Monday, June 13, 2011

မဟာသွေးစည်းမှု



မဟာသွေးစည်းမှု

“သာကီဝင်မင်းမျိုးရဲ့ လည်ချောင်းသွေး တစ်စက်… တစ်စက်ကို လယ်တစ်ကွက်စာ ရေအပြည့် ပေးမယ် ဆိုရင်တောင် မလဲနိုင်ကြ လောက်အောင် အဖိုးအနဂ္ဃထိုက်တန်လှတဲ့ ခတ္တိယ နွယ်ရိုး သာကီမျိုးတို့ရဲ့ သွေးများကို ဘာကြောင့် အချည်းနှီး ယိုစီး စေလိုကြသလဲ”ဆိုတဲ့ မေးခွန်းကို ဘုရားရှင်က တိုက်ရိုက်မေးတော် မူလိုက်တဲ့အခါတော့ စစ်ပြင်နေကြတဲ့ ကပိလ၀တ္ထုနဲ့ ကောလိယ နှစ်နိုင်ငံ သာကီဝင်မင်းများဟာ ဘာစကားမှ ပြန်မလျှောက် ၀ံ့ကြတော့ဘဲ အမှားကိုယ်စီကို သံဝေဂရကာ ဘုရားရှင်ရှေ့မှောက်မှာ ဦးခေါင်း ငိုက်စိုက်ချပြီး ဒူးတုပ်လို့သာ နေကြပါတော့တယ်။



ဖြစ်ရပ်ကို ပြန်ပြီးတွေးကြည့်မယ်ဆိုရင် “ငိုအားထက် ရယ်အားသန်ဖို့ မကောင်းဘူး၊ အသိအား ထက် မိုက်အားသန်ခဲ့ကြတာကို တွေးပြီး ရှက်ဖို့သာ ကောင်းတော့တယ်” လို့သာ ဆိုရပါလိမ့် မယ်။

ဟုတ်ပါတယ်၊ ကပိလ၀တ္ထု၊ ကောလိယနဲ့ ဒေ၀ဒဟဆိုတဲ့ သာကီဝင်မျိုး သုံးနိုင်ငံတို့ဟာ အမျိုး အနွယ်တူများ ဖြစ်ကြသလို အချင်းချင်း သားပေး သမီးယူကိစ္စကအစ အကန့်အကွက် အဟန့် အတားမရှိ အချင်းချင်း ချစ်ကြည်ရင်းနှီး နေခဲ့ကြတာဟာ မင်းဆက် ပေါင်းထောင် မရေမတွက် နိုင်လောက်တော့ဘူး။

ဒီသုံးနိုင်ငံထဲက ကပိလ၀တ္ထုနဲ့ ကောလိယ နှစ်နိုင်ငံဟာ ဘေးချင်းကပ် အနေနဲ့ အနီးဆုံး တည်ရှိကြသလို နှစ်နိုင်ငံ နယ်ခြင်းဖြစ်တဲ့ ရောဟိဏီမြစ်ငယ်ကို ကန်ဘောင်ရိုး တစ်ခုနဲ့ ဆို့ပိတ်ဆီးကာ (တစ်ဘက်ဆည်ကန်) ပြုလုပ်ကြပြီး နှစ်နိုင်ငံ လယ်သမားတို့ အညီအမျှ တစ်လှည့်စီ ခွဲဝေ အသုံးပြုကာ အောင်ရေသွင်း စိုက်ပျိုးခဲ့ကြတာဟာလဲ မင်း အဆက်ဆက် သက်တမ်းကြာခဲ့လှပြီ။

ဖြစ်ချင်တော့ ဒီတစ်နှစ်မှာမှ မိုးခေါင်ရေရှားအဖြစ်နဲ့ ကြုံပြီး လယ်တွေ အောင်ရေသွင်းချိန်မှာ ဆည်ရေကန် တစစ်ဘက်လယ်ပွဲတွေ သုံရုံလောက်ပဲ ရှိတော့မယ်။ နှစ်ဘက်လုံး ခွဲဝေအသုံးပြုဖို့ မလောက်ငတဲ့အတွပ် နှစ်ဘက်လယ်သမား အချင်းချင်းတို့ သူ့ဘက် ရထိုက်၊ ကိုယ်ဘက်ရထိုက် ငြင်းခုံကြရာက လောဘနောက် ဒေါသလိုက်ရာမှာ မေဟက အမှောင်ဖုံးပြီး မာနက တွန်းချလိုက်တဲ့ အခါမှာတော့ နှုတ်နောက်လက်ပါ၊ လက်နောက် လက်နက်ပါတဲ့ ခိုက်ရန်ပွဲကြီးအထိ ဖြစ်လာ တော့တာ ပေါ့။

