Sunday, June 26, 2011

လူပီသခဲ့ကြသူများ.



လူပီသခဲ့ကြသူများ.


ကုရုတိုင်း၊ ဣန္ဒပတ္တပြည်မှာ ဘုရားလောင်း ဓနဉ္စယ ကောရဗျမင်းကြီး မင်းပြုစဉ် မင်းကြီးအပါအဝင် ပုဂ္ဂိုလ် (၁၁)ဦးဟာ ဂရုဓမ္မဆိုတဲ့ ငါးပါးသီလကို အလွန်စင်ကြယ်စွာ စောင့်ထိန်းကြပါတယ်။ မြို့တံခါး (၄)ခု၊ မြို့လယ်၊ နန်းတော်တံခါး ဆိုတဲ့ (၆)ဌာနတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်ပြီး နေ့စဉ် (၆)သိန်းဖိုး (၆)သိန်းဖိုး လှူဒါန်းပါတယ်။ တိုင်းသူပြည်သားတွေအနေနဲ့ ထွန်ယက် စိုက်ပျိုး စားစရာ မလိုပါဘူး။ အလွန်ပဲ စည်ပင်ဝပြော သာယာပါတယ်။

ကာလိင်္ဂိတိုင်း ဒန္တပူရပြည်မှာ ကာလိင်္ဂိမင်း မင်းပြုပါတယ်။ အဲဒီ့တိုင်းပြည်မှာတော့ မိုးခေါင် ငတ်မွတ် အနာရောဂါ ထူပြောပါတယ်။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေဟာ နန်းတော်ကိုသွားပြီး ဆန္ဒပြကြပါတယ်။ မင်းကြီးအနေနဲ့ အလှူပေး၊ ရှေးအစဉ်အလာအတိုင်း ဆောင်ရွက် လုပ်ကြည့်ပေမယ့် မိုးက ရွာမလာပါဘူး။ အဲဒီ့အခါ ဣန္ဒပတ္တပြည်မှာ သာယာဝပြောတာဟာ အဉ္စနဝဏ္ဏ မင်္ဂလာဆင်တော်ကြောင့် နေမှာပဲဆိုပြီး ဓနဉ္စယ ကောရဗျမင်းကြီးထံမှာ ဆင်တော်ကို အလှူခံကြပါတယ်။ ဆင်တော် ရောက်လာပေမယ့်လည်း မိုးက မရွာပါဘူး။ ဒါနဲ့ ဓနဉ္စယ ကောရဗျမင်းကြီး စောင့်ထိန်းတဲ့ ဂရုဓမ္မသီလကြောင့်လို့ သဘောပေါက်ပြီး အဲဒီ့သီလကို ရွှေပြားထက်မှာ ရေးသားဆောင်ယူခဲ့ဖို့ စေလွှတ်လိုက်ပါတယ်။

(၁) ဓနဉ္စယ ကောရဗျမင်းကြီး (ဘုရားလောင်း)ထံ သီလတောင်းတဲ့အခါ မင်းကြီးက သူရဲ့သီလကို သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။ တန်ဆောင်မုန်းလ ပွဲသဘင်တစ်ခုမှာ တစ်ဘက်ဆည်ကန်ရဲ့ ကန်ဘောင်ပေါ်မှာရပ်ပြီး အရပ်(၄)မျက်နှာကို ပန်းမြားတွေ ပစ်ရစဉ် ကျန်မြား(၃)စင်းကို ပြန်တွေ့ပေမယ့် ရေမှာကျတဲ့မြားကို ရှာမတွေ့ပါဘူးတဲ့။ ငါးစတဲ့ သတ္တ၀ါတွေရဲ့ ကိုယ်ပေါ်မှာများ ကျတာလားဆိုပြီး သံသယဖြစ်မိပါတယ်တဲ့။ ဒီအခါ တမန်တွေက မင်းကြီးမှာ သတ်လိုတဲ့ စေတနာမှ မရှိတာ။ အပြစ်မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးရဲ့ သီလကိုသာ ရေးပေးတော်မူပါလို့ တောင်းပန်ကြလို့ ရွှေပေလွှာပေါ်မှာ 'ပါဏော နဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊ ကာမေသုမိစ္ဆာစာရာ နစရိတဗ္ဗာ၊ မုသာဝါဒါ နဘဏိတဗ္ဗာ၊ မဇ္ဇံ နပါယိတဗ္ဗံ' လို့ ရေးသားပေးလိုက်ပြီး မယ်တော်ရဲ့ သီလက ပိုစင်ကြယ်ပါတယ်ဆိုပြီး မယ်တော့်ထံ ညွှန်လိုက်ပါတယ်။

