Wednesday, June 29, 2011

မဟာလူသား


မဟာလူသား


ထိုနေ့က …

ကောင်းကင်ယံမှာ တိမ်တွေကင်းစင်နေတာမဟုတ်ပေမယ့် နေအလင်းရောင်ကောင်းစွာရ နေတော့ ခြေထောက်တွေက ပန်းခြံဆီကို လျှောက်လှမ်းဖို့ ဦးတည်နေပါတော့တယ်။ မနီးမဝေးပန်းခြံ ဆိုပေမယ့် ဘူတာ ၅ ခုလောက်တော့ စီးလိုက်ရ တာပါပဲ။ ဘူတာကအထွက် မဆိုင်းမတွ မိုးကခပ်သည်းည်းလေ ရွာချလိုက်ပါတော့တယ်။ အဆောင်ကထွက်တုန်းကတော့ နေရောင်ကိုဖြာလို့။ ခုတော့လည်း မိုးတွေကို ရွာလို့ ပါလားလို့ အတွေးတွေက ၀င်လာပြန်ပါတယ်။ ကံ ဆိုးသူတို့ သွားလေရာ မိုးလိုက်လို့ရွာဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်လို့ တစ်ယောက်ကဆိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုး ရွာပါစေလို့ပဲ ဆုတောင်းနေမိပါတော့တယ်။

ရေတွေ ကြာတွေအကြောင်းကို တဖွဲ့တနွဲ့စာမရေးတတ်ပေမယ့် ဘ၀မှာကြုံတွေ့ရသမျှ ရေနဲ့ကင်းကွာခဲ့တယ်လို့ကို မရှိခဲ့ပါဘူး။ ရေတွေက ကျေးဇူးကြီးကြပါတယ်။ အသုံးချတတ် သူအတွက် ရေဟာ တန်ကြေးကြီးသလောက် အသုံးမချတတ်သူ အတွက်တော့ တန်ဖိုးရှိတဲ့အရာလို့တောင် ထင်မည်မဟုတ်ပါဘူး။ အစွမ်းအစရှိတဲ့သူတွေအတွက်တော့ ရေကိုလိုသလို အသုံးချနိုင်လိမ့်မယ်ကွာ… လို့ မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ ဒါနဲ့ပဲ သူက စကားကို ထပ်ဆက်လိုက်ပါသေးတယ်။ အားခေးမီးဒီရဲ့ အကြပ်ရိုက်နေတဲ့ ရွှေခိုးမှုပြဿနာကို အဖြေရှာဖို့ရာအတွက် အကယ်၍ ရေသာမရှိခဲ့ရင် ဘယ်လိုများ သူဖော်ထုတ်မလဲမသိဘူးတဲ့။ ရေလျှံကျရာကနေ အဖြေကိုရှာတွေတဲ့အခါမှာတော့ ပျော်လွန်းလို့ အ၀တ်ဗလာနဲ့ လမ်းတစ်လျှောက် ပတ်ပြေးဘူးတယ်ဆိုပဲ။ ပျော်လွန်းတဲ့အခါ ဒီလိုပဲပတ်ပြေးတတ်ကြသလားလို့ မဆီမဆိုင် တွေးမိလိုက် ပါသေးတယ်။ မဖြစ်နိုင်ပါဘူး။ ဘုရားရှင်အစရှိတဲ့ အရိယာကြီးတွေ ခန္ဓာအိမ်ကို အကြိမ်ကြိမ်တည်ဆောက်တဲ့ တဏှာ လက်သမားကို ရှာဖွေတွေ့ရှိခဲ့တဲ့အချိန်မှာ ဘယ်လောက်များ ပျော်နေလိုက်မလဲ။ သို့သော် ထိုသူတို့အပျော်ကတော့ သံသရာမှာ ပတ်ပြေးဖို့ မဟုတ်တော့ပါဘူး။ ပတ်ပြေးခဲ့သမျှ ရပ်ချလိုက်တဲ့အတွက် ပျော်တာမျိုးပါ။

