Wednesday, August 31, 2011

နားလည်ခွင့်လွှတ်မှုများနှင့် ပတ်ဝန်းကျင်



နားလည်ခွင့်လွှတ်မှုများနှင့် ပတ်ဝန်းကျင်



ငြင်းခုံတာ ရန်ဖြစ်တာ သိက္ခာကျတယ်။ လူတစ်ယောက်နဲ့  ရန်ဖြစ်တယ်ဆိုတာ

ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နှိမ့်လိုက်တာပဲ။ ဂုဏ်သိက္ခာ

တကယ်ရှိတဲ့သူ၊ တည်ကြည်မှု၊ ခန့် ညားမှု တကယ်ရှိတဲ့သူဟာ ဘယ်သူနဲ့ မှ မငြင်းဘူး၊

ရန်မဖြစ်ဘူး၊ ပြောစရာ ရှိတာကို ရှင်းရှင်းလင်းလင်း တိတိကျကျပဲ ပြောတယ်။

သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့  သူတစ်ပါး သိက္ခာကျအောင်

ပုတ်ခတ်တဲ့စကားမျိုးကို မပြောဘူး၊ သူများ သိက္ခာကျမှ

ကိုယ့်မှာ ဂုဏ်ရှိတယ်လို့  မယူဆဘူး။

ဒီနေရာမှာ မြတ်စွာဘုရားနဲ့  ပတ်သက်တာတစ်ခု သွားသတိရတယ်။

မြတ်စွာဘုရားက "ငါဘုရားဟာ လောကလူအများနဲ့  မငြင်းခုံဘူး။

လောကလူအများကသာ ငါဘုရားနဲ့  အငြင်းအခုံလုပ်တာ"

လို့ မိန့် တော်မူတာ စာပေထဲမှာ ဖတ်ဖူး မှတ်ဖူးတယ်။

ဒီအချက်ဟာ တော်တော် လေးလေး နက်နက် မှတ်သားထိုက်၊ စဉ်းစားထိုက်တယ်။

မြတ်စွာဘုရား လက်ထက်က ဘုရားကို နိုင်အောင် ငြင်းဖို့ ၊ ၀ါဒပြိုင်ပွဲလုပ်ဖို့ 

လာကြတဲ့သူတွေ ရှိပါတယ်။ သူတို့ ကို မြတ်စွာ ဘုရားက ပြောသင့်တာကို

အေးအေးဆေးဆေးပဲ ပြောတယ်။ မေးသင့်တာကို မေးတယ်၊ ဖြေသင့်တာကို ဖြေတယ်။

ဒါပေမယ့် တစ်ခါမှ အငြင်းအခုံ မလုပ်ခဲ့ဘူး။

အနိုင်လိုချင်တဲ့စိတ်နဲ့  ငြင်းခုံတာ သိက္ခာကျတယ်။ ဒါကြောင့် သိက္ခာရှိရှိ၊

Dignity ရှိရှိ နေတတ်တဲ့သူဟာ ငြင်းခုံတာ မလုပ်ဘူး။ ရန်မဖြစ်ဘူး။

ရန်ဖြစ်နေကြတာကို ဘေးကနေ အေးအေးဆေးဆေး အကဲခတ်ကြည့်ပါ။

တစ်ယောက်ကို တစ်ယောက်ပုတ်ခတ်နေတာ၊ ဆဲနေတာ၊ စွပ်စွဲနေတာ ဘယ်လောက်

သိက္ခာကျသလဲ၊ ဘယ်လောက် ရယ်စရာ ကောင်းသလဲ၊

ဘယ်လောက် ရှက်စရာကောင်းသလဲ။ ဘယ်သူမှ ဂုဏ်သိက္ခာ တိုးမလားဘူး။

နှစ်ဖက်လုံးပဲ ဂုဏ်သိက္ခာ ကျသွားတယ်။ ဒါ တော်တော် ဥာဏ်မပါတဲ့အလုပ်

ဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။

လူတွေမှာ တစ်ယောက်နဲ့  တစ်ယောက် ထိတွေ့ မှု ဆက်ဆံမှု တော်တော်များတယ်။

အဆင်မပြေမှုလည်း တော်တော်များတယ်။ အဆင်မပြေမှုများရတဲ့ အကြောင်းတစ်ခုက

တစ်ယောက်ကို တစ်ယောက် နားလည်ဖို့  ကိုယ်ချင်းစာဖို့  မကြိုးစားပဲ

အနိုင်ယူဖို့  ကြိုးစားလို့ ပါပဲ။ တစ်ယောက်နဲ့  တစ်ယောက် တွေ့ ကြတဲ့အခါ တွေ့ ခါစမှာ

နည်းနည်း အဆင်ပြေတယ်။ အတူတူနေတာ၊ အတူတူ အလုပ်လုပ်တာ ကြလာရင်

အဆင်မပြေတော့ဘူး။ ဘာဖြစ်လို့ လဲ။

အတူတူနေတာ အတူတူအလုပ်လုပ်တာ ကြာလာရင် တစ်ယောက်ကို တစ်ယောက်

နိုင်ချင်လာတယ်၊ အပြစ်ရှာလာတယ်။ အပြစ်တွေ ချို့ ယွင်းချက်တွေ ရှာကြည့်လာတယ်။

အိမ်ထောင်ကျခါစမှာ အဆင်ပြေတယ်။ ကြာရင် တစ်ယောက်ကိုတစ်ယောက်

မလေးစားတော့ဘူး။ အထင်သေးတဲ့စကားမျိုး အပြစ်ရှာတဲ့ စကားမျိုးတွေ ပြောလာတယ်။

ကိုယ့်မှာလည်း အကောင်းအဆိုး ရှိတယ်။ သူ့ မှာလည်း အကောင်းအဆိုး ရှိတယ်။

တစ်ဘက်လူအပေါ် အကောင်းချည်းပဲ မျှော်လင့်နေရင် ကိုယ်ထင်သလို အကောင်းချည်းပဲ

မဟုတ်တာ တွေ့ တဲ့အခါမှာ စိတ်ပျက် စိတ်ဆိုးမယ်၊ ဆက်ဆံရေး အဆင်မပြေဖြစ်မယ်။

ကိုယ့်မှာရှိတဲ့ အကောင်းအဆိုး နှစ်မျိုးလုံးကို သေသေချာချာ မြင်ပြီးတော့

အကောင်းကို လက်ခံနိုင်သလိုအဆိုးကိုလည်း လက်ခံနိုင်ဖို့ အရေးကြီးတယ်။

အဆိုးကို လက်ခံနိုင်မှသာ အဲဒီအဆိုးဟာ အကောင်းဖက်ကို တဖြည်းဖြည်း

ပြောင်းသွားမယ်။

လက်ခံနိုင်သေးသရွေ့ ၊ ဖုံးကွယ်ထားသရွေ့  အကောင်း ဖြစ်မလာနိုင်ဘူး။

ဖုံးကွယ်ထားပြီး မရှိဟန်ဆောင်နေရင် ပြုပြင်နိုင်တဲ့အဆင့်ကို မရောက်နိုင်ဘူး။

ဒါဟာ သဘာဝပဲ။ အမှန်အတိုင်း မဖုံးမကွယ်ပဲ လက်ခံလိုက်မှသာ ပြင်နိုင်မယ်။

သူတစ်ပါးလည်း ကိုယ့်လိုပဲ ကောင်းတာနဲ့ ဆိုးတာ ရောနေတယ်ဆိုတာကို လက်ခံရမယ်။

သူတစ်ပါးရဲ့ အမှားကို မြင်ရင် ပြစ်တင် ရှုတ်ချတာမျိုး မလုပ်ပဲနဲ့  ၊

အရှက်ခွဲတာမျိုး မလုပ်ပဲနဲ့ ၊ ကိုယ်ချင်းစာပြီးတော့ လေးစားတဲ့စိတ်၊

တန်ဖိုးထားတဲ့စိတ်နဲ့  သူ့ ရဲ့ချို့ ယွင်းချက်ကို လက်ခံနိုင်ရင် တစ်ဖက်လူဟာ

သူ့ ကိုယ်ကိုသူ အကာအကွယ်ပေးတဲ့ အနေနဲ့  ဖုံးကွယ်နေစရာ မလိုတော့ပဲ

သူ့ ချို့ ယွင်းချက်ကိုသူ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့စိတ်ကို ရမယ်။

သူ့ ချို့  ယွင်းချက်ကို ထောက်ပြပြီး အရှက်ခွဲမယ်ဆိုရင် သူ့ ကိုယ်ကိုသူ

အကာအကွယ် ယူရတော့မယ်။ အလျှော့ မပေးနိုင်းဘူး၊ ၀န်မခံနိုင်ဘူး။

အလျှော့ပေးလိုက်ရင် ပိုပြီး အနိုင်ခံရမှာ ကြောက်လို့  တုန့် ပြန်မယ်။

ကိုယ့်အမှားကို ဖော်ပြီး ကိုယ့်ကို အရှက်ခွဲမယ်၊ အရွဲ့ တိုက်ပြီး ပိုဆိုးအောင်

လုပ်ချင်လုပ်မယ်။ ပြင်ဖို့  စိတ်မကူးနိုင်ဘူး။ ပြင်လိုက်ရင် အရှုံးပေးရာ

ရောက်သွားမှာ ကြောက်မယ်။

သူ့ ကို လေးစားတဲ့စိတ် ကိုယ်ချင်းစားတဲ့စိတ်နဲ့  သူ့ အမှားကို လက်ခံနိုင်ရင် သူ

အကာအကွယ် မယူတော့ဘူး။ သူ့ စိတ်ထားတွေ နူးညံ့လာမယ်။

လူတွေဟာ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေကြတာများနေတော့

အပြစ်တင်ခံရမှာ ကြောက်လို့  အများကြီး အကာအကွယ် ယူနေကြတယ်။

ဘာနဲ့  ဥပမာတူသလဲဆိုတော့ သူလည်း သံချပ်ကာ အင်္ကျီ

ဝတ်ထားတယ်။ ကိုယ်လည်း သံချပ်ကာ အင်္ကျီဝတ်ထားတယ်။

အတွင်းက လူကို ထိလို့ မရအောင် အပြင် အမာခံနဲ့  အကာအကွယ် ယူထားကြတယ်။

သူ့ အမှားကို ကိုယ်က ဖော်ရင် ကိုယ့်အမှားကိုလည်း သူက ဖော်မှာ ကြောက်ပြီးတော့

တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်လင်း ရိုးရိုးသားသား မဆက်ဆံနိုင်ကြဘူး။

မင်းလည်း မမြင်ဟန် မသိဟန် ဆောင်နေလိုက်။ ငါလည်း မမြင်ဟန်၊ မသိဟန်ဆောင်

နေလိုက်မယ်။ သူလည်း မျက်နှာဖုံးစွပ်ထားတယ်။ ကိုယ်လည်း မျက်နှာဖုံးစွပ်ထားတယ်။

မျက်နှာဖုံးချင်းသာ ဆက်ဆံတော့တယ်။ နောက်ကွယ်က လူအချင်းချင်း ဆက်ဆံရေး

မရှိတော့ဘူး။

ကိုယ့်အကြောင်း အကောင်းအဆိုးကို အမှန်အတိုင်းသိပြီး လက်ခံတဲ့ သူ မရှိတော့ဘူး။

သူ့ အကြောင်း အကောင်းအဆိုးကိုလည်း ကိုယ်က အမှန်အတိုင်း မသိတော့ဘူး။

အဲဒီလို ဖြစ်နေရင် ဘယ်လို ခံစားရမလဲ။ ငါ့ကို တကယ်သိတဲ့သူ၊ လက်ခံတဲ့သူ၊

တန်ဖိုးထားတဲ့သူ မရှိဘူး၊ ငါ ဟန်လုပ်ပြတာကိုပဲ လက်ခံနေကြတယ်။

ငါ တစ်သက်လုံး ဟန်လုပ်ပြီး နေရတော့မယ်။ ဟန်မလုပ်နိုင်တဲ့အခါ ငါ့ကို လေးစားမှာ

မဟုတ်တော့ဘူး။ ငါ့အကြောင်း ကောင်းတာရော၊ ဆိုးတာရော အမှန်အတိုင်းသိပြီး

ငါ့ကို ကိုယ်ချင်းစာနိုင်တဲ့သူ၊ ချစ်နိုင်တဲ့သူ၊ ခင်နိုင်တဲ့သူ ရှိရင် ကောင်းမှာပဲ။

ဟန်လုပ်နေစရာမလိုပဲ ဆက်ဆံလို့ ရတဲ့သူတွေနဲ့  နေရရင် ကောင်းမှာပဲ။

ဟန်လုပ်နေရတာ ပင်ပန်းလှပြီ။ ဟန်လုပ်နေရတာ အဖော်မဲ့ အထီးကျန်ဖြစ်နေပြီ။

ငါ့အကြောင်းကို အမှန်အတိုင်း ပြောပြချင်ပါတယ်။ ဒါပေမယ့် ငါ့ကို အပြစ်တင်မှာ

အထင်သေးသွားမှာ ကြောက်တယ်။ မပြောတော့ပါဘူးဆိုပြီး အဖော်မဲ့ပြီး

အလွန်ပြင်းထန်တဲ့ အထီးကျန်ခံစားမှုကို ခံစားရတယ်။

တကယ်တော့ လူတိုင်းဟာ အနည်းနဲ့  အများ အဖော်မဲ့တဲ့ခံစားမှု အထီးကျန်ဖြစ်နေတဲ့

ခံစားမှုကို ခံစားနေကြရပါတယ်။ တစ်ယောက်နဲ့  တစ်ယောက် အထီးကျန်ခံစားမှုဖြစ်တဲ့

အတိုင်းအတာချင်း မတူဘူး။ နည်းနည်း ပွင့်လင်းရင် နည်းနည်းသက်သာတယ်။

မပွင့်လင်းတဲ့သူဟာ ပိုပြီး အထီးကျန်ခံစားမှုကို ခံစားရတယ်။ လုံးဝမပွင့်လင်းတဲ့သူဟာ

အဆိုးဆုံး ရူးသွားတဲ့အထိ ဖြစ်နိုင်တယ်။ စိတ်ရောဂါ ဖြစ်နိုင်တယ်။

လူလူချင်းဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိတဲ့အခါ အထီးကျန်ဖြစ်တယ်။

အထီးကျန် အဖော်မဲ့  ဖြစ်နေရင် အားငယ်တယ်။ အားငယ်တော့ ဆက်ဆံရေးမှာ

မပွင့်လင်းတော့ပဲ ပြောချင်တာကို မပြောပဲ အောင့်ထားတယ်။ အောင့်ထားပါများရင်

စိတ်ရောဂါဖြစ်သလို ခန္ဓာကိုယ်ရောဂါလည်းဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါ၊

အားနည်းတဲ့ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါဆိုတာတွေဟာ များသောအားဖြင့်

အောင့်ထားရာကရတဲ့ ရောဂါတွေပဲ။ ယုံကြည်ရတဲ့သူမရှိလို့ ၊ ပြောရမှာ ကြောက်လို့ 

ပြောချင်တာတွေကို မပြောပဲ အောင့်ထားရာကနေ ရောဂါဖြစ်သွားတတ်တယ်။

ဒါကြောင့် ကိုယ့်အကြောင်းကိုကိုယ် သိအောင် ကြိုးစားသင့်တယ်။ ကိုယ့်စိတ်ထဲမှာ

ဘာတွေ တွေးနေသလဲ။ ဘာတွေ ခံစားနေရသလဲဆိုတာ အကုန်လုံး ဖော်သင့်တယ်။

ပြောလို့ ဖြစ်သလောက် ပြောသင့်တယ်။ ဒါမှ လူလူချင်း ရင်းနှီးမှု နားလည်မှုရှိမယ်။

တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း မသိပဲနဲ့ ၊ တစ်ယောက်ကို

တစ်ယောက် နားမလည်ပဲနဲ့  စစ်မှန်တဲ့ မေတ္တာ ဖြစ်နိုင်ဖို့ တော်တော်ခဲယဉ်းပါတယ်။

ဒါကြောင့် ကိုယ့်အကြောင်း အကောင်းရော အဆိုးပါ သိပြီး နားလည်ပြီး

လက်ခံပြီးတော့ သူလည်း ငါ့လိုပါပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူ့ ကို နားလည်

လက်ခံနိုင် ကိုယ်ချင်းစာနိုင်ဖို့  ကြိုးစားရတယ်။

ပြီးတော့ ဒီလူဟာ ငွေအကြောင်းကို ဘယ်တော့မှာ မပြောဘူးတဲ့။

ငွေစကား မပြောဘူးတဲ့။ ဒါတော်တော် အံသြစရာကောင်းတဲ့ အချက်ပဲ။

လူများစုဟာ ငွေအကြောင်းတွေးတယ်။ ငွေအကြောင်းပြောတယ်။

ရှိတဲ့ လူကလည်း ပြောတယ်။ မရှိတဲ့ သူကလည်း ပြောတာပဲ။

ရှိတဲ့ သူက သူ့ မှာရှိကြောင်း ဂုဏ်ဖော်ချင်တယ်။ ကြွားချင်တယ်။

ကိုယ့် လောက် မရှိတဲ့သူနဲ့  တွေ့ ရင် ကိုယ့်မှာရှိတာကို ပြောပြီး အသာစီး

အထက်စီးကနေ နေတယ်။ ငါ့အိမ်က ဘယ်လောက်တန်တယ်။

ငါ့ကားက ဘယ်လောက်တန်တယ်ဆိုတာ ပြောချင်တယ်။

အထူးသဖြင့် အခုခေတ်မှာ ငွေစကားပြောကြတာများတယ်။

ကိုယ့်ငွေတွေ ဘယ်လောက် ဆုံးရှုံးသွားတယ်ဆိုတာကိုလည်း ပြောတတ်တယ်။

ဒါကိုလည်း ဂုဏ်တစ်ခုလို ပြောကြတာ ကြားရတယ်။ အဖိုးတန်ပစ္စည်းတွေ

ဘယ်လောက်တန်တာ ၀ယ်လိုက်တယ်။ ဘယ်စားသောက်ဆိုင်မှာ

ဘယ်လောက်ကုန်ကျအောင် စားလိုက်တယ်။ ဘယ်သူ့ ကို ဘယ်လောက်

အကုန်အကျခံပြီး ဧည့်ခံလိုက်တယ်။ မွေးနေ့ မင်္ဂလာတို့  ၊ ထိမ်းမြားမင်္ဂလာတို့ မှာ

ဘယ်လောက် အကုန်အကျခံပြီး ဧည့်ခံကျွေးမွေးတယ်၊ စသည် စသည် ငွေစကားတွေကို

အရသာခံပြီး ကြွားပြီး ပြောကြတယ်။

ငွေဟာ လူတွေရဲ့ စိတ်ထဲမှာ အချိန်အများဆုံး ယူထားတဲ့အရာဖြစ်နေတယ်။

သားသမီးနဲ့  မိဘ ဆက်ဆံရေး၊ ဇနီးခင်ပွန်း ဆက်ဆံရေး၊ မိတ်ဆွေ အပေါင်းအသင်း

ဆက်ဆံရေးတွေမှာ ငွေဟာ အရေးပါတဲ့ အကြောင်းတစ်ခုဖြစ်နေတယ်။

လူတွေကို အများဆုံး လွှမ်းမိုးတာ၊ ခြယ်လှယ်တာ ငွေဖြစ်နေတယ်။ ငွေခိုင်းတာ

လုပ်နေကြရတယ်။ ဒီလူကတော့ ငွေအကြောင်း မတွေးဘူး၊ ငွေစကား မပြောဘူး။

ရတာကို မျှအောင် သုံးတယ်။ ငွေခိုင်းတာကို မလုပ်ဘူး။ သူ့ စိတ်ဟာ လွတ်လပ်နေတယ်။

ဣနြေ္ဒသိက္ခာ တည်ကြည်မှု ခံ့ညားမှုရှိတယ်။

ငွေကို အဓိကထားပြီး ဆက်ဆံတဲ့ ဆက်ဆံရေးဟာ လူ့ တန်ဖိုးကို ကျစေတဲ့ ဆက်ဆံရေး၊

လူ့ ဂုဏ်သိက္ခာကို ကျစေတဲ့ ဆက်ဆံရေးဖြစ်တယ်။

ငွေအကြောင်း ပြောလွန်းတာ dignity မရှိဘူး။ ဣနြေ္ဒ သိက္ခာ မရှိဘူး။

ဒီလူကတော့ စိတ်နေသဘောထားနဲ့  အသိဥာဏ် မြင့်မားတဲ့သူ ဖြစ်လို့  ဘ၀မှာ ငွေဟာ

အရေးအကြီးဆုံးလို့  သဘောမထားဘူး။ ချမ်းသာတဲ့သူကိုလည်း အထင်မကြီးဘူး။

ဆင်းရဲတဲ့သူကိုလည်း အထင်မသေးဘူး။သူ့ စိတ်ဟာအင်မတန်လေးနက်မြင့်မြတ်နေတယ်။

သူ့ ဘ၀ကို ငွေနဲ့  မတိုင်းတာဘူး။ သူ့ ဘ၀ကို ငွေနဲ့  မရောင်းဘူး။ ဒါကြောင့် သူဟာ

သိက္ခာရှိရှိ နေနိုင်တဲ့သူဖြစ်တယ်။ dignity ရှိရှိ နေနိုင်တဲ့သူ ဖြစ်တယ်။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ သိက္ခာရှိရှိနေမယ် စာအုပ်မှ ကူးယူဖော်ပြပါသည်။
by ပန်းကမ္ဘာ

Tuesday, August 30, 2011

ဥပုသ်သယ်

ဥပုသ်သယ်

ဥပုသ်သည်လို့ မရေးဘဲ “ဥပုသ်သယ်”လို့ သတ်ပုံကို ပြင်ပြီး မြန်မာ အခေါ်အတိုင်း ရေးလိုက်ပါတယ်။ ဥပုသ်ဆိုတာ ဥပေါသထ-ပါဠိကို ပါဠိသက် ဝေါဟာရအနေနဲ့ ခေါ်ဆိုခြင်းပါ။ ဥပုသ်နဲ့ ပတ်သက်လို့ ဥပုသ်နှစ်မျိုးကို မှတ်သားရပါ့မယ်။ ရဟန်းတော်များ ဥပုသ်နဲ့ လူများ ဥပုသ်တို့ပဲ ဖြစ်ပါတယ်။

လပြည့်လကွယ် ဥပုသ်နေ့တွေမှာ ပါတိမောက် ပြခြင်း၊ (ရွက်ဆိုခြင်း)ကို တကျောင်းတိုက်လုံး ရဟန်းတော်များ သိမ် ကျောင်းဆောင်မှာ စုပေါင်း ဆောင်ရွက်ကြရတယ်။ ဒါကို ဝိနည်းပညတ်တော်အရ ကံဆောင်တယ်၊ ဥပုသ်ပြုတယ်လို့ ခေါ်ဆို တယ်။ ဆောင်းပါးမှာတော့ လူများနဲ့ပတ်သက် တဲ့ ဥပုသ်အကြောင်းကိုပဲ ရေးပါမယ်။


