Wednesday, June 8, 2011

ဌာနကောင်းမှ ဌာနီကောင်းပေမည်

ဌာနကောင်းမှ ဌာနီကောင်းပေမည်


(၁)“ဌာနကောင်းမှ ဌာနီကောင်းမယ်တစ်ချက်လွဲရင် တသက်မွေးတယ်သတင်းပုတ်တော့ နောက်ကိုဆုတ်တယ်”
အထက်ပါစာသားတွေကတော့ ငယ်စဉ်ကာလစာသင်သားဘဝ စာသင်တိုက်တစ်ခုမှာ ပညာသင်ယူနေခိုက် ကျောင်းတိုက်ပဓာနနာယကဆရာတော်ကြီးက စာရေးသူတို့ စာသင်သားရဟန်းသာမဏေတွေကို အမြဲဆိုဆုံးမလေ့ရှိတဲ့ သြဝါဒဖြစ်ပါတယ်။ဌာနကောင်းမှ ဌာနီကောင်းမယ် ဆိုတဲ့ အကြောင်းကိုမရေးသားခင်မှာ ဌာန-ဌာနီဆိုတာကိုရှင်းပြချင်ပါသေးတယ်။ဌာန-ဌာနီလို့ပြောလိုက်တဲ့အခါ ဘုန်းကြီးလေသံပါနေတော့ နားရှုပ်သွားမှာစိုးလို့ပါ။ဌာန-ဆိုတာကတော့ နေရာ၊ ဌာန၊ ကိုပြောပြီး ဌာနီ-ဆိုတာကတော့ အဲနေရာမှာ နေတဲ့သူ၊ အလုပ်လုပ်သူ၊တည်ရှိနေတဲ့အရာဝတ္ထု စတာတွေကို ပြောတာပါ။ဘုရားရှင်က ”ပဋိရူပဒေသဝါသ” သင့်တင့်လျှောက်ပတ်ကောင်းမြတ်တဲ့နေရာမှာ နေထိုင်ရတာဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်လို့ ဟောကြားထားတဲ့အတိုင်း အဲဒီမြတ်ဗုဒ္ဓဒေသနာတော်ကို ဆရာတော်ကြီးကဌာနကောင်းမှ ဌာနီကောင်းမယ်လို့ မြန်မာစကားလုံးနဲ့ဖလှဲပြီးသြဝါဒပေးတာ ဖြစ်ပါလိမ့်မယ်။ ဆရာတော်ကြီး အမြဲဆိုဆုံးမလေ့ရှိတဲ့သြဝါဒကတော့ စာရေးသူရဲ့နှလုံးအိမ်မှာ ယနေ့တိုင်အမှတ်ရကိန်းဝပ်နေဆဲ ဖြစ်ပါတယ်။


(၂)(၂၁-၃-၂၀၁၀)နေ့၊ ဗုဒ္ဓဂယာ၊မဟာဗောဓိပင်အောက်မှာ မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်တွေကို အာရုံပြုနေခိုက် ဌာနကောင်းမှ ဌာနကောင်းမယ်ဆိုတဲ့ သြဝါဒဟာ စိတ်အာရုံမှာ အမှတ်မထင် ပေါ်လာပါတယ်။ ပေါ်လာရတဲ့အကြောင်းက ယခုမဟာဗောဓိပင်ကြီးဟာဗုဒ္ဓဘုရားရှင်ပွင့်တော်မူခဲ့တဲ့မူရင်း မဟာဗောဓိပင်ကြီးရဲ့စတုတ္ထမျိုးဆက်ဖြစ်ပါတယ်။ မဟာဗောဓိပင်ကြီးဟာ ဗုဒ္ဓဘုရားရှင် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်တော်မူခဲ့တဲ့နေရာမှာ စိုက်ပျိုးထားတာမို့ ဗုဒ္ဓဘာသာဝင်တွေက မဟာဗောဓိပင်ကြီးကို ဘုရားရှင်တမျှ မြတ်နိုးကြ၊ ပူဇော်ကြ၊ ရိုသေကြပါတယ်။ ယခင်လွန်ခဲ့တဲ့ လေး၊ငါး၊ခြောက်နှစ်ခန့်ကဆိုရင် မဟာဗောဓိပင်ကြီးဟာ ပင်စည်၊ အခက်၊ အရွက်တွေ ခြောက်လာပြီး မလန်းမဆန်းဖြစ်လာတာကို တွေ့ရတဲ့အခါ နေသာလန်နိုင်ငံမှ ရုက္ခဗေဒပညာရှင်ကြီးတွေ ကိုယ်တိုင်လာရောက်၍ မဟာဗောဓိပင်ကြီးကို ဆေးကုသရပါတယ်။ မဟာဗောဓိပင်ကြီး သက်တမ်းပိုရှည်ကြာနိုင်အောင် အဆင့်မြင့် ရုက္ခဗေဒပညာရှင်ကြီးတွေနဲ့ အမြဲစစ်ဆေးပြီးပြုစုယုယနေရတာပါ။


