Monday, June 13, 2011

အမေ့ဖြတ်ထုံး


အမေ့ဖြတ်ထုံး

အသက်ရှစ်ဆယ်ဆိုသော အရွယ်သည် မေ့လွယ် လျှော့လွယ်သော သည်းခြေ လေဖုံး သည့်အရွယ်ဟု ဆိုကြသော်ငြား အမေကားမူ သတိ ကောင်းဆဲပင်၊ တရံတခါ လေစိမ်းမိ၍ ဖျားတတ်သည်မှတပါး ကျန်းမာရေးကလည်း ကောင်းမွန်လျက်ပင်၊ ရွာဦး တိုက်ကျောင်း ဆရာတော်က သီလကောင်း၍ အသက်ရှည်ကြောင်း ပြယုဂ်ကို ထုတ်လျင်အမေ့ကိုသာ ညွှန်းလေ့ရှိသည်၊ ထိုကြောင့် ရွာရပ်၏ လေးစားရိုသေမှုသည် တိုး၍ ခိုင်လေတော့သည်၊ အမေအရွယ်ကောင်း၍ သွားသွားလာလာ ရှိစဉ်ကဆို အမေမို့ဖြတ်သွားလျှင် မူးနေ ရမ်းနေသူများပင်ဖြစ်ပါစေ၊ “ဟိုမှာဒေါ်ကြီးကံ လာနေတယ်” ဆိုကာ ကိုယ်ရှိန်သတ်ကြမြဲ၊ လေးစား သမှုပြုကြမြဲ။

သို့သော် အမေသည် သူ့ချွေးမငယ် ကျွန်တော်ဇနီးနှင့်မူ သိပ်မသင့်၊ အဲ ... အမေက မသင့်တာမဟုတ်၊ကျွန်တော်ဇနီးဘက်က မသင့်တာကို တော့ ဝန်ခံရပေမည်၊ မယားဘက်ခပ်ပါပါ ရှိခဲ့သော်ငြား ကျွန်တော်သည် အမေ့ကိုတော့ တခါမျှ ကဏ္ဍကောဇ မလုပ်ခဲ့၊ အမေ၏ မေတ္တာçကရုဏာ၊ အမေ၏ စေတနာ၊ အမေ၏ ရိုးသားမှု သိက္ခာတို့ သည် သူမထက် သာလွန်ကြောင်းကိုတော့ ဇနီးသည်ရော ကျွန်တော်ပါလက်ခံကြပါသည်၊



ဒါပေမယ့်ယခုကိစ္စကိုမူ လက်မခံနိုင်၊ ဇနီးသည်ကဆို ခါးခါးသီးသီး။“ခု ... ကလေးက ဘယ်ထွက်သွားတာတုန်း” သိုင်းခြုံနေကျ အပြာ ရောင်စင်းနှင့် စောင်ပိုင်းလေးကို ပြင်ခြုံရင်း မေးသည်၊ ပြီး .. သူ့သား မောင်ပဉ္စင်းပေးထားသော နံ့သာပုတီးလေးကို ယူကာ တဂျောက်ဂျောက်နှင့် စိပ်တော့သည်။

“မနေ့ကတည်းက ပြန်မလာဘူး .. သူ့ သူငယ်ချင်းတွေ ဆီနေမှာပေါ့” “မင့် မိန်းမက တဆူဆူလုပ်နေတော့ ... ““လုပ်ရမယ် အမေ ... ဘယ်နှယ်ဗျာ ကျောင်းပြီးမယ်မှ မကြံသေးဘူး၊ အိမ်ထောင်ပြုချင် ရတယ်လို့ နောက်ပြီးယူမယ့် မိန်းမကလည်း ကြည့်ဦး .. ဟင်း”အမေက မှုန်ဝါးဝါးမျက်လုံးလေးတွေဖြင့် မော်ကြည့်သည်၊ ပြီး .. တိုးတိုးသဲ့သဲ့ ...“သူလည်း ဟို .. တက္ကသိုလ်ကျောင်းကြီးကတောင် ပြန်လာတာဘဲ သားရယ်”