ဥပုသ်ဆိုတာ- လူတို့ ဆောက်တည်တဲ့ အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့ သီလရဲ့အမည်ပါ။ ဆောက်တည်ထားတဲ့ သ်ီလကို လုံခြုံအောင် စောင့်ထိန်းခြင်း ဟာ ကောင်းမှု့(ကုသိုလ်) ဖြစ်ပါတယ်။ ဆောက်တည်လို့ဘဲဖြစ်ဖြစ်၊ အဓိဋ္ဌာန်လို့ဘဲဖြစ်ဖြစ် သီလနဲ့နေခြင်းက အရိယာတို့လို နေထိုင်ခြင်းမျိုး ဖြစ်ပါတယ်။ သီလစောင့်တယ်ဆိုတာ မွန်းလွဲချိန်အစာ မစားခြင်း၊ သူ့အသက်မသတ်ခြင်းစတဲ့ သီလတွေနဲ့အတူနေခြင်းဘဲ ဖြစ်တယ်။


သီလဆောက်တည်ထားရင် သီလက ကိလေသာ ရန်သူတွေကို အနီးကပ် လောင်ကျွမ်းပစ်နိုင်စွမ်းရှိတယ်။ သူ့အသက်သတ်၊ သူ့ဥစ္စာခိုးစတဲ့ အကုသိုလ် အမှု့တွေကိုလည်း မလွန်ကျူးဖြစ်တော့ဘူး၊ သီလစင်ကြယ်သူ တရား အားထုတ်ချိန်မှာ သီလက သမာဓိကို ထောက်ကူပေးတယ်။


ဥပုသ်နဲ့ပတ်သက်ပြီး ရှစ်ပါးသီလသာ ရှိတယ်၊ ကိုးပါးသီလမရှိဘူးဆိုပြီး စာရေးသူ ကိုးပါးသီလပေးတိုင်း အမေးခံ ရတယ်။ သူတို့အပြောကေ တာ့ မေတ္တာဟာ သီလမဟုတ်ဘူး၊ ဘာဝနာသာ ဖြစ်တယ်ဆိုတဲ့ အများသိနေ တဲ့ အကြောင်းပြချက်နဲ့ ပြောလေ့ရှိကြတယ်။ ဆရာတော်ကြီးတွေ လည်း ပေးနေလို့ ပေးတာပေါ့လို့ဘဲ ငြင်းခုန် မနေချင်တာနဲ့အလွယ် ပြောဖြစ်ခဲ့တာ များပါတယ်။


တစ်နေ့ စာချဆွမ်းဝိုင်းမှာ ဆွမ်းစားကြရင်းနဲ့ ကိုးပါးသီလကိစ္စ စကား စပ်မိကြတော့ ကိုးပါးသီလဆိုတာ ပိဋကတ်မှာ အမှန်ရှိတာကို မသိကြ လို့ ပြောကြတာမို့ အားလုံးသိသွားအောင် ဆောင်းပါးရေးသင့်ကြောင်းကို စာချဆရာတော်များက အကြံပြုကြတယ်။ ဒါ့ကြောင့် “ဥပုသ်သယ်” အမည်နဲ့ ဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။


အင်္ဂုတ္တိုရ်အဋ္ဌကနိပါတ်မှာ ရဟန်းတော်များ၊ ဝိသာခါကျောင်းအမ၊ ဝါသေဋ္ဌဒကာနဲ့ ဗောဇ္ဈဒကာမတို့ကို အကြောင်းပြုပြီး အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့ ဥပုသ်စောင့်ခြင်းဟာ အကျိုးကြီးမာကြောင်းကို ဟောကြားတော်မူပါတယ်။ အင်္ဂါရှစ်ပါးဆိုတာကတော့ ဒီကခေတ်မှာ ဆောက်တည်နေကြတဲ့ ပါဏာတိပါတအစ ဥစ္စာသယနမဟာသယန အဆုံးရှိတဲ့ သီလရှစ်မျိုးဘဲဖြစ်ပါ တယ်။(အဋ္ဌကနိပါတ်၊အင်္ဂုတ္တိုရ်၊ဥပေါသထဝဂ်)


ဒါ့အပြင် နဝကနိပါတ် အင်္ဂုတ္တိုရ်မှာ နဝင်္ဂဥပေါသထသုတ်အမည်နဲ့ အင်္ဂါကိုးပါးနဲ့ပြည့်စုံတဲ့ဥပုသ်ကို ဆောက်တည် ခြင်းဟာလည်း အကျိုးမားကြောင်း ရဟန်းတော်များ အား ထပ်ဆင့်ဟောတော်မူပြန်ပါတယ်။

ရှစ်ပါးသီလရဲ့အဆုံးမှာ မေတ္တာ အထွဋ်တပ်ပြီး မေတ္တသဟဂတေနစတဲ့ ကိုးပါးမြောက်အင်္ဂါထည့်သွင်း ဆောက်တည်ကြရမှာကို ဟောပြတော်မူပါတယ်။ ခုအခါ ဆရာတော်ကြီးများက မေတ္တသဟဂတေန စေတသာ-နောင် ပါဠိကို အနည်းငယ်ပြောင်းပြီး ကိုးပါးသီလပေးကြပါတယ်။ အဓိပ္ပါယ်ကတော့ ပါဠိတော်နဲ့ တသဘောတည်း ဖြစ်ပါတယ်။ (နဝကနိပါတ်၊အဂ်ုတ္တိုရ်၊စာမျက်နှာ-၁၉၂။)


ယင်းပါဠိတော်ရဲ့အဖွင့် အဋ္ဌကထာမှာ ဝေနေယျတို့အလို(ဆန္ဒ၊အဇ္ဈာသယ)အတိုင်း ရှစ်ပါးသီလရဲ့အဆုံးမှာ မေတ္တာဘာဝနာကို ထည့်သွင်းပြီး “အရပ်ဆယ်မျာနှာ၌ မေတ္တာစိတ် ဖြန့်၍ နေခြင်း” ဆိုတဲ့ ကိုးပါးမြောက် အင်္ဂါတစ်ခုကို ပေါင်းထည့်ပြီး ကိုးပါးသီလ ပေးကြရမှာကို ဖွင့်ဆိုပါတယ်။ (အံ၊ဋ္ဌ၊၃။၂၆၆။)


“ရှစ်ပါးသီလဆောက်ထိန်းမှာလား၊ ရှစ်ပါးသီလမှာ မေတ္တဘာဝနာအထွဋ်တပ်ပြီး ကိုးပါးသီလ ဆောက်တည်မှာလား” ဆိုတာ ဥပုသ်စောင့်မည့်သူများဆန္ဒကို မေးပြီး သီလကို တိုင်ပေးရပါမယ်။ ဒါလောက်ဆို ကိုးပါးသီလလည်း ဆောက်တည် လို့ရတာကို သဘောပေါက်ကြမယ် ထင်ပါတယ်။


နာမည်ကျော်ဓမ္မကထိကများကိုယ်တိုင် ပရိတ်သတ်များစွာရဲ့အလယ်မှာ တရားဟောရင်း ကိုးပါးသီလမရှိဘူး-ဆိုကာ ရှုံ့ချကဲ့ရဲ့နေတာကို ကြားဖူးတယ်။ တချို့ကိစ္စက ပိဋကတ်စာပေ နှံ့စပ်ပါမှ ပြောကြရင် ကောင်းပါတယ်။တရားနဲ့ပတ်သက်ရင် လူအများစုက ဘုန်းကြီး ပြောရင် အမှန်ချည်း ထင်ကြတာ မဟုတ်လား ၊ဓမ္မကထိကကိုယ်တိုင် ပြောတော့ ပိုဆိုးတော့မပေါ့။


ဘယ်လို ဥပုသ်ဆောက်တည်ကြရမှာလဲ?

ဥပုသ်ဆောက်တည်မဲ့သူဟာ “မနက်ဖန် ဥပုသ်စောင့်မယ်ဆိုရင် ဒီနေ့လိုက လုပ်ဆောင်သင့်တဲ့ကိစ္စတွေကို ကြိုတင်ဆောင်ရွက်ထားကြရ ပါမယ်။ နောက်နေ့မှာ သီလကို ဘာကြောင့်ကြမှ မရှိဘဲ စောင့်ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။


ဥပုသ်နေ့ နံက်စောစော ရဟန်း၊ ရဟန်းအမျိုးသမီး၊ ဆယ်ပါးသီလစောင့်ထိန်ထားတဲ့ ဥပသကာ၊ ဥပသိကာမ-လေးဦး တစ်ဦးဦးထံမှ နှုတ်ကဆိုပြီး ဥပုသ်သီလကို ဆောက်တည်ကြရပါမယ်။ အကယ်၍ ပါဠိလို မဆိုနိုင်ရင် “ဘုရားပညတ်တဲ့ ဥပုသ် သီလကို ဆောက်တည်ပါ၏” လို့ မြန်မာလို လိုက်ဆိုစေရပါမယ်။ ဆောက်တည်တယ်ဆိုတာ အဓိဋ္ဌာန်(စိတ်မှာစွဲစွဲမြဲမြဲ အသိ အမှတ်)ပြုခြင်း ဖြစ်ပါတယ်။


သီလပေးမဲ့သူမရှိရင်တော့ ကိုယ်ဖာသာကို သီလဆောက်တည်ရပါမယ်။ ယနေ့ခေတ်မှာ ဘုရားဆင်းတုတော်၊ စေတီ တော်တွေရဲ့ရှေ့မှာ ကိုယ်ဖာသာ သီလယူနေကြတာ စာလာပေလာနဲ့ ညီညွတ်ပါတယ်။ အခြားသူထံမှာဘဲ သီလယူçယူ၊ကိုယ်ဖာ သာဘဲ သီလယူ ယူ ဆောက်တည်လို့ ရပါတယ်။ ဒါပေမယ့် နှုတ်ကတော့ ဆိုကြရပါမယ်။


သီလဆောက်တည်ထားသူဟာ အခြားသူများနဲ့ပတ်သက်တဲ့ ကိစ္စများကို မလုပ်ကြရ၊ သီလကြီးနဲ့ ဈေးရောင်းဈေး ဝယ်တွေကိုလည်း မပြုလုပ်ရ။ နေ့လည်စာ စားသောက်ပြီးချိန်မှာတော့ နိစ္စဘတ်ရဟန်းကဲ့သို့ ကျောင်းတော်သွား တရားနာခြင်း၊ တရားအားထုတ်ခြင်း၊ ပုတီးစိပ်ခြင်းစတဲ့ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို ဆင်ခြင် နှလုံးသွင်း နေကြရပါမယ်။ (အင်္ဂုတ္တိုရ်၊တိက နိပါတ် အဋ္ဌကထာ။နှာ-၁၉၉၊၂၀ဝ။)


သီလဆောက်တည်ပြီရင်တော့ ဥပုသ်ထွက်တဲ့နေ့(အချိန်)တိုင်အောင် သီလတွေကို တစ်ပါးချင်းစီ၊ ဒါမှမဟုတ် နှစ်ပါး သုံးပါး၊ ဒါမှမဟုတ် သီလ အားလုံးကို မကျိုးမပေါက်၊ မပျက်စီးအောင် ထိန်းသိမ်းထားကြရပါမယ်။ အဲလို ဥပုသ်သီလကို မကျိုး မပေါက်မပျက်စီးအောင် သယ်ဆောင် ထားနိုင်တဲ့အတွက် ဥပုသ်စောင့်သူ( သီတင်းသည်) ကို ဥပုသ်သယ်လို့ ခေါ်ဆိုရတာပါ။ ဒါကြောင့် ဆောင်းပါးကို ဥပုသ်သည်လို့ မရေးဘဲ ရေးထုံး ကို ပြောင်းပြီး “ဥပုသ်သယ်” လို့ ရေးလိုက်တာ။


ဒီကနေ့ခေတ်မှာတော့ ကျောင်းတွင်းဥပုသ် ၊တစ်ထိုင်ဥပုသ်လို့ ကာလအပိုင်းအခြားနဲ့ သတ်မှတ်ပြီး(ကာလပရိယန္တ) ဥပုသ်စောင့်ကြတယ်။ ဥပုသ်ထွက်တဲ့နေ့တိုင်အောင် ဥပုသ်ကို မသယ်ကြတော့ဘူး၊ ကျောင်းတွင်းဥပုသ်ကို ကျောင်းတော်က မပြန်ခင်အထိ၊တစ်ထိုင်ဥပုသ်ကို ထိုင်ပြီးသီလ ယူခိုက်သာ စောင့်တဲ့ သဘောပါ။ သူတို့ကို “ဥပုသ်မသယ်” လို့ဆိုရမယ်ထင်ရဲ့။


“ဆောက်တည်ထားတဲ့ သီလကို လုံခြုံအောင်စောင့်ထိန်းခြင်းဟာ ကောင်းမှု့(ကုသိုလ်)တစ်မျိုး ဖြစ်တယ်” ဆိုတဲ့စကား အရ ဆောက်တည်ထားတဲ့ သီလကို ထိန်းမထားရင် ဥပုသ်စောင့်ပေမယ့် ကောင်းမှု့ကုသိုလ် ပြည့်ပြည့်ဝ၀ ရခြင်း၊ မရခြင်း ဆိုတာဟာ စဉ်းစားကြရမဲ့ကိစ္စ ဖြစ်လာပါတယ်။ ဥပုသ်စောင့်ပြီး ကုသိုလ်မရရင် ဘာလုပ်မှာလဲ ?


ဥပုသ်ကို ဘယ်လိုထိန်းမှာလဲ? မကျိုးအောင်၊ မပေါက်အောက်၊ မကြားအောင်၊ မပျောက်အောင် ထိန်းကြရပါမယ်။


အဆုံးဖြစ်တဲ့ ဥစ္စာသယနမဟာသယန သီလပျက်ရင် ကျိုးတယ်လို့ဆိုပါတယ်။ ဝတ်ထားတဲ့ပုဆိုး၊လုံချည် အနားပျက်သ လိုမျိုးတဲ့။ အလယ်ဖြစ်တဲ့ မုသာဝါဒနဲ့သုရာမေရယ ပျက်ရက် ပေါက်တယ်လို့ ဆိုပါတယ်။ ဝတ်ထားတဲ့ ပုဆိုးလုံချည် အလယ် က ပေါက်သလိုမျိုးတဲ့။ အစသီလ နှစ်ပါး၊ သုံးပါး ပျက်ရင်တော့ ပျောက်တယ် လို့ ဆိုပါတယ်။ကျောကုန်းက အမွေးတစ်မျိုး၊ဝမ်း ဗိုက်က အမွေးတစ်မျိုး ပေါက်နေတဲ့နွားကို နွားကျားလို့ ဆိုရသလိုမျိုးတဲ့။ ဟိုသီလ ကျိုးပျက်၊ ဒီသီလကျိုးပျက်နဲ့ ဆိုရင်တော့ နွားရဲ့ခန္ဓာကိုယ်မှာ ဟိုနားအမွေးတမျိုး ၊ဒီနားကအမွေးတစ်မျိုးနဲ့ နွားပျောက်လို ပျောက်တဲ့သီလလို့ ဆိုပါတယ်။ အဲလိုမျိုးတွေ မဖြစ်အောင် သီလကို လုံခြုံစေရမှာ ဖြစ်ပါတယ်။


ဒါ့အပြင် သီလစောင့်ထိန်းလိုက်ရင် “ငါတော့ ဘာ ရ၊ ရမယ်၊ဘာဖြစ်မယ်” ဆိုတဲ့ တဏှာရဲ့ကျေးကျွန် ဥပုသ်စောင့်ထိန်း ခြင်းမျိုးလည်း မဖြစ်စေ ရဘူးတဲ့။ တစ်ချို့က ဘာဖြစ်ချင်လို့၊ ဘာရချင်လို့ဆိုတဲ့ ရည်ရွယ်ချင်နဲ့ ဥပုသ်ရက်ရှည် စောင့်တတ်ကြတယ်။ ဒါမျိုးကို တဏှာစေခိုင်း လို့ စောင့်တဲ့ ဥပုသ်၊တဏှာ့ကျွန် ဥပုသ်လို့ ဆိုပါတယ်။


ပညာရှိသူတော်ကောင်းများ ချီးမွမ်းခံနိုင်တဲ့ သီလမျိုး၊ စိတ်စင်ကြယ်ပြီး သမာဓိကို ထောက်ကူဖြစ်စေနိုင်တဲ့ သီလမျိုး ဖြစ်အောင် ထိန်သိမ်းကြရမှာတဲ့။ အများစုက ဥပုသ်သာ စောင့်နေကြတာရယ် ဒီလိုမျိုး ကျကျနန မသိကြဘူး။


ဥပုသ်နေ့-ဥပုသ်သီလပက်သက်ပြီး ဥပုသ်နေ့များကို ပိဋကတ်တော်မှာ ပြဆိုထားပါတယ်။

တစ်လမှာ လေးဥပုသ်ရှိပါတယ်။ လဆန်း ၊ လဆုတ်(ဂ)ရက်(အဋ္ဌမီ)၊လပြည့်၊ လကွယ်(၁၅)ရက် (ပန္နရသီ)၊လကွယ် (၁၄)ရက်(စာတုဒ္ဒသီ) ဥပုသ်နေ့တို့ ဖြစ်ပါတယ်။ ဒီရက်များကိုတော့ လူအများ လက်ခံထားတဲ့ ဥပုသ်နေ့များဖြစ်လို့ (ပကတိ စာရိတ္တ) ဥပုသ်နေ့ များလို့ ခေါ်ဆိုတယ်။


ထိုနေ့များရဲ့ ရှေ့နောက်ကပ်လျှက်(အကြို+အပို)ဖြစ်တဲ့ (၇)ရက်၊(၉)ရက်၊(၁၃)ရက်၊(၁)ရက်နေ့များကိုတော့ ပါဋိဟာရိ ယ(အဝင်+အထွက်) ဥပုသ်နေ့များလို့ ခေါ်ဆိုတယ်။


ဒါ့အပြင် ဝါမကပ်မီ နယုံလပြည့်ကျော်(၁)ရက်မှ ဝါဆိုလပြည့်အထိ တစ်လ၊ ဝါတွင်း သုံးလ၊ သီတင်းကျွတ် လပြည့် ကျော်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ တစ်လ၊ဒီ(၅)လကိုလည်း ပါဋိဟာရိယဥပုသ် စောင့်သုံးရာ ကာလ-လို့ ဆိုကြတယ်။


ဒါ့အပြင် ဝါမကပ်မီ နယုံလပြည့်ကျော်(၁)ရက်မှ ဝါဆိုလပြည့်အထိ တစ်လ၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ တစ်လ၊ တပိုတွဲလပြည့်ကျော်(၁)ရက်မှတပေါင်းလပြည့်ထိ တစ်လ-ပေါင်းသုံးလကိုလည်း ပါဋိဟာရိ ယဥပုသ်စောင့်သုံးရာကာလ-လို့ အခြားဆရာများ က ဆိုကြပြန်တယ်။


ပထမဝါ ဆိုကြတဲ့ ရဟန်းတော်များရဲ့ ပဝါရဏာပြုရာ သီတင်းကျွတ်လပြည့်နှင့် ဒုတိယဝါ ဆိုကြတဲ့ ရဟန်းတော်များရဲ့ ပဝါရဏာပြုရာ တန်ဆောင်မုန်း လပြည့်အတွင်း(၁၅)ရက်စီကိုလည်း ပါဋိဟာရိယဥပုသ်နေ့လို့ ဆိုကြတယ်။


“အလုံးစုံသောနေ့တို့၌ လူတို့စောင့်ထိန်းအပ်သော အဋ္ဌင်္ဂသီလကို ဥပုသ်ဟုခေါ်၏” လို့ ဋီကာများမှာ ဆိုသောကြောင့် အဋ္ဌင်္ဂဥပုသ်သီလကို ဥပုသ်နေ့တို့မှ မဟုတ်၊ နှစ်သက်ရာနေ့တို့မှာလည်း ကောင်းမှု့လိုလား သူများအဖို့ ဆောက်တည်လို့ရ ပါတယ်။(ဒီ၊ဋီ၊၂။၁၉၃။မ၊ဋီ၊၃။၃၅၅။)


အင်္ဂုတ္တိုရ်ကျမ်းမှာတော့ တစ်လမှာ (၅)ရက်နေ့ကို ပဉ္စမီဥပုသ် ၊(၈)ရက်ကို အဋ္ဌမီဥပုသ်၊(၁၄)ရက်ကို စာတုဒ္ဒသီဥပုသ်၊ (၁၅)ရက်ကို ပန္နရသီ-အားဖြင့် ဥပုသ်နေ့(၈)ရက်ရှိကြောင်းကို ဆိုပါတယ်။


မိမိတတ်နိုင်တဲ့ရက်တွေမှာ ဥပုသ်စောင့်လို့ ရနေတဲ့သဘောပါ။ ဒါကြောင့် ရှေးဘိုးဘွားများဟာ ဝါတွင်းဝါပ ရက်ရှည် ဥပုသ်စောင့်တတ်ကြပါတယ်။ ဒါကို ဥပုသ်ကြီးဝင်နေတယ်လို့ ဆိုတယ်။


(၈)ရက် ဥပုသ်နေ့တွေမှာ နတ်မင်းကြီးလေးပါးရဲ့ အစေအပါး နတ်အမတ်များ၊(၁၄)ရက် လကွယ်ဥပုသ်နေ့ တွေမှာ နတ်မင်းကြီးလေးပါးရဲ့ သားတော် များ၊(၁၅)ရက် လပြည့်ဥပုသ်နေ့မှာ နတ်မင်းကြီးလေးပါး လူပြည့်ကို ဆင်းကြပြီး လှည့်လည် စစ်ဆေးကြပါသတဲ့။


“လူသားတွေ အဋ္ဌင်္ဂဥပုသ်သီလ ဆောက်တည်ကြပါရဲ့လား ၊မိဘကို ကျကျနနပြုစု လုပ်ကျွေးကြပါရဲ့လား၊ ရဟန်းသံဃာများကိုရော လှူဒါန်းကြပါရဲ့ လား” ဆိုတာတွေကို ရွှေပေလွာမှာ ရေးမှတ်ကြပြီး သုဓမ္မာနတ်သဘင် အစည်းအဝေးမှာ တင်ပြကြပါသတဲ့။


နတ်မင်းများ တင်ပြတဲ့အခါ-အကယ်၍ လူသားတွေ အဲဒီကုသိုလ်ကောင်းမှု့တွေကို အားမထုတ်ကြဘူး ဆိုရင် သိကြား မင်းကြီးက“ဒို့ နတ်ပြည်ကြီး မှာတော့ နတ်သားနတ်သမီးတွေ ဆိတ်သုဉ်းကြတော့မှာဘဲလို့” ဆိုကာ ငြီးတွားတော်မူပါသတဲ့။


ကုသိုလ်ကောင်းမှု့တွေကို လူသားတွေအားထုတ်ကြရင် သိကြားမင်းကြီးက“ အိန်း ငါတို့ နတ်ပြည်ကြီးမှာတော့ နတ်သား နတ်သမီးတွေနဲ့ ပြည့်ကြပ် စည်းကားနေ့တော့မယ်ဟေ့” ဆိုကာ အားရဝမ်းသာ ဖြစ်ပါသတဲ့။


ဒီပိဋကတ်တော်ကို ထောက်ဆရင် သင်္ကြန်မှာ သိကြားမင်း ဆင်း၊ မဆင်း မသိနိုင်ပေမယ့် ဥပုသ်နေ့တွေမှာ နတ်မင်း ကြီးနဲ့ သားတော်များ ၊အခြွေအရန်နတ်များ လူပြည်ဆင်းကြပြီး စူးစမ်းတာကို သိရရုံမျှမက အဋ္ဌင်္ဂဥပုသ် သီဆောက် တည်ခြင်းဟာ နတ်ပြည်ဧကန်ရောက်နိုင် တာကိုပါ တွေ့ရပါတယ်။ ဒါနတွေ အလွန်အမင်း လှူဒါးန်းပြီး ငါးပါးသီလမျှ မလုံခြုံဘူးဆိုရင် နတ်ပြည် ရောက်ဖို့ မသေခြာဘူးတဲ့၊ ဒါနနဲ့သီလ ကွာခြားချက်ဖြစ်ပါတယ်။ (တိကအင်္ဂုတ္တိုရ်၊၁။၁၄၁-၁၄၃။)