(၃)အိန္ဒိယနိုင်ငံတော်ကြီးကို ဘာသာခြားတွေက အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အခါ ဗုဒ္ဓဘာသာကို မလိုမုန်းတီးစိတ်တွေနဲ့ မဟာဗောဓိပင်ကြီးကို အမျိုးမျိုးပျက်စီးခဲ့ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မူလမဟာဗောဓိပင်ကြီးနေရာမှာ မူရင်းမဟာဗောဓိပင်ကြီးရဲ့မျိုးဆက်ဗောဓိပင်တွေကို စဉ်ဆက်မပြတ် စိုက်ပျိုးထားရှိကြပါတယ်။ ယခုဗောဓိပင်ကြီးကို ခရစ်နှစ် ၁၈၇၆-ခုနှစ်မှာ အင်္ဂလိပ်လူမျိုး အလက်ဇန္ဒားကာနင်ဂန်က စိုက်ပျိုးခဲ့ပြီး မဟာဗောဓိပင်ကြီးနှင့် အတူ ၁၈၇၆-ခုနှစ်မှာပဲမဟာဗောဓိစေတီတော်ရဲ့ မြောက်ဖက်မှာ နောက်ဗောဓိပင်တစ်ပင် စိုက်ပျိုးခဲ့ပါသေးတယ်။ အဲဒီဗောဓိပင်ကြီးလည်း ယခုထိရှိနေဆဲပါပဲ။