(၂) မယ်တော် (မဟာမာယာလောင်း)ထံ တောင်းတဲ့အခါ မယ်တော်ကလည်း သူ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ သားတော်မင်းကြီးက အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်နဲ့ အဖိုးတစ်ထောင်ထိုက်တဲ့ ရွှေပန်းတို့ကို မယ်တော်အတွက် ပို့ဆက်လိုက်တုန်းက မိမိမသုံးဆောင်ဘဲ ချွေးမတော်တွေကိုပေးဖို့ အကြံဖြစ်ပါတယ်တဲ့။ ချွေးမအကြီးဖြစ်တဲ့ မိဖုရားကြီးက ပြည့်စုံပါတယ်လေလို့ကြံပြီး အဖိုးတစ်ထောင်ထိုက်သော ရွှေပန်းကိုပဲ ပေးလိုက်ပါတယ်တဲ့။ ချွေးမအငယ်ဖြစ်တဲ့ အိမ်ရှေ့မိဖုရားကိုတော့ အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်ကို ပေးလိုက်ပါတယ်တဲ့။ ပေးပြီးကာမှ အစဉ်အလာအတိုင်း ကြီးမြတ်သူကို ဦးစားမပေးမိလို့၊ ရသင့်ရထိုက်တာကို မရအောင်ပြုမိလို့ မိမိသီလများ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ဆိုပါတယ်။ ဒီအခါ တမန်တွေက ကိုယ့်ပစ္စည်း ကိုယ်ကြိုက်သလို လုပ်နိုင်တာပဲ။ ဒါကိုမှ မကောင်းမှုလို့ သတ်မှတ်ရရင်တော့ တခြားဟာတွေဆို ဘယ်လိုလုပ်မလဲ။ မယ်တော်ရဲ့ သီလကို ပေးသာပေးပါ လို့ တောင်းခံမှတ်ယူကြပါတယ်။ မယ်တော်ကလည်း ချွေးမတော် မိဖုရားကြီးထံ သီလတောင်းဖို့ ထပ်ပြီးစေလွှတ်လိုက်ပြန်ပါတယ်။

(၃) မိဖုရားကြီး (ယသော်ဓရာလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ မင်းကြီးတိုင်းခန်း လှည့်လည်လာတာကို လေသောက်ပြတင်းက ကြည့်ပါတယ်တဲ့။ မင်းကြီးနောက်ပါးက အိမ်ရှေ့မင်းကို မြင်တော့ မင်းကြီး နတ်ရွာစံရင် အိမ်ရှေ့မင်းက သူ့ကို မိဖုရားမြှောက်ရင် ကောင်းမှာပဲလို့ ကြံစည်မိပါတယ်တဲ့။ အဲဒီ့လို မိမိမှာ ကာမပိုင်ရှိပါလျက်နဲ့ တခြားယောက်ျားကို ကိလေသာရဲ့ အစွမ်းနဲ့ ကြည့်မိတဲ့အတွက် သူရဲ့သီလ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ပြောပါတယ်။ တမန်တွေကလည်း စိတ်ဖြစ်ကာမျှနဲ့တော့ သီလမပျက်နိုင်ပါဆိုပြီး မိဖုရားရဲ့ သီလကို တောင်းခံမှတ်ယူကြပါတယ်။ မိဖုရားကလည်း အိမ်ရှေ့မင်းက သီလကို ကောင်းစွာစောင့်ထိန်းပါတယ်လို့ ညွှန်လိုက်ပြန်ပါတယ်။

