Saturday, June 25, 2011

“မ”နှင့်တွေ့၍ ဘုရားလောင်း မေ့လျော့သော ဇာတ်ဝတ္ထုများ

“မ”နှင့်တွေ့၍ ဘုရားလောင်း မေ့လျော့သော ဇာတ်ဝတ္ထုများ

ဆရာတော်ဘုရား-

ဘုရားလောင်းပင်ဖြစ်သော်လည်း “မ”နှင့် တွေ့တော့ မေ့မေ့လျော့လျော့ဖြစ်၍ နစ်နာခဲ့ရကြောင်း စကားဟောင်း ရှိသည်ဟု ကြားဖူးပါသည်။ ဘုရားလောင်းတို့ “မ”နှင့်တွေ့၍ မေ့လျော့နစ်နာခဲ့ရသော ၀တ္ထုများရှိပါက မိန့်ကြားဖြေဆို ပေးတော်မူပါ ဘုရား။

မောင်မောင်တင့်ထူး

မလှိုင်မြို့၊ မိတီ်္ထလာခရိုင်

သူ့စာမှာ အရှည်ကြီး ဖြစ်ပါသည်။ သူကြားဖူးသော ဘုရားလောင်း ရွှေဥဒေါင်းမင်း ဒေါင်းမနှင့် အမျှားခံရ၍ ညွတ်ကွင်းမိသော ၀တ္ထုနှင့် ကုသမင်း ပပ၀တီနောက်သို့ လိုက်သော ၀တ္ထုများကိုပါ ရေးပြ၍ ထိုဝတ္ထုများကို ဆိုလိုပါ သလောဟု မေးထားပေသည်။

ထို ၀တ္ထုများလည်း ပါနိုင်ပေသည်။ ၅၅၀ ဇာတ်ဝတ္ထုတို့တွင် ဘုရားလောင်း မိန်းမနိုင်ငံသို့ လိုက်ပါ မှားယွင်းသောဝတ္ထုများစွာ ရှိပေသည်။

ထင်ရှားသော ၀တ္ထုများမှာ-

၁။ ဧကနိပါတ်၊ တက္ကပဏ္ဍိတ၀တ္ထု၊

၂။ ဧကနိပါတ်၊ မုဒုလက္ခဏ၀တ္ထု၊

၃။ ဒုကနိပါတ်၊ ဘုရားလောင်း ဥဒေါင်းမင်းဝတ္ထု၊

၎။ တိကနိပါတ်၊ သင်္ကပ္ပဇာတ်၊ ဘုရားလောင်းရသေ့ဝတ္ထု၊

၅။ တိကနိပါတ်၊ အနိတိ္ထဂန္ဓ၀တ္ထု၊

၆။ တိကနိပါတ်၊ မန္ဓာတုစကြာမင်း ကြီးဝတ္ထု၊

၇။ န၀နိပါတ်၊ လောမကသပ၀တ္ထု၊

၈။ ပညာသနိပါတ်၊ ဥမ္မာဒန္တီ၀တ္ထု၊

၉။ သတ္တနိပါတ်၊ ကုသမင်းဝတ္ထုတို့ ဖြစ်ပါသည်။ ထိုဝတ္ထုများကို အကျဉ်းသိသာရုံမျှ ဖော်ပြပါမည်။

(၁) ဗာရာဏသီပြည်၌ သူဌေးသမီး တစ်ယောက်သည် ရုပ်ရည်ချောမော လှပသလောက် နှုတ်ကြမ်းလှသဖြင့် မူလ လပြည့်ဝန်းကဲ့သို့ လှပ၍ စန္ဒကုမာရီဟု နာမည်ပေးထားသော်လည်း နှုတ်ကြမ်းလှ၍ အများက ၀ဏ္ဏကုမာရီဟု ခေါ်ကြသည်။

တစ်နေ့တွင် မြစ်အတွင်း၌ ရေချိုးစဉ် သူ့အပေါင်းအသင်း မိန်းမများက သူ့အားမုန်း၍ မြစ်ရေထဲ အတင်းမျှောချ လိုက်ရာ ရေစီးအတိုင်း မျောပါသွားရာ ကံအားလျော်စွာ သစ်တုံးတစ်တုံးကို ရရှိ၍ ထိုသစ်တုံးကို စီး၍ပါသွားရာ မြစ်အောက်ခြေရှိ တောအတွင်းသို့ ရောက်သွားရာ မြစ်တွင် ရေခပ်နေသော ဘုရားလောင်း တက္ကပဏ္ဍိတ ရသေ့နှင့် တွေ့၍ ရသေ့က ကယ်ဆယ်လိုက်သည်။

