Monday, June 6, 2011

ကမ္မသတ္တိတရားတော်

ကမ္မသတ္တိတရားတော်



ကံအကျိုး မြင်လို့။ ။
ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရဟန်း ရှင် လူ အားလုံးပဲ၊ ကံဆိုတာ ဘယ်လိုပါလိမ့်မတုန်း။ ဘယ်လို လိုက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုး ပေးပါလိမ့်မတုန်းဆိုတာ နှစ်နှစ်ကာကာ နားလည်ရင်တော့ အင်မတန် အကျိုးရှိတယ်။ဘယ်လို အကျိုးရှိတုန်း။ မတော်တဲ့ မကောင်းမှု အကုသိုလ်အခန်းကျရင် နောက်ဆုတ်တယ်။ နည်းနည်းတွန့်လာတယ်။ နောက်ဆုတ်တယ်ဆိုတာလဲ ကံရဲ့အကျိုးကို လှမ်းမြင်လို့ ဆုတ်တာ။ ကောင်းတဲ့အလုပ် လုပ်ရမယ်ဆိုတော့ ကံရဲ့အကျိုး လှမ်းမြင်လိုက်တယ် ဆိုရင် အားတက်သရော ရှိလာတယ်။ လုံ့လ ဝီရိယတိုးလာတယ်။ သဒ္ဓါတရားတွေ တိုးလာတယ်။ ဒါကြောင့် ကံဟာ ဘယ်လိုပါလိမ့်မတုန်း ဆိုတာ အလှူ့ဒကာ အလှူ့အမတို့လို လူဝတ်ကြောင် ဘက်တွင် မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်ဘက်ကလဲ နားလည်ပြီးတော့မှနေလျှင် အင်မတန် ကောင်းတယ်။ ခု ဆိုပါတော့ပေါ့။အလှူ့ရှင်များက အားတက်သရောနဲ့ လှူကြ တန်းကြတယ်။ စိတ်စေတနာ ထက်သန်ကြတယ်လို့ဆိုတော့ သူတို့ဘက်က တာဝန်ကျေသွားတယ်။


လောဘပေါင်းမြက်။ ။
အလှူခံပုဂ္ဂိုလ်ဘက်က လှူဒါန်းတဲ့ ဒီစားဖွယ်သောက်ဖွယ်တွေကို မြိန်မြိန်ရှက်ရှက် အရသာခံပြီးတော့ စားတယ်လို့ဆိုရင်ပဲ ဒီမှာ လောဘဖြစ်လာပြီ။လောဘာဖြစ်လာတော့ လောဘဖြစ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ့်ဒါန မျိုးစေ့တွေ ကျရောက်သွားတယ်ဆိုရင် ဟို .. ပကတိလယ်ထဲမှာ ပေါင်းမြက်တွေရှိတုန်း မျိုးစေ့ချသလို ဖြစ်သွားတယ်။ ပေါက်တော့ ပေါက်ပါရဲ့။ဒါပေမယ့် အပင်က သုံးပုံနှစ်ပုံလောက်သာ အောင်တော့တယ်။ တစ်ပုံလောက်က ပေါင်းမြက်တွေနဲ့ ရောပြီးတော့ ပေါင်းမြက်တွေက ယူသွား တာနဲ့ မအောင်ဘူး။ ဒီလိုဖြစ်တယ်။ ဒီတော့ ဘုန်းကြီးကနေပြီးတော့ အလှူ့ရှင် ဆွမ်းဒါယကာ ဒါယိကာမ ဆွေသားမျိုးစုဘက်က သဒ္ဓါတရား တိုးပွားပါစေတော့လို့ ဒီလို စိတ်ထားပြီးတော့ ပြုပြင်ရုံတင်မကဘူး၊ ဘုန်းကြီးတို့ရဲ့ အလှူခံ သံဃာတော်များ ရဟန်း သာမဏေများ ဘက်က လောဘတကြီးနဲ့ ဝမ်းမြောက်ဝမ်းသာ စားသောက်နေမှာကို သိပ်စိုးရိမ်တာပဲ။


အောက်ကျနောက်ကျ။ ။
ဒီတော့ကာ ခုတင်က လောဘဖြစ်ပြီးတော့ စားတယ်ဆိုရင် လောဘပေါင်းမြက်တွေပါလို့ အလှူ့ရှင်မှာ အကျိုးနည်းရတဲ့အပြင် အလှူခံပုဂ္ဂိုလ်က ဒီနေရာမှာ အလှူခံဘဝနဲ့ အလှူခံလိုက် ရပေမယ့် ဟိုနောက်ဘဝ ကျတော့ အလှူခံပုဂ္ဂိုလ်အဖြစ်နဲ့ အကျိုးပေးမှာ မဟုတ်ဘူး။ သူ့ရဲ့ မတရားတာကို မတရားတဲ့အလိုက် အကျိုးပေးသွားမယ်။ အောက်ကျနောက်ကျ ဖြစ်စရာရှိရင် ဖြစ်သွားမယ်။ အဲဒါ ဘုန်းကြီးက စိုးရိမ်လို့ အလှူခံဘက်က။ဒီ အလှူခံဆိုတာ သူများမဟုတ်ဘူး၊ ဘုန်းကြီးတို့ပဲ။ ဘုန်းကြီးတို့ ဆရာတပည့်တစုက အဲဒီလို လောဘတကြီးနဲ့ ဖြစ်သွားမှာ သိပ်စိုးတယ်။ ဆွမ်းဟင်းတွေ ဘာတွေက စိတ်တိုင်းမကျလို့ ဒေါသတွေ ဘာတွေ စိတ်မချမ်းသာတာတွေ ဖြစ်မှာလဲ ဘုန်းကြီး သိပ်စိုးတယ်။


အလှူခံတာဝန်။ ။
ဒီတော့ ဘုန်းကြီးမှာ နှစ်ဖက်ငဲ့ပြီးတော့ ကြည့်ရပါတယ်။အလှူခံပုဂ္ဂိုလ်တွေဘက်ကလဲ ပေါင်းမြက် သဘောလို လောဘ ဒေါသတွေ မပါ,ပါစေနဲ့။ တခါ ဟိုနောက်ဘဝ သံသရာကျတော့ ဒီလောဘ ဒေါသတွေနဲ့ နေတဲ့ အလှူခံပုဂ္ဂိုလ်က သက်သက်သာသာနဲ့ သွားရမှာ မဟုတ်ဘူး။ သူ့မှာ အပြစ်တွေနဲ့ ထွေးရောယှက်တင် သွားရမယ်။အဲဒီလို ဘုန်းကြီးက ကံ၏အကျိုးကိုပေါ့လေ မြင်လို့မို့ ဘုန်းကြီးတို့ဘက်ကလဲ ဝမ်းမြောက်ဝမ်းသာနဲ့ အားရပါးရ စားတာကို ဘုန်းကြီးက မကြိုက်ချင်ဘူး။ သဘောမတူချင်ဘူး။ဒီကလဲ ပစ္စဝေက္ခဏာ ဆင်ခြင်လို့၊ အလှူ့ရှင်တွေအပေါ်မှာ မေတ္တာပို့လို့၊ ဒီလို အနေမျိုးနဲ့ စားမှ ဘုန်းကြီးတို့မှာ ပေါင်းမြက်လဲ ကင်းတယ်လို့ ဆိုရတယ်။ပြီးတော့ ဘဝသံသရာမှာ ဒီ လောဘ ဒေါသတွေက အကျိုးပေးစရာ မရှိဘဲ၊ ဘုန်းကြီးတို့ရဲ့ မေတ္တာ ကရုဏာနဲ့ သီလ သိက္ခာတွေက ကောင်းသော အကျိုးကို ပေးစရာ ရှိတယ်။အဲဒီ နှစ်ဖက်ငဲ့တယ်ဆိုတဲ့ဥစ္စာဟာ ကံ-ကံ၏အကျိုးကို မြင်လွန်းလို့ ငဲ့နေတာ။ဒါကြောင့် ကံ-ကံ၏အကျိုးကို ကောင်းကောင်း နားလည်ဖို့ ကောင်းတယ်။