(၄) အိမ်ရှေ့မင်း (အရှင်အာနန္ဒာလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိကြောင်း ဆိုပြန်ပါတယ်။ မင်းကြီးထံ ညနေချမ်းအခါ အခစားဝင်တဲ့အခါ နန်းတော်မှာပဲ ညအိပ်မယ်ဆိုရင် နှင်တံနဲ့ ကြိုးကို ရထားဦးမှာ ထားပါတယ်တဲ့။ ဒါကိုမြင်ရင် ရထားထိန်းနဲ့ အခြွေအရံတွေ ပြန်သွားကြပြီး မနက်ရောက်မှ လာကြိုကြရပါတယ်တဲ့။ နန်းတော်မှာ ညမအိပ်၊ ခဏသာကြာမယ်ဆိုရင်တော့ နှင်တံနဲ့ ကြိုးကို ရထားအတွင်းမှာပဲ ထားပါတယ်တဲ့။ ဒါဆိုရင် အခြွေအရံတွေက နန်းတော်တံခါးမှာ စောင့်နေကြရပါတယ်တဲ့။ တစ်နေ့မှာတော့ နန်းတော်မှာ ညမအိပ်၊ ပြန်လာမယ် ရည်ရွယ်ပြီး နှင်တံနဲ့ ကြိုးကို ရထားတွင်းမှာ ထားကာ နန်းတော်သို့ ဝင်ပါတယ်တဲ့။ အဲဒီ့ခဏမှာပဲ မိုးကြီးသည်းထန်စွာ ရွာပါတော့တယ်။ မင်းကြီးကလည်း မိုးရွာနေတဲ့အတွက် နန်းတော်မှာပဲ ညအိပ်ခိုင်းပါတယ်။ နောက်နေ့ မိုးလင်းတဲ့အခါ နန်းတော်တံခါးမှာ မိုးရေတွေ စိုရွှဲပြီး တစ်ညလုံး စောင့်နေကြရတဲ့ အခြွေအရံတွေကို တွေ့ရတဲ့အခါ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ ဒါ့ကြောင့် မိမိသီလအပေါ်မှာ သံသယဖြစ်မိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း တမင်ရည်ရွယ်တာမဟုတ်လို့ အပြစ်မဖြစ်နိုင်ကြောင်းပြောပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ တဖန် အိမ်ရှေ့မင်းက ပုရောဟိတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၅) ပုရောဟိတ် (အရှင်မဟာကဿပလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ အခြားမင်းတစ်ပါးက အလွန်နူးညံ့ကောင်းမွန်တဲ့ ရထားတစ်စီးကို မင်းကြီးထံ ဆက်သဖို့ ယူလာတာ လမ်းမှာတွေ့ပါတယ်တဲ့။ မိမိကလည်း အသက်ကြီးနေပြီဖြစ်တဲ့အတွက် မင်းကြီးကများ မိမိကို ပေးစွန့်လိုက်ရင် ကောင်းမှာပဲ။ ဒီလို ရထားကောင်းကောင်းလေးနဲ့ ချမ်းချမ်းသာသာ လှည့်လည်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ ကြံစည်မိပါတယ်တဲ့။ မင်းကြီးထံ ရထားကို ဆက်သကြတဲ့အခါမှာလည်း မင်းကြီးက ပုရောဟိတ်ကြီးကိုပဲ ပေးပါတယ်တဲ့။ ပုရောဟိတ်ကြီးက လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ သူများပစ္စည်းကို လောဘနဲ့ လိုချင်တောင့်တမိတဲ့အတွက် သီလပျက်စီးပြီလို့ သံသယ ရှိလို့ပါတဲ့။ ဒါကြောင့် သူ့သီလကို မပေးချင်ပါလို့ ဆိုပါတယ်။ တမန်များကလည်း လောဘဖြစ်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ ပုရောဟိတ်ကြီးကလည်း မြေတိုင်းအမတ်ထံ တဖန်ညွှန်လိုက်ပြန်ပါတယ်။