အဲ့သည့်မတိုင်ခင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသာဘ၀တုန်းက သူ့ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားကြတဲ့ သူတွေအားလုံးက ကိုယ့်အတွက်ပဲ ကြည့်တဲ့သူတွေချည်းပါပဲ။ ကိုယ့်နိုင်ငံသာယာဖို့၊ ကိုယ့်လူမျိုးကောင်းစားဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တွေခင်းလို့ နိုင်ရာစားကြေးလုပ်နေကြသူချည်းပါပဲ။ အလောင်းတော်မင်းသားရဲ့ ဖခင်ကိုယ်တိုင်ကလည်း သားတော်ကို လေးကျွန်းလုံးအစိုးရတဲ့ စကြာမင်းပဲဖြစ်စေချင်တယ်။ ဖြစ်နိုင်ရင် အားလုံးကို ငါပဲ အုပ်ချုပ်ချင်တယ်။ အားလုံး ကိုငါပဲ နိုင်ချင်တယ်၊ ငါ့ကိုပဲ ရိုသေလေးစားကြစေချင်တယ်။ ငါ ပြောတာကိုပဲ နားထောင်စေချင်တယ်။ ငါ ခိုင်းတဲ့အတိုင်း လုပ်စေချင်တယ်။ ဒါတွေနဲ့ပဲ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့တယ်။ ငါ့ဖို့၊ ငါ့အတွက်ဆိုတဲ့ ငါ ဆိုတဲ့ အတ္တတွေ ကြီးစိုးနေတဲ့နေရာကြီးဟာ တစ်ကယ်ပဲ နေသင့်နေထိုက်တဲ့နေရာကြီး ဖြစ်နိုင်ပါ့မလား။

အတ္တတွေ၊ မာနတွေထူပြောပြီး မနေသင့်တဲ့အရပ်ကို မြတ်စွာဘုရားရှင်ကတော့ အနတ္တတရားနဲ့ နေသင့်တဲ့အရပ် ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ မရနိုင်တဲ့ဒေသကို ရနိုင်တဲ့ဒေသဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ်။ စွမ်းနိုင်သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အံ့မခန်းပါပဲ။ ပတိရူပ လို့ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာနေ ခြင်းဆိုတဲ့နေရာမှာ ကိုယ်က သင့်တင့်လျောက်ပတ် တဲ့နေရာမှာ နေထိုင်တာရယ်၊ ကိုယ်က သင့်တင့်လျောက် ပတ်တဲ့နေရာဖြစ်အောင် နေထိုင်တာရယ်ဆိုပြီး ၂ မျိုးလောက်ခွဲကြည့်လို့ရမယ်ထင်ပါတယ်။ တကယ်တော့ မြတ်စွာဘုရားရှင် ကြီးပြင်းခဲ့တဲ့ဝန်းကျင်ဟာ ပတိရူပဒေသလို့ မဆိုနိုင်သေးဘူး။ မြတ်စွာဘုရားရှင်အဖြစ် ပွင့်ထွန်းတော်မူလာတဲ့အခါမှသာလျှင် တကယ့်ကို နေဖို့သင့်လျော် တဲ့ဒေသကြီးဖြစ်ခဲ့ရတာပါ။