“အဲဒါကြောင့်ပေါ့ အမေရ . . တန်ရာ တန်ရာဆို မပြောဘူး . . ဝိုင်းဝိုင်းလည်နေတာ ရွေးပါလေ ချယ်ပါလေ၊.. ခုတော့ဗျာ ဘယ့်နှယ် ... တောက်”

တက်ခေါက်သံပြင်းသွားသည်၊ အမေက မြမြလေးပြုံးရင်း“မင့်မိန်းမက ကလေးမလေး အိမ်ကို ဟိုနေ့က သွားဆူတယ်ဆို” ဒီသတင်းတွေကိုလည်း အမေကြား နေပါလား၊ ဒါ .. ဟိုအကောင် ပြောတာနေမှာ၊ ရည်းစားထိတော့ နာသပေါ့လေ ..ဟင်း၊ ဖွားအေက သူ့ကို ချစ်မှန်းသိလို့ ခံတန်တန်လုပ်ချင် နေတာ မင်းတော့လား .. ကွာ ။

“သွားပြောတာပါ မပြောလို့မရဘူးအမေ ခုခေတ် မိန်းမကလေးတွေက ကဲကဲရယ် .. သဘောမတူမှန်းသိလျက်နဲ့ မျက်နှာပြောင်တိုက်ပြီး အမေ့ဆီ လာလာနေတာကို”

“ဘယ်သူ့ သမီးလဲ” “ကိုမြင့်ကြည် သမီး” “အော် ... မြင့်ကြည် သမီး ... ဒါဆို မရွှေရီရဲ့ မြေးကိုး” ခေါင်းတညိတ်ညိတ်ဆက်ရင်း အမေသည် အိမ်ဝင်းဝ ဆီ လှမ်းရော်ကြည့် နေသည်၊ ဒါမှမဟုတ် အတိတ်ဆီကို လှမ်းရော်ကြည့် နေသည်လား မသိ၊ တော်တော်နှင့် စကားမဆို ထိုကြောင့် ...”ဟုတ်တယ် အမေ ဒေါ်ရွှေရီရဲ့ မြေးပဲ ... ဒါကို အကြောင်းပြုပြီး အမေ့ဆီကို သူတို့လာကြလိမ့်မယ် ..လာတိုင်သလိုလိုနဲ့ သဘောတူဖို့ နားဖောက်ကြလိမ့်မယ်၊ အမေ တခါတည်း ယတိပြတ်ငြင်းလွှတ်လိုက်” စဉ်းငယ်ကြာမှ ... “မျိုးရိုးလေးကတော့ မဆိုးပါဘူးကွယ် ... ရုပ်ရည်ဆိုးလို့လား” “ရုပ်က .. အဲ .. ဟို မဆိုးပါဘူး” “ပညာကကော သားရဲ့” “ဆယ်တန်းနှစ်ခါကျ”သေစာ ရှင်စာတတ်လျင် ကျောင်းထွက်ရသော သူတို့ခေတ်နှင့်စာလျှင် စာတတ်လှပြီဟု အမေတွေးမည်မှာဧကန်၊ ထိုကြောင့်အမေစကား မကောက်မီ ... “ဒါတွေကြောင့် မဟုတ်ပါဘူး” “ရောဂါတွေ ဘာတွေများ ရှိလို့လား” “ကျန်းမာရေးကလည်း ကောင်းပုံရပါတယ်” “စာရိတ္တ ညံ့လို့လား” အဲ ... ဟို .. ဟို .. နာမည်ပျက်မရှိပါဘူး “ဒါဖြင့် မင်းတို့က ဘာသဘောမကျတာ လဲ”ပြောမထွက်၊ တင်မည့် အကြောင်းပြသည် အမေ့အတွက် ခိုင်လုံမည်မထင်၊ ဘယ်လိုပြောရပါ့ဟု စဉ်းစား ခန်းဝင်နေစဉ် ...