(၆) မြေတိုင်းအမတ် (အရှင်မဟာကစ္စည်းလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းက တစ်နေ့မှာ မြေအပိုင်းအခြား ငုတ်ရိုက်တဲ့အခါ ပုစွန်တွင်းပေါ် တည့်တည့်ကျနေပါတယ်တဲ့။ အဲဒီ့တွင်းကိုရှောင်ပြီး ဒီဘက်နှုတ်ခမ်းမှာ ငုတ်ရိုက်ရင် မင်းကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဟိုဘက်နှုတ်ခမ်းမှာ ရိုက်ပြန်ရင်လည်း လယ်သူကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဒါနဲ့ တွင်းအခြေအနေကို အကဲခတ်ကြည့်၊ တွင်းထဲ ပုစွန်မရှိလောက်ဘူးထင်ပြီး တွင်းတည့်တည့်ကို ငုတ်ရိုက်လိုက်ပါတယ်တဲ့။ အဲဒီ့အခါ တွင်းထဲက ပုစွန်သံကို ကြားလိုက်ရပါတယ်တဲ့။ ပုစွန်များ သေသွားသလားလို့ သူ့သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ အဲဒီ့အခါ တမန်တို့ကလည်း စေတနာ မပါတဲ့အတွက် အပြစ်မဖြစ်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ မြေတိုင်းစာရေးကလည်း ရထားထိန်းထံ ညွှန်လိုက်ပြန်ပါတယ်။

(၇) ရထားထိန်း (အရှင်အနုရုဒ္ဓါလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ညနေချမ်းအခါ မင်းကြီး ဥယျာဉ်ကစားပြီးလို့ ရထားစီးပြန်လာနေတုန်း မြို့ကိုမရောက်မီမှာပဲ မိုးသားများ တက်လာတာနဲ့ မင်းကြီး မိုးစိုမှာစိုးလို့ သိန္ဓောမြင်းတွေကို နှင်တံအမှတ် ပေးမိပါတယ်တဲ့။ အဲဒီ့အမှတ်နဲ့ သိန္ဓောမြင်းတွေလည်း လျင်စွာပြေးကြပါတယ်တဲ့။ အဲဒီအချိန်ကစပြီး သိန္ဓောမြင်းတွေဟာ ဥယျာဉ် သွားရင်ပဲဖြစ်ဖြစ်၊ ပြန်လာရင်ပဲဖြစ်ဖြစ် နှင်တံအမှတ်ပေးခဲ့ဖူးတဲ့ အဲဒီ့နေရာရောက်တိုင်း ဘေးရန်ရှိတယ်ထင်ပြီး အမြန်ပြေးကုန်ကြပါတယ်တဲ့။ အလွန်လိမ္မာတဲ့ သိန္ဓောမြင်းတွေကို ပင်ပန်းအောင် လုပ်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်ရပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ပင်ပန်းစေလိုတဲ့ စေတနာမရှိတဲ့အတွက် အပြစ်မရှိနိုင်ပါလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ ရထားထိန်းကလည်း သူဋ္ဌေးကြီးထံ ညွှန်လိုက်ပြန်ပါတယ်။

(၈) သူဋ္ဌေးကြီး (အရှင်သာရိပုတြာလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းကတော့ တစ်နေ့မှာ သလေးစပါးခင်းများကို လှည့်လည်ကြည့်ရှုရင်း သလေးနှံတစ်ဆုပ်ကို ပန်းအဖြစ် ခူးပန်မိပါတယ်တဲ့။ အဲဒီ့နောက်မှ မင်းထံ အခွန်မဆက်ရသေးတဲ့ လယ်ထဲက သလေးနှံကို ယူမိပြီဆိုပြီး မိမိသီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ တမန်တို့ကလည်း ခိုးလိုသောစိတ် မရှိလို့ အပြစ်မရှိနိုင်ပါဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ သူဋ္ဌေးကြီးကလည်း စာရင်းကိုင်အမတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၉) စာရင်းကိုင်အမတ် (အရှင်မောဂ္ဂလာန်လောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကောက်စပါးတွေကို ခြင်တွယ်မှတ်သားနေတုန်း မိုးသည်းထန်စွာ ရွာလာတဲ့အတွက် ခြင်လက်စ ကောက်စပါးကို ခြင်ပြီးတဲ့ ကောက်စပါးပုံထဲ ထည့်မိလား၊ မထည့်မိလား မမှတ်မိတော့ပါဘူးတဲ့။ ထည့်မိရင် မင်းကြီးရဲ့ဥစ္စာကို တိုးပွားစေပြီး သူကြွယ်ရဲ့ဥစ္စာကို ယုတ်လျော့စေရာ ရောက်ပါမယ်တဲ့။ ဒါ့ကြောင့် သူ့ရဲ့ သီလကို သံသယရှိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း သူတစ်ပါး ဥစ္စာကို ခိုးလိုတဲ့စိတ်မှ မရှိဘဲလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ အမတ်ကလည်း တံခါးဗိုလ် (တံခါးစောင့်)ကို ထပ်ညွှန်လိုက်ပြန်ပါတယ်။

