Wednesday, June 1, 2011

ကိုယ်တွေ့ဓမ္မအကျိုး



ကိုယ်တွေ့ဓမ္မအကျိုး

ကျွန်မ တရားဓမ္မဆိုင်ရာ စာပေတွေကို ရေးသားရာမှာ မြတ်စွာဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေထဲက အများနဲ့ သင့်တင့်လိုက်လျောညီထွေမယ့် အကြောင်းအရာတွေကို ရွေးပြီး တင်ပြရေးသားလေ့ရှိခဲ့ပါတယ်။ ဆရာတော်ဘုရားများရဲ့ တရားတော်များကို နာယူပြီးတဲ့နောက် မှတ်သားထားတဲ့မှတ်စုတွေက တဆင့် တခါတရံမှာတော့ အကြောင်းအရာ တိုက်ဆိုင်မှုရှိခဲ့ရင်၊ တခါတရံမှာတော့ အဲဒီ့အကြောင်းအရာကို ရေးသားသင့်တဲ့အချိန်လို့ ထင်ခဲ့ရင်၊ တခါတရံမှာတော့ အရေးကြီးတဲ့အကြောင်းအရာမို့ အားလုံး မြန်မြန်သိသင့်တယ်လို့ ထင်ခဲ့ရင် ကျွန်မ ပြန်လည်ရေးသားလေ့ရှိပါတယ်။

ဒီတခေါက်မှာတော့ ကျွန်မဘဝမှာ လေ့လာနာယူလိုက်နာအားထုတ်ခဲ့တဲ့ ဓမ္မတရားများကြောင့် ကျွန်မကိုယ်တွေ့ ခံစားရတဲ့ အကျိုးကျေးဇူးများကို ကျွန်မ ရေးသားတင်ပြချင်ပါတယ်။ ပထမအနေနဲ့ မေတ္တာရပ်ခံချင်တာက ဒီပို့စ်ကို ရေးသားခြင်းဟာ စာဖတ်သူတွေကို တရားဓမ္မအပေါ်မှာ သဒ္ဓါတက်စေဖို့ ပိုပြီး ယုံကြည်အားကိုးရာအဖြစ် လက်ခံနိုင်စေဖို့ ရေးသားခြင်းသာ ဖြစ်ပါတယ်။ ကျွန်မဟာ တရားကို အမြဲ လက်ကိုင်ထားနိုင်သူလဲ မဟုတ်သေးပါ။ ကြိုးစားဆဲသာ ဖြစ်ပါတယ်။ ကျွန်မ အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ခဲ့သမျှထဲက ကျွန်မအပေါ်မှာ ကျေးဇူးများခဲ့ပါသော တရား၏ ကျေးဇူးဂုဏ်တို့ကို အောက်မေ့သတိရလျက် အများအတွက်လဲ အကျိုးရှိမည်ဟု ထင်မှတ်ပါသဖြင့် ရေးသားခြင်းသာ ဖြစ်ပါတယ်။ ကျွန်မအပေါ်တွင် အထင်အမြင်လွဲမှားနေသူများ ရှိပါက ဤပို့စ်ကို မဖတ်ပါရန် မေတ္တာရပ်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မအပေါ်မှာ ထားရှိနေတဲ့ ဒေါသစိတ်ထားကြောင့် တရားတော်များအပေါ်မှာပါ သင်္ကာမကင်းစိတ် သို့တည်းမဟုတ် တခုခုသော အပြစ်ဖြစ်ဖွယ်စိတ်တို့ဖြစ်လာရင် စာဖတ်သူအတွက် အကျိုးယုတ်မှာ စိုးရိမ်တဲ့အတွက် မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။