“အို ... ဒါလောက်မွဲတေနေတဲ့ဟာ ပေးစားလိုက်လို့ကတော့ ကျွန်မသား ခွေးဖြစ်ယုံပေါ့ .. သူ့တို့ကတော့ အပိုင်လေ ရွှေဘုံပေါ် စံကိန်းပေါ့ .. ဒါကြောင့် မြူဆွယ်ပြီး အပိုင်ဖမ်း နေတာ”

ဇနီးသည်က ပစ္စည်းတစ်ခုခု လာယူရင်း ကြုံကြိုက်ဟန်နှင့် အမေကြားအောင် ဗျစ်တောက်ဗျစ်တောက် ဝင်ပြောသွားသည်၊ အမေကတော့ ဘာမျှမပြော၊ ပုတီးလေးကို ခေါင်းအုံးအောက်သို့ အသာထိုးထည့်လိုက်သည်၊

ပြီးလက်ဖြင့် ဟို .. သည် စမ်းနေ၍ ပန်းပေါင်းစုံ ရူဆေးဘူးလေးကို ယူကာ အမေလက်ထဲ ထည့်လိုက်သည်။ “အဲဒါဘဲ .. အမေ သူတို့လာရင် ...”

အမေက ရူဆေးဗူးလေးကို ဖွင့်နေရာမှ လက်ကာပြလျှက် “သားကို အမေပြောပြရဦး မယ်” “..... နှစ်ဆောင်မြိုင်အိမ်ကြီးပေါ့ သားရယ်၊ခု မောင်ကျော်ဇံတို့ နေတဲ့ဝင်းကြီးဟာ အဲဒီအိမ်ကြီးဝင်း ပေါ့၊ပိုင်ရှင်တွေက “ ဘိုးသာမှင်နဲ့မယ်နှင်းခိုင်”တဲ့၊ အဝေးဆီကို မျှော်ရင်း အမေက တိုးတိုး ညင်သာပြောပြနေသည်၊

အမေသည် ယခုလိုရှေးဟောင်း နှောင်းဖြစ်များကို ပြောပြတတ်သလို၊ ဘယ်သူနှင့် ဘယ်သူကဖြင့် ဘယ်လိုတော်စပ်ကြောင်းကို ဆွေမျိုးစပ်ပြ တတ်သည်၊ သွေးသားတော်မှန်းမသိကြ၍ ရွာသားတွေ စိမ်းကြ၊ ကာကြ၊ သွေးကြဲကြသည်ကိုအမေ မနှစ်သက်၊ ကျွန်တော်တို့ ညီကိုမောင်နှမတွေကို ပုံတိုပါဠ်စများဖြင့် ဆိုဆုံးမ ခဲ့သလို မြေးများကိုလည်း ပုံပြင်၊ နိပါတ်တို့ဖြင့် ပဲ့ပြင်တတ်သည်မှာ အမေ၏ ဝါသနာ သို့သော် ယခု ရှစ်ဆယ်ရွယ်မှာတော့ ဟိုသည်အကြောင်းများကို သိပ်မပြောဆိုတော့၊ “ကိုယ့်အရိုးကို ချီနိုင်တုံး ကျိုးစားမှ” ဆိုကာ ပုတီးစိပ်လျင်စိပ်၊ မစိပ်လျင်မေတ္တာပွား၊ မပွားလျှင် တရားမှတ်ကာ နေတတ်မြဲ၊ ယနေ့မှာမူ အမေ့မှာပြောစရာ တွေရှိနေပုံပင်၊ ထဖို့ခက်ပြီ၊ ဟိုအိမ်ပြေးကောင်”ကို လိုက်ဖမ်းရဦးမည်၊ ဇနီးသည်က ခေါင်းကိုယမ်းပြကာ အမူအရာနှင့် ထသွားဖို့ပြောနေသည်၊

