Wednesday, June 1, 2011

အိုမင်းမှု့ ရွှေရတု


အိုမင်းမှု့ ရွှေရတု


“ ဘယ်သူလဲ ”

“ ငါပါကွ ဇရာပါ ”

“ ဘာကိစ္စလဲ ”

“ မင်း အသက်ငါးဆယ်ပြည့်တဲ့ အကြောင်း လာပြောတာ ”

“ သိပါတယ် ”

“ သိပါတယ် လုပ်မနေနဲ့ ။ တံခါးဖွင့်ပါဦး ”

တံခါးဖွင့်ကြည့်လိုက်တော့ ဇရာတစ်ယောက်တည်းမဟုတ်ဘူး ။ သူ့နောက်မှာ ပြုံးစိစိနဲ့ လှမ်းကြည့်နေသူနှစ်ယောက် ။ ဗျာဓိနဲ့ မရဏ ။

ဇရာက နောက်ကိုတစ်ချက်လှည့်ကြည့်ပြီး ပြောနေပြန်တယ် ။

“ ငါ တံခါးခေါက်ပြီးရင် ဒီကောင်တွေ ခေါက်တော့မှာနော် ”

“ သိနေတယ်လေ ”

“ ဘယ်လိုသိတာလဲ ”

“ နာခြင်းနဲ့ သေခြင်း မဟုတ်လား ”

ဗျာဓိက ၀င်ပြောပြီ ။

“ ငါက ဆေးသောက်ရုံနဲ့ ပျောက်တတ်တဲ့ နာခြင်းမျိုးမဟုတ်ဘူးနော် ။ မသေ - သေအောင် နှိပ်စက်မှာ ”

သူက ပြောပြီးတာနဲ့ မရဏဘက်ကို လှည့်ကြည့်လိုက်တယ် ။ မရဏက ပြုံးရင်းခေါင်းညိတ်ပြနေတယ် ။ ပြီးတော့ တစ်ချက်လှမ်းအော်ပြောလိုက်တယ် ။

“ ငါတံခါးခေါက်ရင် မင်းဒီအိမ်မှာ နေခွင့်မရတော့ဘူးနော် ”

သူ့အသံက မာတယ် ။ ခပ်တင်းတင်း ခပ်ပြတ်ပြတ် ။ ဒီတော့ လည်းကိုယ့်ဘက်က ပြတ်သားရမှာပေါ့ ။

“ သိပါတယ် ”

ဇရာ ၊ ဗျာဓိ ၊ မရဏ အသံတွေမြိုင်သွားမှ အခန်းထဲမှာ ငြိမ်ကုတ်နေတဲ့ကောင်က ထထွက်လာတယ် ။ အတူနေ အခန်းဖော်ပေါ့ ။ အပြင်က သုံးကောင်က အထဲက တစ်ကောင်ကို သံပြိုင်နှုတ်ဆက်လိုက်ကြတယ် ။

“ ဟေ့ကောင် ဇာတိ ၊ ဘော်ဒါကြီး အဆင်ပြေလား ”

“ သိပ် မပြေဘူး ”

“ ဘာဖြစ်လို့လဲကွ ”

“ ဒီကောင် သတိပဋ္ဌာန်တရား အားထုတ်နေတာကွ ။ ငါတို့ အကြောင်းကို ရိပ်မိနေပြီ ”

“ ကိစ္စမရှိပါဘူးကွာ ၊ ဒီကောင်ဘယ်လောက် သတိကောင်းမှာတဲ့တုံး ၊ ငါသိသိသာသာ နှိပ်စက်ပြရင် ဒီကောင် လန်ထွက်သွားမှာပါ ”

ဇာတိနဲ့ဗျာဓိ အပြန်အလှန်ပြောနေကြတာ ။ ကိုယ့်အကြောင်းကို ကိုယ့်ရှေ့ မှာ ပြောင်ပြောင်တင်းတင်းပြောနေကြတာ ။ ပြောကြပါစေလေ ။ ကိစ္စမရှိပါဘူး ။ သူတို့လက်ထဲရောက်မှတော့ ဘယ်တတ်နိုင်မလဲ ။ နှလုံးသွင်းနေကျအဆုံးအမကိုပဲ အာရုံပြုနေလိုက်မိပါတယ် ။

