှာပါ။ ဘာဖြစ်လို့ ဒီလိုပြောနိုင်ရသလဲဆိုတော့ သီလမဂ္ဂင်ဆိုတာ လမ်းစဉ်အရပြောရရင် ကံလမ်းနယ်ပယ်ထဲမှာပဲ ရှိပါတယ်။ ကံလမ်း ကံနယ်ဆိုတာ လောကီလူ့ဘောင်အတွင်းမှာ အဓိက ကျင့်သုံး ရတာဖြစ်လို့ လောကီလူ့ဘောင်မှာ လူရာဝင်အောင် လူတန်း စေ့အောင် ရှာဖွေလုပ်ကိုင်မှုတွေကို ဖယ်ရှားဖို့ မဟုတ်ဘူး။ “မကောင်း မှုရှောင်၊ ကောင်းမှုဆောင်”ဆိုတဲ့အတိုင်း၊ မတရားမှု တွေ ကင်းပြီးတရားသဖြင့် ကြိုးစားရှာဖွေကြဖို့ တိုက်တွန်းအားပေးတဲ့ မဂ္ဂင်များသာဖြစ်လို့ပါ။
ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး မဂ္ဂင်လမ်းစဉ်အပေါ်မှာ အစွန်းရောက်အမြင်နဲ့ တလွဲဆံပင်ကောင်းနေတတ်ကြလို့ ထပ်ပြီးပြောလိုက်ပါဦးမယ်။ “သီလမဂ္ဂင် ကံလမ်းစဉ်”ဆိုတာ လောကီနယ်ပယ်မှာ ကျင့်သုံးရတာပါ၊ လောကီနယ်ပယ်မှာ လိုက်နာခံ ယူကြရမှာက လောဘမထားဖို့ မဟုတ်ဘူး၊ မတပ်မက်၊ မစွဲလမ်းဖို့သာ ဖြစ်တယ်။ လောဘနဲ့ တပ်မက်တာ ဘာထူးလဲလို့ မေးစရာရှိပါတယ်။ အဘိဓမ္မာ(ပရမတ္ထသစ္စာ)အရ ပြောမယ်ဆိုရင်တော့ တရားကိုယ်ကလောဘပဲဖြစ်လို့ အတူတူပါပဲ။ ဒါပေမယ့် ကံလမ်းရဲ့နယ်ပယ်ဖြစ်တဲ့ လောကီနယ်ပယ်ဆိုတာ ပရမတ္ထသစ္စာကို အသုံးချတဲ့ နယ်ပယ် မဟုတ်ပါဘူး။ သမုတိသစ္စာကို အသုံးချတဲ့ နယ်ပယ်ပါ။ သမုတိသစ္စာရဲ့နယ်ပယ်မှာ အရာရာကိုအဘိဓမ္မာသဘောနဲ့ချည်း တိုင်းတာလို့ မရဘူး၊ သုတ္တန်သဘောနဲ့ တိုင်းတာချင့်ချိန်ရပါတယ်။ သုတ္တန်ပရိယာယ်အရ တပ်မက်တာကို “အဘိဇ္ဈာ”လို့ ခေါ်ပါတယ်။ သူတစ်ပါးပစ္စည်းကို မတရားလိုချင်တဲ့ သဘောလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကို သိပ်ရှင်းပြနေရင် “ကျေအေးအောင် ဖြေရှင်းကာမှ ရှည်လွန်းလို့ နားမလည်” ဆိုတာမျိုးဖြစ်သွားနိုင်လို့ ဒီလောက်ပဲ ပြောစေချင်ပါတယ်။ (အသုံးချသစ္စာနဲ့ အရိယသစ္စာအကြောင်းကို နောက်တော့ ထပ်ပြောပါဦးမယ်။)