ဘယ်သို့ပြုရပါ့၊ “နွားနှစ်ရှဉ်းကိုင် တောင်သူကြီးတွေပေါ့၊ လယ်တွေ ယာတွေက ကျယ်ဝန်းသလို သားသမီးကလည်း ခုနှစ်ယောက်တောင် ပေါက်ဖွားခဲ့တယ်” သားသုံးယောက်၊ သမီးလေးယောက်၊ ထိုခုနှစ်ယောက်တို့တွင် သားကြီးဩရသ မောင်သာခေါင်သည် ရိုးသားသည်၊ အလုပ်ကျိုးစားသည်၊ ကွမ်းတောင်ပန်း တောင်ကိုင်တို့ သဘောကျသည်။ ဥပဓိရှင်ç သမီးရှင်တိုင်း အားကိုးလောက်သည့် လုပ်အားရှင် ဆေးရွက်ကြီး ခင်းများ၊ ပဲကြီးခင်းများ၊ မြေပဲနှင့် ပြောင်ဖူးခင်းများကို ဦးစီးလုပ်ကိုင်လျှက် ဖခင်ကြီး မျက်နှာလွဲရသည့် သားကြီးဩရသပီဘိခြင်း။တနေ့တွင်တော့ ထိုဂုဏ်တို့ကို ဖုံးကွယ်ပစ်မည့် သတင်းတောမီး ပြန့်လာသည်၊ ရွာတောင်ချောင်ထဲက မီးချစ်ယုံမှာ ကိုယ်ဝန်ပေါ်သည် ဆိုသည့်သတင်း၊ ထိုကိုယ်ဝန်၏ အရှင်မှာ ပျိုတိုင်းကြိုက်တဲ့ မောင်သာခေါင်တဲ့။

မောင်သာခေါင်က အကြောက်အကန်ငြင်းသည်၊ မိခင် မယ်နှင်းခိုင်က သားစကားကိုယုံသည်၊ နှမတွေကလည်း မောင်ကိုထိတော့ မိန်းမချင်းမစာနိုင်တော့၊ ရန်တွေ့ကြသည်၊ ရန်ထောင်ကြသည်၊ “ဒီဟာမတွေ တမင်ထောင်ဖမ်းတာ”ဟု ဆိုကြသည်၊ ဖခင်ဖိုးသာမှင်ကတော့ ခေါင်းတညိတ်ညိတ်နှင့် ဖက်ဖြူဆေးပေါ့လိပ် ကြီးဖွာလျှက်။ ထိုကိစ္စတွင် “သူ့နာလို ရွာတစ်ဝက်၊ ကိုယ့်နာလို ရွာတစ်ဝက်”ဆိုသလို့ တချို့ကတော့ မိန်းကလေးဘက်ကစကားကို ယုံကြသည်၊ သူတို့ပြသောအကြောင်းမှာ မိချစ်ယုံတို့ သားအမိသည် ဖိုးသာမှင်ရဲ့ ယာတွေ ကိုင်းတွေမှာ ခေါ်ကောက် ပေါင်းထိုး အလုပ်သမများ ဖြစ်သောကြောင့် တဲ့ ။

တစ်ဦးနှင့်တစ်ဦး သုံးနှစ်သုံးမိုး လည်၊ မင်္ဂလာဦးညမှ အပျိုလူပျိုဘဝကို စွန့်ကြပြီး ရိုးမြေကျသက်ဆုံးတိုင် ပေါင်းသင်းကြမည့် ပုဆိုးတန်းတင် အကြင်လင်မယား မြောက်ကြသည့် ထိုခေတ် ထိုအချိန် ထိုကာလက ထိုသတင်းသည် ဆိုးဝါးသော သတင်း တခုဖြစ်သည်။

တဖန်လူကလေးဘက်က မထောင်းသာပေမင့်၊ မိန်းကလေးများဘက်အဖို့မူ ဣနြေ္ဒမဲ့သူ အရှက် သိက္ခာနည်းသူအဖြစ် တန်ဖိုးကျရသည့်အဖြစ်၊ တန်ဖိုးကျပြီဆိုလျှင် ရပ်မသုံး ရွာမသုံးတော့၊ ဒီလို အဖြစ်မျိုးကို မဆိုထားနှင့် လက်ကလေးဆွဲခြင်းခံရလျှင်ပင် ထိုသူငယ်မအဖို့ လာဘ်တိတ် စန်းမဲ့ဖြစ်ကာ လူတော သူတောမတိုးတော့၊ သည်ကာလ ထိုကာလတွင် မိချစ်ယုံသည် ... ။