“ မြင်တာ ဘာတဲ့လဲ ၊ မြင်သိ ရုပ်နာမ် ”

“ ကြားတာ ဘာတဲ့လဲ ၊ ကြားသိ ရုပ်နာမ် ”

“ မြင်သိမမြဲ ၊ မြင်ဆင်းရဲ ၊ မြင်ထဲ ငါမပါ ။ အဲဒါသဘာဝ အနတ္တာ ။ ကြားသိမမြဲ ၊ ကြားဆင်းရဲ ၊ ကြားထဲ ငါမပါ ။ အဲဒါသဘာဝ အနတ္တာ ”

“ ဒီကောင် ငြိမ်သွားပြီ ။ ကြောက်နေတယ်ထင်တယ်ကွ ”

မရဏရဲ့  အသံခပ်မာမာနဲ့ မှတ်ချက် ။ နည်းနည်းတော့ ပြန်ပြောမှဖြစ်မယ်ထင်တယ် ။

“ အသေကြီးကို ကြောက်ကြတာ လူတိုင်းရဲ့ သဘာဝပါ ။ ဒါကိုမငြင်းပါဘူး ။ လက်ခံပါတယ် ။ ဒါပေမဲ့ သတိပဋ္ဌာန် ၀ိပဿနာတရားကို သေသေချာချာအားထုတ်ထား ရင် စက္ကန့်တိုင်းမှာ အသေလေးတွေနဲ့ တွေ့တဲ့ အတွေ့အကြုံတွေ ရနေပြီးသားမို့ပါ ”

မရဏက တစ်ဖက်ကိုလှည့်သွားတယ် ။ ဗျာဓိကတော့ သိပ်ကျေနပ်ပုံမရဘူး ။ ခပ်ဆက်ဆက်နဲ့ လှမ်းမေးတယ် ။

“ မင်း အဲဒီအလုပ်ကိုလုပ်တော့ ငါ့လိုမျိုး သေလောက်အောင် နှိပ်စက်တဲ့ နာတာမျိုး ကြုံဖူးလို့လား ”

“ ကြုံဖူးတာပေါ့ ။ ဒါ ဝေဒနာက္ခန္ဓာရဲ့  သဘာဝတစ်ခုပဲ ။ တစ်ကိုယ်လုံး အကြောအခြင်တွေပြတ်ထွက်ပြီး သေလှမတတ်ခံခဲ့ရတာ ”

“ ဟုတ်လား ၊ ဒါဖြင့် မင်း ဘယ်လိုကျော်လွှားခဲ့သလဲ ”

“ ဘုရားရှင်ရဲ့  တရားတော်ကို အသက်ပေး ယုံကြည်ခြင်းဆိုတဲ့ စိတ်နဲ့ပေါ့ကွာ ”

“ မင်းပြောတာ ငါနားမလည်ဘူး ”

“ ဘယ်နားလည်နိုင်ပါ့မလဲ ။ မင်းတို့လေးယောက်ဟာ တရားတော်ရဲ့  ဆန့်ကျင်ဘက်တွေပဲ ။ ဒါပေမဲ့လည်း မင်းတို့ကို ကျေးဇူးတင်ပါတယ် ။ မင်းတို့ ခြိမ်းခြောက်အား ကောင်းလို့ တရားရဲ့  အနှစ်သာရကို သိခွင့်ရခဲ့တာ ”

“ မင်းစကားက ပဟေဠိဆန်လွန်းတယ် ”

“ မင်းတို့လေးယောက် အတွင်းအပြင်ခွင်ရိုက်ပြီး ငါ့ကို နှိပ်စက်ခဲ့တာ သံသရာနဲ့ချီပြီးကြာလှပြီ ။ ဒီဘ၀မှာတော့ ဗုဒ္ဓတရားတော် အကူအညီနဲ့ မင်းတို့အကြောင်းကို ကောင်းကောင်းသိခွင့်ရလိုက်တာ တကယ့်ကို လူဖြစ်ကျိုးနပ်တော့တာပဲ ”