ဘုရားရှင်လက်ထက်တော်က လူသားများ နတ်ပြည်ကို အတော်မျှော်မှန်းကြပုံရတယ်။ ဒေသနာတော်တွေ မှာ နတ်ပြည် ရောက်ကြောင်း အကျင့်ကောင်းတွေကို အလေးပေး ဟောထားတာကို တွေ့ရလို့ပါ။ ဒီကနေ့ခေတ် တချိုလူများ အမေရိကစတဲ့ နိုင်ငံခြားတိုင်ပြည်များကို ရောက်ဖူး ချင်ကြသလိုမျိုးနေမှာ။


ဥပုသ်နဲ့ပတ်သက်ပြီး ဥပုသ်သုံးမျိုးကို ဘုရားရှင်ဟောကြားတော်မူခဲ့ပါတယ်။


ဝိသာခါကျောင်းအမကြီးလှူဒါန်းတဲ့ ပုဗ္ဗာရုံကျောင်းတော်မှာ ဘုရားရှင် သီတင်းသုံးနေတော်မူခိုက် ဝိသာခါကျောင်း အမဟာ လပြည့်ဥပုသ်နေ့ မွန်းတိမ်းချိန်မှာ ကျောင်းတော်သို့ ရောက်လာတယ်။


မြတ်စွာဘုရားကို ရှိခိုးဦးချပြီးနောက် ဘုရားရှင်က “ ဝိသာခါ၊နေ့လည်အချိန်ကြီး ဘယ်က လှည့်လာတာလဲ”


“ဒီနေ့ ဥပုသ်နေ့မိုလို့ ဥပုသ်စောင့်ရအောင် လာတာပါဘုရား”


ဥပုသ်စောင့်ခြင်းဟာ ခုခေတ်လို မနက်မှာသာ စောင့်လို့ရတာမဟုတ်၊ နေ့လည်ပိုင်းမှာလည်း ဥပုသ်စောင့်နိုင်တယ်။ ကုသိုလ်ဆိုတာ အချိန်မရွှေး လုပ်ဆောင်လို့ရတဲ့သဘောပါ။ ကုသိုလ်အလိုက် ကောင်းကျိုး လည်းရနိုင်တာပါဘဲ။


စကားစပ်လို့ အနာထပိဏ်ကျောင်းဒကာကြီးရဲ့ နေအိမ်က အလုပ်သမားတစ်ဦးဟာ ညနေမှ ဥပုသ်စောင့်ဖြစ်တယ်။ တစ်နေကုန် အလုပ် လုပ်ထားရတာမို့ အစာလွန် လေဆန် သေဆုံးသွားတယ်။ အဲဒီညနေပိုင်း စောင့်ထိန်းလိုက်တဲ့ ဥပုသ် ကုသိုလ်ကြောင့် ရုက္ခစိုးနတ်ကြီး ဖြစ်သွား တယ်။(ဓမ္မပဒ)


“ ဝိသာခါ၊ ဥပုသ်(၃)မျိုး ရှိတယ်”


“ မှန်ပါ၊အမိန့် ရှိပါဘုရား”


နွားကျောင်းသားဥပုသ်-နွားကျောင်းသားဟာ တစ်နေကုန် နွားကျောင်းပြီး ညနေစောင်းမှာ နွားပိုင်ရှင်များကို နွားများ အပ်ပြီး၊ ညစာ စားပြီးနောက် အိမ်ရှေ့ကွတ်ပြစ်ပေါ် ပက်လက်လှန် ချေပလ္လင်ချိတ်ပြီး ဒီလို စဉ်းစားနေပါတယ်။


“ငါ ကနေ့ နွားတွေကို အရှေ့တော စားကျက်မှာ ကျောင်းပြီး၊ရွာတောင်ဖက် ရေကန်မှာ ရေချ(ရေတိုက်) ခဲ့တယ်၊ မနက်ဖန်ကျ ရွာအနောက် စားကျက်မှာ ကျောင်းပြီး ၊ရွာမြောက်ဖက်က ကန်မှာ ရေချမယ်” လို့ ကြံစည် စိတ်ကူးနေသလို-


“ကနေ့ အခြားဥပုသ်သယ်တွေနဲ့ ဘာလေး စားရတာ ကောင်းလိုက်တာ၊ နောက်တပတ် ဥပုသ်ကျရင် တော့ ဘယ်လိုလေး လုပ်စားရအောင် ဘာလေးတော့ ယူသွားရဦးမယ်” လို့ နေကုန် စားသောက်ဖို့ကိုသာ စဉ်းစားနေတတ်တယ် ၊အဲလိုမျိုး ဥပုသ်သည်ကို နွားကျောင်းသားဥပုသ် လို့ ခေါ်တယ်၊ ဥပုသ်စောင့်ပေမယ့် အကျိုးကြီးကြီးမားမား မရနိုင်ဘူး-ဝိသာခါ”


ရှိတတ်ပါတယ်၊ ဥပုသ်သယ်အချင်းချင်း နောက်တပတ်ဥပုသ်မှာ သူက ဘာချက်ခဲ့၊ ငါက ဘာ ယူခဲ့မယ်-ဆိုကာ တိုင် ပင်ပြီး ကျောင်းတော်မှာ ဥပုသ်ထိန်းဖို့ထက် အစားကိုသာ အလေးထားတတ်တာမျိုးတွေ၊ ဒါ့အပြင် လောဘနဲ့ယှဉ်တဲ့ စိတ်ကူး စိတ်သမ်းတွေနဲ့ အချင်းချင်းပြောဆို ကြပြီး နေကုန်သွားတာမျိုးတွေဟာလည်း အကျိုး မများတဲ့နွားကျောင်းသားဥပုသ်ပါဘဲ။


နိဂဏ္ဌဥပုသ်-ဝိသာခါ၊ နိဂဏ္ဌဆိုတဲ့ရဟန်းတွေဟာ သူတို့ သာဝကတွေကို ဥပုသ်နေ့မှာ ဒီလို ဥပုသ်စောင့် ခိုင်းကြတယ်။


“အရပ်လေးမျက်နှာရဲ့ ယူဇနာတစ်ရာ ဟိုဘက်မှာရှိကြတဲ့သတ္တဝါတွေကို မသတ်ပါဘူး”လို့ ဆိုစေကာ ဆောက်ထည် ခိုင်းတယ်။ သူ့ဥပုသ်က ယူဇနာတစ်ရာအတွင်းမှာရှိတဲ့ သတ္တဝါတွေကိုတော့ သတ်နိုင်တယ်လို့ အဓိပ္ပါယ်ရနေတယ်။


အဝတ်တွေ အကုန်ချွတ်ပြီး “ ငါဟာ ဘာကိစ္စမဆို ဘယ်သူ့အတွက်ဘဲဖြစ်ဖြစ် ဘဲနေရာမှာမဆို ကြောင့်ကြမရှိ၊ သူများ ကလည်း ငါ့အပေါ်မှာ ဘာဘဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကြောင်းကြဖြစ်စရာမလိုဘူး” လို့ ခိုင်းပြီး ဆောက်တည်စေတယ်။


မိမိနဲ့ သက်ဆိုင်တဲ့ ဇနီးမယားသမီးသား ကျွန်အမှု့လုပ်သားတွေကို မိမိက သိသလို၊သူတို့ကလည်း မိမိကို သိတယ်။ အဲလို သိရင်သစ္စာ၊ မသိရင် မုသာဝါဒဆိုကာ ဆောက်တည်စေတယ်။


“ အဲလို ဥပုသ်စောင့်ထားသူဟာ တစ်ညလွန်လို့ နောက်တစ်နေ့မှာ သူများပစ္စည်း မပေးဘဲနဲ့သုံးဆောင်ရင် အဒိန္နာဒါန ဖြစ်တယ် -ဆိုကာ ဆောက် တည်စေတယ်။ ကနေ့တော့ သူများပစ္စည်း မပေးဘဲ ယူငင်သုံးဆောင်ရင် အဒိန္နာဒါနမဖြစ် ဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။ နိဂဏ္ဌရဟန်း များက သူတို့ သာဝတွေကို သို့နှယ် ဥပုသ်စောင့်ခိုင်းပါတယ် ။ဘာမှ အကျိုးမရှိတဲ့ ဥပုသ်ဖြစ်တယ်၊ဝိသာခါ”


အရိယာဥပုသ်-ဝိသာခါ၊အရိယာဥပုသ်ဆိုတာ ညစ်နွမ်းနေတဲ့စိတ်ကို စင်ကြယ်စေချင်တဲ့လုံးလနဲ့“ဣတိပိ သော ဘဂဝါ အရဟံ-စတဲ့ ဗုဒ္ဓဂုဏ်တော် တွေ၊ သွာက္ခာတော ဓမ္မော-စတဲ့ တရားဂုဏ်တော်တွေ၊ သုပ္ပဋိပန္နောစတဲ့ သံဃဂုဏ်တော်တွေ၊ မကျိုးမပေါက်တဲ့ မိမိသီလတွေ၊ နတ်ပြည်(၆)ထပ်ရှိ နတ်သား နတ်သမီးတွေ ဟာ သူတော်ကောင်းတရား(၇)ပါးနဲ့ ပြည်စုံလို့ နတ်ပြည်ရောက်ကြတယ်၊ ငါ့မှာလည်း အဲဒီ သူတော်ကောင်းတရား (၇)ပါး ရှိတယ်-ဆိုကာ နတ်တွေကို သက်သေအရာ ထားပြီး မိမိရဲ့ သူတော်ကောင်းတရားတွေကို ပွားများ နေရမယ်။


“အဲလို ပွားများနေတဲ့ ဥပုသ်သယ်ကို ဘုရားနဲ့၊ တရားနဲ့၊ သံဃာနဲ့၊ သီလနဲ့၊ နတ်နဲ့အတူနေတဲ့ဥပုသ်သယ် လို့ ခေါ်ဆိုရ တယ်၊ဝိသာခါ။ အဝတ်လျှော်တဲ့အခါ အဝတ်ချည်သက်သက် လျှော်လို့မရဘူး၊ ရေရယ်၊ ဆပ်ပြာ မှုန့်ရယ်၊ လျှော်ဖွတ်သူရဲ့ အား စိုက်ထု ရိုက်မှု့ရယ် ဒါတွေစုံလင်မှ အဝတ်စင်သလိုမျိုး သီလဆောက်တည်ထား သူဟာလည်း အဲလိုဂုဏ်တော်တွေပွားမှ စိတ်ကြည်လင်နိုင်တယ်၊ နှစ်လိုဝမ်မြောက်ခြင်းရှိနိုင်တယ်၊ စိတ်အညစ် အကြေးတွေရှိမယ်ဆိုရင်လည်း စင်ကြယ်နိုင်တယ်။


အဲလိုဂုဏ်တော်တွေကို ပွားများပြီးနောက်မှာတော့ “ရဟန္တာအရှင်မြတ်ကြီးတွေဟာ သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ အမြတ်အကျင့် မေထုန်ကျင့်ခြင်း၊ မုသားပြောခြင်း၊ သေရည်အရက်သောက်ခြင်း၊ မွန်းတိမ်းချိန်စား သောက်ခြင်း၊ ကခြင်း သီဆိုခြင်း ၊မြင့်မြတ်တဲ့နေရာ နေခြင်းတွေမှ အသက်ထက်ဆုံးရှောကြဉ်ကြသလို၊ ဒီကနေ့ ငါလည်း သူ့အသက်သတ်ခြင်းစတဲ့အမှု့ တွေကို ရှောင်ကြဉ်ခြင်းနဲ့ ရဟန္တာ အရှင်မြတ်ကြီးတွေကို အတုလိုက်နိုင် တဲ့နေ့၊ ဥပုသ်လည်း ကနေ့ စာင့်ထိန်းပြီး ဖြစ်တယ်” လို့ဆင်ခြင်ရမယ်။ အဲလို စိတ်စင်ကြယ်စေပြီး မှ စောင့်တဲ့ ဥပုသ်မျိုးကို အရိယာဥပုသ်လို့ ခေါ်ဆိုတယ်။အရိယာဥပုသ်ကို ဆောက်တည်နိုင်ပါမှ အကျိုးကြီးမားစွာရနိုင်တယ် ဝိသခါ” လို့ ဟောပြတော် မူပါတယ်။


ညစ်ပတ်စုတ်ပေနေတဲ့သူဟာ အဝတ်သစ် ဝတ်ပြီး ပွဲလမ်းသဘင် လူတောတိုးဝင်လို့ မသင့်တော်သလို၊ စိတ်မစင်ကြယ် ဘဲနဲ့ သီလဆောက်တည်ရင် အလကားဘဲ အကျိုးမများဘူး၊ ရေမိုးချိုးကိုယ်ကိုသန့်စင်ပြီးမှ အဝတ်သစ်ဝတ်ကာ လူတောသူတော ဝင်ပါမှ သင့်တော်သလို စိတ်စင်စင်ကြယ်ကြယ်နဲ့ သီလစောင့်နိုင်ပါမှ ကောင်းကျိုးရတယ်ဆိုတာကို နားလည်ကြရပါမယ်။


“လူသားနေထိုင်ရာ ဤကမ္ဘာ လောကကြီးမှာရှိတဲ့ စိန် ရွှေ ငွေစတဲ့ ရတနာတွေအပြင်၊ တစ်လောကလုံး ကို အုပ်စိုးတဲ့ မင်းဧရာဇ်အဖြစ်နဲ့ အုပ်စိုးရစေဦးတော့၊ အဲဒါတွေ အာလုံးကို အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့သီလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တစ်ဆယ့်ခြောက် စိပ် စိပ် တစ်စိပ်တောင် လူ့စည်း စိမ်းတွေက မမှီနိုင်၊ မတုပနိုင်ဘူးတဲ့။ ဘာလို့လဲ ဆိုရင်? ဥပုသ်သီလနဲ့ပြည့်စုံ သူဟာ နတ်ပြည်ကို ဧကန်ရောက်ပြီး နတ်စည်း စိမ်ကို ခံစားမှာ သေခြာသတဲ့။ လူ့စည်းစိမ်းဆိုတာ နတ်စည်းစိမ်ကို ဘယ်လိုမှမယှဉ်နိုင်နတ်စည်း စိမ်နဲ့ယှဉ်ရင် လူ့စည်းစိမ်ဆိုတာ ဘာမှ ပြောပလောက်တာ မဟုတ်လို့ပါဘဲ ဝိသာခါ” လို့ မိန့်တော်မူပြီး ဒေသနာကို အဆုံး သတ်တော်မူပါတယ်။


အကျိုးအလွန်များတဲ့ ဥပုသ်သယ်မျိုးဖြစ်အောင် ဆောက်တည်ကြဖို့ကို တိုက်တွန်းရင်း-

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

မေတ္တာများဖြင့်

Monday, August 29, 2011

ဘဝတစ်ခုလုံး ပြောင်းလဲစေသော စကား



ဘဝတစ်ခုလုံး ပြောင်းလဲစေသော စကား

“လူထွက်သောရဟန်းသည် အဘယ့်ကြောင့် မမိုက်ဘဲရှိတော့မည်နည်း။ရဟန်းမည်သည်ကား သူတစ်ပါးလှူသော အရိပ်သင်္ခမ်းကို သုံးဆောင် စားသောက်၍ ချမ်းသာစွာ နေထိုင်ရပေသည်။ စာပေကျမ်းဂန် သင်ကြားလိုက သင်ကြားနိုင်၏။ မသင်လျှင်လဲ သင်္ကန်းကြီးကို ခြေကန်ကာသာ အိပ်လိုသမျှ အိပ်နေနိုင်သည်။ ထိုသို့စဉ်လျက် သူ့ကျွန်ခံဦးမည်။ မယားကျွန်ပြု၍ လုပ်ကျွေးဦးမယ်။ လူထွက်သော ရဟန်းထက် မိုက်သောလူ မရှိပြီ။ လူမိုက်မယား ဖြစ်ချေက ကျွန်ုပ် မဆင်းရဲပြီလော“

(အမည်မသိဒကာမတစ်ယောက်)

“ကဲ ဒီနေ့တော့ တော်ဦးစို့ကွယ်၊ မနက်ဖြန်မှ ကျန်တာကို ဆက်ပြီးပို့ချကြတာပေါ့“

အင်း… ဒီနေ့စာချတာ အချိန်နည်းနည်းကြာသွားလို့လား မပြောတတ်ဘူး။ ရင်ထဲက မောလာသလိုပဲ။ အသက်အရွယ်က လည်း စကားပြော လာတယ်ထင်ပါရဲ့။ အင်း ခြောက်ဆယ့်ခြောက်နှစ်ဆိုတော့ အိုထဲရောက်လာပါပကော။ ဘာလိုလိုနဲ့ စာပေပို့ချလာတာလည်း အနှစ်သုံးဆယ်ကျော်လာပြီ။ ဒီနှစ်စာလိုက်သံဃာနှစ်ရာဝန်းကျင်လောက် ရှိအံ့ထင်ပါရဲ့။ တစ်ကယ်ဆို ဒီထက်မက သံဃာများများကို ပို့ချပေးချင်တာ။ ဒါပေမယ့် နေရာက မပေးနိုင်ဘူး။ ဒါတောင် အင်းဝနေပြည် တော်က နရာဝရာမင်း ပုညရှင်စေတီတော်လာဖူးရင်း ကျောင်းထဲဝင်လာလို့ ကျောင်းဆောင်တွေ ဆောက်လှူလို့၊ အမယ် ”တိလောကဂုရု“ဆိုတဲ့ဘွဲ့တောင် ကပ်သွားသေး။ အဲဒီတုန်းက အသက်က ဘာရှိသေးတုန်း။ သုံးဆယ်ကျော် လေးဆယ် ၀န်းကျင်ပေါ့၊ ဒီကတည်းက အားလုံးက” တိလောကဂုရု” ဆရာတော်လို့ဘဲ ခေါ်ကြတော့တာ။ တိလောကဂုရုဆိုတော့ လောကသုံးပါးရဲ့ဆရာပေါ့။ မင်းဆရာလည်းဖြစ်ပြီး၊ စာသင်သားကိုယ်တော်လေးတွေ အားထားရတဲ့ဆရာလည်းဖြစ်ပြန် ဆိုတော့ သြော်.. အင်း.. ဟုတ်ပြီ… ဟုတ်ပြီ၊ သူ့ကျေးဇူး…သူ့ကျေးဇူး။ ဒီဒကာမလေး အခုချိန် ရှိပဲရှိသေးလား။ ရှိရင်လည်း ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ၀န်းကျင်ပေါ့။

ဒီအတွေးတွေကတော့ တိလောကဂုရုဆရာတော်ရဲ့ ပုံရိပ်တွေထဲက နောင်ပိုင်းပုံရိပ်တစ်ခုကို စိတ်ကူးနဲ့မှန်ပြီး တွေးကြည့် လိုက်တာပါ။ ဆရာတော်ကိုယ်တိုင်လဲ မကြာမကြာတွေးဖြစ်မယ့် အတွေးတွေလို့ထင်ပါတယ်။ တွေးဖြစ်အောင်လည်း နောက်ခံသမိုင်းကြောင်းက ခိုင်မာခဲ့တာကိုး။

၁၀၃၄ ခုနှစ်၊ ရွေပြည်မင်းတရားသားတော် နရာဝရမင်းလက်ထက်၊ ရွှေစည်းခုံစေတီ မြောက်ဘက်စောင်းတန်းအနီး ဇေတ၀န်ကျောင်းတိုက်မှာ နှစ်ဆယ်စွန်းစ ရဟန်းအပျိုလေး တစ်ပါးစာသင်နေတယ်။ တနေ့မှာ အရွယ်အလျောက် လူငယ်တွေး တွေးရင် လူထွက်ချင်စိတ် ပေါက်လာ ပါတယ်။ ကိုယ့်အရွယ်ကိုယ်ပြန်ကြည့်လိုက်တော့လဲ လူ့ဘ၀မှာနေလို့ ကောင်းတဲ့အရွယ်ဖြစ်နေပါတယ်။ ဒါကြောင့် တစ်ခါတည်းပဲ လူဝတ်လဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရဟန်းဘ၀မှာ ဘာလုပ်လုပ်၊ ဘယ်သွားသွား ဦးစွာဘုရား ရှိခိုးပြီးမှ လုပ်တဲ့ အပြုအမူ အကျင့်ပါနေလေတော့ အခုလူဝတ်လဲဖို့စီစဉ် တော့လည်း လုပ်နေကျ အပြုအမူကလေးက ဦးစွာ ခေါင်းထဲဝင်လာပြန်ပါတယ်။ ဘယ်လိုဝင်လာသလဲဆိုတော့ ”လူမထွက်ခင် ရဟန်းဝတ်နဲ့ ရွှေစည်းခုံဘုရားကို ရှိခိုးလိုက်ဦးမယ်၊ ဘုရားရှိခိုးပြီးမှ လူထွက်မယ်“ ဆိုတဲ့အတွေးပါ။

ဒါကြောင့် အဖော်ရဟန်းတွေနဲ့အတူ အ၀တ်အစားတွေယူလာပြီး ရွှေစည်းခုံဘုရားဆီကို ထွက်ခဲ့ပါတယ်။ အဖော်ရဟန်းတွေ ခေါ်ခဲ့ရတာက ရဟန်းတစ်ပါးလူထွက်မယ်ဆိုရင် ကိုယ့်ဟာကိုယ် ထွက်လို့မရပါဘူး။ အခြေားတစ်ပါးက သိက္ခာချပေးမှ သိက္ခာကျတာပါ။ (လူဖြစ်တာပါ) ဒါကြောင့် အဖော်ရဟန်းတွေကို အ၀တ်အစားတွေပေးပြီး ခပ်လှမ်းလှမ်းမှာ စောင့်ခိုင်းထားလိုက်ပါတယ်။ ရဟန်းပျိုကတော့ ဘုရားရှစ်ခိုးဖို့ ဘုရားလိုဏ်ဂူအတွင်းကို ၀င်ခဲ့ပါတယ်။ လိုဏ်တွင်းမှာ ဘုရားရှိခိုးနေရင်း တစ်ဝက်လောက်ရောက်တော့ လိုဏ်ပြင်က ဆုတောင်းသံတစ်ခု ကြားလိုက်ရပါတယ်။ ဘယ်လို ဆုတောင်းသံလဲဆိုတော့ “ တပည့်တော်မသည် ဤကောင်းမူဖြင့် ဆင်းရဲနှင့် ငရဲကင်းရလိုပါ၏။ ဖြစ်လေရာ ဘ၀တိုင်း၌ ဘုန်းကြီးလူထွက်မယား မဖြစ်ရပါလို၏“ တဲ့။