ကျွန်မမှာ ငယ်စဉ်တည်းက ပြင်းထန်တဲ့ ကိုယ်လက်ကိုက်ခဲမှု ရောဂါ ရှိခဲ့ဖူးပါတယ်။ ကျွန်မ မှတ်မိသလောက် ကျွန်မ ၇ နှစ် ၈ နှစ်အရွယ်ထဲက မိုးရေကိုတွေ့ရင် ဝေးဝေးရှောင်၊ မိုးတွင်းဆို ညတိုင်းငိုခဲ့ရတယ်။ တဖြေးဖြေးနဲ့ မေ့မေ့လျော့လျော့နေခဲ့တာ ကျွန်မ အသက်ကြီးလာလို့ အဆစ်အမြစ်တွေ ကိုက်တယ်ကိုက်တယ်ဖြစ်လာတော့မှ ဆရာဝန်က လေးဘက်နာစစ်ကြည့်ပါဆိုလို့ စစ်လိုက်တဲ့အချိန်မှာ ASO ၄၅၀။ ဆေးထိုးရမှာ ဆေးသောက်ရမှာ ကြောက်တဲ့ ကျွန်မ ဘာဆေးမှ မထိုးဘူး ဘာဆေးမှ မသောက်ဘူး။ ဒီတိုင်းထားလိုက်တယ်။ တဖြေးဖြေးနဲ့ ကျွန်မ အမောလွယ်ရင်း ရင်ဘတ်အောင့်အောင့်လာတဲ့အချိန်မှာလဲ ကျွန်မ ဒီတိုင်းပဲ ကြိတ်ပြီးနေခဲ့တယ်။

ဒါပေမဲ့ ကျွန်မ အင်မတန် ကံကောင်းတယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်မိတယ်။ ကျွန်မ ဝေဒနာတွေ တက်တဲ့အချိန်မှာ ကျွန်မမှာ အားကိုးရာ ရှိနေခဲ့ပြီ။ လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်တုန်းတည်းက ကျွန်မကို တရားဓမ္မလမ်းကြောင်းပေါ်ရောက်စေခဲ့တဲ့ ကျေးဇူးရှင်လို့ ကျွန်မသတ်မှတ်ထားသူကြောင့် အဲဒီ့အချိန်မှာ ကျွန်မရဲ့ ဝေဒနာတွေအတွက် ဆေးကောင်းကို ကျွန်မ ရရှိနေခဲ့ပါပြီ။ ဒါဟာတော့ ဘာဝနာတရားပွားများအားထုတ်ခြင်းရယ်ပါ။ ပထမဆုံး ကျွန်မတရားစတင်အားထုတ်ပြီး ၁ပတ်အကြာမှာ တည်းက ဓမ္မဂုဏ်တော်ကို ရိုသေဦးညွှတ်ခဲ့ရပါတယ်။ ဒါဟာတော့ ကျွန်မ အိမ်ပေါ်ကနေ ပြုတ်ကျခဲ့တာပါ။ လှေကားပေါ်လျှောက်တက်နေရင်း ရုတ်တရက် ဘယ်လိုမှ မသိလိုက်နိုင်အောင် ခြေချော်ကျသွားတဲ့အကျဟာ ခြေထောက် ကျိုးနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုတာ တကြိမ် ကျိုးထားဖူးတဲ့ ကျွန်မ ကောင်းကောင်းသိလိုက်ပါတယ်။ အဲဒီ့အချိန်အိမ်မှာ ဘယ်သူမှမရှိပါဘူး။

ကျွန်မမှာ အားကိုးစရာဆိုလို့ လွန်ခဲ့တဲ့ တပတ်ကမှ ကျွန်မရထားတဲ့ တသံသရာစာ ဆေးပဲ ရှိပါတယ်။ မထနိုင်တဲ့အနေအထား ခြေကျင်းဝတ်နာလျက်အနေအထားမှာပဲ ဝေဒနာကို မှတ်ရင်း ကျွန်မ ငြိမ်နေခဲ့ပါတယ်။ နာနေတဲ့အနာကို ကြည့်ရင်းပဲ ဝေဒနာလျော့ပါးလာတာကို သတိပြုမိတဲ့အခါမှာ ကျွန်မ ခြေထောက်ကို မပြီး လှေကားလက်ရန်းကို ကိုင်လို့ အပေါ်ထပ်ကို ပြန်တက်ခဲ့တယ်။ ပြီးတဲ့နောက် သာမာန် ပရုတ်ဆီကို ကျွန်မခြေကျင်းဝတ် ပေါ် လိမ်းလိုက်ပြီး သက်သာရာအနေအထားမှာပဲ ကျွန်မခြေကျင်းဝတ်က ဖြစ်လိုက်ပျက်လိုက်သဘောကို ပြသနေမှု လေးကို သတိလေးနဲ့ ဆင်ခြင်နေခဲ့ရင်းပဲ ဝေဒနာဟာ အလျင်းပျောက်ကင်းခဲ့ဖူးပါတယ်။ ဒါဟာ ဓမ္မကျေးဇူးကို ပထမဆုံး တပတ်အတွင်းမှာပဲ ကျွန်မ ခံစားခဲ့ရတာပါ။