ကံ၏သဘော။ ။
သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော၊
သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။
သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာတရားမျိုးသည်၊ နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ- ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီးမဖြစ်ရချေ။ သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌၊ ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးဖို့ရာ၊ သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိဓာတ်ကလေးကို)၊ နိဒေတွာဟိ-အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှုပ်ထား ပြီး၍သာလျှင်၊ နိရုဇ္ဈတိ-ဥပါဒ် ဌီ ဘင် အစဉ်စေ့ရောက် ချုပ်ပျောက် ပျက်စီးရလေသတည်း။
သာဓု ... သာဓု ... သာဓု။


ကံတွေပါလာ။ ။
ဘုန်းကြီးတို့သန္တာန်မှာ ကံတွေ အများကြီး ရှိတယ်။ဘဝပေါင်းများစွာက ပြုခဲ့တဲ့ ကံတွေ၊ ဒီဘဝမှာ ပြုတဲ့ကံတွေ အများကြီး ရှိတယ်။လူတယောက်ဟာ ပစ္စည်းတွေက သိပ်ပေါတယ်။သိပ်ပေါတော့ ကိုယ့်ပစ္စည်း ဘယ်နား ဘာရှိတယ်ဆိုတာတောင် မမှတ်မိတော့ဘူး၊ သတိမထားမိဘူး ပေါလိုက်တာ။ဒါပေမယ့် သုံးချင်တဲ့အခါ သတိထားလိုက်တော့ ဟာ ဘယ်နားမှာ ဘာပစ္စည်းတွေ ရှိတယ်ဆိုပြီးတော့ အလွယ်တကူ ယူပြီး သုံးနိုင်တယ်။အဲဒီလိုပဲ ကံတွေကလဲ အများကြီး။ ကိုယ့်ကံတွေကိုတောင် မမှတ်မိဘူး။ဟိုဘဝများစွာ သံသရာက ကံတွေဆိုတာ သာပြီးတော့ မမှတ်မိသေး။


ကောင်းကံက လွှမ်း။ ။
ဘုန်းကြီးတို့ ပိုပြီး ကြောက်စရာကောင်းတာက ဘဝများစွာက ပြုခဲ့တဲ့ မကောင်းကံတွေလဲ ပါလာတယ်။ အဲဒီဟာက တော်တော် ကြောက်စရာ ကောင်းတယ်။အဲဒီ မကောင်းကံတွေကို အကျိုးပေးခွင့်မရအောင် ကောင်းကံတွေကို အများကြီး ပြုရတယ်။အများကြီးပြုလို့ ကောင်းကံတွေက လွှမ်းနေပြီဆိုမှဖြင့် မကောင်းကံတွေက အကျိုးပေးမယ်လို့ ကပ်လာပါရဲ့။ ကောင်းတဲ့ကံတွေက လွှမ်းသွားလို့ အကျိုးပေးခွင့် မရလိုက်ဘူး။
မကောင်းကံတွေက အကျိုးပေးမယ်လို့ နေပြန်ရော။
ကောင်းတဲ့ကံတွေက အများကြီးက လွှမ်းလိုက်ပြန်ရော။
မကောင်းကံတွေ အကျိုးပေးခွင့် မရပြန်ဘူး။
အဲဒီလိုနည်းအားဖြင့် မကောင်းကံတွေလေ အကျိုးပေးမယ်လို့ စောင့်နေပေမယ့် အခွင့်မရလို့ ဟိုနောက်ဘဝကျတောင် သူတို့ အကျိုးပေးမယ်လို့ ကြံစည်ရာက မရတာနဲ့မို့လို့ ဒီလိုနဲ့ပဲ အဟောသိကံ=အကျိုးမပေးနိုင်တဲ့ ကံအဖြစ်နဲ့ ပရိနိဗ္ဗာန်စံတော့ ကျန်ရစ်ကြတယ်။

ဒါတောင် ကပ်ကပ်သပ်သပ် ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ဘဝက မှားမှားယွင်းယွင်း ကံကလေးတွေအချို့ ပြုခဲ့မိလို့လေ .. ခါးတော်နာရတယ်၊ ဘုရားဖြစ်တော့ စိဉ္စမာနဝိကာတို့ရဲ့ အစွပ်အစွဲ ခံရတယ်။ အရှင်ဒေဝဒတ်တို့ရဲ့ ကျောက်လှိမ့်ချခံရတယ်။ ဒီ့အပြင် နောက်ဆုံးကျတော့ ဝမ်းတော်လားရတယ်။


ကောင်းကံတွေ ပြုလို့။ ။
ဒီအကုသိုလ်ကံတွေက ဘုန်းကြီးတို့လဲ ပါတယ်။
အားလုံး ဒါယကာ ဒါယိကာမတွေမှာလဲ ပါတယ်။
အဲဒီဟာကို အကျိုးပေးခွင့် မရအောင်လို့ဆိုပြီးတော့ ကောင်းတဲ့ကံတွေ ပြုပြီးရင်း ပြုရင်း၊ ဒါနပြုရင်း၊ သီလဆောက်တည်ရင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းရင်း၊ နေ့စဉ် နေ့စဉ် မေတ္တာ ကရုဏာဖြစ်ရင်း၊ နေ့စဉ် နေ့စဉ် တွေ့ရာမြင်ရာနဲ့ စကားပြောတဲ့အခါ မေတ္တာသံနဲ့ စကားပြောရင်း, ကရုဏာသံနဲ့ စကားပြောရင်း ကောင်းတဲ့ကံတွေချည်း ခုလို တတ်သိနားလည်တဲ့ ဘဝမှာ စုသွားရတယ်။

နို့မို့လို့ရှိရင် အကုသိုလ်ကံတွေက အခွင့်သာလို့ မကောင်းကျိုးတွေ ပေးမှဖြင့် မိမိတို့လဲ မကောင်းလူတွေဖြစ် မကောင်းသတ္တဝါတွေဖြစ် မကောင်းစိတ်တွေဖြစ်ပြီးတော့ မကောင်းကံတွေ ပြန်ပြီးတော့ တိုးပွားလာပြန်တာပဲ။ ဒါကြောင့် ဒီဘဝ အထိုက်အလျောက် လူကောင်းဖြစ်တယ်ဆိုရင် ပိုကောင်းအောင် လုပ်ရတယ်။ အထိုက်အလျောက် သူတော်ကောင်း ရဟန်းသံဃာဖြစ်တယ်ဆိုရင် ပိုကောင်းအောင် ကြိုးစားရတယ်။ မကောင်းကံတွေက ပါ,ပါနေသေးလို့မို့ ပိုကောင်းအောင် ကြိုးစားရတယ်။


ချုပ်တော့ ချုပ်သွား။ ။
သန္တာနေ-ရုပ်နာမ်ခန္ဓာအစဉ်၌ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာတရားမျိုးသည်နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော် ...။
ကံက ချုပ်တော့ ချုပ်သွားတာပေါ့။ ဆိုပါတော့ .. မနက်က ဆွမ်းလောင်းကြတယ်။ ဆွမ်းလောင်းတဲ့ အခါမှာဖြစ်တဲ့ စေတနာကံတွေဟာ အဲဒီတုန်းကပဲ ချုပ်သွားတယ်။ နောက်ထပ်ပြန်သတိရတော့ ထပ်ပြီးတော့ ကံသစ်ပေါ်လာတယ်။ ကံသစ်ပေါ်လာပြီး ထပ်ချုပ်သွားပြန်တာပဲ။ ဒီတော့ ကံဆိုတဲ့ဥစ္စာ စိတ်စေတသိက်ထဲကပါတဲ့ စေတသိက်တရားမျိုးလို့မို့ စိတ်ချုပ်သလိုပဲ သူလဲချုပ်သွားတာပဲ။ စိတ်ပျောက်သလိုပဲ သူလဲပျောက်သွားတာပဲ။ဒါဖြင့် ပြီးပြီးပျောက်ပျောက် ပျောက်သွားသလားဆိုတော့ မပျောက်ဘူး။