နှုတ်နောက်လက်ပါတာလည်း မပြောနဲ့ သူတို့ရဲ့ နှုတ်ထွက် စကားများကလည်း ကြည့်ဦး၊ အမှန်ကတော့ ဒီနှုတ်လှံထိုးပွဲကို ကောလိယ သာကီမင်းတို့ရဲ့ လယ်သမားတွေက စတယ်လို့တောင် ဆိုရမယ်၊ သူတို့က တစ်ဘက်နဲ့ တစ်ဘက် ငြင်းကြခုံကြရင်း၊ “ဟေ့… ကပိလ၀တ်သားတွေ မင်းတို့က အိမ်ခွေး တောခွေးတွေလို နှမရင်းများနဲ့ အိမ်ထောင်ဖက် ပြုထားကြတဲ့ ကပိလ၀တ် သာကီမင်း များအားကိုးနဲ့ ကြုံလား ၀ါးလား စွာကျယ်ကျယ် လုပ်ချင်ကြတာလား၊ အဲဒီ မင်းတွေရဲ့ ဆင် မြင်း လက်နက်တွေ လောက်တော့ တို့က မမှုဘူးဟေ့”တဲ့။

မဟုတ်မတရား သက်သက် ပြောတာဆိုရင်တော့လဲ ဒီလောက်ကြီး နာစရာမကောင်းလှပါဘူး၊ ခုဟာက ဟုတ်သင့်သလောက်ကလဲ ဟုတ်နေတဲ့ကိစ္စပါ၊ အမျိုးအနွယ်ကို ဇစ်မြစ်ကပါလှန်ပြီး အနာလုပ်၊ ခါလှုပ်တဲ့ကိစ္စဆိုတော့ “ဟုတ်တာဆို၊ နာလို ခံခက်၊ အမျက်ထွက်” ဆိုသလို အနာပေါ်တုတ်ကျ ဖြစ်သွားကြတာပေါ့။

ဟုတ်ပါတယ်၊ ကောလိယသားတွေက ဇစ်မြစ်ကို အရင်းကလှန်တာပါ၊ သာကီမင်းတို့ရဲ့ ဇင်မြစ် ကို လှန်ကြည့်မယ်ဆိုရင် ခမည်းတော် သြက္ကာကမင်းကြီးက နောက်ထပ် တင်မြှောက်တဲ့ အဂ္ဂမဟေသီ မိဘုရားငယ်လေးရဲ့ သားဦးကို ထီးနန်းအမွေပေးဖို့ နှုတ်လွန်မိထားလို့ ကံတော်ကုန် သွားတဲ့ မိဖုရားကြီးက မွေးဖွားခဲ့တဲ့ သားကြီးများကို “ဇမ္ဗုဒိတ်ရဲ့ တခြားတစ်နေရာမှာ တိုင်းသစ် ပြည်သစ် တည်ထောင်ကြဖို့ နောက်လိုက်ဗိုလ်ပါ ရိက္ခာ အသုံးအဆောင်များပါ ယူဆောင်ပြီး တိုင်းပြည်က ထွက်ခွာကြ”လို့ အမိန့်ချမှတ်လိုက်တဲ့အခါ ကွယ်လွန်သူ မိဖုရားခေါင်ကြီးရဲ့ သားလေးယောက်နြ့ သမီးငါးယောက်လုံး ဟိမ၀န္တာဘက်ဆီ ဦးတည်ပြီး နောက်ပါ အလုံးအရင်းနဲ့ ထွက်ခွါခဲ့ကြရပါတယ်။