ပတိရူပဒေသဆိုတာ နေရာစွမ်းပါ။ အတ္တသမ္မာ ပဏီဓိ စ ဆိုတာက လူစွမ်းတာပါ။ အားလုံးသိကြတဲ့အတိုင်း သီရိဓမ္မာ အသောကမင်းကြီးဆိုရင်လည်း ရှုပ်ထွေလှတဲ့ ဘာသာရေး အခြေအနေကြားထဲကနေ ထေရ၀ါဒသာသနာကို ဆွဲထုတ်နိုင်ခဲ့ တာကလည်း နေရာစွမ်း ကြောင့်မဟုတ်ပဲ လူစွမ်းတဲ့အတွက်ကြောင့်သာ ဆောင်ရွက်နိုင်ခဲ့တာပါ။ အနော်ရထာမင်း တရားတို့လို တိတ္ထိအယူတွေကြားထဲကနေ တို့သာသနာကို ဆွဲထုတ်ပြနိုင်ခဲ့တာဟာ နေရာစွမ်းလို့မဟုတ်ပါဘူး။ လူစွမ်းလို့ပါ။ တကယ်တော့ ကောင်းတဲ့နေရာမှာ နေဖို့ဆိုတာထက် ကိုယ်နေတဲ့နေရာကလေး ကောင်းအောင်ပြုလုပ်နေထိုင်ဖို့က အရေး ကြီးမယ်လို့ထင်ပါတယ်။ ရေကန်အသင့် ကြာအသင့် ဆိုတဲ့နေရာမျိုးကို ရှာဖွေမနေပဲ ကိုယ်နေတဲ့အရပ်ကို ရေကန်တူးပြီး ကြာပေါက်အောင် လုပ်ဆောင်နိုင်တာမျိုးက ပိုပြီးသင့်တော်မယ်လို့ ထင်ပါတယ်။

နေရာကဘယ်လောက်ပင်စွမ်းစေဦးတော့။ မြတ်စွာဘုရားရှင်နဲ့ တစ်မြေတည်း နေ တစ်ရေ တည်းသောက်နေရတာထက် ဘယ်နေရာက စွမ်းဦးမှာလဲ။ ဘယ်နေရာကသာဦးမှာလဲ။ မြတ်စွာဘုရားရှင်နဲ့နေရာတာက နှိုင်းလို့မရအောင် သာလွန်ပါတယ်။ သို့သော် အရှင်ဒေ၀ဒတ် တို့အတွက်တော့ အဲ့ဒိနေရာက မစွမ်းပြန်ပါဘူး။ သူတို့ကိုယ်တိုင် အတ္တသမ္မာ ပဏီဓိ စ ဆိုတဲ့ မိမိကိုယ်ကိုယ်ကောင်းအောင် ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်ပါ။ အဇာတသတ်ဆိုရင် ဖခင်အရိယာရဲ့ အရိပ်မှာ ခိုနားနေရတာ။ နေရာစွမ်းလိုက်ပုံများ။ မိမိကိုယ်ကိုယ် ကောင်းအောင် မထိန်းနိုင်တဲ့အတွက်ကြောင့် မမှားသင့်တဲ့ အမှားကြီးကို ကျူးလွန်းမိခဲ့ရပါတယ်။

ပုဗ္ဗေစ ကတပုညတာ ဆိုတဲ့ ရှေးကကောင်းမှုကုသိုလ်တွေကို ဉာဏ်နဲ့ယှဉ်ပြီးလုပ်တဲ့အခါမှာ နေရာကောင်းကိုလည်း ရနိုင်သလို၊ ဆရာကောင်းကိုလည်းတွေ့နိုင်တယ်။ မိမိကိုယ်ကိုယ် လည်း ကောင်းအောင်ထိန်းနိုင်တယ်လို့ဆိုပါတယ်။ သို့သော် လက်ယာတော်ရံ၊ လက်ဝဲတော်ရံ အစရှိတဲ့ ပစ္ဆိမဘ၀ိကသားလို့ခေါ်တဲ့ ဒီဘ၀မှာ မုချရဟန္တာဖြစ်မယ့်သူတွေအတွက်တော့ လုံလောက်တန်ရာပါတယ်။ သို့သော် ကုဋေရှစ်ဆယ်သူဌေးသားတို့၊ အဇာတသတ်၊ ရှင်ဒေ၀ဒတ် တို့အတွက်တော့ စိတ်မချ ရသေးပါဘူး။ ပင်ကိုယ်က ကုသိုလ်ကံ အဟုန်တွေရှိပါလျက်နှင့် မိမိကိုယ်ကိုယ် ဆောက်တည်နိုင်စွမ်းမရှိတဲ့အခါ ရှေးကောင်းမှု ကံရှိခြင်း၊ သင့်တင့်လျောက်ပတ်တဲ့အရပ်မှာနေခြင်းဆိုတာတွေဟာ နောက်ရောက် သွားခဲ့ရပြန်ပါတယ်။ မိမိ ကိုယ်ကိုယ်ထိန်းသိမ်းမှုဟာ အလွန်တရာ အရေးပါတယ်ဆိုတာ ပိုပြီးထင်ရှားမှာပါ။