သတ္တိမြှပ်နှံ။ ။
နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန် ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ ...ချုပ်တော့ချုပ်သွားတယ်။ ချုပ်သွားပေမယ်လို့ အိပ်ပျော် နေတဲ့အခါဖြစ်တဲ့ စိတ်မျိုးလို ပြီးပြီးပျောက်ပျောက် မဟုတ်ပါဘူး။အမှုမဲ့ အမှတ်မဲ့ ဟိုနားဒီနား သွားတဲ့အခါမှာ တွေ့မြင်ရတဲ့ စိတ်မျိုးလို ပြီးပြီးပျောက်ပျောက် မဟုတ်ပါဘူး။တမင့်ကို စိတ်ပါလက်ပါလုပ်တဲ့ စေတနာတွေကတော့ သတ္တိနှစ် သတ္တိဓာတ်ကို မြှပ်နှံခဲ့တယ်။

သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိနှစ်ဓာက် လေးကို) နိဒေတွာဟိ- အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှပ်ထားပြီး၍ သာလျှင် ဒီခန္ဓာအစဉ်ထဲမှာ သူ့သတ္တိမြှုပ်သွားတယ်။အဲဒီသတ္တိကို ပဋ္ဌာန်းပါဠိတော်က ကမ္မပစ္စည်းလို့ ခေါ်တယ်။ ဒီကမ္မသတ္တိပဲ။ ဒါတွေကို ဘုရားမြတ်စွာ ပွင့်တော်မူလာတော့မှ ထိထိ ရောက်ရောက် လက်ညှိုးနဲ့ ထောက်ပြသလို တောက်ပြ နိုင်တော့တယ်။

ဟိုရှေးရှေးတုန်းက ပညာရှိကြီးတွေ “ကံရှိတယ်၊ ကံ၏အကျိုးရှိတယ်။ ကံရှိတယ်၊ ကံ၏ အကျိုးရှိတယ်” ဒါလောက်တော့ ပြောနိုင်ကြတယ်။ဘယ်ကောင်းတဲ့ကံကြောင့် ကောင်းတဲ့ အကျိုးပေးတယ်။ ဒါလောက်တော့ ပြောနိုင်တယ်။အဲဒီကံဟာ ဘယ်လိုလဲဆိုတာတော့ မပြောနိုင်ဘူး။ ဒါက ဘုရားပွင့်လာလို့ မြတ်စွာဘုရားက ကမ္မပစ္စယသတ္တိဟာလေ ကံက ဥပါဒ် ဌီ ဘင် ချုပ်သွားတယ်။ဟော .. သူ့ရဲ့သတ္တိတော့ မြှုပ်နှံသွားတယ်။


ကံ ၂-မျိုးရှိ။ ။
ဒီတော့ ဘုန်းကြီးတို့ ဒီနားရပ်ပြီး စဉ်းစားရမှာက ဘုန်းကြီးတို့ သန္တာန်မှာ ဘဝများစွာက အကုသိုလ်ကံရဲ့ အကုသိုလ်သတ္တိတွေ အများကြီးရှိပေလိမ့်မယ်။ကုသိုလ်ကံရဲ့ ကုသိုလ် သတ္တိတွေလဲ အများကြီးရှိပေလိမ့်မယ်။ ဒီလို ပထမ စဉ်းစားရမယ်။ဒီလို စဉ်းစားပြီးတော့ အဲဒီ ကုသိုလ်ကံ, အကုသိုလ်ကံတွေထဲက အကျိုးမပေးရင် မနေနိုင်လောက်အောင် ကြီးကျယ်တဲ့ ကံတွေကတော့ ပေးပြီးပြီ။အကျိုးမပေးရင် မနေနိုင်လောက်အောင် ကြီးကျယ်တဲ့ အကုသိုလ်ကံတွေကလဲ ပေးပြီးပါပြီ။
အခုကျန်တာကတော့ အခွင့်သင့်တဲ့အခါ အကျိုးပေးဖို့လို့ မလိုလဲလိုလဲ ကံတွေ ကုသိုလ်ကံ တွေကလဲ အကျိုးမပေးရရင် မနေနိုင်လောက်တဲ့ ဈာန်ကုသိုလ်တွေ ဘာတွေ ပေးပြီးပြီ။အဲ အခုကျန်တဲ့ ကုသိုလ်တွေကတော့ အခွင့်သင့်တဲ့အခါ အခွင့်သင့်သလို ပေးမယ်လို့ ကျန်နေတဲ့ ကံတွေကတော့ ပြည့်လို့။ မကောင်းဖက်က ကြည့်လိုက်လဲ ပြည့်လို့။ကောင်းတဲ့ကံဘက် ကြည့်လိုက်လဲ ပြည့်လို့။ ဘုန်းကြီးမှာရော, အားလုံး သံဃာတော်တွေမှာရော, အလှူ့ဒကာ အလှူ့အမ ဆွေမျိုးသားချင်းတွေမှာရော ပြည့်လို့။ဒါတွေ နားလည်ထားဖို့ သိပ်ကောင်းတာပဲ။


သတ္တိကျန်နေ ။ ။
ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာမျိုးသည် နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်၍သွားသည်ရှိသော်သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ န နိရုဇ္ဈတိ-ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီး မဖြစ်ရချေ။
အချည်းနှီးဖြစ်သွားတယ်ဆိုရင်တော့ ဘာလုပ်ဖို့လဲ။ကံပြုတာ အလကားနေမှာပေါ့။ မဟုတ်ဘူး။ အချည်းနှီး မဖြစ်ဘူး။ ကျန်နေတယ်။ သတ္တိကျန်နေတယ်။ အရာဝတ္ထုကျန်မနေဘူး။ သူ့ရဲ့သတ္တိ ကျန်နေတယ်။ သတ္တိဆိုတဲ့ဥစ္စာဟာ ကိုယ့်ကိုယ်တိုင်ပဲ ချိန်ကြည့်စမ်းပါလား။


သတ္တိသဘော။ ။
လူတယောက်ဟာ စကားပြောကောင်းတဲ့သတ္တိ ရှိတယ်။ ကြံရည်ဖန်ရည် စိတ်ကူးဉာဏ် သတ္တိရှိတယ်။ လုပ်ငန်းဆောင်တာမှာ လုပ်နိုင်ကိုင်နိုင်တဲ့ သတ္တိရှိတယ်။ သူ့ရဲ့သတ္တိတွေ အများကြီးရှိတယ် ဆိုပါတော့။အဲဒီသတ္တိဟာ ခန္ဓာကိုယ်ထဲရှိသလားဆိုတော့ .. ရှိတယ်ပေါ့။ရှိလို့မို့ .. တခါတလေ ပြောရေးဆိုရေးကြုံလာတော့ အဲဒီသတ္တိထုတ်ပြီးတော့ ပြောလိုက်တာ ... တယ် အပြောကောင်းတယ်ကိုး။ လူတဖက်သားနားလည်အောင် တယ်ပြောတတ်၊ လူတဖက်သား သဘောကျသွားအောင် တယ်ပြောတတ်။ ဟောဒါ သတ္တိ သတ္တိ။အဲဒီသတ္တိ .. နဂိုကော မရှိဘူးလား၊ အိပ်ပျော်နေလဲ ရှိတာပဲ၊ ထမင်းစားသောက် သွားလာနေလဲ ရှိတာပဲ။ဒါပေမယ့် အဲဒီသတ္တိဟာ အကောင်အထည်လားလို့ဆိုတော့ ... မဟုတ်ဘူး ... သတ္တိပါပဲ။

လူတယောက်ဟာ လုပ်ရည်ကိုင်ရည် သတ္တိရှိတယ်။ ဟော .. အချိန်ကျလို့ အလုပ်တခုကြုံလာတော့ သူက လုပ်ပြလိုက်တယ်။တယ်တော်တဲ့သူပဲ။ တယ်သတ္တိရှိတယ်။ ကြံရည်ဖန်ရည်ကျတော့လဲ တယ်ကောင်း။ စီမံလိုက်တာ တယ်သဘာဝကျ။ သတ္တိရှိတယ်။အဲဒီသတ္တိတွေဟာ ဘယ်လောက်ပဲ များများ ရာပေါင်း ထောင်ပေါင်းစုနေပေမည့် ဝန်မလေးပါဘူး။
အခွင့်သင့်မှ။ ။
အဲဒီသတ္တိ ဘယ်မှာ ပါနေသလဲ။စိတ်အစဉ်ထဲမှာ ပါနေတယ်။စိတ်အစဉ်မှာသာ ပါတာ မဟုတ်ဘူး။ ရုပ်အစဉ်မှာလဲ အဲဒီသတ္တိ ပါနေတယ်။အဲဒီသတ္တိဟာ ဘာမှ ဝန်မလေးဘူး။ သတ္တိကတော့ သတ္တိပဲ။ အဲဒီလိုပဲ ကမ္မပစ္စည်းဆိုတဲ့ သတ္တိတွေ ဘုန်းကြီးတို့သန္တာန်မှာ ပါနေတယ်။ အကုသိုလ်သတ္တိတွေလဲ တပုံကြီးပါပဲ။ ကုသိုလ်သတ္တိတွေလဲ တပုံကြီးပါပဲ။ဝန်လေးသလား၊ ဝန်မလေးပါဘူး။ဒါဖြင့် ဒီလို ကုသိုလ် အကုသိုလ် သတ္တိတွေက ဘယ်အခါမှ အကျိုးပေးသတုန်းလို့ ဆိုတော့ ..။

သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌ ဝိပစ္စိတုံ-ဆိုင်ရာအကျိုးကို ပေးခြင်းငှာ၊ အကြောင်းသင့်၍ အကျိုးပေးတယ်။ အကုသိုလ်ကံတွေကလဲ ကာလဝိပတ္တိကြုံလာပြီ၊ မကောင်းတဲ့ ကာလနဲ့ ကြုံနေပြီဆိုရင် အကျိုးပေးတာပဲ။


ဘဝအလိုက်။ ။
ဘဝကိုက မကောင်းတဲ့ဘဝ ကြုံနေပြီ၊ တိရစ္ဆာန်ဖြစ်နေပြီ ဆိုပါတော့၊ အကုသိုလ်ကံတွေက အကျိုးပေးတာပဲ။ ဟိုက ခဲနဲ့ ပေါက်မယ်၊ ဒီက ခဲနဲ့ ပေါက်မယ်။ တော်တော်ကြာတော့ စားစရာ သောက်စရာ မစားရ မသောက်ရ ဖြစ်နေမယ်။ နေစရာ ထိုင်စရာမရှိ ဖြစ်နေမယ်။အဲဒီ အကုသိုလ်ကံမျိုး လူ့ဘဝကော မပါလာဘူးလား။ ပါ,ပါရဲ့။ ဘဝက နည်းနည်းကောင်းနေတော့ အဲဒီ နေစရာမရှိအောင်ရယ်၊ ထိုင်စရာမရှိအောင်ရယ်၊ ဟိုကဒီက နှိပ်စက်အောင်ရယ်။ ဒီလိုတော့ သူတို့က မတတ်နိုင်ဘူး။ မပါဘူးလားဆိုတော့ ပါတယ်။ ဒီကံတွေ ပါပေမယ်လို့ ဂတိကောင်းနေတဲ့အခါကျတော့ ဒီအကုသိုလ်ကံတွေက အကျိုးမပေးနိုင်ပြန်ဘူး။


ဉာဏ်ရှိ မရှိ။ ။
တခါ လုံ့လဝီရိယဉာဏ် မကောင်းတဲ့လူတွေကျတော့ အကုသိုလ်ကံတွေက အကျိုးပေးတယ်။ ဆိုပါတော့ .. ဉာဏ်မရှိလို့ ဒီအစာကလေး တည့်မှန်းမသိ မတည့်မှန်းမသိတော့ မတည့်တဲ့အစာကို စားမိတယ်။ တော်တော်ကြာတော့ ရောဂါရတယ်။ ရှိတဲ့ရောဂါ တိုးတယ်။ရောဂါရဖို့ရန် ရောဂါတိုးဖို့ရန်ကတော့ အကုသိုလ်က စီမံတာပဲ။အဲဒီ အကုသိုလ်ကံချည်း သက်သက် စီမံနိုင်သလားလို့ဆိုတော့ ... မဟုတ်သေးဘူး။

သူ .. ဉာဏ်မရှိလို့ မတော်တာတွေ စားလို့၊ဉာဏ်မရှိလို့ ရေမချိုးသင့်တဲ့အချိန် ချိုးလို့၊ဉာဏ်မရှိလို့ မသွားသင့်တဲ့နေရာ သွားလို့၊သူ .. ဒီလို ရောဂါတိုးတာ ရောဂါရတာ။ ရပြီးသား ရောဂါ တိုးတယ်။ ဒါဖြင့် ဒီပြင် ပုဂ္ဂိုလ်တယောက်တော့ ဒီလိုပဲ ဘာလို့ ရောဂါမဖြစ်တုန်း။သူက နည်းနည်း ဉာဏ်ရှိတယ်။ဒါ မတော်ဘူးလို့ဆိုတာ သူမှတ်ထားတယ်။ဒီအချိန် သွားလို့ မတော်ဘူးဆိုတာ သူမှတ်ထားတယ်။ဒီအချိန် ရေချိုးလို့ မတော်ဘူးဆိုတာ သူမှတ်ထားတယ်။ဟော .. ဉာဏ်ရှိတာနဲ့ပဲ မကောင်းကျိုး မပေးနိုင်ဘူး။

လူနှစ်ယောက်တွင် ဉာဏ်မရှိတဲ့သူမှာ မကောင်းကျိုးပေးတယ်။ဉာဏ်ရှိတဲ့သူမှာ မကောင်းကျိုး မပေးနိုင်ဘူး။ဒါ့ကြောင့် မကောင်းတဲ့ ကံတွေ အကျိုးပေးတယ်ဆိုတဲ့ဥစ္စာ မကောင်းအောင်ကို အကြောင်းတွေက ဆုံလာမှ မကောင်းကျိုးပေးတာပါ။


စောစောက ပြင်။ ။
“သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးခြင်းငှာ”လို့ဆိုတော့ အဲဒီအကြောင်းတွေကိုလေ ဒါတွေဟာ မကောင်းကျိုးကို ပေးတတ်တဲ့ အကြောင်းတွေပဲလို့ နားလည်အောင် စောစောက ပညာတွေ သင်ရမယ်။
စောစောက မိကောင်းဖကောင်း ဆရာသမားကောင်း ဆွေကောင်းမျိုးကောင်းတွေနဲ့ ပေါင်းသင်းပြီးတော့ သူတို့အဆုံးအမကို နားထောင်ရတယ်။ မှတ်သားရတယ်။ ကိုယ့်ဘာသာကိုယ်လဲ စဉ်းစားဉာဏ်ရှိရတယ်။အဲဒီ ဉာဏ်တို့ ဝီရိယတို့ အလိမ္မာတို့ ရှိပြီဆိုတော့ ကာလမကောင်းတောင် သူ့အတွက် တော်တော်သက်သာတယ်။(ဂတိ=ဘဝက နည်းနည်းကလေး ညံ့နေတယ်ဆိုအုန်းတော့ သူ့အတွက် နည်းနည်း သက်သာတယ်။)
ကာလောပဓိပယောဂါနံ, ဂတိယာ စ ယထာရဟံ၊
သမ္ပတ္တိံ စ ဝိပတ္တိံ စ, ကမ္မမာဂမ္မ ပစ္စတိ။