သီလမဂ္ဂင်သုံးပါးနဲ့ ပတ်သက်လို့ အနှစ်ချုပ်အနေနဲ့ သဘောပေါက်ထားရမှာကတော့- “သီလ”ဆိုတာ “အလေ့အကျင့်”လို့ အဓိပ္ပာယ်ရတဲ့အတိုင်း ဒီမဂ္ဂင်သုံးပါးဟာ နေ့စဉ်လူမှုတာဝန်တွေကို လုပ်ကိုဆောင်ရွက်ရင်း “အလေ့အထ”တစ်ခုလိုဖြစ်အောင်း မပြတ်ကျင့်သုံးနေရမယ့် မဂ္ဂင်များ ဖြစ်ပါတယ်။ “သီလ”နဲ့ပတ်သက်လို့ ပါဠိ သဒ္ဒါကျမ်းများမှာတော့ ပရိယာယ်စကား သုံးခုနဲ့ အဓိပ္ပာယ်ဖွင့်ပြပါတယ်။ “သီလ၊ ဓမ္မ၊ သာဓုကာရီ”တဲ့။
“သီလ”က မပြတ်အလေ့အကျင့်ဖြစ်နေရမယ်လို့ ဆိုတာပေါ့။ ”ဓမ္မ”ဆိုတာကတော့ “ဓမ္မတာ၊ ထုံးစံ၊ အလေ့အထ” ဆိုတဲ့ သဘောမျိုးဖြစ်နေ ရမယ်လို့ ပြောတာပါပဲ။ ဆိုလိုတာကတော့ “သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ”တို့ဆိုတာ ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ ဓမ္မတာ၊ ထုံးစံ၊ အလေ့အထ တစ်ခုပဲလို့ ပြောရလောက်အောင်ကို အသားကျနေစေရမယ်။ “ပျားရည်”လို့ ပြောလိုက်ရင် “ချိုတဲ့အမျိုး”ဆိုတာကို သိသာစေသလို “ဗုဒ္ဓဘာသာ +ဗုဒ္ဓလမ်းစဉ် အတိုင်းလိုက်နာသူ”လို့ ပြောလိုက်ရင်လဲ ဘယ်တော့မှ လိမ်ညာလှည့်ဖြား၊ ရမ်းကားကြမ်းတမ်းတဲ့စကားမျိုး မပြောဘဲ မှန်ကန်သင့်မြတ် ချိုသာ ပြေပြစ်တဲ့ စကားမျိုးကိုသာ ပြောတတ် သူတွေ။ သတ်ဖြတ်၊ ညှင်းဆဲ၊ ခိုးဝှက်၊ လူမဆန်မှုတွေ ဘယ်တော့မှမပြုဘဲ။ ထောက်ထားသက်ညှာ၊ ကိုယ်ချင်းစာ ရိုင်းပင်းတဲ့ အလုပ်မျိုးကိုသာ လုပ်ကိုင်သူတွေ။ သူ့ကျိုးကိုယ်ကျိုး မျှမျှတတ မှန်ကန်ရိုးသားစွာ သက်မွေးဝမ်းကျောင်း (စီးပွားရှာ) တတ်သူတွေ”လို့ သိသာလောက်အောင် အလေ့အထ ထုံးတမ်းစဉ်လာ၊ ဓမ္မတာတစ်ခုလို ဖြစ်အောင်ကို ကျင့်သုံးနေရ မယ်လို့ ဆိုတာပါ။
“သာဓုကာရီ”ဆိုတာကတော့ ဒီအကျင့်မျိုး မကျိုးမပျက်ရအောင် အလေးထားလုပ်ဆောင်ရမယ်လို့ ဆိုတာပါ။ စာပေမှာတော့ ခါးဝတ်ပုဆိုးလို၊ ဦးခေါင်းပမာလို အလေးထားပြီး ဘယ်တော့မှ ကျွတ်မကျ၊ ပြုတ်မကျအောင် အလေးထား ကျင့်သုံးရမယ်လို့ ဆိုပါတယ်။