ရသေ့ကျောင်းတွင် အတူနေရာက ရသေ့အား သီလကို ဖျက်ဆီးလျက် လူထွက်စေ၍ ပေါင်းသင်း နေလေသည်။ တောနှင့် နီးစပ်ရာ ရွာတစ်ရွာ၌နေ၏။ ထိုအခါ ထိုရွာကို ခိုးသားဓားပြတို့ ၀င်ရောက် တိုက်ခိုက်၍ ထိုရသေ့လူထွက်မယား စန္ဒကုမာရီကို ဖမ်းဆီး ခေါ်ဆောင်သွားကာ ခိုးမှူးကြီးက မယားပြု၍ ထား၏။ စန္ဒကုမာရီသည် ခိုးမှူးကြီး မယားအဖြစ်၌ ချမ်းသာ၍ ဘုရားလောင်း ရသေ့လူထွက်အား သေစေ၏။ သို့သော် သူ၏အဖြစ်ကိုသိ၍ ခိုးမှူးကြီးက စန္ဒကုမာရီအား သတ်လိုက်၏။ ထိုဇာတ်၌ စန္ဒကုမာရီ၏ ဖြားယောင်းသွေးဆောင်မှုသို့ ပါ၍ ဘုရားလောင်း မိုက်မှားမိလေသည်။

(၂) ဘုရားလောင်းသည် ဈာန်ရရသေ့ဖြစ်၍ ဟိမ၀န္တာတော၌ နေရာမှ ချဉ်ဆားမှီဝဲလိုသဖြင့် ဗာရာဏသီပြည်သို့ ကြွလာရာ ဗာရာဏသီမင်းမြင်၍ ကြည်ညိုသဖြင့် ဥယျာဉ်တော်၌ ကျောင်းဆောက်၍ ကိုးကွယ်ထား၏။ နန်းတော်၌ အမြဲ ဆွမ်းစား၏။

တစ်နေ့ မင်းကြီး စစ်ထွက်ရာ မိဖုရား မုဒုလက္ခဏဒေ၀ီက ဂရုစိုက် ဆွမ်းကပ်၏။ တစ်နေ့တွင် ရသေ့ ဆွမ်းစားကြွလာရာ မိဖုရားကြီးက ပျာယီးပျာယာ ထလိုက်ရာ ခါးမှ လုံချည်လျောကျသွားသည် ကို မြင်ရ၍ ရသေ့ကြီး ဈာန်လျှောသွားပြီး မိဖုရားကြီးကို စွဲလမ်းကာ မစားနိုင်၊ မသောက်နိုင်ဘဲ အိပ်ရာထဲ လဲ၏။ မင်းကြီး ပြန်လာ၍ ရသေ့ကြီးအကြောင်းမေးကာ လဲနေသော ရသေ့ကြီးက မိဖုရားကြီးကို စွဲလမ်း ကြောင်းသိရ၍ မိဖုရားကြီးကို ရသေ့အား ပေး၏။ ရသေ့ကို မိဖုရားကြီးက အလုပ်ပင်ပန်းစွာ ခိုင်း၍ တရားပြသဖြင့် တရားရကာ မင်းကြီးအား မိဖုရားကြီးကို ပြန်အပ်၍ တောသို့ ပြန်သွားကာ ဈာန်ပြန်ရ၏။ (ဧကနိပါတ်၊ မုဒုလက္ခဏဇာတ်)

(၃) ဒုကနိပါတ် မောရဇာတ်က ဘုရားလောင်း ဥဒေါင်းမင်းသည် ရွှေတောင်၏အကြားက အနှစ်ခုနစ်ရာ ပတ်လုံး ဥဒေတယံ၊ အပေ တယံ ပရိတ်ဂါထာများကို နေထွက်၊ နေ၀င်ရွတ်၍ အန္တရာယ်ကင်းစွာ နေသည်။

တစ်နေ့ ဗာရာဏသီမင်းကြီး၏ မိဖုရားကြီးက ရွှေဥဒေါင်းမင်း တရားဟောသည်ကို နာရကြောင်း အိပ်မက်မြင်၍ မုဆိုးများကို လွှတ်၍ ဖမ်းစေရာ ပရိတ်ဂါထာများတန်ခိုးကြောင့် မင်းခြောက်ဆက် တိုင်တိုင် ဖမ်း၍ မမိဘဲရှိ၏။