ဆင်းရဲသည့်ဘဝတွင် စိတ်ဆင်းရဲမှုက ထပ်ဆင့်ဖိစီးလာတော့သည်၊ ပစ္စည်းမဲ့သည့် ဘဝတွင် ဂုဏ်သိက္ခာပါမဲ့လာတော့သည်၊ တစ်ခုတည်းသော အားကိုးရာဖြစ်သော မုဆိုးမ အမေကလည်း “ငါတို့လို မကြုံကြပါ စေနဲ့ တော်” ဟုဆိုကာ ငိုရုံသာ ငိုတတ်သည်၊ ဘာမျှမတတ်နိုင်၊ “မလှ စုန်းနိုး” ဆိုသလို အရင်က စုန်းမကြီး ပြုစားတတ်သည်ဆိုသော အမေသည် မျက်ရည်တွေ သွင်သွင် စီးတတ်သည်မှလွဲ၍ ဘာမျှမစွမ်း၊ မိချစ်ယုံ အခုမှအမေကို စွမ်းစေချင်လိုက်တာ၊ ပြီး ... ရက်စက်သူကို ... ။

သို့ဖြင့် တစတစ မိချစ်ယုံ၏ ကိုယ်ဝန်သည် လရင့် ရက်စေ့၍ သားကလေးကို ဖွားမြင်လေတော့သည်။ဆင်းရဲနုံချာလှသည့် မိချစ်ယုံ၏ မီးနေခန်းမှာ သူတို့အိမ်ဝင်းထဲမှ အုပ်ကိုင်းနေသော ကင်းမွန်းရုံကြီး၏ အောက်မှာ ...။

ထို့နေ့တွင် နှစ်ဆောင်ပြိုင်အိမ်ကြီး၏အောက် ဧည့်ခန်းမှာတော့ ဖိုးသာမှင်က “ကဲ... ရှင်နှင်းခိုင်ရေ တို့ ရွာတောင်ပိုင်း သွားကြဆိုရဲ့” ဟု ဆိုလိုက်တော့ သားသမီးများနှင့် ဆွေမျိုးဉာတိတွေက ဝိုင်းဝန်းကန့်ကွက် ကြတော့သည်၊ ဒီတော့ ဖိုးသာမှင်က “အေး... တို့လည်း အဲဒါကိုစဉ်းစားနေခဲ့တာ ရွာဦးတိုက်ကျောင်းဆရာတော်ကို မေးလျှောက်ကြည့်ရသေး၊ လက်စသတ်တော့ လူတွေဟာ ရွှေတွေ ငွေတွေ လယ်ယာ ကိုင်းကျွန်းတွေမှ တန်ဖိုးရှိတယ် ထင်ပြီး လူကျတန်ဖိုးရှိတယ် မထင်ကြဘူး၊ ရွှေçငွေ သက်မဲ့တွေကျ တရိုတသေထားကြပြီး လူသားတန်ဖိုးကျ တန်ဖိုးထားရ ကောင်း မှန်း မသိကြဘူး၊ တို့အဖြစ်ကလည်း ဒါမျိုးပဲလကွယ် .. ။

“ဒါနဲ့ ကျုပ်သားကိစ္စနဲ့ ဘာဆိုင်လို့လဲ ကိုသာမှင်ရဲ့”

“ဆိုင်ပါသော်ကော ကျောင်းအမရယ်၊ တို့လည်းအဲဒီလိုထင်ပြီး သူတစ်ပါးကိုမတူမတန် စည်းကန့်ခဲ့ကြသမှုတ်လား၊ တကယ်ဆို လူကမှ “ကြိုးစားက ဘုရားဖြစ်” နိုင်သတဲ့၊ ညည်းတို့ရွှေတွေçငွေတွေက ဘာဖြစ်နိုင်မှာတုန်း၊ဒါကြောင့် လူကမှ တကယ်တန်ဖိုး ကြီးတာကွဲ့၊ ဒီမယ် ညည်းတို့မြဲမြဲမှတ်ထား ဘယ်သူမှ မွေးကတည်းက သူဋ္ဌေးလေးသူကြွယ်လေးရယ်လို့ မွေးလာတာမဟုတ်ဘူး၊ လူအဖြစ်ပဲ မွေးလာတာ တို့များရဲ့ မန္တလေးဆရာတော်ပြုတဲ့ ကျမ်းထဲမှာ လူဘဝဆိုတာ ရခဲတဲ့ တကယ် “နဂိုတန်ဖိုး”၊ သူဋ္ဌေးတို့ ဘာတို့ဆိုတာ ကိုယ်ကြိုးစားမှုရဲ့ အရိပ် “အပိုတန်ဖိုး”တဲ့၊