ဆုတောင်းသံကြားပြီး ရဟန်းပျိုလည်း တော်တော်အံ့သြသွားပါတယ်။ ကိုယ်ကလဲ လူထွက်ဖို့လာ၊ ဒကာမကလဲ လူထွက်မယားမဖြစ်ရပါလိုလို့ ဆုတောင်း၊ တိုက်ဆိုင်တယ်ပဲပြောပြော၊ ဘာကြောင့် လူထွက်မယားမဖြစ်ချင်ရတာကိုတော့ မေးဦးမှပဲဆိုပြီး လိုဏ်ဂူပြင်ထွက်ခဲ့ပါတယ်။ လိုဏ်ပြင်မှာ ရဟန်းပျိုနဲ့သက်တူရွယ်တူ ဒကာမတစ်ယောက်ကို တွေ့ရပါတယ်။ ရဟန်းပျိုက ဒကာမနားကပ်သွားပြီး “စောစောက ဆုတောင်းသံသည် ဒကာမထံမှဖြစ်မည်ဟု ထင်ပါသည်။ ဟုတ်ပါသည် အရှင်။ “ အဘယ်ကြောင့် လူထွက်မယား မဖြစ်ပါလိုလို့ ဆုတောင်းရပါသနည်း။ နေပါဦး လူထွက်လျှင်ပင် မိုက်လေ တော့သလား“

လူထွက်သောရဟန်းသည် အဘယ့်ကြောင့် မမိုက်ဘဲရှိတော့မည်နည်း။ရဟန်းမည်သည်ကား သူတစ်ပါးလှူသော အရိပ်သင်္ခမ်းကို သုံးဆောင်စားသောက်၍ ချမ်းသာစွာ နေထိုင်ရပေသည်။ စာပေကျမ်းဂန် သင်ကြားလိုက သင်ကြားနိုင်၏။ မသင်လျှင်လဲ သင်္ကန်းကြီးကို ခြေကန်ကာသာ အိပ်လိုသမျှ အိပ်နေနိုင်သည်။ ထိုသို့စဉ်လျက် သူ့ကျွန်ခံဦးမည်။ မယားကျွန်ပြု၍ လုပ်ကျွေးဦးမယ်။ လူထွက်သော ရဟန်းထက် မိုက်သောလူ မရှိပြီ။ လူမိုက်မယား ဖြစ်ချေက ကျွန်ုပ် မဆင်းရဲပြီလော“

ဒကာမရဲ့ အဖြေစကားကိုကြားရတော့ ရဟန်းပျိုလည်း ထိတ်လန့်သွားပါတယ်။ ထိတ်လန့်မူနဲ့အတူ မြတ်စွာဘုရား တောင်မှ ရဟန်းဘ၀ကို ကိုးကြိမ်ပဲရခဲ့တာ။ ရဟန်းဝတ်နဲ့ လောကအကျိုး၊ သာသနာအကျိုးဆောက်ရွက်နိုင်ခွင့် ပိုပြီး အခွင့် အရေးရတာ စတဲ့ အတွေးတွေတွေးပြီး မှင်သက်မိသွားပါတယ်။ ဒါကြောင့် ဘေးဘီကိုတောင် သတိမထားမိတော့လဲ တစ်နေရာတည်းမှာ ခြေစုံရပ်ပြီး “တွေ“ နေမိပါတယ်။

ရဟန်းပျိုရဲ့ အခြေအနေကို ခပ်လှမ်းလှမ်းမှာ စောင့်နေတဲ့ အဖော်ရဟန်းတွေက အထင်းသားမြင်တွေ့နေရပါတယ်။ ဒါကြောင့် အဖော်တွေက လှမ်းပြီး အသံပြုပါတယ်။ ရဟန်းပျိုလည်း အဖော်ရဟန်းတွေရဲ့အသံကြားမှ ကိုယ့်ကိုယ်ကို ပြန်သတိရသွားပါတယ်။ အဖော်ရဟန်းဆီ မသွားနိုင်တော့ပဲ မိမိဆီကိုပဲလာခဲ့ကြဖို့ လက်ယပ်ခေါ်လိုက်ပါတယ်။ အဖော်ရဟန်းတွေ အနားရောက်တော့ မိမိအတွေ့အကြုံကိုပြောပြပြီး တပည့်တော် လူမထွက်တော့ဘူးဆိုပြီး စစ်ကိုင်းဘက် ကို ကူးသွားပါတယ်။

စစ်ကိုင်းရောက်တော့ အပြင်အာရုံတွေအ၀င်မခံတော့ဘဲ ဆရာတွေဆီမှာ ဆက်လက်စာသင်လိုက်တာ ပိဋကတ်သင်ရိုး ကုန်တဲ့အထိ တတ်မြောက်သွားပါတယ်။ ပိဋကတ်စာပေသင်ရိုးကုန်တတ်မြောက်ပြီးတဲ့အခါ ပုညရှင်စေတီအနီးက ကျောင်းမှာပဲ သီတင်းသုံးနေပါတယ်။ စာလိုက်သံဃာတွေ တဖြည်းဖြည်းများလာလိုက်တာ ကျောင်းဆောင်မလောက် တော့လို့ တဲသာသာကျောင်းဆောက်ပြီး နေကြရတဲ့အထိ စာလိုက်သံဃာတွေ ပေါများခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ အင်းဝနရာဝရာမင်း ပုညရှင်စေတီကိုလာဖူးရင်း ရဟန်းပျိုလေးရဲ့ကျောင်းတိုက်ကို တွေ့သွားပါတယ်။ စာသင်သား ကိုယ်တော်လေးတွေ တဲသာသာကျောင်းဆောင်တွေမှာ ဆင်းဆင်းရဲရဲစာသင်နေရတာကို မြင်တွေ့ပြီး တစ်ခါတည်း ကျောင်းဆောင်သစ်တွေ ဆောက်လုပ်လှူဒါန်းပေးပါတယ်။ ပြီးတော့ ရဟန်းပျိုလေးကိုလည်း တိလောကဂုရု ဆိုတဲ့ ဘွဲ့တံဆိပ်ကို ဆက်ကပ်လှူဒါန်းသွားပါတယ်။ ဒကာမင်းမြတ်အနေနဲ့ သဒ္ဓါနဲ့တာဝန်ကို ဟန်ချက်ညီညီ ဆောက်ရွက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ စာထဲမှာတိုက်ရိုက်မပါပေမယ့် တစ်ဆင့်စကား ကြားဖူးတာကတော့ အဲဒီခေတ် ကာလတုန်းက ရဟန်းပျိုရခဲ့တဲ့ဘွဲ့ဟာ အမြင့်ဆုံးဘွဲ့လို့ဆိုပါတယ်။

ကဲ- ကြည့်ပါဦး။ အမည်မသိ သာမန်မိန်းကလေးတစ်ယောက်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ဘ၀တစ်ခုလုံး ပြောင်းလဲ စေခဲ့တာ။ အဲဒီပြောင်းလဲမူဟာလည်း တစ်ဦးတစ်ယောက်အတွက်သာမဟုတ်ဘဲ လောကအတွက် သာသနာ အတွက်ပါ အကျိုးများစေခဲ့တာ။ လောကမှာ စကားကောင်းတွေပြောဖြစ်ဖို့လိုအပ်သလို စကားကောင်းတွေ ကြားနာ ခွင့်ရဖို့လည်း လိုအပ်ပါတယ်။ ဒီအခွင့်အရေးနှစ်ခုကို ရဖို့အတွက် ဗုဒ္ဓရဲ့စကားခြောက်ခွန်းကို အစဉ်သဖြင့် အာရုံပြုထားဖို့လိုပါတယ်။

စကားခြောက်ခွန်း

၁။ မဟုတ်မမှန်ဘူး။ အကျိုးလဲမရှိဘူး။ ကြားရသူမနှစ်သက်တဲ့စကားမျိုး။

၂။ မဟုတ်မမှန်ဘူး။ အကျိုးလဲမရှိဘူး။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။

၃။ ဟုတ်မှန်တယ်။ အကျိုးလဲမရှိဘူး။ ကြားရတဲ့သူ မနှစ်သက်တဲ့စကားမျိုး။

၎။ ဟုတ်မှန်တယ် ။ အကျိုးလဲမရှိဘူး။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။

၅။ ဟုတ်မှန်တယ်။ အကျိုးလဲရှိတယ်။ ကြားရတဲ့သူ မနှစ်သက်တဲ့စကားမျိုး။

၆။ ဟုတ်မှန်တယ်။ အကျိုးလဲရှိတယ်။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။

အထက်ပါ စကားခြောက်ခွန်းမှာ နံပါတ် ၁၊၂၊၃၊၄ ဖြစ်တဲ့စကားတွေက မပြောရမယ့်စကားတွေဖြစ်ပြီး နံပါတ် ၅၊ ၆ ကတော့ ပြောရမယ့် စကားတွေဖြစ်ပါတယ်။ ဒါကြောင့် “စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုမျှော၊ နှစ်ခွန်းပြောလို့ “ စပ်ဆိုခဲ့ကြပါတယ်။

ဘာပဲပြောပြော မနက်အိပ်ရာထကနေ ညအိပ်ရာဝင်တဲ့အထိ စကားတွေကတော့ မဖြစ်မနေ ပြောနေကြရမှာပါ။ တစ်နေ့တာ အိပ်ရာဝင်တဲ့အခါ နဖူးပေါ်လက်တင်ပြီး “ ငါ့ ဒီနေ့တစ်နေ့တော့ ကုန်ဆုံးလို့ ပြောဖြစ်ခဲ့တဲ့စကားတွေထဲမှာ စကားခြောက်ခွန်းထဲက ဘယ်လိုစကားတွေ ပြောဖြစ်ခဲ့သလဲ ? အဲဒီလိုများ စဉ်းစားဖြစ်ခဲ့ရင်။


ရဝေနွယ်(အင်းမ)

ကျမ်းကိုး

(၁) သာသနာလင်္ကာရစာတမ်း(လယ်တီ ဦးလှပိုင်)

(၂) ပုခန်းသာသနာတင် ( လယ်တီ ဦးလှပိုင်)

မြတ်သတိ နိုဝင်ဘာ၊၂၀၀၀

“ဈာန်”



“ဈာန်” အစားနဲ့တရား အပိုင်း(၄)

သစ္စာ မဖောက်မိကြဖို့”ဆိုတာ ဈေးရောင်းဈေးဝယ် လုပ်တဲ့နေရာမှာ ဝယ်သူကလည်း “ရုပ်နာမ်အနိစ္စပစ္စည်း တစ်ခု လောက်ပေးပါ”ဆိုပြီး ပရမတ္ထ သစ္စာစကား သွားမလုပ်နဲ့။ “ဆီဖြင့် ဆီ၊ ဆန်ဖြင့် ဆန်၊ ရွှေဖြင့် ရွှေ”လို့ သမုတိသစ္စာကိုပဲ သုံးရမှာ။ ပြီးတော့ ကြည့်တဲ့ အခါမှာလည်း “ရုပ်နာမ်အနိစ္စ”လို့ ရှုနေလို့ မရဘူး။ တောင်းပြည့် မပြည့်၊ အလေးပြည့် မပြည့်၊ ပစ္စည်းဥစ္စာအစစ် အမှန်ဟုတ် မဟုတ်ကို ရှုရမှာ။ ရောင်းသူကလဲ သူပေးတဲ့ ပိုက်ဆံကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”လို့ ရှုနေလို့ မဖြစ်ဘူး။ အစစ်လား၊ အတုလားဆိုတာကို ရှုရမှာ။ ဒီလိုမဟုတ်ဘဲ သမုတိနယ်ထဲက အလုပ်မှာ သမုတိသစ္စာကို မစောင့်ဘဲ သစ္စာဖောက်မိရင်တော့ စိတ္တဇဆေးရုံရောက်သွားပါလိမ့်မယ်။......

ဈာန်လမ်းမဂ္ဂင်နဲ့ ပတ်သက်ပြီး သိထားဖို့လိုအပ်တာကတော့ - “ဈာန်”ဆိုတာ ဗုဒ္ဓဘာသာဝင် တော်တော်များများက “မြေလျှိုးမိုးပျံ” ဆိုတဲ့ တရားမျိုးလို့ ထင်ကြတာများတယ်။ မြေလျှိုးမိုးပျံတာက ဈာန်တရားမဟုတ်ပါဘူး၊ ဈာန်ကိုအခြေခံပြီး ပွားများရတဲ့ အဘိညာဉ် တရားသာဖြစ်ပါတယ်။


အဘိညာဉ်ရဲ့ အခြေခံဖြစ်တဲ့ ဈာန်တရားများကိုတော့ အပ္ပနာဈာန်လို့ ခေါ်ပါတယ်။ ဈာန်သမာပတ်လို့ ခေါ်တဲ့ဈာန်မျိုးပေါ့။


ဈာန်ရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကတော့ “စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ ဈာန်ဟုခေါ်သတတ်” လို့ လယ်တီဆရာတော် ဘုရားကြီး လင်္ကာစီထားတဲ့အတိုင်း “အာရုံကို စူးစိုက်ရှုမှတ်ခြင်းသဘော” ဖြစ်ပါတယ်။ “ဆန့်ကျင်ဘက်တရားတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေတတ်တဲ့ သဘော”လို့လဲ အဓိပ္ပာယ်ရပါသေးတယ်။

ဈာန် (၂)မျိုး

စူးစိုက်ရှုမှတ်တဲ့ “ဈာန်” ဆိုရာမှာလဲ “အာရုံကိုစူးစိုက်ရှုမှတ်တဲ့ အာရမ္မဏူပနိဇ္ဈာန်” နဲ့ အနိစ္စအစရှိတဲ့ “သဘောလက္ခဏာတွေကို စူးစိုက်ရှုရတဲ့ လက္ခဏူပနိဇ္ဈာန်” ဆိုပြီးနှစ်မျိုးရှိပါတယ်။


ဗုဒ္ဓဘာသာဝင်တို့ ကြားဖူးနားဝနဲ့အသိများတဲ့ “ဈာန်သမာပတ်” ဆိုတဲ့ဈာန်က အာရုံကိုစူးစိုက်ရှုမှတ်ရတဲ့ အာရမ္မဏူပနိဇ္ဈာန် ဖြစ်ပါတယ်။ အာရုံကို စူးစိုက်ရှုမှတ်တယ်ဆိုတဲ့နေရာမှာလဲ အာရုံရဲ့သဘောလောက်ကို သိကာ မတ္တမဟုတ်ဘဲ အာရုံထဲမှာ လွန်လွန်ကဲကဲ စွဲမြဲသက်ဝင်နေအောင်ကို စူးစိုက်ရှုမှတ်ရတာဖြစ်ပါတယ်။ တခြား ဘယ်လိုအာရုံပေါ်ကိုမှ စိတ်ကမသွားတော့ဘဲ လွန်လွန်ကဲကဲ စူးစိုက်သက်ဝင်သွားတဲ့အဆင့်အထိ ရောက်သွားတာကို “အပ္ပနာဆိုက်တယ်” လို့လဲခေါ်ပါတယ်။ “အပ္ပနာဈာန်” ခေါ်တယ်လို့ အတိုချုပ်မှတ် သား နိုင်ပါတယ်။ “ဈာန်သမာပတ်”လို့ ခေါ်တဲ့ ဈာန်မျိုးပေါ့။


အဲဒီလို အပ္ပနာဆိုက်အောင် စူးစိုက်သက်ဝင်ပြီး ငြိမ်နေဖို့ ရှုမှတ်ရတဲ့ ဈာန်မှာဆိုရင် အရှုခံအာရုံကလဲ များသောအားဖြင့် ဖောက်ပြန်ပြောင်းလဲခြင်းမရှိတဲ့ ပညတ်အာရုံမျိုး ဖြစ်ရပါတယ်။ ကမ္မဋ္ဌာန်းအမျိုးအစားအားဖြင့် ပြောမယ်ဆိုရင်တော့ “သမထကမ္မဋ္ဌာန်း” လို့ ခေါ်ပါတယ်။ သမထကမ္မဋ္ဌာန်းရဲ့ အာရုံတွေ ကို ကြည့်မယ်ဆိုရင် ကသိုဏ်းပညတ်၊ အသုဘပညတ်၊ အာနာပါနပညတ်၊ ကာယဂတာသတိပညတ်၊ ဗြဟ္မစိုရ်ရဲ့အာရုံဖြစ်တဲ့ သတ္တဝါပညတ်၊ အာကာသပညတ်၊ နတ္တိပညတ်ဆိုတာတွေကို တွေ့နိုင်ပါတယ်။

သမထကမ္မဋ္ဌာန်းမှာ ချွင်းချက်အနေနဲ့ အရူပဈာန် အဆင့်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်များအနေနဲ့တော့ အောက်အောက် အရူပဈာန်အာရုံကို လွန်တဲ့အခါ အထက်အထက် အရူပဈာန်ကို ရမြဲဓမ္မတာဖြစ်လို့ ဒုတိယ-စတုတ္ထ အရူပဈာန်တွေက ပထမ၊ တတိယဆိုတဲ့ မဟဂ္ဂုတ် ပရမတ္ထအာရုံတွေကို အာရုံပြုနိုင် တာတော့ ရှိပါတယ်။ ဒါကလဲ အလွန်ကို သမာဓိအားကောင်းတဲ့ ဘာဝနာစွမ်းအားကြောင့် ရှုနိုင်တာပါ။ အခြေခံအဆင့်မှာတော့ ပညတ်အာရံ သာတွေဖြစ်ကြပါတယ်။


သာသနာပ ကာလတွေမှာတော့ အဲဒီလိုအပ္ပနာဆိုက်သွားတဲ့ “ဈာန်သမာပတ်”ဆိုတာ ကမ္မဋ္ဌာန်းတို့ရဲ့ အမြင့်ဆုံးပန်းတိုင်ပဲ ဖြစ်ပါတယ်။ ခုလိုသာသနာတွင်း ကာလမျိုးကြုံလို့ “နိဗ္ဗာန်”ကို ပန်းတိုင်အဖြစ်ရည်မှန်း အားထုတ်ရတဲ့ မဂ္ဂလမ်းစဉ်ကို ပွားများကြရာမှာတော့ “ဈာန်”ဆိုတာ ပန်းတိုင်မဟုတ်တော့ပါဘူး၊ သီလနဲ့ ပညာတို့ကို အထောက် အကူပြုပေးရတဲ့ “ငြမ်း” အဆင့်လောက်ပဲ ရှိပါတယ်။ ဒီလို “ငြမ်း”အဖြစ် အသုံးပြုတဲ့ “ဈာန်”ဆိုတာ အပ္ပနာ ဆိုက် လောက်အောင် စူးစိုက်သက်ဝင်တဲ့ ဈာန်မျိုးမဟုတ်တော့ပါဘူး။ အာရုံနဲ့ အာရုံရဲ့သဘောလက္ခဏာတို့ကို သိနိုင် လောက် ရုံသာ စူးစိုက်ရှုပွားရတဲ့ ဈာန်ဖြစ်ပါတယ်။


“ ငြမ်းအဖြစ်အသုံးပြုတဲ့ ဈာန်ဆိုတာ အာရုံနဲ့ အာရုံရဲ့သဘောလက္ခဏာကို သိရုံလောက်သာ စူးစိုက်ရှုရတယ်”ဆိုတဲ့ စကားလိုလဲ အသေအချာ မှတ်ထားပါ။ အဲဒီမှာလဲ အာရုံကိုစူးစိုက်ရှုရတာက “အာရမ္မဏူပနိဇ္ဈာန်”ဖြစ်တယ်၊ အာရုံရဲ့သဘော လက္ခဏာကို စူးစိုက်ရှုရတာက “လက္ခဏူပနိဇ္ဈာန် ” ဖြစ်တယ်ဆိုတာလဲ ကွဲကွဲပြားပြား မှတ်ထားစေချင်ပါတယ်။


မဂ္ဂလမ်းစဉ်ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးထဲမှာ “ဝီရိယ၊ သတိ၊ သမာဓိ” ဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးကိုပဲ ဈာန်လမ်းမဂ္ဂင်လို့ ခေါ်ဆို သတ်မှတ်တယ် ဆိုတာကို လဲ ပြောခဲ့ပြီးပါပြီ။ ဒီဈာန်မဂ္ဂင်သုံးပါးတို့ဟာ ကံလမ်းဖြစ်တဲ့ သီလမဂ္ဂင်တွေ အစင်အကြယ် ပီပြင်အောင်လဲ ကူညီရပါတယ်။ ဥာဏ်လမ်းဖြစ်တဲ့ ပညာမဂ္ဂင်တွေ ကြည်လင်ပြည့်စုံအောင်လဲ ကူညီရပါတယ်။ ဈာန်မပါရင် ကံလဲမပီပြင်နိုင်ဘူး၊ ဥာဏ်လဲမကြည်လင်နိုင်ဘူးလို့ အလေးအနက် မှတ်ထားရပါမယ်။


ဒီနေရာမှာ အသုံးချသစ္စာ (၂)မျိုးအကြောင်းကိုနည်းနည်း သိထားဖို့လိုပါတယ်။ ဗုဒ္ဓဘာသာတိုင်း “သစ္စာလေးပါး” ဆိုတာကိုတော့ ကြားကြသူများပါ လိမ့်မယ်။ အဲဒီသစ္စာလေးပါးဆိုတာက အရိယသစ္စာခေါ်ပါတယ်။ မဂ်ဖိုလ်ကို ရရှိပြီးတဲ့ အရိယပုဂ္ဂိုလ်များသာ မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့ ထိုးထွင်းသိမြင်နိုင် တဲ့ သစ္စာတရားများ ဖြစ်ပါတယ်။ အဲဒီအရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်နိုင်ရေးအတွက် အသုံးချရတဲ့ သစ္စာ(၂)ပါး ဆိုတာလဲ ရှိပါသေးတယ်။


လောကလူသားအချင်းချင်း ဆက်ဆံပြောဆိုတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အမှန်အကန်ပြောဆိုတယ်လို့ အသိအမှတ်ပြုနိုင်ဖို့ အတွက် သက်မဲ့ရုပ်ဝတ္ထုများ နဲ့ သက်ရှိရုပ်နာမ် အစုအဝေးတို့ အပေါ်မှာ သတ်မှတ်မှည့်ခေါ်ထားတဲ့ အမည်နာမ ပညတ်များကို သမုတိသစ္စာလို့ခေါ်ပါတယ်။ လောကီလူ့ဘောင်ဆိုတဲ့ သမုတိနယ်ထဲမှာ အမှန်လို့ သတ်မှတ် အသုံးချတဲ့ သစ္စာပါ။

ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ၊ ရွှေ၊ ငွေ၊ တိုက်တာ၊ အိုးအိမ်စတာတွေ၊ လူ၊ ခွေး၊ မြင်း၊ ဆင်စတာတွေ၊ ကျွန်း၊ အင်ကြင်း၊ ပြင်းကတိုး၊ သစ်ရာ စတာတွေပေါ့။ ဒီအမည်တွေဟာ တကယ်ရှိတဲ့ ရုပ်နာမ်ဆိုတဲ့ တရားအစုအဝေးတို့ကို အချင်းချင်းပြောဆိုတဲ့အခါ သိမှတ်နိုင်စေဖို့ သတ်မှတ်သမုတ် ထားတဲ့ အမည်များသာဖြစ်ပါတယ်၊ တကယ်အမှန်အကန် အရှိတရားများတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုခေါ်ဝေါ် ပြောဆိုတာဟာ တစ်ဦးက တစ်ဦးအပေါ် လိမ်ညာလှည့်ဖြားရာ မကျတဲ့အတွက် “သစ္စာ”လို့ပဲဆိုရပါတယ်။ သမုတိသစ္စာပေါ့။