ကာလ။ ။
ကာလောပဓိပယောဂါနံ-အများနေထိုင်ရာဖြစ်တဲ့အခါ ကာလ, အဆင်းလှပခြင်း အရုပ်ဆိုးခြင်းဆိုတဲ့ ဥပဓိ လုံ့လဝီရိယ အသိအလိမ္မာဉာဏ်ဆိုတဲ့ ပယောဂတို့၏လည်းကောင်းဂတိယာ စ-ရောက်ရာ ဘုံဌာနဟူသော ဂတိ၏လည်းကောင်းသမ္ပတ္တိံ စ-အကြောင်းရင်းခံ ဖန်သည့်အလိုက် သမ္ပတ္တိ ဆိုက်မှုကိုလည်းကောင်း ဝိပတ္တိံ စ-အကြောင်းရင်းခံ ဖန်သည့်အလိုက် ဝိပတ္တိဆိုက်မှုကို လည်းကောင်းအာဂမ္မ-မလွဲသမှု အစွဲပြု၍ ကမ္မံ-မီးခဲပြာဖုံး ပမာသုံးဖို့ လုံးလုံးမပြယ် ကိုယ်ဝယ်ဖန်ထား ကံတရားသည်ပစ္စတိ-ကောင်းဆိုးကျိုးတွေ ပေးနိုင်လေ၏။ မီးခဲပြာဖုံးနေသလို ကံကို မမြင်ရဘူး။ မမြင်ရပေမယ့် ကံတွေ ရှိနေတာပဲ၊ ပြည့်လို့။အဲဒါတွေဟာ ကာလသမ္ပတ္တိနဲ့ ကြုံနေမယ်ဆိုရင် သာမန်ကုသိုလ်ကံတွေကတောင်မှ အကျိုးပေးလိုက်တာ။ ကာလက တယ်ကောင်းတယ်ကိုး။အင်း .. နေလို့ထိုင်လို့ ကောင်းတယ်။ ရောင်းလို့ ဝယ်လို့ ကောင်းတယ်။ သွားလို့လာလို့ ကောင်းတယ်။ ဒီလိုဆိုရင် သာမန် ကံသမားလေးတွေတောင်မှ စားရေး သောက်ရေးချောင်လို့၊ နေရေးထိုင်ရေး ကောင်းလို့၊ ကာလကောင်းနဲ့ တွေ့တာကိုး။


ရုပ်အဆင်း။ ။
ဥပဓိဆိုတဲ့ဥစ္စာ ရှိတယ်။ ရုပ်အဆင်းကို ခေါ်တယ်။ ရုပ်အဆင်းဟာ အမှတ်တမဲ့တော့ အရေးမကြီးပါဘူးလို့ ပြောတယ်။ ဒါပေမယ့် ရုပ်အဆင်းလှတယ်ဆိုရင်ပဲ ဘေးက မြင်နေရတဲ့သူက .. တယ် ရုပ်ကလေးက သနားကမားလေးနဲ့ ဆိုပြီးတော့ သူ့အပေါ် ချစ်ခင်စိတ် ရှိတယ်။ကလေး ကလေးဆိုလို့ရှိရင်လဲ ရုပ်ကလေးက သနားကမားကလေးနဲ့ ဆိုပြီးတော့ ကျွေးချင် မွေးချင်လာတယ်။လူကြီး လူကြီးအလိုက်ပေါ့လေ။အရုပ်က ဆိုးနေပြီဆိုလို့ရှိရင် ကျွေးချင် မွေးချင်စိတ်တောင် နည်းသွားတယ်။သနားတတ်တဲ့သူနဲ့ တွေ့ရင်သာ ကျွေးချင် မွေးချင်တယ်။
ဒါကြောင့် ဥပဓိဆိုတဲ့ ရုပ်အဆင်းဟာ သိပ်အရေးကြီးတာပဲ။ဟို အထက်တန်းကျလေ ရုပ်အဆင်းက အရေးကြီးလေ။အထက်တန်းရောက်လာလေ ဥပဓိက အရေးကြီးလေ။သူတို့ကတော့ဖြင့် အကျိုးမပေးပဲ နေပါ့မလား .. ဥပဓိကိုက တယ်ကောင်းတာကိုး။အကုန်လုံး လိုက်ပြီးတော့ အကျိုးပေးစရာ အကြောင်းဖြစ်သွားတယ်။


အလိမ္မာ။ ။
ပယောဂဆိုတဲ့ဥစ္စာ ဉာဏ် ဝီရိယ အလိမ္မာပဲ။အလိမ္မာက ညံ့ရင် ညံ့သလောက် အကျိုးပေးနည်းသွားတယ်။ အလိမ္မာက ကောင်းရင် ကောင်းသလောက် အကျိုးပေး ကြီးကျယ်သွားတယ်။အဲဒီ အလိမ္မာကောင်းအောင်လို့ ဉာဏ် ဝီရိယကောင်းလာအောင်လို့ ဆရာကောင်း သမားကောင်း ရှာကြရတာ။ဒီ အလိမ္မာ ဝီရိယကောင်းလာအောင်လို့ အဲဒါတွေက တန်ဖိုးရှိလွန်းလို့ ဘုန်းကြီးပြောနေတာ။ ဥပဓိတွေ ဘယ်လောက်ကောင်းနေနေ ကံ ဝီရိယ ညံ့ဖျင်းပြီဆိုရင် အကျိုးကောင်းကောင်း မပေးဘူး။ပေးသမျှ အကျိုးတွေလဲ ပျောက်ပျက်သွားတတ်တယ်။


စေတနာသည် ကံ။ ။
ဒါ့ကြောင့် ကံဆိုတဲ့ဥစ္စာ ဘယ်လိုပါလိမ့်မလဲလို့ ပထမဆုံး ပြန်ပြီးတော့ စဉ်းစားကြည့်ပါ။ကုသိုလ်ပြုပြု အကုသိုလ်ပြုပြု ဒီထဲမှာ ရှိတဲ့ စေတနာကို ကံလို့ ခေါ်တယ်။ဒါဖြင့် အဲဒီ စေတနာက ဘယ်လိုသဘောနဲ့ ဘဝများစွာသို့လိုက်ပါလိမ့်မတုန်းဆိုတော့ -

“ကုသလာ ကုသလံ-ကုသိုလ် အကုသိုလ်ဖြစ်သော ကမ္မံ-ကံစေတနာသည်ဝိပါကာနံ-နောက်နောက် ဝိပါက်ဆိုတဲ့ နာမ်တရားတို့အားလည်းကောင်းကဋတ္တာ စ ရူပါနံ-ကမ္မဇရုပ်ဆိုတဲ့ ကဋတ္တာရုပ် တရားတို့အားလည်းကောင်းကမ္မပစ္စယေန-ကမ္မပစ္စယသတ္တိဖြင့်ပစ္စယော-ကျေးဇူးပြုသည်ဟောတိ - ဖြစ်၏” လို့ မြတ်စွာဘုရား ဟောတော်မူတယ်။

မြတ်စွာဘုရားက အဲဒီ စေတနာဟာလေ ဥပါဒ် ဌီ ဘင် ဆိုပြီးတော့ နာမ်တရား ထုံးစံအတိုင်း ချုပ်သွားပေမယ့် သတ္တိကျန်နေရစ်တယ်။ ဘာသတ္တိပါလိမ့်။ကမ္မပစ္စည်းသတ္တိ ကျန်နေရစ်တယ်။ ဒီတော့ ကမ္မပစ္စည်းသတ္တိ ကျန်နေရစ်လို့ရှိရင် တို့ဘဝများစွာက ပြုခဲ့တဲ့ ကောင်းကံ၊ မကောင်းကံရဲ့ သတ္တိတွေ အများကြီး ရှိမှာပေါ့။ဟုတ်တယ် .. အများကြီး ရှိတာပဲ။ဒါဖြင့် ကောင်းကံရော မကောင်းကံရော ဆုံပြီးတော့ ဘာပြုလို့ အကျိုးမပေးကြသတုန်းလို့ဆိုတော့ ... သြော် ကံက သူ့ချည်း မပေးပါဘူး။ကာလအလိုက် အကျိုးပေးတာ။
ကာလ မကောင်းပါလား၊ မကောင်းကံတွေက အကျိုးပေးမှာပေါ့။
ကာလ ကောင်းနေစမ်းပါလား၊ ကောင်းကံတွေက အကျိုးပေးမှာပေါ့။