ခုနစ်ဆက်မင်းက မုဆိုးကိုလွှတ်၍ ဖမ်းစေရာက မုဆိုးသည် လိမ္မာသော ဒေါင်းမလေးကို လွှတ်၍ ဖြားယောင်းစေရာ ဥဒေါင်းမင်းသည် ဒေါင်းမကို စွဲလမ်း၍ ပရိတ်ဂါထာ မရွတ်မိဘဲ လာရာ ညွတ်ကွင်းမိ၍ ဖမ်းမိသွားလေ၏။ နောက် ဗာရာဏသီပြည်သို့ ယူလာပြီး မင်းနှင့် တွေ့၍ တရားဟောစေကာ ပြန်လွှတ် သဖြင့် လွတ်လာရ၏။

(၄) တိကနိပါတ်၊ သင်္ကပ္ပဇာတ်က ဘုရားလောင်းရသေ့သည် ဗာရာဏသီမင်းကြီး၏ ဥယျာဉ်ကနေစဉ် နန်းတော်သို့ ဆွမ်းစားကြွသောအခါ မိဖုရားကို မြင်ရ၍ (အမှတ် ၂ မုဒုလက္ခဏာဇာတ်နှင့် ဈာန်လျှော ပုံတူ၏) ပခြုပ်မှ ထုတ်သော မြွေငန်းကဲ့သို့ ကြမ်းတမ်းသော ကိလေသာ အဆိပ်တက်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းမစားဘဲ မြည်တမ်း၍ ရပ်တည်မရ ဖြစ်နေစဉ် မင်းကြီးလာ၍မေးသော် သတိရ၍ တောသို့ပြန်သွားကာ ဈာန်ပြန်ရသွားသည်။

(၅) တိကနိပါတ်၊ အနိတိ္ထဂန္ဓဇာတ်က ဘုရားလောင်းသည် ဗာရာဏသီမင်းကြီး၏သားဖြစ်၍ ဖွားစကသည်

တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သည့် တိုင်အောင် မိန်းမကိုမျှ မမြင်လိုဘဲ ရှိ၏။ ဗြဟ္မာပြည်မှ လာသူဖြစ်၍ မိန်းမ အနံ့ကိုပင် မခံနိုင်၍ အနိတိ္ထဂန္ဓမင်းသားဟု အမည်မှည့်ခေါ်၏။ မင်းကြီးက ထီးနန်းအပ်နိုင်ရန် ကချေသည်မ တစ်ဦးအား သွေးဆောင်ဖြားယောင်းစေရာ ထိုမိန်းမနှင့် ရောနှောမိ၍ မိန်းမ ဟူသမျှ ယူတော့မည်။ တိုင်းပြည်တွင် ယောက်ျားတစ်ယောက်မျှ မရှိစေရဟု ဆိုကာ ယောက်ျား ဟူသမျှ လိုက်လံ သတ်ဖြတ်နေ၍ တိုင်းပြည်မှ နှင်ထုတ်လိုက်ရသည်။

(၆) ၎င်းနိပါတ် မန္ဓာတုဇာတ်က ဘုရားလောင်းသည် မန္ဓာတု မည်သော စကြာမင်းဖြစ်၍ လူပြည်က ရှိသော ကာမဂုဏ်တို့နှင့် အားမရ၍ စကြာရတနာဖြင့် စတုမဟာရာဇ် နတ်ပြည်သို့သွားကာ နတ်မင်း စည်းစိမ်ကို ခံစား၏။

ထိုနှင့် အားမရ၍ စကြာရတနာဖြင့်ပင် တာဝတိသာ နတ်ပြည်သို့သွားကာ သိကြားမင်း ၃၆ ဆက်တိုင်အောင် သိကြားမင်း စည်းစိမ်ကို ခံစားပြန်၏။ ထို့နောက် တင်းမတိမ်နိုင်၍ သိကြားမင်းကို သတ်မည်ကြံရာ မသတ်နိုင်၍ လူ့ပြည်ပြန်ကျလာပြီး နတ်ရွာစံ၏။