မဟာဗောဓိစေတီတော်ရဲ့ မြောက်ဖက်မှာရှိတဲ့ ဗောဓိပင်ကတော့ မဟာဗောဓိစေတီတော်ရဲ့အနောက်ဖက်ဘုရားရှင် သစ္စာလေးပါးတရားကို သိမြင်ခဲ့တဲ့နေရာမှာ စိုက်ပျိုးထားတဲ့ မဟာဗောဓိပင်ကြီးနဲ့ အသက်တူ၊ ဗောဓိပင်မျိုးတူ ဖြစ်ပေမဲ့လည်း နေရာဌာနကွဲပြားနေလေတော့ မဟာဗောဓိစေတီတော်ရဲ့မြောက်ဖက်မှာရှိတဲ့ ဗောဓိပင်ကို လူတော်တော်များများက အလေးထားတာကိုမတွေ့ရပါဘူး။ ဒီအပင်ဟာ ဗောဓိပင်လား ဆိုတာကိုတောင် ဘုရားဖူးလာပရိသတ်တွေ မသိရှိကြပါဘူး။ အဲဒီဗောဓိပင်ဟာ နှစ်ကြာလာသည်နဲ့အမျှ အသက်အရွယ်က ကြီးလာပေမယ့်လည်း ဆေးဝါးတွေနဲ့ ကူညီစောင့်ရှောက်မှုလည်းမရှိ သူ့ဟာနဲ့သူ သဘာဝကို အမှီပြုရင်း အသက်ရှင်တည်ရှိနေရတာပါ။မဟာဗောဓိပင်ကြီးကတော့ ရေခံမြေခံနေရာမှန်တဲ့အခါ ဘုရားရှင်ရဲ့ဘုန်းတန်ခိုးအာနုဘော်တွေ လွှမ်းခြုံနေလျက် ဆေးဝါးဓာတ်စာတွေလည်း ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ရရှိတာကြောင့်အမြဲတမ်းစိမ်းလန်းစိုပြေလှပနေပါတယ်။ မဟာဗောဓိပင်ကြီးကို လုံခြုံရေးအဖွဲ့တွေကလည်း အနီးကပ် အထူးပြုစုစောင့်ရှောက်ကြပါတယ်။ မဟာဗောဓိပင်ကြီးရဲ့အသက်က ၁၄၄-နှစ်ရှိပါပြီ။မဟာဗောဓိပင်ကြီးရဲ့အောက် အနီးအနားတွေမှာလည်း တရားထိုင်သူတွေကထိုင်၊ပုတီးစိပ်သူတွေကစိပ် စသဖြင့် ဘုရားဖူးလာလူထုပရိသတ်တွေဟာ မဟာဗောဓိပင်အောက်မှာ ပြတ်လပ်တယ်ဆိုတာမရှိပါဘူး။မြတ်ဗုဒ္ဓရဲ့သစ္စာဥာဏ်အလင်းကို ရရှိခဲ့တဲ့နေရာမှာပေါက်ရောက်ခွင့်ရခဲ့တဲ့ မဟာဗောဓိပင်ကြီးကတော့ လူတကာရဲ့ အရေးစိုက်မှု၊ ချစ်ခင်နှစ်သက်မှု၊ ပြုစုယုယမှုတွေကို အပြည့်အဝရရှိနေပါတယ်။


မဟာဗောဓိစေတီတော်ရဲ့ မြောက်ဖက်မှာ စိုက်ထားတဲ့ မဟာဗောဓိပင်ကတော့ ဆေးဝါးတွေနဲ့ ပြုစုယုယမှုကို မခံရသလို လူတကာရဲ့ချစ်ခင်နှစ်သက်မှုနှင့် ပြုစုယုယမှုကိုလည်းမခံရပါဘူး။ အဲဒီဗောဓိပင်ကြီးနှစ်ပင်ကိုနှိုင်းယှဉ် ကြည့်ရင်းနဲ့ကို ဌာနကောင်းမှ ဌာနီကောင်းတယ် ဆိုတဲ့သြဝါဒစကားဟာ ထင်ရှားနေပါတယ်။သစ်ပင်ဆိုတဲ့ အရာဝတ္ထုတွေတောင် ဒီလို ဌာနကောင်းလို့ ဌာနီကောင်းနေတယ်ဆိုရင် အဲဒီစကားဟာ လူတွေအတွက်တော့ ပိုပြီးမှန်ကန်ပေလိမ့်မယ်။ မဟာဗောဓိပင်ကြီးကို ဖူးမျှော်ကြည်ညိုရင်းနဲ့ ဌာနကောင်းမှဌာနီကောင်းမယ်ဆိုတဲ့ သြဝါဒစကားဟာ စာရေးသူခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့တာပါ။