ဗျဓိနဲ့ စကားကောင်းနေတုန်းမှာပဲ မရဏက မျက်နှာခပ်တင်းတင်းနဲ့ ဖြတ်ပြီးလှမ်းမေးပြန်တယ် ။

“ ဒါဖြင့် မင်းသေရဲပြီလား ”

နှုတ်ဆိတ်နေလိုက်မိတယ် ။ ခေါင်းမညိတ်ချင်ဘူး ။ ခေါင်းမခါချင်ဘူး ။ ခေါင်းညိတ်ရင် ကြွားရာကျမယ် ။ ခေါင်းခါရင် ကြောက်ရာကျမယ် ။ အစွန်းနှစ်ဖက်မလွတ်ဘူး ။ ဒါပေမဲ့ သူက မေးထားပြီဆိုတော့ အဖြေတစ်ခုခုတော့ ပြန်ပေးမှဖြစ်မယ် ။ မရဏရဲ့  မျက်နှာကလည်း အဖြေရမှ ကျေနပ်မယ့်ပုံမျိုး ။

“ သတိပဋ္ဌာန်တရား အားထုတ်နေချိန်တွေမှာ ရုပ်တရား ၊ နာမ်တရားတွေရဲ့  ဖြစ်ခြင်းနဲ့ပျက်ခြင်းကို တွေ့ခွင့်ရနေတော့ မင်းတို့လေးယောက်နဲ့ အမြဲရင်းနှီးနေရသလိုပါပဲ ”

“ ငါ မေးတာကိုပဲ ဖြေပါ ”

“ ငါဖြေတာကလည်း အရှင်းကြီးပါ ။ ရင်းနှီးနေတယ်ဆိုမှတော့ ဘယ်ခေါ်ခေါ် ဘယ်သွားသွား ဘယ်အချိန်ပဲဖြစ်ဖြစ် အတူတူလိုက်နိုင်တာပေါ့ ။ တစ်ခုတော့ရှိတယ် ။ မင်းတို့ အရင်ကလို ငါ့ကိုထင်သလို ခွင်ရိုက်လို့ မရတော့ဘူးဆိုတာကိုတော့ သတိပေးချင်တယ် ။

“ တယ်စာတဲ့ ဆိုပါလား ”

ဇရာက မခိုးမခန့်အပြုံးနဲ့ ၀င်စွက်ဖက်လိုက်တယ် ။ ပြီးတော့ ထပ်ပြီးကွန့်လိုက်ပြန်တယ် ။

“ မင်း- ငါးဆယ်ပြည့်ပြီဆိုတော့ ရွှေရတုမွေးနေ့တွေ ဘာတွေ ခမ်းခမ်းနားနားမလုပ်ဘူးလား ။ တစ်သက်မှတစ်ခါ ကြုံရတာပဲဟာ ၊ ဖိတ်စာတွေဘာတွေ လှလှပပရိုက်ပြီး သူများတွေလို အကျအနမလုပ်ဘူးလား ။ ကျွန်တော် အိုပါပြီဆိုပြီး ပြုံးပြုံးနဲ့ တခမ်းတနား အကျွေးအမွေးတွေလုပ်ပြီး ဂုဏ်မယူချင်တော့ဘူးလား ။ မင်းက လူသိများတာပဲဟာ ။ ဖိတ်စာအပျံစားနဲ့ ဖိတ်လိုက်ရင် ဧည့်သည်တွေ အလျှံပယ် လာကြမှာလေ ”