(၁ဝ) တံခါးဗိုလ် (အရှင်ပုဏ္ဏလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ သူဆင်းရဲတစ်ယောက်ဟာ နှစ်မငယ်ကို ခေါ်ပြီး တောထဲကို ထင်း၊ ဟင်းရွက်ရှာ သွားပါတယ်တဲ့။ တံခါးဗိုလ်က ညနေချမ်း မြို့တံခါး ပိတ်ခါနီးတိုင်း (၃)ကြိမ် ကြွေးကြော်လေ့ရှိပါတယ်တဲ့။ အဲဒီ့ကြွေးကြော်သံ ကြားတဲ့အတွက် မောင်နှမနှစ်ယောက်လည်း အမြန်ပြန်လာခဲ့ကြပါတယ်။ တံခါးဗိုလ်ဟာ တံခါးပိတ်ခါနီး နောက်ကျမှ ရောက်လာတဲ့အတွက် ကာမဂုဏ် လွန်ကျူးရာမှ ပြန်လာတဲ့အတွက် မောင်နှမကို လင်မယားထင်ပြီး ပြစ်တင်စကား ပြောကြားမိပါတယ်တဲ့။ သူဆင်းရဲက ရှင်းပြမှ မောင်နှမမှန်း သိရပါတယ်တဲ့။ အဲဒီ့လို ပြောဆိုမိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ဒီမျှလောက်နဲ့တော့ သီလမပျက်နိုင်ပါဘူးလို့ဆိုပြီး သီလကို တောင်းခံ မှတ်ယူကြပါတယ်။ တံခါးဗိုလ်ကလည်း ပြည့်တန်ဆာမကို ထပ်ညွှန်ပြန်ပါတယ်။

(၁၁) ပြည့်တန်ဆာမ (ဥပ္ပလဝဏ်ထေရီလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပါတယ်။ အကြောင်းက တစ်နေ့မှာ ပြည့်တန်ဆာမရဲ့ သီလကို စုံစမ်းဖို့ သိကြားမင်းက လုလင်ပျိုယောင်ဆောင်လာ၊ အသပြာတစ်ထောင်ပေးပြီး နတ်ပြည်ကို ပြန်သွားပါတယ်တဲ့။ အဲဒီ့အသပြာကို လက်ခံပြီးဖြစ်လို့ အခြားသူတွေကို လက်မခံပါဘူးတဲ့။ သိကြားမင်းကတော့ ပေါ်မလာပါဘူး။ (၃)နှစ်စောင့်တဲ့အထိ ပေါ်မလာတဲ့အခါ ပြည့်တန်ဆာမမှာလည်း စားဝတ်နေရေး အခက်ကြုံလာတဲ့အတွက် တရားသူကြီးများထံ အဆုံးအဖြတ်သွားခံပါတယ်တဲ့။ တရားသူကြီးများကလည်း (၃)နှစ်ကြာနေပြီဖြစ်လို့ တခြားသူတွေကို လက်ခံနိုင်ပါပြီလို့ ဆုံးဖြတ်ပေးလိုက်ပါသတဲ့။ အဲဒီ့ဆုံးဖြတ်ချက်အရ ယောက်ျားတစ်ယောက်ထံမှ အသပြာ တစ်ထောင်ကို လက်ခံဖို့ လက်ကို ဆန့်လိုက်တဲ့အချိန်မှာပဲ သိကြားမင်းကလည်း လုလင်အသွင်နဲ့ ပေါ်လာပါတယ်တဲ့။ ဒါနဲ့ ပြည့်တန်ဆာမလည်း ဆန့်မိတဲ့လက်ကို ရုပ်သိမ်းပြီး နောက်လူကို ငြင်းပယ်လိုက်ပါတယ်တဲ့။ သိကြားမင်းလည်း သိကြားမင်းရဲ့ အသွင်ကိုပြ၊ ကောင်းကင်ကို ပျံတက်ပြီး ချီးမွမ်းစကား ဆိုပါတယ်တဲ့။ ပြည့်တန်ဆာမရဲ့ အိမ်ကိုလည်း ရတနာ (၇)ပါးနဲ့ ပြည့်စေပြီး မမေ့မလျော့ဖို့ ဆုံးမပြီး ပြန်သွားပါတယ်တဲ့။ ရှေ့လူပေးထားတဲ့ အဖိုးအခ မကြေသေးဘဲ နောက်လူရဲ့ငွေကို ယူဖို့ လက်ဆန့်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယ ရှိမိပါတယ်လို့ ပြည့်တန်ဆာမက ဆိုပါတယ်။ တမန်တို့ကလည်း လက်ဆန့်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။