ဒီလိုကျင့်သုံး နေထိုင်တတ်ပြီဆိုရင်တော့ သီလမဂ္ဂင် ပြည့်စုံပါပြီ၊ ကံနဲ့ ကံရဲ့အကျိုးကိုလဲ တကယ်သဘောပေါက် သိမြင်သွားပြီဖြစ်လို့ ကမ္မဿကတပညာ ပြည့်မှီသွားပါပြီ။ သီလလုံခြုံသွားတဲ့အတွက် ဒုစရိုက်တရားများ ကင်းသွားပြီဖြစ်လို့ သုစရိုက်တရားရှိသူများ ဖြစ်သွားပါပြီ။ တိုတိုချုပ်ကတော့ “တရားရှိသူ” ဖြစ်သွားပါပြီလို့ ဆိုနိုင်ပါတယ်။
ဒါကသိပ်ကို အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ “တရားအားထုတ်တယ်” ဆိုတဲ့ စကားကိုကြားဖူး သိဖူးသူ များပါတယ်။ ဆက်စပ်သိထားဖို့လိုတာကတော့ “ထုတ်တယ်ဆိုတာရှိနေမှ ထုတ်လို့ရမယ်၊ မရှိရင်ထုတ်လို့ မထွက်နိုင်ဘူး” ဆိုတဲ့ အချက်ပါပဲ။
လောကဥပမာ အနေနဲ့ ပြောရရင်တော့ “တရားအားထုတ်တယ်” ဆိုတာ “ဆီကြိတ်တယ်”ဆိုတဲ့ သဘောမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဆီကြိတ်ဖို့ဆိုတာ ပထမဦးဆုံးအနေနဲ့ နှမ်းတို့မြေပဲတို့လို ဆီထွက်ပစ္စည်းတွေ အောင်အောင်မြင်မြင် ရှိနေဖို့လိုပါတယ်။ ဆီရှိနေတဲ့ နှမ်းတို့မြေပဲတို့ကို ကြိတ်မှဆီထွက်ပါတယ်။ “ဆီရှိတာရယ်၊ ဆီကြိတ်တာရယ်၊ ဆီထွက်တာရယ်” သုံးဆင့်ရှိပါတယ်။
မဂ္ဂင်လမ်းစဉ်မှာလဲ အလားတူပါပဲ ၊ “တရားရှိတာရယ်၊ တရားအားထုတ်တာရယ်၊ တရားအသိရတာရယ်” ဆိုပြီး သုံးဆင့်ရှိရပါတယ်။ သီလမဂ္ဂင်က တရားရှိလာအောင် လေ့ကျင့်ရတာပါ၊ (တရားကျင့်တဲ့ မဂ္ဂင်ပေါ့)။ သမာဓိမဂ္ဂင်က တရားအားထုတ် ရတာပါ၊ (တရားအားထုတ်တဲ့မဂ္ဂင်ပေါ့)။ ပညာမဂ္ဂင် ပြည့်ဝသွားတာက တရားအသိရသွားတာပါ၊ (တရားရတဲ့ မဂ္ဂင်ပေါ့)။ သီလ ပရိဘာဝိတော သမာဓိ မဟပ္ဖလော၊ သမာဓိ ပရိဘာဝိတာပညာ မဟပ္ဖလာ = သီလမှာတည်ပြီး ပွားများမှ သမာဓိ အားကောင်း တယ်၊ သမာဓိမှာတည်ပြီးပွားများမှ ပညာတိုးပွားတယ်}}ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတော် အတိုင်းပါပဲ။ သီလမဂ္ဂင်နဲ့ ပတ်သက်လို့ ဒီလောက်ဆို အတော်လေး တီးမိခေါက်မိ ရှိလောက်ပါပြီ။
-----------------------------