ပင်ကိုယ်သဘာဝ လက္ခဏာအနေနဲ့ ထင်ရှားရှိတဲ့ ပူခြင်း၊အေးခြင်းစတဲ့ အကြောင်းတို့ကြောင့် ပုံသဏ္ဍာန်၊ အရောင်အဆင်း၊ အပျော့ အမာစ သည် ပြောင်းလဲဖောက်ပြန်နေတတ်တဲ့ ရုပ်တရား၊ အာရုံကို သိတတ်၊ ညွတ်တတ်တဲ့ နာမ်တရားဆိုတဲ့ အခြေခံ တရားနှစ်ခုနဲ့၊ ရုပ်ရဲ့အစိတ်အပိုင်း များဖြစ်တဲ့၊ မာတဲ့ပျော့တဲ့သဘော (ပထဝီဓာတ်)၊ ပူတဲ့အေးတဲ့သဘော(တေဇောဓတ်) တွန်းကန် လှုပ်ရှား တောင့်တင်းတဲ့သဘော (ဝါယောဓာတ်) စိမ့်ဝင်, ကြီးထွား,ဖောင်းပွ, ဖွဲ့စည်း,ယိုစီးတတ်တဲ့သဘော (အာပေါဓာတ်)၊ စသည်တို့၊ နာမ်ရဲ့အစိတ်အပိုင်းများဖြစ်တဲ့ လိုချင်တဲ့သဘော (လောဘ) ၊ ပြစ်မှားတဲ့သဘော (ဒေါသ)၊ အမှန်မသိတဲ့သဘော (မောဟ)၊ စွန့်လွှတ်လို တဲ့သဘော (အလောဘ)၊ ခွင့်လွှတ်နိုင်တဲ့သဘော (အဒေါသ)၊ အမှန် အကန် ခွဲခြားသိတတ်တဲ့သဘော

(အမောဟ) စသည်တို့ကတော့ ပင်ကိုသဘော လက္ခဏာတွေလဲ အသီးသီး ကိုယ်စီရှိကြပြီ၊ ဖြစ်ပြီးပျက် တတ်ခြင်းကြောင့် မမြဲခြင်း(အနိစ္စ) လက္ခဏာ၊ ဖြစ်ပျက်ပြောင်းလဲမတည်မြဲခြင်း ဆိုတဲ့ဘေးနဲ့ မကင်းခြင်း(ဒုက္ခ)လက္ခဏာ၊ ကိုယ်ထင်သလို ကိုယ့်အလို ကျ မဖြစ်နိုင်ခြင်း (အနတ္တ) လက္ခဏာဆိုတဲ့ ဘုံဆိုင်လက္ခဏာတွေလဲ ထင်ရှားရှိတဲ့အတွက် အမှန်အကန် တကယ်ရှိတဲ့ “ပရမတ္ထသစ္စာ” လို့ခေါ်ပါတယ်။ သမုဓိသစ္စာ ဆိုတာ လောကအတွက် အသုံးချတဲ့သစ္စာ၊ ပရမတ္ထသစ္စာက ဓမ္မအတွက် အသုံးချတဲ့သစ္စာလို့လဲ ခွဲခြားသိထားဖို့ လိုပါတယ်။


တရားဟောပင့်တဲ့ ဒကာများက ဝိပဿနာဆိုက်အောင်နဲ့ သမထဝိပဿနာခွဲခြား နားလည်တတ်အောင် အခြေခံလေး ဟောပေးပါဆိုလို့ ဒီအကြောင်းတွေကို ဒီလောက်ထိ အကျယ်တဝင့်ပြောပေးနေတာပါ။ အကြောင်းအရာက နည်းနည်း တော့လေး နေပါတယ်။ ဆန်ပြုတ်လို ပါးစပ်ထဲရောက်ရုံနဲ့တော့ အရသာကို ချက်ချင်းမသိနိုင်ပါဘူး။ ထမင်းခပ်မာမာလို ခပ်ညက်ညက်ကလေး ဥာဏ်သွားနဲ့ ဝါးကြည့်နိုင်မှ အရသာပေါ် မှာ ဖြစ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ခပ်ညက်ညက်ကလေး ဝါး သလို စဉ်းစား နားထောင်ကြရ ပါလိမ့်မယ်။


ကံကိုကူတဲ့ ဈာန်

ဈာန်လမ်းမဂ္ဂင် သုံးပါးတို့ဟာ - ကံလမ်းဖြစ်တဲ့ သီလမဂ္ဂင်တို့ကို ကူညီတဲ့အခါ ဈာန်အနေနဲ့လဲ အာရုံကို အဓိကရှုရတဲ့ အာရမ္မဏူပနိဇ္ဈာန် ဖြစ်ရပါတယ်။ အသုံးချ ရှုမှတ်ရမယ့် အာရုံကလဲ သမုတိသစ္စာဆိုတဲ့ ပညတ်အာရုံများ ဖြစ်ရပါတယ်။ ဒါလေးကို သဘောပေါက်အောင် နည်းနည်းရှင်းပြပါတယ်။ ဥပမာ - သမ္မာဝါစာမဂ္ဂင်ဆိုပါစို့ -


“ငါသည် သူတစ်ပါးကို လိမ်ညာလှည့်ဖြားခြင်း၊ ကုန်းတိုက်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ အတင်းအဖျင်းပြောခြင်း မပြုဘဲရှောင်ကြဉ်ရမယ်” ဒီလိုမဟုတ် လား။ အဲဒီမှာ -“ငါ သူတစ်ပါး လိမ်ညာလှည့်ဖြား” စတာတွေဟာ သမုတိသစ္စာခေါ်တဲ့ ပညတ်တွေပါ။ အဲဒီပညတ်တွေကို အလေးထား အာရုံပြု အသုံးချရပါတယ်။


အလားတူပဲ - သမ္မာကမ္မန္တမဂ္ဂင် ဖြစ်ဖို့ဆိုရင်လဲ - ငါသည်၊ သူတစ်ပါးရဲ့ အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးဝှက်လုယက် သိမ်းပိုက်ခြင်း၊ သူ့သားအိမ်ယာ ကျူးလွန်ခြင်းတို့ကို မပြုဘဲရှောင်ရမှာပါ။


အဲဒီမှာလဲ - ငါ၊သူတစ်ပါး၊ အသက်၊ ဥစ္စာ၊ သားမယား၊ သတ်ခြင်း၊ ခိုးခြင်း၊ ကျူးလွန်ခြင်းတို့ ဆိုတာ ပညတ်တွေပါပဲ။ အဲဒီသမုတိသစ္စာဖြစ်တဲ့ ပညတ်တွေကို အလေးအနက်အာရုံပြုပြီး ရှောင်ကြဉ်ကြရတာပါ။


ဒီနေရာမှာ ပရမတ္ထသစ္စာကို အသုံးချလို့ မရပါဘူး၊ “ငါက သူ့အသက်ကို သတ်တယ်” ဆိုတဲ့ နေရာမှာ “ ငါသူတစ်ပါးတို့၊ အသက်တို့ဆိုတာ မရှိဘူး၊ ရုပ်နာမ်အစုအဝေးကြီးက ရုပ်နာမ်အစုအဝေးကြီးကို ဖောက်လွဲဖောက်ပြန်ပြုတာပါ။ ဒါတွေဟာ ဖြစ်ပြီးပျက်သွားပါပြီ” လို့သွားမလုပ်လေနဲ့။ သမုတိနယ်ဖြစ်တဲ့ လောကထဲမှာ အဲဒီလို ပရမတ္ထသစ္စာကဝင်ရှုတ်ရင် အမှုက မလွတ်ရုံမကဘူး၊ အရူးထောင်ထိ အပို့ခံရလိမ့်မယ်။ အဲဒါကြောင့် “ သူ့နယ်နဲ့သူမှာ သစ္စာမဖောက်ကြနဲ့” လို့ ပြောရတာ။ လောကအတွက် အသုံးချတဲ့အခါ သမုတိသစ္စာကို စောင့်သိရမယ်။ ဓမ္မအတွက်အသုံးချတဲ့ အခါကျမှ ပရမတ္ထသစ္စာကို စောင့်သိအသုံးချရတယ် လို့ သတိပေးရတာပါ။


ထပ်ပြောပါရစေ။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရောရောထွေးထွေးဖြစ်ပြီး လမ်းမပျောက်ဘဲနဲ့ မျက်စိလည် နေတတ်လို့ပါ။ ဟုတ်တယ်၊ သမ္မာအာဇီဝဖြစ်အောင် စီးပွားရှာတယ်ဆိုတာ လောကီကိစ္စမဟုတ်လား၊ ဒီလိုလောကီ ကိစ္စဆောင်ရွက်ရာမှာ အသုံးချရမယ့် သစ္စာဟာ သမုတိသစ္စာဖြစ်တယ်ဆိုတာကို သတိပြုရမယ်လို့ ပြောတာပါ။ ဒီနေရာမှာ သစ္စာမဖောက်မိကြ ဖို့ အရေးကြီးပါတယ်။


“သစ္စာမဖောက်မိကြဖို့”ဆိုတာ ဈေးရောင်းဈေးဝယ်လုပ်တဲ့နေရာမှာ ဝယ်သူကလည်း “ရုပ်နာမ်အနိစ္စပစ္စည်းတစ်ခု လောက်ပေးပါ” ဆိုပြီး ပရမတ္ထ သစ္စာစကားသွားမလုပ်နဲ့။ “ဆီဖြင့် ဆီ၊ ဆန်ဖြင့် ဆန်၊ ရွှေဖြင့် ရွှေ”လို့ သမုတိသစ္စာကိုပဲ သုံးရမှာ။ ပြီးတော့ ကြည့်တဲ့အခါမှာလည်း “ရုပ်နာမ်အနိစ္စ”လို့ ရှုနေလို့ မရဘူး။ တောင်းပြည့် မပြည့်၊ အလေးပြည့် မပြည့်၊ ပစ္စည်းဥစ္စာအစစ် အမှန်ဟုတ် မဟုတ်ကို ရှုရမှာ။ ရောင်းသူကလဲ သူပေးတဲ့ ပိုက်ဆံကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”လို့ ရှုနေလို့ မဖြစ်ဘူး။ အစစ်လား၊ အတုလားဆိုတာကို ရှုရမှာ။ ဒီလိုမဟုတ်ဘဲ သမုတိနယ်ထဲက အလုပ်မှာ သမုတိသစ္စာကို မစောင့်ဘဲ သစ္စာဖောက်မိရင်တော့ စိတ္တဇဆေးရုံရောက်သွားပါလိမ့်မယ်။


ဦးဇင်းတို့ ကိုရင်ဘဝတုန်းက ရွာမှာ ဘုန်းကြီးလူထွက် ဒကာကြီးတစ်ယောက်ရှိတယ်။ မိုးဦးကျ သူများတွေ ထွန်ယက်စိုက်ပျိုး နေချိန် ဥပုသ်နေ့ကြီး သူကကျောင်းလာ သီလယူပြီး ဘီရိုထဲက စာအုပ်ကြီးတွေကို ယူကြည့်နေတယ်။ “ဒကာကြီးကော သူများတွေလို ထွန်ဖို့ကြဲဖို့ မသွားရဘူးလား” လို့ မေးတော့ “ဒီနေ့ ဥပုသ်နေ့လေ ကိုရင်ရဲ့။ ကောက်ပဲသီးနှံတွေ ဆိုတာက သင်္ခါရတရားတွေပါ ကိုရင်ရယ်၊ ဖြစ်ပြီးရင် ပျက်သွားမှာတွေပါ၊ သေရင် ကိုယ့်နောက်ပါမှာတွေမှ မဟုတ်ဘဲ။ လူတွေက ဒါကို မသိကြလို့ ဥပုသ်နေ့မှန်းမသိ၊ ဘာမသိ တွန်းလုပ်နေကြတာ၊ ဒကာကြီးတို့က ဒါတွေကို သိနေလို့ သူတို့လို မမိုက်ရဲပါဘူး”တဲ့။


အသီးအနှံတွေ ရိတ်သိမ်းပြီးချိန်ရောက်တော့ ရွာနဲ့မလှမ်းမကမ်းနေရာလောက်မှာ တရားစခန်းတစ်ခု လာဖွင့်တယ်၊ ရွာထဲက လူလတ်ပိုင်း လူကြီးပိုင်းတွေ အတော်လေး သွားကြပါတယ်။ အဲဒီအခါမှာလဲ စောစောက ဒကာကြီးက ကျောင်းကိုပဲ လာတယ်။ “ဒကာကြီးကော တရားစခန်း မသွားဘူးလား”လို့ မေးတော့ ဒကာကြီးက မချိတင်ကဲ မျက်နှာလေးနဲ့ “သွားတော့ သွားချင်သားပေါ့ ကိုရင်ရယ်၊ ဒါပေမယ့် ဒကာကြီးတို့ဘဝက တစ်နေ့ လုပ်မှ တစ်နေ့ စားရတာဆိုတော့ ဒီလို ဆယ်ရက်လောက်ကြီး အိုးပစ်အိမ်ပစ် မသွားနိုင်ပါဘူး”တဲ့။

အဲဒါစဉ်းစားကြည့်ပါ၊ သမုတိသစ္စာကို အလေးထားရမယ့်အချိန်မှာ ပရမတ္ထ သစ္စာတွေပြောနေပြီး တကယ်တမ်း ပရမတ္ထသစ္စာကို အလေးထား ရမယ့်နေရာရောက်တော့မှ သမုတိစကားတွေ ပြောနေရ တယ်၊ အဲဒါမျိုးကို သစ္စာဖောက်တယ်လို့ ပြောတာ။ “သစ္စာဖောက်ရင် အမြစ်ပါပျောက် မယ်”ဆိုတဲ့ ဇာတ်ထဲက လူကြမ်းတွေ ပြောတဲ့စကားလိုပဲ အခုလဲ သစ္စာဖောက်မိတော့ သာသနာတော် နဲ့ကြုံကြိုက်ခွင့်ဆိုတဲ့ ပါရမီအရင်းအမြစ်တွေ အချည်းနှီးပျောက်ဆုံးရတော့မယ့် အခြေအနေ ရောက်သွားတော့တာပေါ့။ အစားလည်း မဝ၊ တရားလည်း မရဆိုတဲ့ အဖြစ်မျိုးနဲ့ ကြုံရပြီလေ။


ကဲ ... သမုတိနယ်ပယ်မှာ သမုတိသစ္စာကို စောင့်သိအသုံးချကြလို့ သမုတိနယ်သားဘဝမှာ ပြည့်စုံရမယ့် သီလ သိက္ခာတွေပြည့်ပြီ၊ ကမ္မဿကတ ပညာတွေ ခိုင်မာပြီဆိုတော့မှ ပညာသိက္ခာဆိုတဲ့ ဥာဏ်လမ်းကို ကူးကြရပါတော့မယ်။


သာသနာတွင်း ကုသိုလ်အစစ်ဆိုတာ

“ပညာသိက္ခာ”ဆိုတဲ့ ဥာဏ်လမ်းက ဝိပဿနာပညာကစရမှာပါ။ ဒါဟာ လောကနယ်ကနေ ဓမ္မနယ်ကို တကယ် စတင် ကူးပြောင်းတာပါပဲ။ “တကယ်စတင်ကူးပြောင်းတယ်”လို့ ပြောရတာကတော့ သာသနာတွင်းကုသိုလ်အစစ်ဆိုတာ ဝိပဿနာ ကုသိုလ်ရောက်မှ စတင်တာဖြစ်လို့ပါပဲ။


ဒါန,သီလတို့ သမထတို့ဆိုတဲ့ ကုသိုလ်တွေက သာသနာပကာလတွေမှာလဲ ရနိုင်တဲ့ကုသိုလ်တွေပါ။ ဝိပဿနာကုသိုလ်ကတော့ သာသနာပကာလမှာ အပြည့်အစုံမရနိုင်ပါဘူး၊ “အနိစ္စ၊ ဒုက္ခ” ဆိုတဲ့ လက္ခဏာနှစ်ပါးလောက်သာ ရနိုင်ပါတယ်။ တကယ်တမ်းပြီးပြည့်စုံတဲ့ ဝိပဿနာကုသိုလ်လို့ ဆိုရမယ့် “အနတ္တ”လက္ခဏာဆိုတာကတော့ သာသနာ တွင်းကာလမှာသာ ကြားခွင့်၊ နာခွင့်၊ ပွားများခွင့်ရနိုင်တာပါ။ ဒါကြောင့် ဝိပဿနာကုသိုလ်ကို လက္ခဏာရေး သုံးပါးလုံးနဲ့ ပြည့်ပြည့်စုံစုံအားထုတ်မှ သာသနာတွင်း ကုသိုလ်အစစ်စတင်တယ်။ ဓမ္မနယ်ပယ်ကို တကယ်တမ်းကူးပြောင်းတယ်လို့ ဆိုနိုင်မှာပါ။


ပညာသိက္ခာဖြစ်တဲ့ ဥာဏ်လမ်းကိုလဲ“ဝီရိယ၊ သတိ၊ သမာဓိ”ဆိုတဲ့ ဈာန်လမ်း မဂ္ဂင်သုံးပါးတို့နဲ့ ကူညီအားထုတ်ရ တာပါပဲ။ တကယ်တော့ ဥာဏ်လမ်းကို ကူညီတဲ့ အချိန်ရောက်မှသာ ဒီနေ့ ဗုဒ္ဓဘာသာဝင်အများစု နားလည်ထားတဲ့ “တရားအားထုတ်ခြင်း”ဆိုတဲ့ လုပ်ငန်းကလည်း တကယ်တမ်း စတင် တယ်လို့ ဆိုနိုင်တာပါ။


ဥာဏ်ကိုကူတဲ့ ဈာန်

ပညာသိက္ခာ(ဥာဏ်လမ်း)ကို ကူညီပေးရတဲ့ ဈာန်ကတော့ “လက္ခဏူပနိဇ္ဈာန်”ဖြစ်ပါတယ်။ အနိစ္စအစရှိတဲ့ သဘော လက္ခဏာတို့ကို စူးစိုက်ရှုရတဲ့ ဈာန်ဖြစ်တာနဲ့အညီ၊ အရှုခံ အာရုံအဖြစ်နဲ့ အသုံးချရတဲ့သစ္စာကလည်း သဘောလက္ခဏာ ထင်ရှားရှိတဲ့ ပရမတ္ထသစ္စာ ပရမတ်အာရုံတွေ ဖြစ်ရပါမယ်။ ပရမတ္ထသစ္စာဆိုတာ အခြေခံအနေနဲ့တော့ ရုပ်ပရမတ်၊ နာမ် ပရမတ်ဆိုတဲ့ တရားနှစ်ပါး ပါပဲ။ “ရုပ်နာမ်ဓမ္မ သင်္ခါရ”လို့ ဗုဒ္ဓဘာသာဝင်တို့ နှုတ်ကျိုးနေတဲ့ တရားနှစ်ပါးပေါ့။


“ရုပ်နာမ်”ဆိုတဲ့ နေရာမှာလဲ “ရုပ်”ဆိုတာက ရုပ်ပေါင်း (၂၈)ပါးလုံးနဲ့ ဆိုင်တဲ့ ဘုံအမည်ဖြစ်နေပါတယ်။ “နာမ်” ဆိုတာ ကလည်း (ဒီနေရာမှာ)သင်္ခါရ နာမ် (၅၃)ပါးလုံးတို့ရဲ့ ဘုံဆိုင်အမည်ဖြစ်နေပါတယ်။ ဝိပဿနာဆိုတာ ကွဲကွဲပြားပြား သိမြင်ရ မှာဖြစ်လို့ ဘုံဘုံပြားပြား အဖြစ်နဲ့လုံးပြီး ရှုလို့မရပါဘူး။ တိတိကျကျ သတ်မှတ်ရှိရမှာပါ။


လယ်တီဆရာတော် ဘုရားကြီးကတော့ ရုပ် ၂၈ ပါးထဲက အနည်းဆုံး မဟာဘုတ် ရုပ်တရားလေးပါးတို့လောက် ကိုပဲ သဘောလက္ခဏာပိုင်ပိုင် ရှုမှတ်နိုင်အောင် ကြိုးစားရှုရင် ဝိဇ္ဇာမျိုးစေ့ဖြစ်တဲ့ ဝိပဿနာကုသိုလ်ရတယ်လို့ ဗောဓိပက္ခိယ ဒီပနီမှာ မိန့်ကြားပါတယ်။


မဟာဘုတ်လေးပါးဆိုတာ မာတဲ့သဘော,ပျော့တဲ့သဘော(ပထဝီဓာတ်)၊ ပူတဲ့သဘော,အေးတဲ့သဘော (တေဇောဓာတ်)၊ တွန်းတဲ့သဘော, တိုးတဲ့ သဘော,လှုပ်တဲ့သဘော,ထောက်ကန်တဲ့သဘော (ဝါယောဓာတ်)၊ ဖွဲ့တဲ့သဘော, စိမ့်ဝင်ကြီး ထွား ဖုံးပိတ်တဲ့သဘော (အာပေါဓာတ်) တို့ ဖြစ်ပါတယ်။ အဲဒီဓာတ်ကြီးလေးပါးထဲက တစ်ပါးပါးကိုပဲ ပိုင်ပိုင် နိုင်နိုင်စတင် ရှုရမှာပါ။ ရှုတဲ့အခါမှာလည်း “မာတယ်၊ ပျော့တယ်”စတဲ့ အချင်း ချင်းသိနိုင်အောင် ပါးစပ်က စကားအဖြစ်နဲ့ ပြောသလို ရှုမှတ်ရ မှာ မဟုတ်ပါဘူး။


“ငငြုပ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကိုတည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ” ဆိုတဲ့အတိုင်း ရုပ်တရား၊ နာမ်တရားတို့ရဲ့ သဘောသတ္တိကလေးသက်သက်ကိုသာ ဥာဏ်ထဲမှာ မြင်လာအောင် သတိနဲ့ကပ် ပြီး ရှုရမှာ ဖြစ်ပါတယ်။


ဟုတ်ပါတယ်။ ပရမတ္ထတရား စစ်စစ်ဆိုတာ “သဘောသတ္တိကလေးမျှသာ”ဖြစ်ပါတယ်။ ဒီသဘော သတ္တိကလေးတွေကိုပဲ အချင်းချင်းပြောဆိုသိစေဖို့ သူတို့ကိုလည်း အမည်ပညတ်ကလေးတွေ တပ်ခေါ်ရပါတယ်။ ဥပမာ .. မာတဲ့သဘော၊ ပျော့တဲ့သဘောကို “ပထဝီဓာတ်”လို့ ခေါ်တာမျိုးပေါ့။ အဲဒီမှာ ပါးစပ်က ပြောတဲ့ “ပထဝီ”ဆိုတာက ပညတ်ပါ။ တကယ့် အရှိကို မှည့်ခေါ်တာဖြစ်လို့ “ဝိဇ္ဇမာနပညတ်”လို့ ခေါ်ပါတယ်။ တကယ့်အရှိကို မှည့်ခေါ်တဲ့ “ဝိဇ္ဇမာနပညတ်”ပဲ ဖြစ်ဖြစ်၊ မရှိတာကို အချင်းချင်းပြောဆိုသိသာဖို့ မှည့်ခေါ်ထားတဲ့ ”အဝိဇ္ဇမာနပညတ်”ပဲ ဖြစ်ဖြစ်၊ ပညတ်အာရုံကို ရှုမှတ်ရင် အာရမ္မဏူပနိဇ္ဈာန်ပဲ ဖြစ်လို့ ဒါန-သီလ၊ သမထ ကုသိုလ်မျိုးသာ ဖြစ်နိုင်ပါတယ်။ နှုတ်ပြော မဟုတ်တဲ့ “စိတ်သိ” သဘောလက္ခဏာ(သတ္တိ) ကလေး ကသာ ပရမတ်အစစ်ဖြစ်လို့ အဲဒီ“သဘောသတ္တိ”ကလေး သက်သက်ကိုသာ သတိနဲ့ ပေါ်အောင် ဖော်ပြီး ရှုကြည့်ရမယ်လို့ ဆိုလိုတာပါ။