ဒီလို (၁၁)ဦးသောပုဂ္ဂိုလ်တို့ စောင့်ထိန်းတဲ့ ဂရုဓမ္မသီလ ခေါ် ငါးပါးသီလကို ကာလိင်္ဂမင်းထံ ဆက်သကြပါတယ်။ မင်းကြီးလည်း အတုယူ အားကျပြီး ဂရုဓမ္မသီလကို ကောင်းစွာ စောင့်ထိန်းလိုက်တဲ့အခါ မိုးကောင်းစွာရွာပြီး ဘေး(၃)ပါးလည်း ငြိမ်းသွားပါတယ်။ ဘုရားလောင်း ဓနဉ္စယကောရဗျမင်းလည်း ဒါနစတဲ့ ကုသိုလ်ကောင်းမှုတွေပြုပြီး သေလွန်တဲ့အခါ ပရိသတ်နဲ့တကွ နတ်ပြည်မှာ ဖြစ်ပါတယ်။

ဒီဝတ္ထုကိုကြည့်ရင် ရှေးသူတော်ကောင်းတွေ သီလအပေါ် အလေးထားပုံနဲ့ မိမိတို့ရဲ့ သီလအပေါ် အလေးထားပုံ ဘယ်လောက်တောင် ခြားနားနေသလဲဆိုတာ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပါတယ်။ မိမိတို့က ငါးပါးသီလကိုတောင် အလေးအနက် မဆောက်တည်နိုင်ကြလို့ ဘာအကျိုးမှ သိသိသာသာ မရကြတာပါ။ တစ်ပါးပဲ ထိထိမိမိ စောင့်တဲ့ပုဂ္ဂိုလ်တောင် တစ်ပါးရဲ့အကျိုးကို ထိုက်ထိုက်တန်တန် ခံစားသွားရတာကို ဆရာကြီး ဦးသုခကလည်း "တစ်ပါးသီလ" ဆိုပြီး မီးမောင်းထိုးပြခဲ့ဖူးပါတယ်။ တစ်ပါးမက ငါးပါးလုံး လုံမယ်ဆိုရင်တော့ သိက္ခာရှိတဲ့လူအဖြစ်နဲ့ လိပ်ပြာသန့်သန့် နေနိုင်ပြီပေါ့။ လောကမှာ ကိုယ့်ကို ဂုဏ်တက်စေတဲ့ ပစ္စည်းဆိုရင် မြတ်မြတ်နိုးနိုး တယုတယ သေချာစောင့်ရှောက်သလိုမျိုး မိမိတို့ကို လူပီသ လူဂုဏ်တက်စေတဲ့ ငါးပါးသီလကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ချို့ယွင်းချက်မရှိအောင် စောင့်ရှောက်သင့်ပါတယ်။

လူပီသခဲ့ကြသူများ...
by Dhamma Yanant (Dhamma Yanant)