(၄)ရွှေပင်နား ရွှေကျေး၊ ငွေပင်နား ငွေကျေး ဆိုသလို တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုး ဆိုတာပါပဲ။ လေပြင်းမုန်တိုင်း ကျရောက်လို့ ကျေးညီနောင် (၂)ဦးဟာ တကွဲတပြားစီဖြစ်သွားရကာ တစ်ကောင်က မုဆိုးတို့နေရာသို့ ရောက်ရှိသွာပြီး တစ်ကောင်ကတော့ ရသေ့ကျောင်းသင်္ခန်းသို့ ရောက်ရှိသွားပါတယ်။ မုဆိုးတို့နေရာသို့ ရောက်ရှိသွားတဲ့ကျေးဟာ အလွန်ရိုင်းစိုင်းပြီး ရသေ့ရဲ့ကျောင်းသင်္ခန်းသို့ရောက်ရှိသွားတဲ့ကျေးကတော့ အပြောအဆိုယဉ်ကျေးသိမ်မွေ့၍ လိမ္မာစေခဲ့တယ် ဆိုတာကို စာရှုသူတို့အသိပင်ဖြစ်ပါလိမ့်မယ်။ ဘဝမှာ သင့်တင့်လျောက်ပတ်တဲ့နေရာမှာ နေထိုင်နိုင်ဖို့နဲ့ ကိုယ်နဲ့သင့်တော်တဲ့နေရာကို ရွေးချယ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ကောင်းမြတ်တိုးတက်တဲ့နေရာမှာ နေပါမှလည်းဘဝဟာ ရှင်သန်ထမြောက် တိုးတက်အောင်မြင်မှုရှိတယ်ဆိုတာကို ဘုရားရှင်ရဲ့ဖြစ်တော်စဉ်က မီးမောင်းထိုးပြနေပါတယ်။


ဘုရားအလောင်းတော်ဟာ မသေရာမှန်မြတ်နိဗ္ဗာန်ရဲ့လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးနဲ့ အရိယာသစ္စာကိုရှာဖွေရန် ပထမဦးဆုံး မဂဓတိုင်းနိုင်ငံရဲ့မြို့တော် ရာဇဂြိုဟ်သို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမှာ ပထမဆုံး အာဠာရရသေ့နဲ့တွေ့ပါတယ်။ ဘုရားအလောင်းတော်ဟာ အာဠာရထံမှာ နည်းခံ၍ သူရဲ့ကျင့်စဉ်ကိုလိုက်ပြီး ကျင့်ကြံအားထုတ်လိုက်တဲ့အခါ လောကီဈာန်သမာပတ်(၇)ပါးကို ရရှိပါတယ်။ ဒါပေမဲ့ သူရဲ့အကျင့်ဟာသံသရာမှ ထွက်မြောက်ရာအကျင့်မဟုတ်ဘဲ သံသရာရှည်ကြောင်းအကျင့်ဖြစ်နေတဲ့အတွက် ဘုရားအလောင်းတော်ဟာ မနှစ်သက်၊ သဘောမကျခဲ့ပါဘူး။ “ငါလိုချင်တာကမသေရာလမ်းစဉ်(သံသရာမှထွက်မြောက်ရာလမ်းစဉ်) သူသင်ပေးတာက သေရာလမ်းစဉ် အတော့်ကို ခွဲပြားခြားနားနေတော့ ဒီအကျင့်ဟာ ငါနဲ့ မကိုက်ညီဘူး”လို့ စိတ်အကြံဖြစ်ကာ နောက်ဆရာတစ်ဦးကို လိုက်ရှာပါတယ်။ အဲဒီအခါ ဥဒကရာမပုတ္တရသေ့နဲ့ သွားတွေ့ပါတယ်။ သူ့ထံမှာနည်းခံ၍သူရဲ့အကျင့်ကို ကျင့်ကြံအားထုတ်ကြည့်တဲ့အခါလောကီသမာပတ်(၈)ပါးကိုရရှိပါတယ်။ ဥဒကရာမပုတ္တအကျင့်လည်း လောကီဈာန်ရကြောင်းအကျင့်ဖြစ်တဲ့အတွက် အာဠာရရသေ့အကျင့်နဲ့တူနေပြန်ပါတယ်။ဒါ့ကြောင့် ဘုရားအလောင်းတော်ဟာ ဒီပုဂ္ဂိုလ်တွေရဲ့အကျင့်နဲ့ ငါနဲ့မကိုက်ညီ သူတို့ထံမှာ ဆက်နေရင် ငါလိုချင်တဲ့ မသေရာမှန်မြတ်နိဗ္ဗာန်ရဲ့လမ်းစဉ်ကို ရနိုင်မယ်မဟုတ်။ တွေ့မှာလည်းမဟုတ်။ ဒီနေရာမှာ နောက်ထပ် ဆက်ရှာရင်လည်း ဒီလိုနည်းလမ်းတွေကိုပဲ တွေ့မှာပဲ။