ကျွန်မအဓိကပြောချင်နေတဲ့အကြောင်းအရာဆီ ပြန်သွားပါမယ်။ ကျွန်မဘဝမှာ ပထမဆုံး တပတ်နဲ့ အကျိုးကျေးဇူး ခံစားခဲ့ ရတဲ့ တရားဟာ အကယ်၍များ တလ တနှစ် တသက်တာလုံး အားထုတ်သွားမယ်ဆိုရင် ဘယ်လောက်အကျိုးများနိုင်မယ်ဆိုတာ သာမာန်အသိနဲ့တင် ကျွန်မ နားလည်ခဲ့ပါတယ်။ ဒါကြောင့်လဲ ကျွန်မ တနေ့တာ ၂၄ နာရီရဲ့ ၁နာရီဆိုတဲ့ အချိန်ကို တရားအားထုတ်ဖို့ရယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဒီလိုကျွန်မ တရားအားထုတ်နေခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၂လခွဲ ၃ လလောက်ကစလို့ ကျွန်မ မိုက်လာခဲ့ပါတယ်။ ဒါကတော့ ကျွန်မ အချိန်သက်သက်မှတ်မှတ် နဲ့ တရားထိုင်တဲ့အကျင့်ကို လျော့ပေါ့မိခဲ့တာပါ။ တရားစာပေတွေကို ဖတ်ရှုတယ်။ နာယူတယ် ဆိုပေမဲ့ အချိန်သက်သက်မှတ်မှတ်နဲ့ ထိုင်လျက်တရားအားထုတ်မှုကို ကျွန်မ အချိန်မပေးဖြစ်တော့ပါဘူး။ ပုံမှန်အားဖြင့် မူလကမ္မဌာန်းလေးပါးကိုတော့ စွဲစွဲမြဲမြဲ အားထုတ်နေဆဲ ဖြစ်ခဲ့ပါတယ်။ ဝိပဿနာဘာဝနာကိုတော့ ထိုင်လျက်အားထုတ်ဖို့ မေ့လျော့ခဲ့တယ်ဆိုတဲ့ စကားလုံးကိုပဲ အသုံးပြုရမယ့်အဆင့်ကို ရောက်ခဲ့ပါတယ်။

ဒီလိုနဲ့ အလုပ်တွေများလာတဲ့ ဇန်နဝါရီလမှာ မကြာခဏ ကျွန်မ လဲပြိုတော့မတတ် ဖြစ်ရပါတော့တယ်။ အနောက်တိုင်းဆေးပညာကို အထင်မကြီးတဲ့ ကျွန်မကို ဆေးခန်းသွားဖို့လဲ ဘယ်သူမှ ပြောလို့မရဖြစ်ခဲ့တယ်။ ငယ်စဉ်တည်းက ကျွန်မ တူတူနေခဲ့တာက တလောကပဲ ဆုံးပါးသွားခဲ့တဲ့ အင်မတန်ရှေးကျလွန်းတဲ့ ကျွန်မရဲ့ အဖိုးနဲ့ပါ။ သူဟာ အနောက်တိုင်းဆေးပညာကို အထင်သေးတယ်လို့ ဆိုရလောက်တဲ့အထိ ဖြစ်တဲ့အတွက် ကျွန်မ အနောက်တိုင်းဆေးပညာကို အခြားသူတွေလောက် အထင်မကြီးခဲ့တာပါ။ ဒီလိုနဲ့ အလုပ်ကိစ္စ သွားရင်းလာရင်း တရုတ်တိုင်းရင်းဆေးသမားတော် တယောက်နဲ့ ဆုံခဲ့ပါတယ်။ ဆုံတာကြာခဲ့ပေမဲ့ သူ့ကို တရုတ်တိုင်းရင်းဆေးသမားတော်မှန်း ကျွန်မ သတိမပြုမိခဲ့။ တရက် ကျွန်မ ခေါင်းတွေ ထိုးလာတဲ့အချိန်မှသာ ကျွန်မ မူမမှန်ဖြစ်နေတာကို ကြည့်ရင်း အဲဒီ့သမားတော်ဟာ သူကုပေးမယ်လို့ ကျွန်မကိုရော ကျွန်မအဖော်ကိုပါ ကတိပေး တာမို့ ကျွန်မ လက်ခံခဲ့ပါတယ်။