“အတက္ကဝစရော ဂမ္ဘီရော”ဆိုတဲ့အတိုင်း စိတ်ကူးနဲ့တင် စဉ်းစားရုံနဲ့တော့ မသိနိုင်လောက်အောင် နက်နဲပါတယ်။ တကယ်တမ်း လက်တွေ့ကျင့်သုံး ကြည့်မယ်ဆိုရင်တော့ စိတ်ကူးနဲ့ ထင်နေသလောက် မခဲရင်းလှပါဘူး။ ကြိုးစားရင်သိသာ နိုင်တဲ့ တရားများဖြစ်ပါတယ်။


“ဘူတံ ဘူတတော ပဿတိ = စိတ်ကနေ သိနေတဲ့ သဘောလေးကို သိနေတဲ့အတိုင်းပဲ ရှု”ဆိုတဲ့အတိုင်း မိမိရဲ့ခန္ဓာကိုယ်မှာ သိသာနေတဲ့သဘော သတ္တိကလေးတွေကို သတိထားကြည့်ရင်တွေ့သိနိုင်ပါတယ်။ ဥပမာ “အာနာပါန” ခေါ်တဲ့ ထွက်လေ ဝင်လေကို ရှုနေရင်းက အထက်နှုတ်ခမ်းနဲ့ နှာသီး ဖျားတစ်ဝိုက်ကို သတိနဲ့ကပ်ပြီး ရှုကြည့်ပါ။ အောင့်သ လိုလိုလို့ ပြောရမလား၊ ပူသလိုလို၊ ထုံသလိုလိုလို့ပြောရမလား၊ ဘယ်လိုအမည်တပ်ရမှန်းတော့ မပြောတတ်ဘူး။ စိတ်ထဲ ကတော့ သိနေရတဲ့သဘောကလေးကို တွေ့နိုင်ပါတယ်။ အဲဒီလိုသိသာနေတဲ့ သဘောလေးဟာ သိစရာ အရှုခံအာရုံ ပါပဲ။ အဲဒီအာရုံပေါ်မှာ သတိနဲ့ စိတ်ကို ကပ်ပြီး ရှုကြည့်နေရင် တစ်ချိန်နဲ့ တစ်ချိန်မတူအောင် ပြောင်းလဲနေတဲ့ သဘော လေးကိုလဲ တွေ့သိနိုင်ပါလိမ့်မယ်။ အဲဒီလို တစ်ချိန်နဲ့တစ်ချိန် မတူအောင် ပြောင်းလဲဖြစ်ပျက်နေတဲ့သဘောလေးကိုပဲ “အနိစ္စ = မမြဲဘူး”လို့ ခေါ်တာပါပဲ။


အထူးသတိပြုရမှာကတော့ ဝိပဿနာအသိပညာဖြစ်ဖို့ဆိုတာ “နှုတ်ပြောကို ရှုရမှာ မဟုတ်ဘူး၊ စိတ်သိကို သာရှုမှတ်ရတယ်” ဆိုတာကို အလေး အနက်မှတ်ထားပါ။


ဘာကြောင့်လဲဆိုတော့ နှုတ်ပြောပညတ်တွေမှာ ဖြစ်ပျက်ပြောင်းလဲတတ်တဲ့ အနိစ္စလက္ခဏာမရှိဘူး၊ စိတ်သိ ဖြစ်တဲ့ သဘောသတ္တိကလေးတွေ (တကယ်သိနေရတဲ့ သိစရာကလေးတွေ) မှာသာ ပြောင်းလဲဖောက်ပြန်တတ်တဲ့ အနိစ္စလက္ခဏာ ထင်ရှားရှိ လို့ပါ။


“အနိစ္စ=မမြဲဘူး=ဖြစ်ပြီး ပျက်ပျက်သွားတယ်” ဆိုတာကို တကယ်ဥာဏ်နဲ့သိမြင်လာရင် ဒုက္ခလက္ခဏာကိုလဲ သိလာပါတယ်။ အဲဒီလို ပျက်ပျက် သွားခြင်းဆိုတဲ့ ဘေးမကင်းတဲ့သဘောကိုပဲ ဒုက္ခလို့ ဆိုရတာဖြစ်လို့ပါ။ ဒီလို ပျက်ပျက်သွားတာကို မပျက်ပါနဲ့လို့ ကိုယ့်စိတ်ထဲက ဘယ်လိုပဲ တောင့် တနေနေ၊ အမိန့်ပေးနေနေ၊ ကိုယ့်တောင်းတချက်၊ ကိုယ့်အမိန့်ကို မနာခံဘဲ သူ့သဘောအတိုင်းသာ ပုံမှန်ဖြစ်ပျက်နေလို့လဲပဲ “အနတ္တ = အလိုမလိုက်၊ ထင်သလို မဖြစ်”လို့ ဆိုရတာပါ။ တကယ်အားထုတ်ကြည့်ရင် သဘောပေါက်လာ ပါလိမ့်မယ်။ နှုတ်ပြောနဲ့ ကြံစည်မနေဘဲ စိတ်သိကနေ ဥာဏ် သိဖြစ်အောင် ကြိုးစားမှသာ သိနိုင်မယ်လို့သာ ပြောပါရစေ။


တရားဟော ပင့်လျှောက်တဲ့ ဒကာများက “ဝိပဿနာဆိုက်အောင်လဲ ဟောပေးပါ”ဆိုလို့ ဝိပဿနာဆိုက်အောင် သဘော ပေါက်သလောက်ပြော လိုက်ပါတယ်။ “တရားအားထုတ်တဲ့အခါ ဘယ်အဆင့်က သမထလဲ၊ ဘယ်အဆင့်သိမှ ဝိပဿနာလဲ ဆိုတာကိုလည်း နည်းနည်းသဘောပေါက်အောင် ခွဲခြားပြပါ”လို့လဲ လျှောက်ထားသေးတယ်။ အဲဒါကတော့ ခုနပြောခဲ့တဲ့အထဲမှာ နှုတ်ပြောအဆင့်ကိုသာ ရှုမှတ်နေရင် သမထအဆင့်၊ စိတ်သိဖြစ်တဲ့ သဘောသတ္တိကို ရှုပြီး အနိစ္စစတဲ့ လက္ခဏာကို သိမြင်လာမှ ဝိပဿနာလို့ အကြမ်းဖျင်း သဘောပေါက်ထားသင့်ပါတယ်။


ဥပမာ “ထွက်တယ် ..ဝင်တယ်၊ ဖြစ်တယ် ပျက်တယ်၊ ဖောင်းတယ် ပိန်တယ်”စတဲ့ နှုတ်ပြောအတိုင်း ရှုမှတ်နေလို့ ဒီအာရုံပေါ်မှာ စိတ်ကကျရောက် တည်ငြိမ်နေတယ်ဆိုရင် အဲဒါ သမထ အဆင့်ပါ။ ထွက်လေ ဝင်လေတို့ရဲ့ တိုးနေတဲ့သဘော၊ တွန်းနေတဲ့သဘော၊ လှုပ်နေတဲ့သဘောဆိုတဲ့ “သတ္တိ”လေးတွေကိုသာ ရှုမှတ်နေလို့ အဲဒီသဘောသတ္တိကလေးတွေက ငြိမ် မနေဘဲ အမြဲမပြတ်တရစပ်ဆိုရလောက်အောင် ဖြစ်ပျက်ပြောင်းလဲနေတဲ့ လက္ခဏာကို သိမြင်လာမှ ဝိပဿနာအဆင့်ရောက် တယ်လို့ ဆိုရပါလိမ့်မယ်။


“ရဟန်းဝါ ၂၀ ကျော်လောက်ကတည်းက ဝိပဿနာတရား အားထုတ်လာခဲ့တာ အခု အသက် ၇၀ ကျော် ဝါတော် ၅၀ ကျော်ပြီ”ဆိုတဲ့ ဝိပဿနာ ဆရာတော်ကြီးတစ်ပါးနဲ့ တွေ့ဆုံလျှောက်ထားခွင့်ကြုံခဲ့ရဖူးပါတယ်။ ဆရာတော်ကြီးက “တရား ဆိုတာ နှုတ်က ပြောရုံနဲ့တော့ တယ်သဘော မပေါက်လောက်ဘူး မောင်ပဉ္စင်းရ၊ တကယ်အားထုတ် ကြည့်မှ သဘောပေါက် တာ။ အဲ .. တရားအားထုတ်တယ်ဆိုလို့ ထိုင်နေရတာချည်း မထင်နဲ့၊ တရားအားထုတ်တယ်ဆိုတာ ကိုယ့်ခန္ဓာကိုယ်ကြီးကို အမြဲသတိထားနေရတာပဲ၊ သတိနဲ့အားထုတ်လို့ အသိရလာတာဟာ တရားပဲ ဆိုတာမှတ်ထား၊ တို့ဆရာသမားများ မိန့်ကြားခဲ့တဲ့အတိုင်း ပြောရရင်တော့ ” ဈာန်နဲ့ ရှုပြီး ဥာဏ်နဲ့မြင်တယ်”တဲ့၊ ဥာဏ်နဲ့ မြင်တယ်ဆိုတာ သိတာကို ပြောတာပေါ့။ အဲဒီစကား သဘောပေါက်ရဲ့လား”ဆိုပြီး ပြန်မေးတယ်။


“အမိန့်ရှိပါဦးဘုရား”ဆိုတော့မှ “ဈာန်ဆိုတာ မဂ္ဂင်ရှစ်ပါးထဲက ဈာန်မဂ္ဂင်သုံးပါးလို့ ဆိုရတဲ့ သမာဓိမဂ္ဂင်သုံးပါးပေါ့ကွဲ့။ အဲဒီမဂ္ဂင်သုံးပါးမှာလဲ အခရာ (အရေးကြီးတဲ့ ပဓာန)က သတိပဲ မဟုတ်လား။ အဲဒီသတိနဲ့ ရှုပြီးဥာဏ်နဲ့ မြင်တာကို ပြောတာကွဲ့။“သတိသမ္ပဇည“ဆိုတာ အတွဲလိုက်ရှိရမြဲ မဟုတ် လား။ သတိထားရင် အသိလိုက်လာတာပဲ။ အသိရပြီဆိုရင်လည်း သတိရှိနေလို့ပဲပေါ့ကွဲ့”လို့ ရှင်းပြတာကို မှတ်သားလိုက်ရဖူးပါတယ်။

အခုပြောခဲ့တာတွေဟာ အဲဒီဆရာတော်ဘုရားကြီးထံမှာ လျှောက်ထားမှတ်သားခဲ့ရတာများနဲ့ မိမိသဘောပေါက်သလောက်ကို ပြောပြ လိုက်တာ ဖြစ်လို့ ဆရာတော်ကြီးများရဲ့ “အာငွေ့”နဲ့ မှုတ်နေတာလို့လည်း ဆိုနိုင်ပါတယ်။ ဒီဟောပြော(ရေးသား)ချက်များနဲ့ပဲ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကိုလည်း ကန်တော့ ပူဇော်လိုက်ပါတယ်။ ။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


မေတ္တာများဖြင့်

Sunday, August 28, 2011

သက်သက်လွတ်စားခြင်းသည် မြတ်သလား..



သက်သက်လွတ်စားခြင်းသည် မြတ်သလား..

အစွန်းသုံးပါးမှ လွတ်ကင်းစင်ကြယ်သော သားငါးကို ရဟန်းတို့အား ဘုရားရှင်ခွင့်ပြုတော်မူ၏။ အရှင်ဒေ၀ဒတ်က ရဟန်းတော်များ အသက်ထက်ဆုံး သားငါးမစားဖို့တားမြတ်ဖို့ရာ လျှောက်ထားသောအခါ ခွင့်မပြုခဲ့၊ မြင်ခြင်း ကြားခြင်း ယုံမှားခြင်းအစွန်းသုံးပါးလွတ်ကင်းစင်ကြယ်သော သားငါးကို စားသောက်ဖို့ ငါဘုရားခွင့်ပြုထားကြောင်း မိန့်ကြားတော်မူ၏။ ထိုထိုပါဠိအရ ဘုရားရှင်ကိုယ်တော်တို့၏ သားငါးဘုဉ်းပေးတော်မူသည်ကို သိရပါ၏၊ အာမဂန္ဓသုတ်အရဆိုလျှင် "ထမင်း ဟင်း သား ငါးတို့ကို အာမဂန္ဓ = အညှီအဟောက်" ဟုဆိုသော အာမဂန္ဓရသေ့ကို သားငါးက အာမဂန္ဓမဟုတ်ကြောင်း ပါဏာတိပါတစသည် ကာမဂုဏ်မှီဝဲမှုစသည် ရသာရုံ၌ တွယ်တာမှုစသည် ဤတရားများသာ အညှီအဟောက် အာမဂန္ဓ ဖြစ်ကြောင်း မိန်းတော်မူခဲ့၏။
ဤသုတ္တန်အရ သားငါးစသည်က ရသေ့ရဟန်း တို့အား အန္တရာယ်ပြုသည်မဟုတ်၊ တကယ်အန္တရာယ်ပြုသည်က သူတို့ကြောက်သော သားငါးမဟုတ်၊ ရသာ တဏှာ လောဘ စသည်တို့ကသာ အန္တရာယ်ပြုတတ်၏။ ထိုအန္တရာယ်ပြုတတ်သော လောဘ တဏှာ စသည်မှာ သားငါးတို့ကိုသာ စွဲ၍ဖြစ်သည်မဟုတ်၊ သူတို့က နိရာမဂန္ဓ (အညှီအဟောက်မဟုတ်)ဟု ဆိုလျက်သုံးဆောင်နေသော သစ်သီး သစ်ဥ သစ်ဖုစသည်တို့ကိုလည်း အစွဲပြုဖြစ်သည်သာ၊ ပေါရိသာဒ လူသားစွဲသလို၊ သုဇာတသူကြွယ်၏သားကလေး ရသေ့တွေပေးသော သပြေသီးစားရပြီး ရသေ့တွေပြန်သွား၍ မရသောအခါ သေသွားရသည်အထိ မက်မောစွဲလမ်းမှုဖြစ်ရ၏။ (ဇာတက-ဋ္ဌ-၅-၅၃၁)
ဤသို့ဆိုလျှင် တဏှာဆိုသည်မှာ သားငါးစသည်တို့ကို အစွဲပြု၍သာ လွန်ကဲစွာဖြစ်သည်မဟုတ်၊ သစ်သီး သစ်ရွက် သစ်ဥစသော သက်သက်လွတ်ပစ္စည်းတို့ကို အစွဲပြု၍လည်း အလွန်အကဲ ဖြစ်ရသည်သာ။
ထို့ကြောင့် တကယ်ရှောင်ရမှာက သားငါးလော၊ သစ်သီး သစ်ရွက်စသည်လော၊ ရသာတဏှာစသည်လော ဤအချက်ကို လေးနက်စွာ စဉ်းစားသင့်ပါ၏။
ဗုဒ္ဓ၀ါဒမှာ သားငါးရှောက်ကြဉ်ဖို့မဟုတ်၊ ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ကိုရှောင်ဖို့ ဖျက်ဖို့သာဖြစ်၏၊ သားငါးဟင်းကို ရှောင်ဖို့မဟုတ်၊ တိကောဋိပရိသုဒ္ဓ (အစွန်းသုံးပါး လွတ်ကင်းစင်ကြယ်မှု) ဖြစ်လျှင် အန၀ဇ္ဇ (အပြစ်မရှိ) ဖြစ်သည်ဟူသော ဘုရားအလိုတော် အရလည်းကောင်း၊ ရှုမှတ်ပွားများခြင်းဖြင့် ဆန္ဒရာဂဖျက်ဖို့ လိုလားသော ဘုရားအလိုတော်အရလည်း ကောင်း စားသင့်သော အာဟာရသာ ဖြစ်ပေသည်။
ဤနေရာ၌ ဗုဒ္ဓ၀ါဒကိုအတန်ငယ် ပြဆိုသင့်ပါ၏။ တိုင်းတစ်ပါးသွားမည့် ရဟန်းတော်တို့ကိုနည်းပေးတော်မူသော အရှင်သာရိပုတြာက ပစ္ဆာဘူမက သွားမည့်ရဟန်းတော်တို့အား တိုင်းတစ်ပါးရောက်သောအခါ မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်းပညာရှိတို့က "ကိံဝါဒီပနာယသ္မန္တာနံ သတ္ထာ ကိမက္ခာယီ= အရှင်ဘုရားတို့၏ ဆရာဘုရားသည် ဘယ်သို့သောဝါဒ ရှိပါသနည်း" (သံ-၂-၆) ဟု မေးလျှင် "ဆန္ဒရာဂ၀ိနယက္ခာ ခေါ နော အာဝုသော သတ္ထာ = ငါ့အရှင်တို့ စင်စစ်ငါတို့ ဆရာဘုရားသည် ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ပယ်ရှားခြင်းကို ဟောတော်မူသည်ဟု ဖြေဖို့ နည်းပေးတော်မူခဲ့၏။
တစ်ခါ ဆန္ဒရာဂပယ်ရသည်ဆိုလျှင် "ဘယ်မှာဖြစ်သည့် ဆန္ဒရာဂကို ပယ်ရမည်နည်း"ဟုမေးလိမ့်ဦးမည်၊ ထိုအခါ "ရုပ်၌ဖြစ်သော ဆန္ဒရာဂကို ပယ်ဖို့ရာ ဟောတော်မူကြောင်း" ဖြေဖို့ နည်းပေးခဲ့ပြန်သည်။
ရုပ်၌ဖြစ်သော ဆန္ဒရာဂပယ်ရမည်ဆိုတော့ ကဗဠီကာရအာဟာရရုပ်၌ဖြစ်သော ဆန္ဒရာဂကိုလည်း ပယ်ရမည်သာ၊
" ကဗဠီကာရေ ဘိက္ခဝေ အာဟာရေပဋိညာတေ ပဉ္စကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ = ကဗဠီကာရ အာဟာရကို ပိုင်းခြားသိအပ်တော့သည်။" (သံ-၁-၃၂၃) အရ သား၊ ငါး၊ အာဟာရ ကဗဠီကာရ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ။
သစ်သီး သစ်ရွက် သစ်ဥစသည် ကဗဠီကာရ အာဟာရသြဇာ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ၊ သို့ဖြစ်လျှင် ရှုမှတ်ခြင်းဖြင့် သားငါး၌ ပရိညာတရား ဖော်နိုင်မှ အစာစားတတ်သူဖြစ်၍ အမြတ်ရသလို သစ်သီးစသော အာဟာရတို့၌ လည်း ထိုသို့ပင် ရှုမှတ်ပွားများ ပရိညာတရားပေါ်အောင် ပြုလုပ်တတ်က စားတတ်သူ အမြတ်ရသူဖြစ်၍ ပရိညာမတင်၊ အဆင်ခြင်မရှိ စားရုံမျှ မထင်၊ ဘယ်အမြင်မျှမတက် သက်သက်စားရရုံမျှ စားရသူတစ်ယောက်ပါပေတည်း။
အမှန်တရား လွန်ထွန်းကား အများချမ်းသာစေ။
အမှားကိုကား လူအများ ပယ်ရှားနိုင်ပါစေ။
ရွှေတောင်ကုန်းဆရာတော်ကြီး မေးလျှောက်၍ သပြေကန်ဆရာတော်ကြီး ဖြေဆိုသည်။
Posted by Thu Thu Aung

Saturday, August 27, 2011

သူတို့တွေနဲ့ မတူချင်



သူတို့တွေနဲ့ မတူချင်

ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ ၊ သင်္ဘောပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သဘောင်္ပျက်လို့ ဖောင်တစ်ခုပေါ်ရောက်နေတဲ့ လူတစ်စုအကြောင်းကိုလည်း အမှတ်ရပါရဲ့ ။ မသေမပျောက်ဘဲ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား .. ။

ဖောင်ပေါ်မှာက လူခုနှစ်ဦး .. ။ အဲဒီခုနှစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ ဖောင်ပေါ်ရောက်နေတယ်လို့ မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲအဆိုးမြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။ လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်။ ဒီတော့ .. ကောင်းမြတ်ပါပေတယ် ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့ သူကမြင်တယ်။ အခုလည်း သင်္ဘောပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာမဟုတ်ဘူး။ ဒုက္ခများများ လူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့ သူမြင်တယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီဖြစ်တယ်။ သူ့ရဲ့ လက်သုံးစကားကတော့ ဒီကနေ့မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက်ဆိုတာပဲတဲ့။ အခုလို ဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက်သာသာလေး နေလို့ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက် သက်သက်သာသာ နေလို့ရအောင် ၊ သူများတွေထက် နေရာကျယ်ကျယ်ရအောင် ၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။

ဖောင်ပေါ်မှာ နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုပ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့ ပြောနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား ၊ လှိုင်းလေတွေရဲ့ အတိုးအဆုတ် ၊ ဖောင်ပေါ်က လူတွေရဲ့ အပြုအမူ ၊ အစာငတ် ရေငတ်ဖြစ်နေကြပုံ ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ .. ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုး ဆောင်ရွက်တာကောင်းတယ်လို့ ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့ .. ။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီး ခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး။ သူယုံကြည်တာက ပင်လယ်ထဲခုန်ချပြီး ဘ၀ကို မြန်မြန်အဆုံးစီရင်ပစ်လိုက်တော့မယ် .. ဆိုတဲ့စိတ်ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့ ယုံကြည်နေတာတဲ့ .. ။

ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေးဖြစ်တယ်။ ဖောင်ရဲ့ မခိုင်ခံ့တော့တဲ့အဖြစ် ၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့် အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်း မသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ် ၊ ပင်လယ်ရေထဲကျမယ် ၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး။ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့်မှုလည်း မရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ ၊ အခြေအနေတွေဟာ ဖန်တီးတဲ့အတိုင်း ဖြစ်မှာပဲ။

ဖောင်ပေါ်က လူခုနှစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနှစ်မျိုးကို ရည်ညွှန်းထားတာ ၊ လောကနဲ့ ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့မှာ ကောင်းတာ ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။ လောနဲ့ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်း ရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓာတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့လည်း လိုလိမ့်မယ် .. ။ ပြီးတော့ လူ့လောကမှာ အတ္တဗဟိုပြုသမားတွေလည်း ရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ ၊ ငါတေမာရင်ပြီးရော .. ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေ ရောက်ရောက် ၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်။ ဒီသဘောထားနဲ့ ကိုယ့်အကျိုး ကိုယ့်စီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။

ပရသမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ်လို့မြင်တယ်။ ဒါပေမယ့် ပရသမား အရေအတွက်ဟာ လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။

ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ ၊ ဘာကိုမှ အလေးအနက်မထားသူ .. ဖြစ်သလို ကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ် ၊ ပျက်ချိန်တန်ပျက် ၊ သူ့သဘော သူဆောင်သွားလိမ့်မယ်လို့ သဘောထားသူတွေလည်း ရှိမယ်။ အများကြီးရှိနေလိမ့်မယ်လို့ .. တွေးရင်း .. ဖောင်ပေါ်က လူအမျိုးအစား ခုနှစ်မျိုးထဲမှာ ငါ .. ဘယ်အမျိုးအစားမှာ ပါသလဲ .. လို့တွေးတယ်။ ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့ စိတ်ထဲမှာ ပြောလည်းပြောလိုက်ရော .. ကျောက်ဆောင်ကို ရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်။ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့အသံဟာ တဟားဟားရယ်မောသွားသလိုပဲ … ။