ဘဝ ကောင်း-ဆိုး။ ။
ဟုတ်ပြီ။ ဂတိ=ဘဝကိုက မကောင်းတဲ့ ဘဝ၊ တိရစ္ဆာန်ဘဝ ရောက်စမ်းပါလား။ ငရဲဘဝ ရောက်နေစမ်းပါလား။ ပြိတ္တာဘဝ ရောက်နေစမ်းပါလား။ မကောင်းတဲ့ ကံဟာလေ သိပ်အကျိုးပေးခွင့် ရသွားတာပဲ။ဂတိက လူ့ဘဝတွေ ရောက်နေစမ်းပါလား။ နတ်ဘဝတွေ ရောက်နေစမ်းပါလား။ ငတ်အောင် နှိပ်စက်နိုင်တဲ့ ကံပါပေမယ့် အို .. လူ့ဘဝဆိုတာ နောက်ဆုံး တောင်းစားရင် ရသေးတယ်။ မငတ်ပါဘူး။ဟို နတ်ဘဝတို့လိုများ ရောက်သွားတော့ ငတ်အောင် ပြုနိုင်တဲ့ကံ အဲဒီမှာ မရှိဘူးလား။ ရှိပါရဲ့။ ဒါဖြင့် ငတ်နေပါလား။ နတ်ဟာ ဘယ်တော့မှ မငတ်ပါဘူး။ ဘာပြုလို့တုန်းဆိုတော့ ဂတိကိုက အင်မတန် ကောင်းတဲ့ ဂတိဖြစ်နေတာကိုး။
ဒါကြောင့် ကာလကောင်းရင် ကောင်းတဲ့ကံတွေက၊ ကာလမကောင်းရင် မကောင်းတဲ့ ကံတွေက၊ဂတိဆိုတဲ့ ဘဝကောင်းရင် ကောင်းတဲ့ကံတွေက အခွင့်သာတယ်။ ဂတိဆိုတဲ့ ဘဝမကောင်းလို့ ငရဲ, တိရစ္ဆာန်, ပြိတ္တာဖြစ်နေမယ်ဆိုရင် မကောင်းတဲ့ကံတွေက အခွင့်သာပါတယ်။


ရုပ် လှ-မလှ။ ။
တိရစ္ဆာန်ဖြစ်သွားအုန်း၊ ကောင်းတဲ့ကံတွေက အခွင့်သာလို့ ခွေးကလေး လှလှလေးဆိုရင် ကျွေးမယ့်သူနဲ့ မွေးမယ့်သူနဲ့၊ သူ့ကို တကတည်း မွေးချင်တဲ့သူတွေနဲ့၊ ခွေးကလေးက လှတာကိုး။ဥပဓိက လှနေလို့ရှိရင် ကောင်းတဲ့ကံတွေက အကျိုးပေးတယ်။တိရစ္ဆာန်ဖြစ်တောင် လိုက် အကျိုးပေးတယ်။

မလှဘူးဆိုလို့ရှိရင် လူ့ဘဝရောက်နေတာတောင်မှ လူ့ကိုက ရုပ်ကြီးကိုက ဘယ့်နှယ်ပဲ ညာ့နှယ်ပဲနဲ့ ပြောပြီးတော့ ကိုယ့်ဆွေမျိုးသားချင်းများကတောင် အရေးမစိုက်ချင်ဘူး။ အမေကတော့ ချစ်ပါရဲ့။ အဖေကတော့ နည်းနည်းတောင် အင်တင်တင်ကြီး။ ဘိုးတွေ ဘွားတွေက ဒီကလေးကို ဟိုနား ဒီနား ချီမသွားပါဘူး။ အဒေါ်တွေ အမတွေ ဦးကြီးဦးလေးတွေက မချီပါဘူး။ ခင်ဗျားနဲ့ ဘယ့်နှယ်တော်တုန်း မေးရင် ပြောရမှာတောင် နည်းနည်း ရှက်တက်တက်။ အရုပ်ဆိုးတာနဲ့ သူ့မိဘ ဘိုးဘွားက စပြီးတော့ သိပ်အရေးမစိုက်ဘူး။

ရုပ်ကလေးက လှလှပပလို့ဆိုတော့ ကြွားချင်တယ်ကိုး။ အဖေကလဲ သားကလေးကို ပွေ့ချီပြီးတော့ “ဒါ ကျုပ်သားပါ၊ ဒါ ကျုပ်သားပါ”။ ဘိုးကလဲ ချီပြီးတော့ ဟိုအိမ် ဒီအိမ်များ လည်လို့။ “ဒါ ကျုပ်မြေးလေ၊ ကျုပ်သားက မွေးတာ, သမီးက မွေးတာ”။ သူကလဲ ကြွားချင်တယ်။ ဘေးက အဒေါ်တွေ ဘာတွေကလဲ ပွေ့လို့၊ ဟိုအိမ် ဒီအိမ် သွားရင် ဒီကလေးကို ချီသွားချင်တယ်။ တော်တော်လေး ကြီးတော့လဲ ဒီလိုပဲ။

ဒါကြောင့် ဥပဓိလှလို့ရှိရင် တိရစ္ဆာန်ဖြစ်တောင်မှ အကျိုးပေးတယ်။ ဥပဓိသာ မလှဘူးဆိုလို့ရှိရင် ဂတိကောင်းတဲ့ လူ့ဘဝတောင်မှ သိပ်အကျိုးမပေးပါဘူး။ဥပဓိရုပ်အဆင်းဟာ ဒီလောက် ကွာခြားတယ်။ အရေးကြီးတယ်။


ခွေးလိမ္မာ။ ။
လုံ့လ ဝီရိယ ဉာဏ် အသိအလိမ္မာရှိပြီဆိုလို့ရှိရင် ခွေးကလေးတောင် နည်းနည်းလိမ္မာတဲ့ ခွေးဆိုရင်ပဲ နောက်ဆုံး လက်ပေးကလေး သင်လို့ လွယ်အုန်းတော့ ကျွေးမယ့်သူ တယ်မရှားလှဘူး။ ဒီခွေးကလေးက ညကျ ဟောဖော်ပြုဖော် ရတယ်၊ လုံ့လဝီရိယရှိတယ်၊ စောင့်ရှောက်ဖော် ရတယ်ဆိုပြီးတော့ ကျွေးကြတယ်။ ဟောဒီ မကောင်းတဲ့ဂတိ ရောက်သွားတာတောင်မှ အဲဒီခွေးကလေး ဝီရိယရှိတာနဲ့ အလိမ္မာကလေးရှိတာနဲ့ စားရေးသောက်ရေး မခဲယဉ်းဘူး။ မွေးမယ့် ကျွေးမယ့်သူတွေ ပေါတယ်။


ဝီရိယ။ ။
လူ့ဘဝရလာပြီး ပျင်းလိုက်တာ၊ ဝီရိယက ဘာမှ မရှိဘူးဆိုရင်တော့ သူဟာ နောက်ဆုံး ကူလီလုပ်တောင်မှ သူများလောက် မရဘူး။ သူများ လုပ်ကိုင်ကုန်ကြပြီ၊ သူက အိပ်တုန်း ရှိသေးတယ်။ သူက ပျင်းလို့ သန်းတုန်း ဝေတုန်း ရှိသေးတယ်။ သူများက ဘယ်လောက်ရပြီဆို သူက မရပေါင်။ဒါကြောင့် လုံ့လဝီရိယရှိရင် ကာလကလဲ ကောင်းမယ်၊ ဂတိကလဲ ကောင်းမယ်၊ အလိမ္မာကလဲ ရှိမယ်ဆိုလို့ရှိရင် အစွမ်းကုန် အကျိုးပေးတယ်။ ဘာမှ စဉ်းစားမနေနဲ့။


အကျိုး ပေး-မပေး။ ။
ဘယ်သူဟာ အကျိုးပေးတယ်ဆိုလို့ရှိရင်တော့ သေသေချာချာကြည့်။ ဉာဏ်ဝီရိယက ဘယ်လိုဖြစ်လိမ့်မယ်။ ဘယ်သူဟာ အကျိုးမပေးဘူးဆိုလို့ရှိရင် ဉာဏ် ဝီရိယ ဘယ့်နှယ်ဖြစ်လိမ့်မယ်။ သူ အကျိုးပေးပါ့မလား၊ စကားပြောတာ ကြည့်ပါလား၊ ဘောက်ချည့် ပြောပြောနေတာပဲ၊ သူများ မခံချင်အောင်ချည့် ပြောတာပဲ၊ သူနဲ့ကို ဘယ်သူမှ အပေါင်းအသင်း တယ်မလုပ်ချင်ကြဘူး၊ အို အလိမ္မာကိုက ရှိမှ မရှိဘဲကိုး။ဒါကြောင့် ကံဟာ ကံချည်း အကျိုးမပေးဘူးဆိုတာ သိပ်နားလည်ဖို့ ကောင်းတယ်။