ဒီနေရာဟာ ငါနဲ့ ပဋိရူပဒေသဝါသမဖြစ်ဘူးလို့ အကြံဖြစ်ကာအဲဒီရသေ့တွေထံမှ ဖဲခွါပြီး ရာဇဂြိုဟ်မှ မိုင်(၆၀) ဝေးကွာတဲ့ ဂယာသီသတောင်တန်းရဲ့အနီးနေရဉ္ဇရာမြစ်ကမ်းနဘေးက ဥရုဝေလတောအုပ်သို့ကြွလာခဲ့ပါတယ်။ ဘုရားအလောင်းတော်ဟာ ဥရုဝေလတောအုပ်မှာ ပထမ အစားအစာမစားဘဲ တပအကျင့်ကို ကျင့်၍ နိဗ္ဗာန်လမ်းစဉ်ကို ရှာဖွေပါတယ်။ကြာကြာအားထုတ်လာတဲ့အခါအဲဒီလမ်းစဉ်ဟာလည်းကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်ရုံမျှအပနိဗ္ဗာန်ကိုမရနိုင်ဘူး ဆိုတာကို သဘောပေါက်နားလည်သွားကာ နောက်ဆုံး မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ကျင့်ကြံအားထုတ်လိုက်တဲ့အခါ နည်းမှန်၊ လမ်းမှန်၊ နေရာမှန်ကို ရှာဖွေတွေ့ရှိသွားတဲ့ အတွက်ကြောင့် နေရဉ္ဇရာမြစ်ရဲ့အနောက်ဖက်ကမ်းက ဟာဗောဓိပင်ကြီးအောက်မှာ မဟာသက္ကရာဇ်-၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်မှာ လောကရဲ့သဘာဝဓမ္မအမှန် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်၍ မသေရာမှန်မြတ်နိဗ္ဗာနကိုတွေ့ရှိသွားကာ ဘုရားစင်စစ်ဧကန်ဖြစ်တော်မူပါတယ်။


(၅)ဌာနကောင်းမှ ဌာနီကောင်းမယ်ဆိုတဲ့ ဆရာတော်ကြီးရဲ့ သြဝါဒစကားဟာ အလွန်နက်ရှိုင်းတဲ့ သြဝါဒပါပဲ။ချဲ့ပြီးတွေးခေါ်နိုင်ပါတယ်။ ဆရာတော်ကြီးက လူ့ဘဝနယ်ပယ်မှာ ဖြတ်သန်းတဲ့အခါ ဘဝကိုဘယ်လိုတည်ဆောကိဖို့ တိုးတက်ကြီးပွါးအောင် ဘယ်လိုလုပ်ဖို့ စတာတွေကို သြဝါဒတွေနဲ့ အမြဲဆိုဆုံးမလေ့ရှိပါတယ်။“ရေတွင်းထဲက ဖားငယ်တစ်ကောင်ဟာ ရေတွင်းရဲ့ရေအကြောင်းကိုပဲသိတယ်။ ပင်လယ်သမုဒ္ဒရာရေ အကြောင်းကိုမသိဘူး”တဲ့။ ဒီသြဝါဒစကားကလည်း မှတ်သားစရာတစ်ခုပါပဲ။ သံဃာအပါး (၁၀)ပါးရှိတဲ့ကျောင်းက စာမေးပွဲအောင်ချင်တာလား။ သံဃာအပါး (၁၀၀၀)ရှိတဲ့ကျောင်းက စာမေးပွဲအောင်ချင်တာလားစသဖြင့် ဆရာတော်ကြီးက စာသင်သားရဟန်းသာမဏေတွေကို အမြဲမေးလေ့ရှိပါတယ်။ ဒီသြဝါဒတွေဟာ အဓိပ္ပါယ်ရှိပြီးအလွန်တာလားတဲ့ သြဝါဒတွေပါ။