နန္ဒာသိန်းဇံ ( အင်တာဗျူး ဂျာနယ် ၊ အမှတ်-၁၂၁ ၊ ၀၃-၀၄-၂၀၀၂ )


Friday, August 26, 2011

သာသနာငါးထောင်




သာသနာငါးထောင်


ဆရာတော်ဘုရား
သာသနာငါးထောင်ပဲ တည်မယ်လို့ မြတ်စွာဘုရား ဗျာဒိတ်ပေးတော်မူခဲ့ပါသလား။ သာသနာ ၂၅၀၀ ကျော်လျှင် သိကြားမင်း၏ သာသနာဆိုတာ ဟုတ်ပါသလား။ မြတ်စွာဘုရားက သိကြားမင်းကို သာသနာ ၂၅၀၀ နောက်ပိုင်း စောင့်ရှောက်ပါ့လို့ မှာတော်မူခဲ့ပါသလားဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးပါရန် တောင်းပန်အပ်ပါသည်။
မောင်ကြည်မိုး
လာရှိုး
ဤပြဿနာမှာ ထေရ၀ါဒဗုဒ္ဓသာသနာတွင် ထပ်ခါတလဲလဲ ပေါ်ပေါက်နေကျ ပြဿနာပင်ဖြစ်လေသည်။ ကုန်းဘောင်ခေတ် ၀ိနိစ္ဆယစာပေတို့တွင် မကြာမကြာ ဖြေရှင်းရေးသားကြသည်ကို တွေ့ရပေသည်။ မြန်မာသက္ကရာဇ် ၁၂၃၁ ခုနှစ်၊ နယုန်လဆန်း ၁၅ ရက်နေ့စွဲဖြင့် ဖြေဆိုထားသော လုံးတော်ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက၀ိသဇ္ဇနာကျမ်းတွင်လည် အကျယ်တ၀င့်ဖြေဆိုထားသည်ကို ဖတ်ရ၏။ လုံးတော်ဆရာတော်ဘုရားကြီးက ” သာသနာတော်ငါးထောင်ဟူ၍ ဘုရားဟောပါဠိပိဋကတ်တော်အရ သုတ္တန်ပိဋကတ်တော်ကျမ်းတို့တွင် မလာမရှိရကား သာသနာတော်ငါးထောင်ပါဠိကို ပိဋကတ်တော်မှာ မရှာသင့်။ သဖန်းပွင့်ကို ရှာသကဲ့သို့ တွေ့မြင်ရာသော သဘောပင်မဟုတ်။ ယင်းသို့ဖြစ်လျက် အနက်သဘာဝ ဒေသနာတော်၏ အရအကျကို မထောက်ဆ မဆင်ခြင်၊ မမြော်မြင်မစဉ်းစားနိုင်ကြသဖြင့် ပညာနုလှသော ဗာလသောတုဇန အပ္ပညာဏတ ပုဂ္ဂိုလ်ငယ်များက မစဉ်းစားမဆင်ခြင်သဖြင့် မြင်မြင်ဝါးဝါး ၁၈ ပါးသော ဘေဒကကရကိုမျှ မထောက် မကြောက်မလန့် ၀ံ့ဝံ့စားစား ဘုရားဟောကျမ်းဂန် ဝေးလေပြန်သော် သဘောယုတ္တိ ရှိမရှိ မှန်မမှန် ဥာဏ်နည်းသူဖြစ်၍လည်း မမြင်၊ အမုန်ယစ်သော တောဆင်ကို ချွန်းမတင်ဘဲ လွှတ်သကဲ့သို့ ကယောက်ချောက်ချား မာန်ထောင်လွှားလျက် ငါးထောင်သာသနာ အမိန့်တော်ဒေသနာသည်မှာရှိ၏ ဟု ဆိုမိဆိုရာ ဆိုရှာကြပေသည်” စသည်ဖြင့် အကျယ်ဆုံးဖြတ်တော်မူခဲ့လေသည်။
ထိုမှတစ်ပါး အမရပူရမြို့ မဟာသကျသီဟတိုက်နေ ဦးဝဏ္ဏာစာရ အမည်ရှိသောပုဂ္ဂိုလ်က သာသနာငါးထောင်ရှိကြောင်း၊ နေတ္တိကျမ်း သာသနာဟာရခန်း၌ ဘုရားဟောတော်မူကြောင်း ဖော်ပြဟောကြားခဲ့သည်ဟု ဆိုသောစကားအရလည်း ဆရာတော်ကြီးများက ချေဖျက်ဆုံးဖြတ်တော်မူကြသည်။
ထိုစကားနှင့်စပ်၍ ဂုဏ၀ါဘိလင်္ကာရ သဒ္ဓမ္မဓဇ မဟာဓမ္မ ဓဇရာဇဂုရုဘွဲ့တံဆိပ်တော်ရ ပရိယတ္တိဆေက ပိဋကတ္တယကောဝိဒ နိကာယန္တရ ၀ိနယဓရ လဇ္ဇပေသလ ကုက္ကုစ္စက သိက္ခာကာမ ပုရိသ ဝေပုလ္လ သတိမန္တဗျတ္တိ ပဋိဗလ မင်းတုန်းမင်းဆရာတော်ဖြစ်တော်မူသည့် လုံးတော်ဆရာတော်ဘုရားကြီးက သာသနာငါးထောင်ဟူ၍ ဘုရားဟောပါဠိ ပိဋကတ်တော်မှာ မလာမရှိ၊ ဦးဝဏ္ဏာစာရ ကိုးကား ထောက်ထားသော နေတ္တိကျမ်းလည်း ဘုရားဟောမဟုတ်၊ နေတ္တိကျမ်း၌ အနုဇာနာမိ ဘိက္ခဝေဟူသော ဤပါဠိသည် မရှိသင့်ဟူ၍ အကျဉ်းသင်္ခေပအားဖြင့် မိန့်တော်မူသည်။ ( မှတ်ချက်။ ဆဠသံဂါယနာ မူနေတ္တိကျမ်းတွင်လည်း ထိုပါဠိမပါရှိပေ။)
သာသနာငါးထောင်စကား အစဖြစ်ပေါ်လာပုံမှာ ၀ိနည်း စူဠ၀ါပါဠိတော် ဘိက္ခုနီခန္ဓကတွင် ” သစေ အာနန္ဒ နာလဘိဿ” စသည်ဖြင့် မိထွေးတော်ဂေါတမီ ဘိက္ခုနီအဖြစ် တောင်းပန်ရာတွင် ဝေသာလီပြည်၌ အရှင်အာနန္ဒာက ကူညီတောင်းပန်ရာ၌ မြတ်စွာဘုရားက ဘိက္ခုနီမအဖြစ် ပယ်မြစ်သော စကားတော်အရပင်ဖြစ်ပေသည်။
မိထွေးတော်ဂေါတမီက ”သာဓုဘန္တေ လဗ္ဘေယျ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇံ” ဟု မြတ်စွာဘုရားသာသနာတော်၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်ခွင့်ပြုတော်မူပါဟု လျှောက်ထားတောင်းပန်လျှင် မြတ်စွာဘုရားသည် ” ဂေါတမီ သင်သည် မာတုဂါမအား ငါ ဘုရား အဆုံးအမတော် တည်းဟူသော ဓမ္မ၀ိနယသာသနာတော်၌ ရဟန်းအဖြစ်ကို မနှစ်သက်လင့်ဟု” ” အလံ ဂေါတမီ၊ မာတေရုစိ မာတုဂါမော မထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ” စသည်ဖြင့် ပယ်တော်မူသည်။ သို့သော် အရှင်အာနန္ဒာက သုံးကြိမ်တိုင်တိုင် ကူညီတောင်းပန်ပြီးနောက် အရှင်အာနန္ဒာသည် မူတစ်မျိုးပြောင်း၍ ” မြတ်စွာဘုရား မာတုဂါမသည် ဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယ သာသနာတော်၌ ရဟန်းအဖြစ်ကိုရသဖြင့် သောတပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ထိုက်ပါ၏လော” ဟု မေးလျှောက်လေလျှင် ” အာနန္ဒာ မျက်မှောက်ပြုခြင်းငှာ ထိုက်၏” ဟု မိန့်တော်မူသဖြင့် မြတ်စွာဘုရား ဤသို့ ထိုက်ပါလျှင် မိထွေးတော်ဖြစ်သော မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား အလွန်ကျေးဇူးများပါ၏။ မယ်တော်ကွယ်လွန်သဖြင့် မိထွေးတော်သည်ပင် ကိုယ်တော်ကို နို့ရည်တိုက်ကျွေးမွေး ပြုစုစောင့်ရှောက်ရ၏။ ထို့ကြောင့် မာတုဂါမသည် ဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယ သာသနာတော်၌ ရဟန်းအဖြစ်ကို ရပါမည့်အကြောင်း ထပ်လောင်းတောင်းပန်ရာတွင် ” ဂရုဓမ်ရှစ်ပါး တရားကို မဟာပဇာပတိဂေါတမီသည် အကယ်၍ အသက်ထက်ဆုံး ၀န်ခံကာ ကျင့်ကြံနိုင်လျှင် မဟာပဇာပတိ ဂေါတမီသည် ရဟန်းဖြစ်စေလော့” ဟု မိန့်တော်မူလေသည်။
ထို့နောက် ” သစေ အာနန္ဒ နာလဘိဿ မာတုဂါမော တထာ ဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇံ” စသည်ဖြင့် ” အာနန္ဒာ အကြင်အမျိုး၌ မိန်းမများသဖြင့် ယောကျားတို့သည် နည်းကုန်၏။ ထိုအမျိုး၌ အိုးဖြင့် မီးတောက်ကိုထည့်၍ ပစ္စည်းဥစ္စာကို ရှာဖွေ ခိုးယူကုန်သော သူခိုးတို့သည် နှိပ်စပ်ဖျက်ဆီးနိုင်ရာသကဲ့သို့လည်းကောင်း၊ သလေးခင်း၊ ကြံခင်းတို့၌ ပိုးတို့သည် ကိုက်ခြင်းကြောင့် သေတဠိက မဉ္စီဠိကမည်သော အနာတို့ နှိပ်စက်လတ်သော် ရှည်မြင့်စွာ မသုံးဆောင် မခံစားရ၊ တစ်ခဏချင်း ယိုယွင်းပျက်စီးလေသကဲ့သို့လည်းကောင်း၊ ထို့အတူ မာတုဂါမသည် ငါဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယသာသနာတော်သည် အနှစ်ငါးရာသာ တည်လတ္တံ့။
အာနန္ဒာ၊ အကြင်လယ်လုပ် ယောက်ျားသည် ကြီးစွာသော တစ်ဖက်ဆည်ကန်၌ ကန်သင်းလယ်ပေါင်တို့ကို မဖို့မဆည်ခဲ့သော် ရေတို့သည် တစ်ပေါက်တစ်စက်မျှ မကျန်မကြွင်း စီးဆင်းယိုထွက်လေရာ၏။ ရေမလွန်မီ ရှေးအဖို့ကာလက ကြီးစွာသော ကန်းသင်း ကန်ပေါင်ကို ဆည်ဖို့ တက်သက်ဖွဲ့ယှက် ခိုက်လုံစုံ ရှိခဲမူကား ရေတို့သည် မဆင်းမသက် မထွက်မယို အလိုရှိတိုင်းသာ ရှည်ကြာကာလ သုံးဆောင်ရသကဲ့သို့ ထို့အတူ အာနန္ဒာ ငါဘုရားသည် မဆွကပင် ထိုဘိက္ခုနီမတို့အား ဂရုဓမ္မတရားရှစ်ပါးကို အသက်ထက်ဆုံး စောင့်ရှောက်စေခြင်းငှာ ပညတ်တော်မူရကား ငါဘုရား၏ ပညတ်တော်တည်းဟူသော ဓမ္မ၀ိနယ ဗြဟ္မစရိယသဒ္ဓမ္မာသည် အနှစ်တစ်ထောင်တည်ပြန့်လတ္တံ့ ဟု ” သေယျထာပိ အာနန္ဒ ပုရိသော မဟာတဠာကဿ ပဋိကစ္စ၀ အာဠိံဗန္ဓေယျ ယာဝ ဥဒကဿ အနတိက္ကမာယ” စသည် ဟောကြားတော်မူလေသည်။
ထိုစကားတော်လာ အနှစ်တစ်ထောင်ဟူသည်ကို အဠကထာ ဆရာတော်များက ပဋိသမ္ဘိဒါ ပဘေဒပတ္တ ရဟန္တာခေတ်( အကောင်းဆုံး ရဟန္တမြတ်များရှိသောခေတ်) ဖြစ်ကြောင်း မိန့်ဆိုထားပေသည်။ ) ခုဒ္ဒက နိကာယ် ၀ိနည်းစူဠ၀ါ ဘိက္ခုနီခန္ဓက) ၊ ထို့ထက်အလွန် သုက္ခ ၀ိပဿက ရဟန္တာခေတ်တစ်ထောင်၊ အနာဂါမ်ခေတ်တစ်ထောင်၊ သကဒါဂါမ်ခေတ်တစ်ထောင်၊ သောတာပန်ခေတ်တစ်ထောင်အားဖြင့် သာသနာငါးထောင်တည်လတ္တံ့ဟု
” ၀ဿသဟဿမ္ပိစေတံ ပဋိသမ္ဘိဒါပဘေဒပတ္တ ခီဏာသ၀ ၀သေန ၀ုတ္တံ၊ တတော ပန ဥတ္တရိ သုက္ခ၀ိပဿက ခီဏာသ၀ သသေန”
ဒီဃနိကာယ် သုတ်ပါထေယျ သမ္ပသာဒနီယသုတ် အဠကထာ၊ သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ် အဠကထာဆရာတို့ အလိုအားဖြင့် ရှေးဦးစွာ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်တစ်ထောင်၊ ဆဠာ ဘိညရဟန္တာခေတ်တစ်ထောင်၊ တေ၀ိဇ္ဇာရဟန္တာခေတ်တစ်ထောင်၊ သုက္ခ၀ိပဿကရဟန္တာ ခေတ်တစ် ထောင်၊ ပါတိမောက္ခသံဝရခေတ် တစ်ထောင်အားဖြင့် သာသနာတော် ငါးထောင်တည်လတ္တံဟု ” ပဋိ သမ္ဘိဒါပတ္တေဟိ ၀ဿသဟဿံ ဆဠဘိညေဟိ ၀ဿသဟဿံ” စသည်ဖြင့် ဖွင့်ဆိုတော်မူကြသည်။( ဒီဠ ၃၊ ၈၃၊ သဠ ၁၊ ၃၅)
အင်္ဂုတ္တရနိကာယ် အဠကထာ၊ ခုဒ္ဒနိကာယ်(၀ိနည်း) သမ္မော ဟ၀ိနောဒနီအဠကထာ ဆရာတို့၏ အလိုအားဖြင့် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော် မူသည့်နောက် ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်တစ်ထောင်၊ ဆဠာဘိညရဟန္တာခေတ် တစ်ထောင်၊ တေ၀ိဇ္ဇာရဟန္တာခေတ်တစ်ထောင်၊ သုက္ခ၀ိပဿက ရဟန္တာခေတ်တစ်ထောင်၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတပန်ခေတ်တစ်ထောင်အားဖြင့် သာသနာငါးတောင် ပြဆိုတော်မူခဲ့ကြသည်။
အကောင်းဆုံး အမြတ်ဆုံး ရဟန္တာခေတ်မှ တစ်ဆင့်စီ တစ်ဆင့်စီ တစ်ထောင်စီသတ်မှတ်၍ လျော့ကျသွားပုံကို ပြရာပြပုံချင်း မတူညီသော်လည်း အားလုံးယုတ္တိတန်သော အဆိုအမိန့်များချည်းပင် ဖြစ်သည်။ ထိုအဆိုများအရ ယခုလက်ရှိအချိနှ်မှာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်၊ ဆဠာဘိညခေတ်တို့ ပြီးဆုံး၍ တေ၀ိဇ္ဇာခေါ် ၀ိဇ္ဇာသူံးပါး( ပုဗ္ဗေနိဝါသဥာဏ်၊ ဒီဗ္ဗစက္ခုဥာဏ်နှင့် အာသ၀က္ခယဥာဏ်) ရဟန္တာများရှိနိုင်သေးကြောင်းကို သိမှတ်၍ အကောင်းဆုံးအခြေအနေသို့ ရောက်အောင် ကျင့်သုံးနိုင်ရန် အရေးကြီးလှပေသည်။
သာသနာငါးထောင်ဟူသော စကားရှိလျှင် ထို၏ထက်ဝက် သာသနာ ၂၅၀၀ လည်း မုချရှိရပေတော့သည်။ ထို့ကြောင့်ပင် သာသနာ ၂၅၀၀ ပြည့်ဖြစ်သော မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်က မြန်မာနိုင်ငံတွင် သာသနာ ၂၅၀၀ ပွဲကြီးကို ဆင်နွဲခဲ့ကြည်မဟုတ်ပါလော၊ ထို့အချိန်ကလည်း သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်၊ သာသနာ ၂၅၀၀ သိကြားသာသနာဟူသော စကားများ ခေတ်စားလာခဲ့ပြီး ပညာရှင်များကလည်း ဆောင်းပါးအသီးသီးတို့ဖြင့် တင်ပြခဲ့ကြကာ သိကြားသာသနာဟူ၍ မရှိကြောင်း ရှင်းလင်းခဲ့ကြပါသည်။
မြတ်စွာဘုရားက သိကြားမင်းအား သာသနာကို အပ်နှင်းခဲ့သော စကားတော်သည်လည်း ပိဋကတ်တော်တွင်မရှိ။ သာသနာ ၂၃၆ တွင် သီဟိုဠ်ကျွန်း ကမ္ဗပါဏသို့ အရှင်မဟိန္ဒ သာသနာပြုကြွရာတွင် အဖော်အဖြစ် ကူညီရန်မျှသာ အရိပ်အမြွက် စကားရှိပေသည်။ ထို့ကြောင့် သာသနာတစ်ဝက် ၂၅၀၀ သည် သိကြားသာသနာဖြစ်သည်ဟူသော စကားတို့ကို မမှတ်သားသင့်ဟု ပြောလိုပါသည်။
ရဝေနွယ်(အင်းမ)
မြတ်သတီဝါဒီ မဂ္ဂဇင်း
ဇူလိုင်လ၊ ၂၀၀၁ ခုနှစ်။

Thursday, August 25, 2011

ပုထုဇဉ်၏ သဒ္ဓါတရား


ပုထုဇဉ်၏ သဒ္ဓါတရား

ဤအိမ်သို့ ဆွမ်းခံကြွလာခဲ့သည်မှာ တယ်ဆယ့်နှစ်နှစ်ပင် ရှိခဲ့ပေပြီ၊အနေကြာ အသိကြာလာခဲ့ပြီမို့ မိသား စုဝင်လိုပင် ဖြစ်နေရကားအားလုံးက ဦးထိပ်မှာတင်ထားပြီး မိဘအရာ သံဃာ့အရာထားကာ ပြုစုလုပ်ကျွေး ကိုးကွယ်လာခဲ့သည်မှာ ယနေ့ထိပင် ဖြစ်၏။

သို့သော် ယနေ့ ကြုံတွေ့လိုက်ရသော အဖြစ်ဆိုးသည် ရဟန်းတော်အတွက် တစ်သက်တာထိတ်လန့်ဖွယ် သံဝေဂရဖွယ် သင်္ခန်းစာ ဖြစ်သွားတော့၏၊ ထို့ကြောင့်လည်း နှုတ်မှပင် မြွက်၍ အဓိဋ္ဌာန်ဆောက်တည်လိုက် လေ၏၊ ရဟန်းတော် အဓိဋ္ဌာန်လိုက်သော အဓိဋ္ဌာန်ချက်မှာ..
ရဟန်းတစ်ပါးအတွက် အနည်းငယ် အနည်းငယ်သော ဆွမ်းသည် (သဒ္ဓါတရားရှိသော )အိမ်တိုင်း အိမ်တိုင်း ၌ ကျက်ပြီးသား ချက်ပြီးသား ဖြစ်၏၊ ငါ၏ သလုံးမြင်းခေါင်း ခြေနှစ် ချောင်းသည် သွားနိုင်သော စွမ်းအားရှိ သမျှ အိမ်အမိုးအောက်သို့ မ၀င် အပြင်မှပင် ရပ်ကာ ဆွမ်းခံ၍သာ ဘုဉ်းပေးတော့မည် … ဟူ၍ပင် ဖြစ်၏။
ပုထုဇဉ်၏ သဒ္ဓါတရားသည် ခိုင်မြဲသော အစလ သဒ္ဓါတရား မဟုတ်ချေ၊ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားတတ်ပါ၏၊ အမြင် မကြည်လင်တော့သောအခါ ယုံ၍ ကြည်နေသော သဒ္ဓါတရားသည်လည်း မကြည်လင်နိုင်တော့ပဲ ရေခိုး ရေငွေ့ပမာ ပျက်ပျယ် ပျောက်ကွယ်၍ သွားတော့၏။ယင်းသို့ ပျောက်ကွယ် သွား ပုံကို “ တစ်ချိန်က သာဝတ္ထိပြည်၌ ဖြစ်ပျက်ခဲ့သော အရှင်တိဿ၏ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်လေးက ” သက်သေအဖြစ် ယနေ့တိုင်အောင် ရှိနေပေ၏၊
(မှတ်တမ်း မတင်နိုင်သော ဖြစ်ရပ်မှန်များကား မည်မျှလောက် များပြားမည်ကို မသိနိုင်ပါချေ၊“ မရှိ ခိုးနိုးနိုး ” စကားလက်ကိုင်ထား၍ အပြစ်မဲ့သော အိမ်ဖေါ်လေးများ မည်မျှလောက်ညှဉ်းဆဲခံရသည် မည်မျှလောက် အသက် ဆုံးရှုံးသွားကြသည်ကို မည်သူတွေ သိနိုင် ပါမည်နည်း)။

အရှင်တိဿမထေရ်မြတ်သည်ပုံမှန်အတိုင်း ကျောက်သွေးသမားအိမ်သို့ဆွမ်းခံကြွ၍ ခင်းထားသောနေရာ- ၌ဣနြေ္ဒရစွာထိုင်နေ၏၊ကျောက်သွေးသမားသည်အသားစိမ်းကိုကိုင်နေချိန်ဖြစ်၏၊ ထိုအခိုက် ကောသလဘု ရင်မင်းမြတ်မှ ပတ္တမြားကို အချောကိုင်၍ အတွင်း၌ ရောင်စုံကြိုးလေးများထည့်ရန် နန်းတွင်းမှ လူ ယုံတော် တစ်ဦးကိုသူ့ထံသို့ စေလွှတ်လိုက်၏၊ ကျောက်သွေးသမားသည် သွေးပေနေသောလက်ဖြင့် ပတ္တမြားကို လက်ခံယူလိုက်ပြီး ပခြုပ်ပေါ်တင်ထားခဲ့၍ လက်ဆေးရန် အတွင်းလက်ဆေးအိုးရှိရာသို့ ၀င်သွား လေ၏။
ကြိုးကြာငှက်သည် သားစိမ်းအနံ့ခံရင်းမှ သွေးလူးနေသော ပတ္တမြားကို အသားတုံးမှတ်၍ ရဟန်းတော် ၏ ရှေ့မှာပင် နှုတ်သီးဖြင့် ဒေါက်ခနဲကောက်၍ မြိုချလိုက်လေတော့၏၊ အဖြစ်အပျက်သည် မြန်ဆန်လွန်း၍ ရဟန်းတော်သည်လည်း တားချိန်ပင် မရလိုက်တော့။