“ ပုဆိုးပြောင်ပြောင်လက်လက် ၊ ထဘီပြောင်ပြောင်လက်လက်တွေနဲ့ လက်ဝတ်ရတနာမျိုးစုံတွေ တွေ့ရတာ မျက်စိကျိန်းလွန်းလို့ပါ ။ အခမ်းအနားအချိန် သုံးနာရီစလုံး ရယ်ပြ ပြုံးပြရတာ မျက်နှာညောင်းလွန်းလို့ပါ ။ မျက်စိကလည်း သိပ်မကောင်းတော့ဘူး ။ မျက်နှာကလည်းတွန့်လာပြီမို့ မျက်စိကိုလည်း အနားပေးရင်း မျက်နှာကြီးကိုလည်း အရယ်အပြုံးများလွန်းတဲ့ဒဏ်ကြောင့် ထပ်တွန့်သွားမှာစိုးလို့ပါ ”

“ ဒါဖြင့် မင်းဘာလုပ်မှာလဲ ”

“ လူ့ဘ၀မှာ အနှစ်ငါးဆယ် နေထိုင်ခွင့်ရပြီးပြီ ။ နေခဲ့ပြီးသလောက် အသိဉာဏ်ဖြစ်ခဲ့ရဲ့ လား ။ အနာကြီး ၊ အသေကြီးနဲ့ ရင်ဆိုင်နိုင်ဖို့ ကိုယ့်မှာ ဉာဏ်ခွန်အား ဘယ်လောက်ရှိနေပြီလဲ ။ ဘယ်လောက် အာမခံချက် မြင့်မားနေပြီလဲဆိုတာကိုပဲ ဆင်ခြင်နေပါတယ် ။ အဲဒီအလုပ်ကိုပဲ လုပ်နေပါတယ် ”

“ မဟုတ်ဘူးလေကွာ ၊ ဒါက မင်းအပိုင်း ၊ ငါဆိုလိုတာက မင်းအမှတ်တရတစ်ခုခု ကုသိုလ်မပြုခဲ့ဘူးလားဆိုတာပါ ”

“ ကိုယ့်ထက် အဆမတန်အိုမင်းနေကြသူတွေ ၊ သူများကူမှ ထူမှ ထရနဲ့ နာနေကြသူတွေ စုဝေးနေတဲ့ ဘိုးဘွားရိပ်သာကို သွားတယ် ။ အရုဏ်ဆွမ်း မုန့်ဟင်းခါး သွားလှူတယ် ။ ဘိုးဘွားတစ်ဦးစီကို ဓမ္မဒါနစာအုပ်နဲ့ အလှူငွေပေးရင်း အနီးကပ် သံဝေဂယူတယ် ။ ဆေးပဒေသာပင် စိုက်တယ် ”

“ ပြီးတော့ရော ”

“ ပရိယတ် ၊ ပဋိပတ်လုပ်နေတဲ့ တောရဘုန်းကြီးကျောင်းတစ်ကျောင်းကိုသွားပြီး သံဃာအပါး (၁၅၀ ) ကို နေ့ဆွမ်းကပ်တယ် ။ ဒါက အပြင်ပစ္စည်းအလှူ ၊ အတွင်း ပစ္စည်းအနေနဲ့ သွေးလှူဘဏ်သွားပြီး သွေးတစ်ပုလင်း လှူတယ် ”

“ လူတွေကို မဖိတ်တော့ဘူးလား ”

“ လူတွေမှာက အချိန်တွေ အားကြတာမဟုတ်ဘူး ။ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာ ။ ဖိတ်ရင် အားနာပါးနာနဲ့ လာနေရဦးမယ် ။ ၀တ်ရစားရဦးမယ် ။ သွားရလာရ ဦးမယ် ။ ပြင်ဆင်ချိန် ၊ သွားလာချိန် ၊ ဧည့်ခံပြောဆိုချိန်နဲ့ အချိန်တွေ အများကြီးသုံးရမယ် ။ ပိုက်ဆံကုန်မယ် ။ ဓာတ်ဆီကုန်မယ် ၊ ကိုယ့်ဘာသာကိုယ် အသက်ကြီးသွားတာ ၊ နေ့စဉ်နဲ့အမျှလည်း အသက်က ငယ်တယ်မရှိဘူး ။ ကြီးနေတာလေ ။ ကိုယ့်အသက်ကြီးတဲ့ဒုက္ခကို သူများကို ထပ်ဆင့်ထမ်းခိုင်းသလိုဖြစ်နေမယ် ။ ဒါကြောင့်ပါ ”