ကျွန်တော်တို့အားလုံးအတွက်တော့ မြတ်စွာဘုရားရှင်ဟာ တကယ့်ကို မဟာလူသား တစ်ဦးပါပဲ။ ကောင်းမှုကံတွေ ပြည့်စုံအောင် အကြားအလပ်မရှိ ဖြည့်ဆည်းခဲ့တယ်။ ကိုယ်နေတဲ့နေရာ၊ ကိုယ်ရောက်တဲ့နေရာ၊ ကိုယ်ခေါင်းဆောင်တဲ့ အဖွဲ့၊ တိုင်းပြည် စတာတွေကိုလည်း ပတိရူပဒေသအဖြစ် စွမ်းဆောင်ပေးနိုင်အောင် ကြိုးပမ်းခဲ့တယ်။ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းနိုင်ခဲ့သလို လောကသုံးပါးအတွက် စံပြအဖြစ်နေထိုင် ကျင့်သုံးသွားခဲ့တယ်။ ဘယ်နေရာ ဘယ်ရှုထောင့်က ပဲကြည့်ကြည့် မြတ်စွာဘုရားရှင်မှာ လစ်ကွက်၊ ဟာကွက်ရယ်လို့ကို မရှိပါဘူး။ ဒီလို အမူအကျင့်မျိုးကို အတုယူသင့်၊ နေထိုင်ကျင့်သုံးသင့်ပါတယ်။ ဒါကြောင့် ကောင်းမှုကုသိုလ်တွေလုပ်တဲ့အခါမှာ လစ်ကွက်၊ ဟာကွက်တွေ မဖြစ်စေချင်ပါဘူး။ ဒါနအမှုပဲပြုပြု၊ သီလအမှုပဲပြုပြု၊ သမထ၊ ၀ိပဿနာဘာဝနာ အမှုတွေပဲလုပ်လုပ် အားလုံးစုံအောင် ပြုလုပ်စေချင်ပါတယ်။ အချို့ကလည်း ဒါနအမှုဟာ သံသရာရှည်တယ်ဆိုပြီး မပြုဖြစ်လို့ လစ်ဟာကုန်တာတွေ၊ ဘုရားဆွမ်းတင်၊ ပန်းကပ်ကစပြီး အယူလွဲပြီး ကုသိုလ်စဲ ကုန်တာတွေ မဖြစ်အောင် နေထိုင်ကျင့်သုံးသင့်လှပါတယ်။

အဲ့ဒိနေ့က လမ်းတစ်လျှောက်မှာ မိုးတွေ တဖွဲဖွဲရွာနေတုန်းပါပဲ။ တစ်နေရာမှာ လင်းပြီး၊ တစ်နေရာမှာ ရွာတယ်ဆိုပေမယ့် သူရွာတဲ့အရပ်မှာတော့ ဒီနေရာတော့ မိုးစိုပါစေ၊ ဒီနေရာတော့ မိုးမစိုပါစေနဲ့လို့ မရှိပါဘူး။ လစ်ကွက်၊ ဟာကွက်မရှိအောင်ကို ရွာနေတာပါ။ ဒီလိုပဲ ကောင်းမှုတရားတို့နဲ့ ပြည့်စုံတဲ့ မင်္ဂလာတရား တော်တို့ကို ကျင့်သုံးတဲ့နေရာမှာ အကြွင်းအကျန်မရှိ ဟာကွက်မရှိပဲ မဟာအောင်ကျင့်သုံးနိုင်တဲ့ မဟာလူသားတွေ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်း ဆွေးနွေး လိုက်ရပါတယ်။

အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။

စာရေးသူ - သုခရိပ် ၊ အချိန် - 1:42 AM 0 ၊ ဓမ္မဒါနပြုပါသည်။

by Thukha Yate (သုခရိပ်)