ပထမဆုံး ကျွန်မရဲ့ သွေးကြောတွေကို သူစမ်းသပ်စစ်ဆေးတဲ့အခါမှာ သူသိလိုက်တဲ့ ရောဂါတွေဟာ စုံနေပါတယ်။ အဆစ်အမြစ်ကိုက်ရောဂါ၊ နှလုံး နဲ့ ကျောက်ကပ်ဖြစ်နေတယ်လို့ သူပြောပြပြီး ကျွန်မကို ကုဖို့ သူနည်းလမ်းရှာပါတော့တယ်။ တချိန်တည်းမှာပဲ သူကျွန်မကို မေးလိုက်တဲ့မေးခွန်းက “ဆရာမ Meditation လုပ်ဖူးလား” တဲ့။ “ဟုတ်ကဲ့ .. ကျွန်မ လုပ်ဖြစ်ပါတယ်” လို့ ဖြေလိုက်တဲ့အချိန်မှာ အဲဒီ့သမားတော်နှုတ်က “ဒါကြောင့်ကိုး..” လို့ပြောပြီး ကျွန်မရဲ့ အရိုးအဆစ်တွေကို စမ်းသပ်တဲ့အခါမှာလဲ “ဆရာမရဲ့ အရိုးအဆစ်တွေ အနေအထားက တကယ်သဘောကျစရာကောင်းတယ်။ ASO ၄၅၀ မှာ ဆရာမ အရိုးအဆစ်တွေက ဒီလိုအနေအထား ရှိမနေနိုင်တော့ဘူး။ တကယ့်ကို ကောင်းလွန်းတယ်။ အဲဒါ ဆရာမ Meditation လုပ်ထားလို့ပဲ” တဲ့။ အဲဒီ့ သမားတော်ရဲ့ စကားလုံးတိုင်းဟာ တရားအပေါ် ကျွန်မရဲ့ ကြည်ညိုသက်ဝင်မှုသဒ္ဓါတရားတွေကို လှိုင်းလုံးတွေလို တက်လာစေခဲ့ပါတယ်။ ကျွန်မစိတ်နှလုံးထဲမှာ တရားသာလျှင် တသံသရာစာဆေးဖြစ်ကြောင်း ပိုပိုပြီး ယုံကြည်သက်ဝင်ခဲ့ပါတယ်။

ASO ၄၅၀ ဆိုတာ အခုနေ့ချင်းညချင်း စစ်ခဲ့တဲ့ရလာဒ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃နှစ်လောက်က စစ်ခဲ့တာပါ။ ကြားထဲမှာ ကျွန်မ အဆစ်တွေ ရောင်လာတာခဏခဏဖြစ်ခဲ့ပေမဲ့ ကျွန်မရဲ့ အရိုးတွေဟာ ပွမနေခဲ့ပါဘူး။

ပြီးတော့ သမားတော်က ကျွန်မကို မေးတဲ့ ဟိုနားနာလား။ ဒီနားနာလားလို့ မေးတဲ့အခါမှာ ကျွန်မတချက်ချက်တော့ နာတယ် ဒါပေမဲ့ သိပ်မပြင်းဘူးလို့ ပြောလိုက်တိုင်း သမားတော်က “ဆရာမ.. meditation ကျေးဇူးတွေပဲ။” လို့ပြောပါတယ်။ ကျွန်မကို ဆေးကုသဖို့ရာမှာလဲ “ဆရာမ အကောင်းဆုံးက Meditation ကိုသာ သေသေချာချာလေး ပြန်လုပ်ပေး။ ဝိပဿနာလုပ် ဆရာမ။ သူက မဟာကုသိုလ်ကြီးရတာဆိုတော့ ဆရာမ ဆေးကုစရာတောင် သိပ်မလိုဘူး။ နောက် ဆရာမ သမထ လုပ်လို့အဆင်ပြေ မယ်ဆိုရင် နှလုံးနဲ့ ကျောက်ကပ်ကို ပုဗ္ဗနိမိတ်ပေါ်တဲ့အထိ ကြည့်ပေးပါ။ တဖြေးဖြေးနဲ့ ရောဂါ အရှင်းပျောက်သွားလိမ့်မယ်” လို့ ကျွန်မကို မှာကြားလိုက်ပါတယ်။ ကျွန်တော်တို့ တရုတ်တိုင်းရင်းဆေးမှာလဲ Meditation က အဓိကပဲ ဆရာမ။ ကျွန်တော်တို့ကတော့ သမထ လုပ်ရတာပေါ့။ ဒါမှ ကျွန်တော်တို့ လူနာတွေကို သေသေချာချာ ကိုင်တွယ်စမ်းသပ်နိုင်တယ်။ ရောဂါတွေ အားလုံးကို တကယ်အကုန်အစင် ပျောက်ကင်းစေနိုင်တာလဲ Meditation ပါပဲ ဆရာမ” လို့လဲ ဖြည့်စွက်ပြောပါသေးတယ်။