“ အရင်နှစ်တွေတုန်းက မင်းလုပ်ဖူးပါတယ် ”

“ အရင်က အရင် ၊ အခုက အခုလေ ။ အရင်က အမြင်နဲ့ အခုအမြင်နဲ့ တူချင်မှတူမှာပေါ့ ”

“ မင်းနဲ့စကားပြောရတာ သိပ်အဆင်မပြေဘူး ”

“ ဒီစကားပိုင်းမှာ ဘုဂလန့်စကားတစ်ခွန်းမျှ မပြောခဲ့ပါဘူး ”

ဗျာဓိနဲ့ မရဏကတော့ နေနှင့်ဦးပေါ့ကွာဆိုတဲ့ မျက်နှာပေးနဲ့ မကျေမနပ်လှမ်းကြည့်နေတယ် ။ စိတ်ပြေသွားအောင် ပြောလိုက်ဦးမှ ။

“ ဒီမှာ ဗျာဓိနဲ့မရဏ ၊ အချိန်မရွေးနော် ။ ဒီအိမ်တံခါးကို အမြဲတမ်းဖွင့်ထားပါတယ် ။ ကဲ-ဇရာကလည်း တံခါးခေါက်မနေနဲ့တော့ ။ ပင်ပန်းပါတယ် ။ မင်းမခေါက်လည်း သိပြီးသားပဲ ။ ကဲ-ဇာတိ ၊ မင်းဘော်ဒါတွေနဲ့ လိုက်ချင်လိုက်သွားတော့ ။ ဒါမှမဟုတ်လည်း အပြင်က သုံးကောင်ရဲ့  ဒလံအဖြစ်နဲ့ နေချင်လည်းနေ ၊ မင်းသဘောပဲ ။ အားလုံး Open ပဲ ”

ဇာတိ ၊ ဇရာ ၊ ဗျာဓိ ၊ မရဏ လေးကောင်စလုံး ညာညှိတန်းစီ သလိုမျိုးပုံစံနဲ့ ကိုယ့်ရှေ့  မှာလာရပ်တယ် ။ ပြီးတော့ တစ်ပြိုင်နက်တည်း မေးခွန်းထုတ်လိုက်ကြတယ် ။

“ နေပါဦး မင်းက ငါတို့ကို ခင်တင်းတင်း ခပ်မာမာဆက်ဆံရဲအောင် မင်းမှာ ဘာအားကိုး ၊ ဘာအဆောင်တွေရှိလို့လဲ ။ ပြစမ်း မင်းရဲ့  ညာလက် ။ ငါတို့နဲ့ စကားပြောတုန်း မင်းညာလက်ကို ဖြန့်တယ်မရှိဘူး ။ ဘာအဆောင်တွေ ကိုင်ထားတာတုံး ”

“ တကယ် ဖွင့်ပြရမှာလား ”

“ အေး…. ဟုတ်တယ် ”

လေးယောက်စလုံး သံပြိုင်ထွက်လာတယ် ။

“ သေချာတယ်နော် ”

“ အေးပါ ”

ညာလက်ကို ဆုပ်ထားရာက ဖြန့်ပြလိုက်တယ် ။ သတိပဋ္ဌာန်တရားတော်ဆိုတဲ့ အသားတံဆိပ်ကိုလည်းတွေ့ရော ခြိမ်းခြောက်သူ လေးယောက်စလုံး အငွေ့ပျံပြီး ရိပ်ခနဲ ပျောက်သွားလိုက်ကြတာ အစတောင် ရှာမတွေ့တော့ဘူး ………. ။

ဆရာမြသန်းစံ

@@@ စာလုံးပေါင်း သတ်ပုံများ မှားခဲ့လို့ရှိရင်လဲ ပြင်ဆင်ပြီး ဖတ်ရှု့  ပေးပါရန် အထူး မေတ္တာရပ်ခံရပ်ပါသည် @@@