နောက်မဂ္ဂင်သုံးပါးက “သမ္မာဝါယာမ= ကောင်းမွန်မှန်ကန်အောင် အားထုတ်မှု။ သမ္မာသတိ= ကောင်းမွန်မှန်ကန်အောင် သတိထားမှု။ သမ္မာသမာဓိ= ကောင်းမွန်မှန်ကန်တဲ့ တည်ကြည်မှု” တို့ပါပဲ။ ဒီမဂ္ဂင်သုံးပါးကို သမာဓိမဂ္ဂင်လို့ ခေါ်ပါတယ်။ သမာဓိမဂ္ဂင်ကို တရားအားထုတ်တဲ့ မဂ္ဂင်လို့ ခုနကပြောခဲ့တယ်နော်။ ဟုတ်ပါတယ် - သီလ မဂ္ဂင်သုံးပါး ပြည့်စုံပြီး သီလအားတွေ ရှိလာအောင်လဲ ဒီသမာဓိမဂ္ဂင်သုံးပါးနဲ့ပဲ အားထုတ်ပေးရတာပါ။ သမာဓိမဂ္ဂင်နဲ့ အားထုတ် မပေးရင် သီလမဂ္ဂင်ဆိုတာလဲ မပြည့်စုံ မစင်ကြယ်နိုင်ပါဘူး။
စဉ်းစားကြည့်ပေါ့ - သီလမဂ္ဂင်ဆိုတာ လိုရင်းအချုပ်က “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်” ဖို့ပဲမဟုတ်လား။ အဲဒီလိုရှောင်နိုင် ဆောင်နိုင်အောင်လဲ သမ္မာဝါယာမ မဂ္ဂင်နဲ့ အားထုတ်ပေးရတာပါ။ မကောင်းမှုçကောင်းမှုဆိုတဲ့ အာရုံ ပီပြင်လာအောင် သမ္မာသတိမဂ္ဂင်နဲ့ ပုံဖော်ပေးရတယ်၊ သမ္မာသတိမဂ္ဂင်ရဲ့ လုပ်ငန်းက လိုအပ်တဲ့အာရုံကို ပေါ်လာအောင်လဲ ဖော်ပေးရတယ်။ မလိုအပ်တဲ့ အာရုံတွေ ကြားဝင်လာရင်လဲ ဖယ်ရှားပေးရတယ်၊ အာရုံနဲ့ အာရမ္မဏိကစိတ် တစ်ထပ်တည်းကျအောင်လဲ စေ့စပ်ပေးရတယ်၊ ရှေ့စိတ် နောက်စိတ်တွေ လိုအပ်တဲ့ အာရုံအပေါ်မှာ စဉ်ဆက် မပြတ် ဖြစ်နေအောင်လဲ စောင့်ရှောက်ပေးရပါတယ်။ ဒါကြောင့်လဲ သတိကို “ဒေါဝါရိကောယထာ = တံခါးစောင့်နဲ့တူတယ်” လို့ မြတ်စွာ ဘုရား က ဟောတော်မူခဲ့တာပေါ့။သတိက ဒီလိုဆောင်ရွက်ပေး မှ သမ္မာသမာဓိက စိတ်ကိုအာရုံပေါ်မှာ စူးစိုက်ကျ ရောက်ပေးနိုင်တာပါ။
“မနသာစေ ပသန္နေန ဘာသတိဝါ ကရောတိဝါ = သဒ္ဓါတရားနဲ့ ယှဉ်ပြီးကြည်လင်တဲ့စိတ်နဲ့ ပြောဆိုပြုလုပ်မှသာ ကုသိုလ်ကံဖြစ်တယ်” ဆိုတဲ့ ဓမ္မပဒပါဋ္ဌိတော်နဲ့အညီ သမာဓိရှိပြီး ကြည်လင်တဲ့ သဒ္ဓါစိတ်ပါမှသာ ကုသိုလ်ကံ ပီပြင်ပါတယ်။ သမာဓိမဂ္ဂင်ကင်းမဲ့နေပြီဆိုရင် “ပါးစပ်က ဘုရားဘုရား၊ စိတ်က ကိုးရိုးကားရား” ဆိုတာမျိုး ဖြစ်နေတတ်လို့ ကံမပီပြင်ပါဘူး။ အလုပ်ပေါ် စိတ်မရောက်ရင် အလုပ်ထဲမှာ စေတနာမပါတော့ဘူး၊ စေတနာမပါရင် ကံမအောင်မြင်ဘူးလို့ ဆိုလိုတာပါ။ ပြောတော့သာ “ဒါလေးများ” လို့ထင်ရပေမယ့် တကယ်လုပ်ကြည့်တဲ့အခါ သမာဓိမဂ္ဂင်မပါရင် “ဣတိပိသော” စတဲ့ ဘုရားဂုဏ်တော် ကိုးပါးလုံး ကြားအာရုံမဝင်စေဘဲ ဖြောင့်ဖြောင့်ဆိုဖို့ကို မလွယ်ကူပါဘူး။ မယုံရင် စမ်းကြည့်ပါ။ “သစ္စာတရားက ခရီးထွက်ဖို့ ဘိနပ်စီး မပြီးသေးခင်မှာ မုသားက ကမ္ဘာပတ်ပြီးနေပြီ” ဆိုတဲ့ အင်္ဂလိပ်စကားပုံအတိုင်း ပါးစပ်က ဣတိပိသော မစရသေးဘူး စိတ်က ရွာရိုးကိုးပေါက် အကြိမ်ကြိမ်ရှောက်ပတ်နေတဲ့အဖြစ်မျိုးနဲ့ ကြုံရမှာမလွဲပါဘူး။
သမာဓိမဂ္ဂင်သုံးပါးတို့ဟာ သီလမဂ္ဂင်တွေ ပီပြင်လာအောင်လဲ အားထုတ်ပေးရသလို ပညာမဂ္ဂင်တွေ အထွတ်အထိပ် ရောက်အောင်လဲ အားထုတ်ပေးရတာပါပဲ။ ဒါကိုတော့ ဗုဒ္ဓဘာသာဝင် အတော်များများလဲ သိထားကြပြီးသားလို့ ထင်ပါတယ်။ ပိုပြီးပြည့်ပြည့်စုံစုံ သိထားရမှာက - တရား အားထုတ်တယ်ဆိုတာ သီလမဂ္ဂင်တရားတွေ ပြည့်စုံလာအောင်လဲ အားထုတ်ပေး ရတယ်။ ပညာမဂ္ဂင်တရားတွေ ပြည့်ဝလာအောင်လဲ အားထုတ် ရတယ်။ သီလမဂ္ဂင်တွေ ပြည့်စုံတော့ ကမ္မဿကတပညာ ပြည့်ဝတယ်။ ပညာမဂ္ဂင်တွေ ပြည့်ဝတော့ ဝိပဿနာပညာ၊ မဂ်ဖိုလ် ပညာတွေ ပြည့်စုံ ရရှိတယ်ဆိုတာပါပဲ။
လမ်းစဉ်အနေနဲ့ပြောရရင် - သီလမဂ္ဂင်ကို ကံလမ်းမဂ္ဂင်လို့ ခေါ်ပါတယ်။ ကာယကံ ဝစီကံတွေမှာ မကောင်း မှုကိုရှောင်၊ ကောင်းမှု ကို ဆောင်နိုင်လာအောင် ကျင့်ကြံအားထုတ်ရတာ ဖြစ်လို့ပါ။ သမာဓိမဂ္ဂင်သုံးပါးကိုတော့ ဈာန်လမ်းမဂ္ဂင်များလို့ ခေါ်ပါတယ်။ အဘိဓမ္မာမှာ ဈာန်တရား အဖြစ် ဝိတက်စတဲ့ ငါးပါးကို ဆိုပေမယ့် ဈာန်ဆိုတာ အာရုံတစ်ခုတည်းအပေါ်မှာ စိတ်ကိုကျရောက် တည်နေအောင် စူးစိုက်ရှုမှတ်ရတဲ့ သဘောဖြစ်လို့ ဧကဂ္ဂတာလို့ ခေါ်တဲ့ သမာဓိတရားသာ ပဓာန လိုရင်းဖြစ်တဲ့အတိုင်း ဈာန်လမ်း မဂ္ဂင်ထဲမှာတော့ ဈာန်အင်္ဂါမည်တဲ့ တရားထဲက သမာဓိကိုသာ ပဓာနအားဖြင့်ထည့်ပြီး ဝီရိယ-သတိတို့နဲ့ ပူးပေါင်းဖေါ်ပြထားတာကို တွေ့နိုင်ပါတယ်။ ဝီရိယနဲ့ သတိမပါရင် သမာဓိတရားကလဲ မဖြစ်နိုင်လို့ပါပဲ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။
2011-ခု၊ ဇူလိုင်လ ၁၃-ရက်၊ ဗုဒ္ဓဟူးနေ့ ။