ကာလောပဓိ ပယောဂါနံ, ဂတိယာ စ ယထာရဟံ၊
သမ္ပတ္တိံ စ ဝိပတ္တိံ စ, ကမ္မ မာဂမ္မ ပစ္စတိ။

ဒီတော့ ကံဟာ ဘယ်လို၊ ကံရဲ့သတ္တိဟာ ဘယ်လိုလိုက်လာတယ်ဆိုတာ နားလည်ပြီနော်။ကံဟာ ခန္ဓာအစဉ်မှာ အမြဲပါနေတယ်။အဲဒီကံဟာ သတ္တိရှိပေမယ့် သူ့ချည်းတော့ အကျိုးမပေးပါဘူး။ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂ ကောင်း,မကောင်း လိုက်ပြီးတော့ ကောင်းကံ မကောင်းကံတွေ အကျိုးပေးခွင့် သာကြတာပဲလို့ ဒီလို သိနားလည်ပါနော်။


ပို မိုက်သွား။ ။
ဒီလို နားလည်ပြီးတော့ ကောင်းကံပဲ အကျိုးပေးပေး၊ မကောင်းကံပဲ ပေးပေး အဲဒီ အကျိုးပေးတဲ့တနေ့မှာ စိတ်ရင်း စေတနာရင်း ကောင်းဖို့ လိုပြန်ရော။အချို့ မကောင်းကံတွေ အကျိုးပေးတော့ ‘ငါ့ .. သူများက အရေးမစိုက်ဘူး’ဆိုပြီး ပိုရွတ်ပြီးတော့ သူ ပိုယုတ်မာသွားတယ်။ ပိုမိုက်သွားတယ်။မကောင်းကံကလေ မကောင်းကျိုးပေးလိုက်တာ ပိုမိုက်တွင်းနက်ပြီးတော့ အပါယ်လေးပါး ရောက်သွားတယ်။မကောင်းကံက စိတ်ထားမတတ်လို့ရှိရင် သိပ်ကြောက်စရာ ကောင်းတာပဲ။


အမျိုးကောင်း ။ ။
တခါ ကောင်းကံကကောလို့ဆိုတော့ သူကလဲ စိတ်ထားမကောင်းရင် အများကြီး ကြောက်စရာ ကောင်းတယ်။အခုကာလ လူ့လောကကြီး ပြောကြစို့။အမျိုးကောင်းတယ်၊ ဥစ္စာပေါတယ်၊ ရုပ်ချောတယ်၊ ပညာတတ်တယ်၊ ဒါ အကောင်းတွေချည်းပဲ။ကောင်းကံတွေက အကျိုးပေးနေတာ။ ဒီအတိုင်းဆိုတော့ အကောင်းပဲ။သို့ပေမယ့် စိတ်နေစိတ်ထား လိုက်ပြီးတော့ တာရှည်ကောင်း, မကောင်း စဉ်းစားရတယ်။

တချို့များ ရှေးက ကုသိုလ်ကံတွေ အကျိုးပေးလို့ အမျိုးကောင်းထဲ သွားပြီးတော့ ဖြစ်ရတယ်။ကောင်းပါတယ်။ ဒါပေမယ့် သူဟာ နှစ်ဖက်စွန်းထွက်နေပြန်ပါတယ်။အသိအလိမ္မာတွေ ဘာတွေ မရှိလို့ နောင်သံသရာတွေ ဘာတွေ ဘာမှ မစဉ်းစားတတ်တော့ မာနကြီးလို့။အဲဒါ အမျိုးမြတ်တာနဲ့ပဲ မာနကြီးတဲ့အတွက် သူ့မှာ အကုသိုလ်ကံတွေ ထပ်ဝင်ပြီးတော့ နောက်တကြိမ် အမျိုးယုတ်တာက စပြီးတော့ အပါယ်လေးပါး သွားရတယ်။


မာနနှိမ်ချ။ ။
ဒီတော့ အမျိုးမြတ်ရင် အထက်တန်းကျရင် မာနမကြီးနဲ့။အထက်တန်းကျတာ ရှေးကံကောင်းလို့ပေါ့လေ ဆိုပြီးတော့ မာန်မာနတွေ တခါတည်း နှိမ်ချလို့၊ စကားပြောတို့ ဘာတို့ ရိုးရိုးသားသားကလေး ပြောလို့၊ သူတပါးအပေါ်မှာ မေတ္တာ ကရုဏာနဲ့ ပြောလို့ဆိုတော့ ဘေးကနေပြီး သိပ်တော်တာပဲ ဘယ်သူတွေများလေ၊ ဟာ သူတို့အမျိုးက အင်မတန် အထက်တန်းကျတာ၊ ဒါတောင်မှလေ ကျုပ်တို့နဲ့များ စကားပြောအုန်း .. လေးလေးစားစား ရှိလိုက်တာ၊ ကျုပ်ဖြင့် ကြည်ညိုလိုက်တာလေနဲ့၊ ဟောဒီဘဝမှာကို သူ့မယ်လေ အကျိုးတွေ ရပြီးတော့ နောင်သံသရာ ဒီထက် မြင့်မြတ်တဲ့ အကျိုးတွေ ရသွားတယ်။ အမျိုးမြတ်တယ်။


စိတ်ကြီးဝင်ရင်။ ။
တခါ အဆင်းလှတယ်၊ ရုပ်ချောတယ်။အဆင်းလှ ရုပ်ချောတော့ “ငါ့မယ်လေ ရှေးကံကောင်းလို့မို့ ဒီလိုဖြစ်ရတာလို့ သဘောမထားဘဲနဲ့ မာနကြီးပြီးတော့ ဒင်းတို့နဲ့အတူတူ မသွားချင်ပါဘူး”လို့ မာနတက်တယ်၊ အလှဂုဏ်တက်တယ်။ သူများကို အဖက် မထင်ချင်ဘူး။ သူက စိတ်ကြီးဝင်တယ်။ဒါဟာ အဆင်းလှတဲ့အတွက် ကုသိုလ်ကံ အကျိုးပေးပေမယ်လို့ အကုသိုလ်တွေ ထပ်ဝင်ပြီးတော့ သူ့မှာ နောက်ဘဝ သံသရာမှာ အဆင်းမလှဖို့ရာရော အပါယ်လေးပါးသွားဖို့ရာရော အကြောင်းတွေ ဖြစ်ပြန်ရော။


ရုပ်လှ အပြစ်။ ။
စိတ်နေစိတ်ထား မကောင်းတဲ့သူဟာ အဆင်းလှတာ တော်တော် ကြောက်စရာ ကောင်းတယ်။ဒါက သူများ မဟုတ်ဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ညီတော် အရှင်အာနန္ဒာအလောင်းပဲ။သူဟာ တဘဝမှာ သိပ်လှတဲ့ လူတယောက် ဖြစ်တယ်။ သိပ်လှတော့ သူ့ကို ဘေးက အမျိုးသမီးတွေက အလွန် အရေးပါကြတယ်။ အရေးပေးသည့်အားလျော်စွာ သူကလဲပဲ ပြန်ပြီးတော့ကို အင်း .. ဖောက်ဖောက်ပြန်ပြန်ကလေး ဖြစ်လိုက်ရော။အဲဒီလို ဖောက်ဖောက်ပြန်ပြန် ဖြစ်တာနဲ့ပဲ ငရဲကျပြီး တော်တော်ကြာတော့ နပုံးပဏ္ဍုက်ဖြစ်ရတယ်။ တိရစ္ဆာန်ဖြစ်ရတယ်။ တိရစ္ဆာန်မှာလဲပဲ အထီးမဟုတ် အမ,မဟုတ် ဖြစ်ရတယ်။ လူဖြစ်ပြန်တော့လဲပဲ ယောက်ျားမဟုတ် မိန်းမ,မဟုတ် ဖြစ်ရတယ်။ နောက် မိန်းမဘဝ ဖြစ်ရတယ်။ နောက် တော်တော်ကလေး ကြာတော့မှ ယောက်ျားဘဝ ဖြစ်ရတယ်။ ကြည့်စမ်း .. သူများမဟုတ်ဘူး။ အရှင်အာနန္ဒာအလောင်း။ ဒါ့ကြောင့် ကုသိုလ်ကံ အကျိုးပေးပေမယ်လို့ အလိမ္မာဆိုတာ အင်မတန် လိုတယ်။