ကျွန်မရဲ့ တရားဓမ္မအပေါ်ကြည်ညိုလေးစားတဲ့ စိတ်ဟာ ပိုပိုတိုးလို့လာပါတယ်။ တကယ်တော့ တရားတော်ဟာ ဂုဏ်တော် (၆)ပါးနဲ့ တကယ့်ကို ညီညွတ်ပါပေတယ်။ တရားတော်တွေဟာ နာစဉ်လဲချမ်းသာရတယ်။ ကျင့်စဉ်မှာလဲ ချမ်းသာရတယ်။ နိဗ္ဗာန်သို့လည်း မျက်မှောက်ပြုကြရတယ်။ သူများပြောရုံမျှဖြင့်လဲ မဟုတ် ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံပြီး ကောင်းကျိုးရနိုင်တဲ့တရားလဲ ဖြစ်ပါတယ်။ အချိန်မလင့် အကျိုးပေးတော်မူတဲ့ တရားတော်လဲဖြစ်ပါတယ်။ ကျင့်ကြံအားထုတ်ကြည့်ပါ၊ အားထုတ်လိုက်ပါ လို့ ပြောနိုင်တဲ့ စမ်းသပ်ခံနိုင်တဲ့ တရားတော်လဲဖြစ်ပါတယ်။ စိတ်မှာ အစဉ်အမြဲ ရှိနေရမယ့် တရားတော်လဲ ဖြစ်ပါတယ်။ အရိယာသူတော်စင်များ ကိုယ်စီကိုယ်ငှ သိရှိခံစားရသော တရားတော်လဲ ဖြစ်ပါတယ်။ တကယ်တော့ တရားတော်ရဲ့ ဂုဏ်တော်ဟာ အင်မတန်မှ မြင့်မြတ်လှပြီး တကယ်လိုက်နာ ကျင့်ကြံမယ်ဆိုရင် ကောင်းကျိုးတွေ တိုးပွားစေတဲ့ အမှန်ကန်ဆုံးတရားတွေပါ။

တရားတွေကို လိုက်နာကျင့်ကြံအားထုတ်လို့ ရောဂါဝေဒနာတွေ သက်သာရတဲ့အတွက် ကျွန်မရဲ့ မိတ်ဆွေတို့ကိုလဲ တရားတွေကို အတတ်နိုင်ဆုံးလိုက်နာကျင့်ကြံအားထုတ်စေချင်ပါတယ်။ တရားတွေဟာ ကျင့်ကြံရင် ကျင့်ကြံသလောက် ကောင်းကျိုးချမ်းသာ ရှိစေတာပါ။ တပတ်အားထုတ်ရင်လဲ အားထုတ်ရကျိုးနပ်အောင် ကောင်းကျိုးပေးပါတယ်။ တစ်လ အားထုတ်လဲ အားထုတ်ရကျိုးနပ်အောင် ကောင်းကျိုးပေးပါတယ်။ တစ်နှစ် အားထုတ်လဲ အားထုတ်ရကျိုးနပ်အောင် ကောင်းကျိုးပေးပါတယ်။ တသက်လုံးအားထုတ်မယ်ဆိုရင် အားထုတ်ရကျိုးနပ်အောင် တသံသရာလုံး ကောင်းကျိုးပေးမှာပါ။ ဒါကြောင့် တရားတွေကို နာယူလိုက်နာ ကျင့်ကြံအားထုတ်ကြပါလို့ ဆန္ဒပြုအပ်ပါတယ်။ ကျွန်မ တသက်စာ မှတ်သားထားတဲ့ စကားတခွန်းရှိပါတယ်။ “တရားကို စောင့်တဲ့လူကို တရားက ပြန်စောင့်ရှောက်ပါလိမ့်မယ်။”

မေတ္တာဖြင့်

ထိပ်ထား