ခုတော့တို့က “အပိုတန်ဖိုး”တွေကို အထင်တကြီးရှိပြီး “နဂိုတန်ဖိုး”ကိုကျတော့ ရှိတယ်လို့တောင် မထင်ချင်ကြဘူး။ ‘အဘကလည်း ဘာတန်ဖိုးတွေ ညာတန်ဖိုးတွေထားပါ ခုဟာက မဟုတ်ဘဲနဲ့ ကျုပ်တို့မောင်ကလှည်းကျိုးထမ်းရမှာလား” ‘တယ်ခက်တဲ့ သမီးကြီးဘဲ .. အဘက မဟုတ်ဘဲနဲ့ ကိုယ့်သား ဆင်းရဲစေ၊ သူ့သွေး ချမ်းသာစေပြုပါ့ မလားကွယ် .. ခုဟာက စုံစမ်းစေ့ငုပြီးပါပြီ’

ဒီမျှသာ ဖိုးသာမှင်ပြောလိုက်သည်။ ပြောင်းဖူးခင်းစောင့်သည့် လင့်စင်ရိပ်က ရုတ်တရက်ဆုံလိုက်ရသောပုံရိပ်ဟောင်းသည် တင်ပြဖို့မဖွယ်ရာ၊ အကြောင်းပြသည် လုံလောက်ç လောက်ပြီထင်၍ ဖိုးသာမှင် အသာအယာထလိုက်ကာ ...”ကိုင်း .. ရှင်နှင်းခိုင် လာဟေ့၊ တို့ တန်ဖိုးထားရမည့် အရာလေးတစ်ခုတောင် တိုးလာပြီတဲ့ အဲဒီကိုသွားချေစို့ရဲ့” ထိုနေ့ ညနေစောင်းတွင် တရွာလုံး အံ့အားသင့်ဖွယ်မြင် တွေ့ရသည်ကား ...

‘ရှေ့က ဖိုးသာမှင်က ကလေးပိုက်လို့ မယ်နှင်းခိုင်က ချွေးမရဲ့အဝတ်ထုပ်ရွက်လို့ မိချစ်ယုံက နနွင်းတွေအထိန်သားနှင့် နောက်ကလိုက်လို့ နှစ်ဆောင်မြိုင် အိမ်ကြီးဆီ ပြန်လာကြသတဲ့’

အမေစကားကို လက်စသတ်လိုက်သည်၊ ကျွန်တော့် အတွေးကမူ လက်စမ သတ်နိုင်သေး၊ အမေ့ကို အံ့ဩစွာငေးကြည့်နေမိသည်၊ အမေ၏ မီးခိုးရောင်သန်း မျက်ဝန်းလေးတွေသည် တစ်စုံတစ်ခုဖြင့် စွတ်စိုကာ တောက်လက်နေကြသည်၊ ကျွန်တော့် မျက်လုံးတို့တွင်လည်း တစ်စုံတစ်ခုကို အမေမြင်နိုင်မည်လားမသိ၊ အိပ်ယာဆီ တိုးရွေ့ရင်း..”အဲဒီ ဖိုးသာမှင်ဆိုတာ ငါ့သားရဲ့ အဘိုးကြီးကွယ့်”

ပြောစရာစကား ကျွန်တော့်မှာမရှိတော့ပါ၊ ထိုပြောစရာ စကားမရှိခြင်းအကြောင်းကို အမေသဘောပေါက်တန်ကောင်းပါရဲ့ အိပ်ယာပေါ် လှဲရန်ပြင်နေသော အမေ့ကို ဖေးမçပေးလိုက်သည်၊ အမေက ...” အဲဒီ မချစ်ယုံ ဆိုတာကလဲ ....?

အမေလည်ပြန်ရော်ရမ်းကြည့်ရာ အိမ်၏ ပုဏ္ဏကွယ်ဆီမှ ရွေ့လျားမှုကြောင့် မတော်တဆထိခိုက်သံ တစ်ခုကို ကြားလိုက်ရသည်။

ကံထွန်းသစ်

(နိုဝင်ဘာလ - ရွှေအမြုတေရုပ်စုံ မဂဇ္ဂဇင်း - ၂၀ဝ၈ ခုနှစ်)