အဲဒီအခါတုန်းက သာသနာပဖြစ်လို့ နေမှာပေါ့။ သာသနာတွင်းသာ ဖြစ်မယ်၊ သူတော်ကောင်းတွေ နဲ့သာ ပေါင်းသင်းဆက်ဆံရမယ်ဆိုရင် အရှင်အာနန္ဒာအလောင်းတို့လို ပုဂ္ဂိုလ်မျိုးဟာ အကြောင်းမဲ့ မကောင်းတဲ့အလုပ်တွေ မလုပ်မိပါဘူး။အခုတော့ ကာလဒေသက မကောင်းတာနဲ့၊ မိကောင်းဖကောင်း ဆရာကောင်းသမားကောင်းတို့ရဲ့ အဆုံးအမတွေနဲ့ မတွေ့ရတာနဲ့ အရှင်အာနန္ဒာအလောင်းတောင် ရုပ်ချောတဲ့ဘဝမှာ မှားမှားယွင်းယွင်း ဖြစ်ရတယ်။ဒီတော့ ရုပ်အဆင်းလှတာဟာ အင်မတန် သတိထားစရာ ကောင်းတယ်။ဘုန်းကြီးတို့ မြို့ကြီးပြကြီးတွေမှာ အမျိုးသမီးတွေ ရုပ်အဆင်းလှတာနဲ့ ပျက်စီးကြတယ်။ တော်တော်များများ ပျက်စီးကြတယ်။ ရုပ်အဆင်းလှတာနဲ့ပဲ ဒီ့အပြင် မတရားတဲ့အလုပ်တွေ လုပ်ကြတယ်။ ဒါကြောင့် ရုပ်အဆင်းလှမှု အမျိုးမြတ်မှုဟာ ကိုယ်က လိမ္မာပါမှ အထက်တန်းတိုးပြီးတော့ အကျိုးရတယ်။ ရုပ်အဆင်း လှပေမယ်လို့ အမျိုးမြတ်ပေမယ်လို့ စိတ်ထားမတတ်လို့ရှိရင် ပြန်ပြီးတော့ အောက်တန်းကျဖို့ ဖြစ်တယ်။


ပစ္စည်းတန်ဖိုး။ ။
တခါ ဥစ္စာပေါတာ ကြည့်အုန်း။ရှေးကံကောင်းလို့ ဥစ္စာပေါတော့ကာ စွန့်ကြဲပေးကမ်းမယ်။ မရှိဆင်းရဲတဲ့သူတွေကို ညှာညှာတာတာနဲ့ စောင့်ရှောက်မယ်။ ဟိုကိစ္စ ဒီကိစ္စ ကုသိုလ်ကိစ္စတွေကို ငါက ဦးစီးခေါင်းဆောင်ပြီး ဆောင်ရွက်မယ်။ မရှိဆင်းရဲတဲ့သူတွေ နေထိုင်ဖို့ရန် ဇရပ် တန်ဆောင်း ဆောက်မယ်။ ဂီလာနသာလာဆိုတဲ့ ဆေးရုံကို ဆောက်မယ်။ ဆရာတွေ ငှားပြီးတော့ ပညာသင်ကျောင်းကြီးတွေ လုပ်ပေးမယ်။ သာသနာတော်ကြီးနဲ့ ကြုံလို့ရှိရင် သာသနာတော်ကို ထောက်ပံ့ပြီးတော့ သာသနာတော်ကြီးတိုးတက်အောင် ငါလုပ်မယ်။ဟောသလိုဆိုတော့လေ ပစ္စည်း ဥစ္စာတွေဟာ သိပ်ပြီးတော့ တန်ဖိုးရှိတယ်။ နည်းနည်း တန်ဖိုးရှိတာ မဟုတ်ဘူး။ တကယ့်ပါရမီရှင် သူတော်စင်တွေဟာ ပစ္စည်းရှိရာဘဝက နေပြီးတော့ ပါရမီတွေ ထပ်ဖြည့်ကြတာပဲ။

အဲသလို မဟုတ်ဘဲနဲ့ ဟိုသူဌေးသား ၄-ယောက် ဒု-သ-န-သောတို့လိုကျတော့ ပစ္စည်းရှိတာနဲ့မို့လို့ မတရားတွေ လိုက်စားလိုက်တာ ယခုထက်ထိ သံရည်ပူငရဲမှာ ကျပြီးတော့ ကျက်နေရတယ်။ဒီတော့ ပစ္စည်းရှိတဲ့ဥစ္စာဟာ လိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် အင်မတန် တန်ဖိုးရှိတယ်။ မလိမ္မာတဲ့ ပုဂ္ဂိုလ်တွေအတွက် သိပ်ကြောက်စရာကောင်းတာပဲ။ မိမိကို ပြန်ပြီးတော့ နှိပ်စက်တတ်တယ်။


ပညာရဲ့ အပြစ်။ ။
ပညာတတ်တယ် ဉာဏ်ကောင်းတယ်ဆိုတဲ့ဥစ္စာ ရှေးကံ အင်မတန်ကောင်းလာလို့ တတ်တာ။ အဲဒီပညာ အကြောင်းပြုပြီးတော့ မာန်မာနတွေ ကြီးလို့၊ မတရားတဲ့နည်းလမ်းတွေ ရှာလို့၊ လောကီအာရုံ ကာမဂုဏ်တွေ ခံစားမှုဘက်မှာ အလုပ်ထွင်လို့။ ဒီလိုဆိုရင် ရှေးကံကြောင့် တတ်နေတဲ့ ပညာ၊ ရှေးကံကြောင့် ဖြစ်လာတဲ့ အသိဉာဏ်တွေဟာ မတရားဘက်မှာ သွားပြီးတော့ သုံးစွဲတဲ့အတွက်ကြောင့် နောက်ဘဝမှာ အပါယ်လေးပါးသွားပြီးတော့ ပညာဉာဏ်ဖျင်းတဲ့သူတွေ ဖြစ်ဖို့ရန် အကြောင်းဖြစ်ပြန်ရော။


ပညာရဲ့ အကျိုး။ ။
ပညာဉာဏ်အကြောင်းပြုပြီးတော့ “ငါလေ .. ရှေးကံကောင်းလို့မို့ ဉာဏ်ပညာတွေ ထက်လာတယ်၊ အသိဉာဏ်တွေ ကြီးလာတယ်၊ ဒါကြောင့် ငါဟာ ဉာဏ်ပညာမရှိတဲ့သူတွေ ဉာဏ်ပညာရှိလာအောင် ပညာသင်ပေးမယ်။ ပြောဟောပေးမယ်။ ဆုံးမပေးမယ်”။ ဒီလိုဆိုလို့ရှိရင် ပညာတွေကြီးလို့ ဘုရားအလောင်းတော်တို့လို ပုဂ္ဂိုလ်တွေဖြစ်လို့ သိပ်ကောင်းတာပဲ။ဒီလိုမှ မဟုတ်ဘဲနဲ့ ဉာဏ်ပညာ အကြောင်းပြုပြီးသကာလ မာနကြီးပြီးတော့ သူများအထင်သေးလို့၊ သူများဉာဏ်ပညာညံ့တဲ့ဥစ္စာပဲ ပြောလို့ စောင်းလို့ လုပ်လို့ရှိရင် ကိုယ်ဟာ ဘဝသံသရာမှာ ဉာဏ်ပညာညံ့ဖျင်းတဲ့သူ ဖြစ်ရမယ်။

အဲဒီလို မဖြစ်ရအောင်လေ ကံကို အင်မတန် နားလည်ဖို့ ကောင်းပါတယ်။ကံဆိုတာ စေတနာကို ခေါ်တယ်။အဲဒီ စေတနာဟာ သံသရာမှာ ဘဝဆက်တိုင်း လိုက်မယ်။
ဘဝဆက်တိုင်းလိုက်ပေမယ်လို့ ကောင်းကံ မကောင်းကံဟာ “ကာလ, ဂတိ, ဥပဓိ, ပယောဂ” လိုက်ပြီး ကောင်းကျိုး မကောင်းကျိုး ပေးတာဖြစ်လို့ -
ကာလကောင်း
ဂတိကောင်း
ဥပဓိကောင်း
ပယောဂကောင်းတွေ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု။

အရှင်ဇနကာဘိဝံသ

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ) Posted by http://lokachantha.blogspot.com/2008/12/blog-post_11.html