(၇) န၀နိပါတ်၊ လောမကသပဇာတ်က ဘုရားအလောင်းသည် ဟိမ၀န္တာတော၌ ရသေ့ပြု၍ ဈာန် အဘိညာဉ်ဖြင့် နေသည်ကို သိကြားမင်းသည် ထိုရသေ့၏ အကျင့်ကို ပျက်စိမ့်သောငှာ ဗာရာဏသီ မင်းအား ပြောကြားလေသောကြောင့် ဗာရာဏသီမင်းက သေယှမည် သောအမတ်နှင့် သမီးတော် စန္ဒ၀တီကို စေလွှတ်၍ သမီးတော်နှင့် ပေးစားပါမည်၊ ဗာရာဏသီသို့လာ၍ ၀သုဃာတ(နွားသတ်)ယဇ်ကို ပူဇော်ပေးပါဟု ဆိုရာ ရသေ့သည် စန္ဒ၀တီ မင်းသမီးကို တပ်မက်၍ ဗာရာဏသီပြည်သို့ လိုက်လာကာ ယဇ်ပူဇော်ရန် အားထုတ်လေသည်။ ယဇ်ပူဇော်ခါနီး နွားတို့၏ အော်သံကိုကြားမှ သတိရကာ ဓားလက် နက်ကို ပစ်ချ၍ တရားပြန်အားထုတ် ဈာန်ရပြီး တောသို့ပြန်သွား၏။

(၈) ပညာသနိပါတ်၊ ဥမ္မာဒန္တီဇာတ်က ဘုရားလောင်းသည် သိဝိတိုင်း အရိဋ္ဌပူရပြည်က သိဝိမင်း ဖြစ်သောအခါ တန်ဆောင်မုန်း လပြည့်နေ့ ရထားစီး၍ မြို့လည်ရာက စစ်သူကြီး အဘိပါရက၏မယား ဖြစ်သော ဥမ္မာဒန္တီကို မြင်ရ၍ အဆမတန်သော ကိလေသာရမ္မက်သည် နှိပ်စက်လေသဖြင့် စားတော်မှ မခေါ်နိုင်ဘဲ သလွန်ထက်က မှောက်ခုံ လဲလျောင်းနေ၍ “ဥမ္မာဒန္တီ၊ ဥမ္မာဒန္တီ” ဟု ခေါ်မြည်တမ်းကာ ပင်ပန်း ရူးသွပ်ခြင်းသို့ ရောက်ခဲ့ပေသည်။ နောက် အဘိပါရက သိ၍ ဥမ္မာဒန္တီကို မင်းကြီးအား ဆက်သ သောအခါ သတိရ၍ လက်မခံဘဲ တရားရကာအရူးပျောက်ခဲ့လေသည်။

(၉) သတ္တနိပါတ်၊ ကုသဇာတ်က ဘုရားလောင်းသည် မလ္လတိုင်း ကုသ၀တီပြည်က ကုသမင်း ဖြစ်သောအခါ မဒ္ဒရာဇ်မင်း၏ သမီးဖြစ်သော ပပ၀တီကို စုံမက်နှစ်လိုခြင်းကြောင့် ထီးနန်းနှင့်တကွသော မင်းစည်းစိမ်ကိုပစ်၍ မဒ္ဒရာဇ်တိုင်း သို့ လိုက်သွားပြီး စောင်းသမား၊ အိုးတော်လုပ်၊ ဒေါင်းရွေသမား၊ ပန်းတော်ဆက်၊ စားတော်ချက် စသော မအပ်မရာသော အလုပ်တို့ကို လုပ်၍ ခြောက်နှစ်ပတ်လုံး ဒုက္ခခံ၍ နေခဲ့ရလေသည်။

ဤကိုးဇာတ်တို့၌ ဘုရားလောင်းသည် ကာမဂုဏ်အာရုံကြောင့် မထိန်းသိမ်းနိုင်ဘဲ ရူးသွပ်ခမန်း ပရမ်းပတာ ရုန့်ရင်းစွာဖြင့် ဣနြေ္ဒပျက်စီး ဒုက္ခကြီးစွာ ရောက်ခဲ့ဖူးကြောင်း သိရှိရပေသည်။

ဤဇာတ်ဝတ္ထုတို့မှာ တစ်ဝတ္ထု တစ်ဝတ္ထုကို ဇာတ်တော်၌ ကျယ်ဝန်းစွာ ပြဆိုထားပေသည်။ ဤ၌ သိသာရုံမျှ ဖော်ပြလိုက် ရပါသည်။ အကျယ်ကို သိလိုသူတို့သည် ဖော်ပြပါ နိပါတ်ဇာတ်တို့တွင် အကျယ်ကြည့်ရှု့နိုင်ပါသည်။

မြတ်သတိဝါဒီမဂ္ဂဇင်း၊

ဇန်န၀ါရီလ၊ ၂၀၀၃ ခုနှစ်