ကျောက်သွေးသမားသည် လက်ဆေးပြီး ပြန်ထွက်လာသောအခါ မိမိထားသော နေရာ၌ပတ္တမြားကို မမြင် ရတော့၊ ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏၊ ထို့ကြောင့် ဇနီးကို မေးကြည့်၏မယူ၊ သားသမီးများကို မေး ကြည့်ပြန် ၏ သူတို့ကလည် မယူပါတဲ့။ ဒါဆို ရဟန်းပဲဖြစ်ရမယ်၊ဇနီးက ရဟန်းတော်ယူတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ် လို့လဲဆိုတော့ ကျမတို့အိမ် ဆွမ်းခံကြွလာတာ ဆယ့်နှစ်နှစ်ရှိပြီ၊ အပြစ်အနာအဆာဆိုလို့ မှဲ့တစ် ပြောက် စာတောင် မတွေ့ဘူးဘူးလေ၊ ရဟန်းတော်ရဲ့ အတိတ်သမိုင်းကြောင်းဟာ သန့်တယ် ဖြူတယ် ရိုးသား တယ်၊ ရဟန်းမပီသတဲ့အပြောအဆို အနေအထိုင် ယနေ့ထိ ဘာတစ်ခုမှ မမြင် မကြားရသေးဘူး၊ စင်း လုံး ချော ဖြူစင်သန့်ရှင်းသော ရဟန်းတော်ဖြစ်တယ်။ ဒါကြောင့် တစ်ခြား အကြောင်း တစ်ခုခုပဲ ရှာဖွေ ရ မယ်၊ ရဟန်းတော်ကိုတော့ လုံးဝ မစွပ်စွဲပါနဲ့….....။ သို့သော် ဘုရင့်ပတ္တမြားပျောက်၍ ကြောက်စိတ်နှင့် အတူ ဒေါသထွက်နေ သော ကျောက်သွေးသမားသည်ကား….၊
ဘာပြောတယ်. ကိုယ်တော် မယူဘူး ဟုတ်လား၊ ကိုယ်တော်မယူ ဘယ်သူယူမလဲ၊ပြောစမ်း ပါအုံး၊ ဒီအိမ်မှာ ငါရယ် ဇနီးရယ် သားရယ် ဒါပဲရှိတယ်၊ သူတို့ကတော့ သေချာပေါက် မယူဘူး၊ အဖြေက ရှင်းရှင်းလေးပဲ သူတို့ မယူရင် တစိမ်းဆို ကိုယ်တော်ပဲ ရှိတယ်၊ ကိုယ်တော်မယူ တစ်ခြားဘယ်သူ ယူမလဲ ပြောစမ်းပါအုံး၊ မှန်မှန်ပြောနော်၊ကိုယ်တော်ကို သနားလို့ ပါးစပ်နဲ့ စစ်မေးနေတာ၊ ကြာရင် လက်ပါ ပါလာမယ်၊ ကြားရဲ့လား ပြောနေတာ..။

( ယခင်က အရှင်ဘုရားဟုလည်းကောင်း တပည့်တော်ဟုလည်ကောင်း သုံးနေသော နှုတ်ခမ်းလွှာသည် ယခုတော့ ကိုယ်တော်ဟူသော အသုံး၊ ငါဟူသော အနှုံးတို့ကို တွင်တွင်ကြီးသုံးလျှက် ယခင်က လက်အုပ် ချီခဲ့ သော လက်ချောင်းလေးများသည် ယခုတော့ လက်ညှိုးငေါက်ငေါက်ထိုးလျှက်… အော် အပြာင်းအလွဲ ဖြစ်တတ်သော ပုထုဇဉ်၏ သဒ္ဓါတရားပါ တကား)။ ဘုန်းဘုန်း အမှန်တကယ်ပင် မယူပါဘူး ဒကာရယ်၊
ရဟန်းတော်က အမှန်ပင်မယူ၍ မယူပါလို့ ပြောနေပါလျှက် ကျောက်သွေးသမားက မယုံနိုင်ပဲ ဖြစ်နေ၏၊ ဇနီးကို တိုင်ပင်ပြန်၏၊ သူခိုးကတော့ ခိုးတယ်လို့ လွယ်လွယ်နဲ့ ၀န်ခံမှာမဟုတ် ဘူး၊ဒါကြောင့် အကြမ်း နည်း နှင့် စစ်မေးမှ ဖြစ်တော့မယ်၊ ဇနီးသည်သည် စိတ်ကောင်းရှိသူ ဖြစ်၏၊ ငါမယူ သူပဲဟူသော ရိုးစင်း လွန်း သော အယူအဆ ကောက်ချက်သည် တစ်ထစ်ချ မှန်ကန်သည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်ပေ၊ငါ . သူမှ တစ်ပါး အခြားတတိယသည်လည်း ရှိနိုင်သေးသည်၊ ဒါကြောင့် ရဟန်းတော်က အမှန်ပင် မယူ၍ မယူဟု ပြောတာ ဖြစ်နိုင်ပါတယ်၊ အပြစ်မဲ့သူကို အကြမ်းဖက်နည်းသုံးပြီး မနှိပ်စက်မစွပ်စွဲပါနဲ့၊ အပြစ်မဲ့သူကို နှိပ်စက် ခြင်းသည် မိမိကိုယ်ကို နှိပ်စက်ရာ ရောက်ပါသည်၊ ကျမတို့ မိသားစု ဘုရင့်ဘဏ္ဍာ မလျှော်နိုင်၍ ကျွန်အဖြစ် ခံယူချင်ခံယူပါရစေ၊ ရဟန်းတော်ကိုတော့ အကြမ်းဖက်နည်းသုံး၍ မစစ်ရန်အတွက် စိတ်ထားဖြူစင် နူးညံ့ သော အပြစ်မရှိသူကို အပြစ်မရှာ တတ်သော ဇနီးသည်က တောင်းပန်ရှာပါ၏၊

သို့သော်….
ဘာပြောတယ်၊ ကိုယ်တော် မယူဘူး ဟုတ်လား ၊ ဒါဆိုလည်း ယူတယ်လို့ ၀န်ခံတဲ့နည်းကြမ်းကို သုံးရတော့ မှာပေါ့၊ ကျောက်သွေးသမားသည် အပြစ်မဲ့သော ကိုယ်ကျင့်ဖြူသော တရားပြည့်ဝသော သူတော်စင် ရဟန်း တော်၏ဦးခေါင်းကို ကြိုးဖြင့် တင်းကျပ်နေအော် ချည်နှောင်လေတော့၏၊ ထို့နောက်တော့ စစ်မေး လိုက် မာ ကြောသော ဒုတ်ဖြင့်ရိုက်လိုက်....... ဤသို့ဖြင့် ရဟန်းတော်၏ ဦးခေါင်း နားရွက် နှာခေါင်းတို့မှ အနီရောင် သွေးများကား ဖြာကနဲ ဖြာကနဲ.........၊
ရိုက်ချက်ပျင်းလွန်း၍မျက်လုံးများလည်း ပေါက်ကွဲထွက်မတတ်ခံစားနေရပြီး၊ ယခင်က နေရာအခင်း လေးပေါ် သီတင်းသုံးနေသော ရဟန်းတော်လေးသည် ယခုတော့ မြေပြင်မှာ ပြားပြားဝပ်လျှက် ရိုက် ချက် ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဒဏ်ကို ခါးသီးစွာခံစားရင်း သတိမေ့မသွားအောင်ပင် အထူးသတိ ထားနေရ ၏၊ ကျောက်သွေးသမား၏ အိမ်လေးသည် ယခုတော့ နွားသတ်ရုံကဲ့သို ဖြစ်နေချေပြီ၊ ရဟန်းတော်၏ ဦး - ခေါင်း နှာခေါင်း နားတို့မှ ယိုစီးကျလာသော သွေးအိုင်များ သွေးအနံ့များသည်ကား မြင်၍မကောင်း နံ၍မကောင်း အောင်ပင် ဖြစ်နေပေပြီ၊
သားစိမ်းငါးစိမ်း ဖားစိမ်းကို ကြိုက်တတ်သော အိမ်အလှမွေး ကြိုးကြာငှက်လေးသည်သွေးနံသင်းသင်းရ၍ အပြေးအလွှားရောက်လာကာ ရဟန်းတော်၏ကိုယ်မှ ယိုစိမ်းစီးကျလာသော သွေးများကိုအငမ်းမ ရ မြိန် မြိန် ယှက်ယှက် သောက်နေတော့၏၊လူစိတ်မရှိ ဒေါသကြောင့် ဘီးလူးစိတ်ဝင်နေသော ကျောက်သွေး သမား ၏ဒေါသသည် ရဟန်းမှတစ်ဆင့်ကြိုးကြာငှက်ဆီသို့ ကူးသွားချေပြီ။ ထို့ကြောင့် မိမိမြတ်မြတ်နိုးနိုး မွေး မြူ
ထားသော ကြိုးကြာငှက်ကို ချေထောက်ဖြင့် ခပ်ပြင်းပြင်း ကန်ထည့်လိုက်ရာ တစ်ချက် တည်းဖြင့် ကြိုး ကြာငှက်သည်လည်း အသက်ထွက်သွားတော့၏၊

ကြိုးကြာငှက်၏်သွေးသောက်ဟန် ကျောက်သွေးသမား၏ ဒေါသဖြင့်ကန်ကျောက်ဟန် ကြိုးကြာငှက် တုန်း ခနဲပက်လက်လန် လဲကျသွားဟန်တို့ကို ရဟန်းတော်၏ မျက်ဝန်း၌ မှုံဝါးဝါး မြင်တွေ့လိုက်ရ၏၊ ထို့ကြောင့် ရ ဟန်းတော်က ဒကာတော် ဦးခေါင်း၌ ချည်နှောင်တုပ်ဖွဲ့ ရစ်ပတ်ထားသော ကြိုးကို လျှော့ပြီး ကြိုးကြာငှက် “ သေ - မသေ ”သေသေချာချာ ကြည့်လိုက်ပါဦးဟု လေသံခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်၏။ ထိုအ ခါ ကျောက် သွေးသမား ပြောကြား လိုက်သည်က “ ကြိုးကြာသေသလို ကိုယ်တော်လည်း သေရလိမ့်မယ်” တဲ့..။
ရဟန်းတော် သိလိုက်ပြီးဖြစ်၏၊ ကြိုးကြာငှက်သည် သေသွားလေပြီ၊ သေသွားပြီဆိုလျှင် “ပတ္တမြားကို ကြိုး ကြာ မျိုသည်” ဟု အမှန်အတိုင်းပြောလိုက်လဲ သေပြီးဖြစ်၍ မိမိမှာ အပြစ်မရှိတော့၊ အခြေအနေနှင့် အချိန် အခါအရ ယခုချိန် ဖွင့်ပြောလိုက်ခြင်းအားဖြင့် မိမိလည်းပတ္တမြားသူခိုးဟု မတရား စွပ်စွဲခံရခြင်းဘေးမှ လွတ် မြောက်မည်၊ သူတို့လည်းပဲ ပတ္တမြားကို ပြန်ရ၍ မင်းပြစ်မင်းဒဏ်မှ လွတ်ကင်းလိမ့်မည်ဟု စဉ်းစား လိုက်၏၊
ထို့ကြောင့် ရဟန်းတော်က ဒကာအား လေသံပျော့ပျော့လေးဖြင့် ပြောကြားလိုက်၏၊ “ ပတ္တမြား ကြိုးကြာမျို သည်”ဟု။ ရဟန်းတော် ပြောလိုက်သောအသံမှာ တိုးတိုးလေးပင်ဖြစ်၏၊သို့သော် ရဟန်းတော်ထံမှ ထင်မှတ် မထား သောစကား ကြားလိုက်ရသောအခါ ကျောက်သွေးသမားသည် အင်အားပြင်းထန်သော မိုးကြိုးသံကို ကြားလိုက်ရသကဲ့သို့ နားထဲမှတဆင့် နှလုံးသားထိအောင် ကျယ်လောင်စွာ မြည်းဟည်းသွားတော့၏၊......
“ ပတ္တမြား ကြိုးကြာ မျိုသည်… ပတ္တမြား ကြိုးကြာ မျိုသည် …. ပတ္တမြား ကြိုးကြာ မျိုသည် … တဲ့။
ဟုတ်တယ် ဒကာ၊ ပတ္တမြား ကြိုးကြာမြိုတာကို ဘုန်းဘုန်း ကိုယ်တိုင် မြင်တွေ့လိုက်ရတာပါ၊ ဒီလို ပြောလိုက် တာဟာလည်း ကြိုးကြာငှက် သေပြီဖြစ်၍ ပြောခြင်းပါ၊ အကယ်၍ ကြိုးကြာအသက်ရှင်သန်နေအုံးမယ်ဆိုရင် မိမိအသက်သာ အသေခံသွားမည်ဟု ကြိုးကြာမျိုသည်ဟုပြောလိမ့်မည် မဟုတ်ပါ၊ ( အော် သူတော်ကောင်း ဟူသည် မိမိပယောဂကြောင့် သူတစ်ပါးဒုက္ခရောက်မည်ကို ပြောမထွက်သော (ကရုဏာတရား) မိမိသာ အနာခံသော (ခန္တီတရား)ကိန်းအောင်းနေသူပါတကား)။

ပတ္တမြားကြိုးကြာမျိုသည်ဆိုသောအသံသည် ကျောက်သွေးသမား၏နားမှတစ်ဆင့် နှလုံးသားထိတိုင် အောင် ရိုက်ခပ်၍ သွားလေတော့၏၊ ထို့ကြောင့် သူ၏ စိတ်သည် တုန်လှုပ်သွားတော့၏၊ မသိမှု၏ လှုံ့ဆော်မှုကြောင့် မလုပ်သင့်သည်ကို သူလုပ်လိုက်မိ၏၊ ယခု သူလုပ်ရပ်မှားကြောင်း သိသွားပြီးဖြစ်၏၊ အမှားကို လွန်ကျူးသူ၏စိတ်သည် တည်ငြိမ်မရှိနိုင်တော့။
စိတ်မတည်ငြိမ်၍ စိတ်၏တည်ရာ နှလုံးအိမ်လည်း မတည်ငြိမ်တော့၊ ထိုအခါ နှလုံးသွေးများ လည်ပတ်စီး ဆင်းရာ တကိုယ်လုံးသည်လည်း တည်ငြိမ်မှု မရှိတော့၊ ထို့ကြောင့် ကျောက်သွေးသမားသည် တုန်ယင်သော စိတ် တုန်ယင်နေသော လက်ဖြင့် ဓားကိုမနိုင်တစ်နိုင် ဆွဲကိုင်၍ကြိုးကြာ၏ ၀မ်းဗိုက်ကို ခွဲစိတ် လိုက်လေတော့၏၊ ထိုအခါ အစာအိမ်ထဲမှာ ပတ္တမြားကိုကျောက်သွေးသမားသည် မျက်ဝါးထင်ထင် မြင် လိုက်တွေ့လိုက်ရတော့၏၊
ကျောက်သွေးသမားသည် အတွေးမှား၍ အပြောအဆို ( စွပ်စွဲမှု ) မှားခဲ့လေပြီး၊ အပြောမှား ရုံတွင်မရပ် လက်လွန်ခြေလွန်အဆင့်ထိ အပြုအမူပင် မှားခဲ့လေပြီး၊ သူ၏ အမှားကြောင့် ကိုယ်ကျင့်ဖြူစင်သော ရဟန်းတော် ဓားစာခံအဖြစ် နှိပ်စက်မှုအကြီးအကျယ် ခံစားခဲ့ရလေပြီ။

“ ပြုသူအသစ် ခံသူအဟောင်း ” ဟု သူဟောင်းရှေးက ဆိုကုန်ကြလည်း ပြုသူသည် အသစ်မှန်သော်လည်း ခံရသူတိုင်း အဟောင်းဖြစ်ချင်မှ ဖြစ်ပေမည်၊ ခံသူအဟောင်းဟူသည် စိတ်၏သက်သာရာ ဖြေတွေး ( ယော နိသော မနသိကာရအနေအားဖြင့် ) တွေးဟန် ဖြစ်တန်ရာပါ၏၊
ကျောက်သွေးသမားသည် “ ငါ - သားသမီးမှ တစ်ပါး ” တစ်ခြားဖြစ်နိုင်ချေရှိသူသည် ရဟန်းသာ ဖြစ်ရမည်ဟု တွေးခဲ့၏၊ ယခုတော့ သူထင်မှတ်ထားသော ရဟန်းမဟုတ်ပဲ သူထင် မထားသော ကြိုးကြာဖြစ်နေသည်ကို မြက်ဝါး ထင်ထင် မြင်တွေ့လိုက်ရလေပြီး၊
“ ငါမှားလေပြီ ” တဲ့။
နှုတ်ဖျားမှ ထွက်လာသော အသံတော့ မဟုတ်၊ ရင်ထဲမှာပင် မိမိတယောက်တည်း ကြားရုံသာပြောနေ မိသော စိတ်၏ ပဲ့တင့်သံဖြစ်ပါ၏၊အမှန်အားဖြင့် ပတ္တမြားကို တွေ့ရ၍ ကျောက်သွေးသမား ၀မ်းသာရ မည်ဖြစ်၏၊ သို့သော် သူဝမ်းမသာနိုင်ဖြစ်နေ၏။ သူ၏နှလုံးသားသည် ၀မ်းသာရမည့်အစား အကြီးမား ဆုံးသော တုန်ုလှုပ်မှုကြီးကို သူခံစားနေရလေပြီ၊

ရဟန်းတော်သည် ကြိုးကြိုမျိုသည်ကို မြင်ရပါလျှက် “ ကြိုးကြာမျိုသည်ဟု မပြောပဲ၊ ဘုန်းဘုန်းမယူပါဟုသာ “ ပြောခြင်းသည် ကြိုးကြာကို ငဲ့၍ ပြောခြင်း ဖြစ်ချေသည်တကား၊ ကြိုးကြာမျိုသည်ဟု ပြောလိုက်လျှင် သူ ဆင်းရဲဒုက္ခမှ လွတ်မြောက်မည်ဟု သိသော်လည်း မိမိအပြောပယောဂကြောင့် ကြိုးကြာဒုက္ခရောက်မည် ကို မြင်၍ အသက်နှင့်လဲကာ ထိမ်းသိမ်းပေသောအရှင်မြတ်ပေတကား၊ ယင်းကဲ့သို့သော အဆင့်မြင် သူတော်စင်ကိုငါမညှာမတာစွပ်စွဲမိသည့်အပြင် ကိုယ်ထိလက်ရောက် ပြင်းထန်စွာပင် နှိပ်စက်မိခဲ့ချေပြီတ-
ကား၊ ငါ … ငါ … ငါ… ……..
ကျောက်သွေးသမား၏ မျက်ဝန်းမှ ၀မ်းနည်းမျည်ရည်များ နောင်တမျက်ရည်များဖြစ်သည့် မျက်ရည် ပူများသည် တသွင်သွင် စီးကျနေလေပြီ၊ ထို့နောက်တော့ ရဟန်းတော်၏ ခြေရင်း ၀ပ် စင်းကာ “ အရှင် ဘုရား တပည့် တော်ကို ခွင့်လွှတ်ပါဘုရား ” လို့ မလျှောက်ရဲလောက်အောင် မိုက်တွင်းနက်သော တပည့် တော်ကို သနားသောအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား။

ဒကာ သင့်မှာလည့်း အပြစ်မရှိ ၊ ငါ့မှာလည်း အပြစ်မရှိ ၊ ၀ဋ်ကျွေးရှိ၍ ကံဟောင်းဆပ်ရခြင်းသာ ဖြစ်ပါ၏၊ အသင် ဒကာကို ဘုန်းဘုန်း သိခံ ခွင့်လွှတ်ပါ၏။
အရှင်ဘုရား တပည့်တော်ကို သိခံခွင့်လွှတ်တော်မူပါလျှင် “ ယခင်အတိုင်းပဲ တပည့်တော်တို့ အိမ်ကို ဆွမ်းခံ ကြွတော်မူပါဘုရား ” ဟု ( မိမိ မိုက်ပြစ်ကြောင့် ) မရဲတရဲ လျှောက်ထားလေ၏၊
ထိုအခါ ရဟန်းတော်က “ ငါသည် ယခုအချိန်မှစ၍ သူတစ်ပါးတို့၏ အိမ်အမိုးအတွင်းသို့ မည်သည့် အကြောင်းကြောင့်မျှ မ၀င်တော့၊ ယခုကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရခြင်း ၊ ကိုယ်ထိလက်ရောက် ပြင်းထန်စွာ နှိပ်စက်ခံရခြင်းသည် အိမ်အမိုးအတွင်းသို့ ၀င်ရောက်မိခြင်း၏ အပြစ်ဖြစ်ပေ၏၊ ”ဟု မိန့်တော်မူပြီးလျှင် ယနေ့ ယခုအချိန်မှ အစပြု၍ ခြေထောက်နှစ်ခြောင်း လှုပ်ရှားနိုင်သမျှ ရွေ့ရှားနိုင်သမျှ ကာလပါတ်လုံး အိမ်တံခါးဝ၌သာရပ်လျှက်ဆွမ်းကိုခံယူပေတော့အံ့ဟု(အစ၌ ဖေါ်ပြခဲ့သော ဂါထာကို နှုတ်မြွက်တော်မူကာ) ဓုတင် အကျင့်ကို ဆောက်တည်တော်မူ၏။

ရဟန်းတော်သည် ကျောက်သွေးသမား၏ နှိပ်စက်မှု ဒဏ်ချက်ဖြင့်ပင် ၀ိပါက်နာမက္ခန္ဓာကဋတ္တာရုပ် အကြွင်း အကျန် မရှိသော “ ခန္ဓပရိနိဗ္ဗာန် ” ၀င်စံတော်မူသွားရပါ၏။
ကြိုးကြာငှက်သည် စိတ်ထားနူးညံ့သော ကျောက်သွေးသမားဇနီး၏ ၀မ်းကြာတိုက်၌ စွဲပိုက် သန္ဓေ တည်လေ၏၊ ကျောက်သွေးသမားသည် ကွယ်လွန်သောအခါ ငရဲ၌ ကျရောက်ရလေ၏၊ ကျောက်သွေးသမား ဇနီးသည်သည်ကား မထေရ်မြတ်အပေါ်၌ ထားရှိသော ကြည်ညိုစိတ်နူးညံ့စိတ်ကြောင့် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏

ထိုအဖြစ်အပျက် ခိုင်မာကြောင်းကို ဂါထာလေးက ယနေ့ထက်တိုင် သက်သေအဖြစ် ရပ်တည်နေပါ၏။
ဂဗ္ဘမေကေ ဥပ္ပဇ္ဇ န္တိ ၊ နိရယံ ပါကကမ္မိနော
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗ န္တိ အနာသ၀ါ
အတွေးမှားခြင်း အပြုမှားခြင်းဘေးမှ ကင်းဝေးကြ၍ အပါယ်ဘေးမှ ကင်းဝေးနိုင်ကြပါစေ…

ကောင်းသစ်