အဆင့်မြင့်တဲ့နေရာမှာ နေချင်တာလား။ အဆင့်နိမ့်တဲ့နေရာမှာ နေချင်တာလား။ အဆင့်မြင့်တဲ့နေရာမှာ ပညာသင်ယူချင်တာလား။ အဆင့်နိမ့်တဲ့နေရာမှာ ပညာသင်ယူချင်တာလား စသဖြင့်ချဲ့ပြီးတွေးယူနိုင်ပါတယ်။ ပညာသင်ယူနေတဲ့သူတွေအတွက် အားတက်စရာသြဝါဒတစ်ခုက “ကိုယ်က ဆယ်တန်းမှာ စာမေးပွဲ ၄-၅ နှစ်ကျရှုံးနေပေမယ့်လည်း စိတ်မညစ်ပါနဲ့၊ မရှက်ပါနဲ့ စာမေးပွဲဖြေပါတဲ့။ အောင်မြင်တဲ့နေ့ဟာ ဘဝအတွက်အောင်မြင်မှုတစ်ခုပါပဲ။ စာမေးအောင်လာတဲ့တစ်နေ့မှာ ဒီလူက ဆယ်တန်းမှာ ငါးနှစ်ကျခဲ့တယ်၊ ဆယ်နှစ်ကျခဲ့တယ်လို့ အောင်လက်မှတ်မှာ စာရေးလို့ ပါလာတာ မဟုတ်ဘူးတဲ့။


ဆိုလိုတာကတော့ ဘယ်အလုပ်ကိုဘဲလုပ်လုပ် အခက်အခဲတွေ့ရင်လည်းစိတ်မညစ်နဲ့ဆက်ကြိုးစား၊ တစ်နေ့မဟုတ်တစ်နေ့အောင်မြင်လာမှာပဲ“မဖြစ်သေးတာပဲ ရှိတယ်၊ မဖြစ်ဘူးဆိုတာမရှိဘူး”ဆိုတာကို အားပေးပြောဆိုတဲ့ သြဝါဒဖြစ်ပါတယ်။ဌာနကောင်းရင် ဌာနီကောင်းတယ်လို့ ဆိုတဲ့နေရာမှာ နေရာက အဆင့်မြင့်တဲ့နေရာဖြစ်နေပေမယ့် ကိုယ်ကိုတိုင်က မကောင်းရင်တော့ ဌာနီလည်းကောင်းလာမှာ မဟုတ်သလို ဘဝလည်းတိုးတက်လာမှာ မဟုတ်ပါဘူး။


နေရာဌာနကကောင်းနေပြီး ဘဝမှာ မကြိုးစားဘဲ ဆိုးပေနေတဲ့ သူတွေဟာ မိမိဘဝကို တန်ဖိုးမထား။နားမလည်တဲ့သူတွေလို့ဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ်ဘဝတိုးတက်ချင်ရင်တော့ ဘဝအောင်မြင်တိုးတက်စေနိုင်တဲ့ ကိုယ်နဲ့သင့်တင့်လျောက်ပတ်တဲ့ နေရာဌာနကောင်းမှာနေထိုင်နိုင်အောင် ကြိုးစားပြီး စိတ်ကောင်းနှလုံးကောင်းမွေးမြူကာ ဌာနီကောင်းအောင်(ကိုယ်ကိုယ်တိုင် ကောင်းအောင်) ကြိုးစားရမှာ ဖြစ်ပါတယ်။စာရေးသူ-သစ္စာရောင်ခြည်
(၃၀-၈-၂၀၁၀)