ဟိမ၀န္တာအနီးက ကပိလရှင်ရသေ့ရဲ့ ကျောင်းသင်္ခမ်းကို ရောက်တဲ့အခါမှာတော့ မင်းသားတို့ရဲ့ ရည်ရွယ်ချက်ကို သိရတဲ့ ရှင်ရသေ့က မြေရဲ့ ကြန်အင်လက္ခဏာကို ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ အတိုင်း သူရဲ့ ကျောင်းသင်္ခမ်းနေရာဟာ “ဇမ္ဗုဒိပ်ကျွန်းရဲ့ မဟာအောင်မြေဖြစ်လို့ ဒီနေရာမှာပဲ မြို့ပြ နိုင်ငံ တည်ဆောက်ခွင့် ပေးတဲ့အတွက် အဲဒီမှာ ကပိလ၀တ္ထုဆိုတဲ့ နိုင်ငံကို တည်ထောင်ခဲ့ကြတာပါ။

အချိန်အရွယ်ရောက်တဲ့အခါ အမတ်ပညာရှိများက ထိမ်းမြားလက်ထပ်ဖို့ တိုက်တွန်းကြတော့ မင်းသားများက “ဇာတိပုည”သာမက “ဂုဏ်မာန”ပါ ခက်ထန်ကြသူများပီပီ တခြားမျိုးနွယ်ဇာတ်တို့ရဲ့ အရောအယှက် မခံနိုင်ကြဘူးဆိုပြီး အစ်မကြီးကို အမိအရာထားကာ ကျန်တဲ့ မောင်နှမလေးစုံတို့ အချင်းချင်း လက်ထပ်လိုက်ကြတာပါ။ ဒီသတင်းကို ကြားသိရတဲ့ ခမည်းတော် သြက္ကာကမင်းကြီး ကတော့ မင်းသားတို့ရဲ့ “ဇာတိပည ဂုဏ်ပမာန”ကို နှစ်ထောင်းအားရရှိလွန်းလို့….

“သကျဝတ ဘော ကုမာရ၊ ပရမ သကျာသတ ဘော ကုမာရ- မင်းသားတို့ စွမ်းနိုင်ကြပါပေ့၊ မင်းသားတို့ အတိုင်းမသိ စွမ်းဆောင်နိုင်ကြပါပေ့” ဆိုပြီး ၀မ်းမြောက် ဥဒါန်းကျူးခဲ့ပါတယ်။ ခမည်းတော်ကြီးရဲ့ ဒီဥဒါန်းကြောင့်လဲ “သကျဝံသ-(စွမ်းနိုင်သူများ)သာကီဝင်များ”လို့ အမည်တွင်ခဲ့ တာပါ။ ခုတော့ အဲဒီ ဇာတိပုည ဂုဏ်မာနကပဲ အပြစ်ပြောချင် သူတို့အတွက် ငယ်ကျိုးငယ်နာလို ဖြစ်သွားခဲ့တာပေါ့။

ဒီလိုသာ ပြောကြကြေးဆိုရင် ကပိလ၀တ္ထု နိုင်ငံသားတွေမှာလည်း ပြောစရာတွေ ရှိတာပေါ့။

ဟုတ်တယ်လေ၊ မင်းတို့ ထိမ်းမြား လက်ထပ်ကြစဉ်က အမိအရာထားတဲ့ အမကြီးမှာ ကိုယ်ရေ ရောဂါ(ကုဋ္ဌနူနာ)ဖြစ်လာတဲ့အတွက် တောနက်ထဲမှာ မြေတိုက်ပြုလုပ်ပြီး စားနပ်ရိက္ခာ အပြည့်အစုံနဲ့ သွားပြီးထားခဲ့ရတာ။

ကံအကြောင်းများ တိုက်ဆိုင်ချင်တော့ အဲဒီတောနက်ထဲမှာ ဗာရာဏသီပြည်ရှင် ရာမမင်း ကလည်း အဲဒီရောဂါမျိုးဖြစ်လို့ ထီးနန်းစွန့်ပြီး ရောက်နေခဲ့တာ၊ သူက ကြီးမားတဲ့ ကလောပင် ကြီးတစ်ပင်ရဲ့ အခေါင်းကို အိမ်ခန်းလို မွမ်းမံပြုပြင်နေရင်းက ဆေးဖက်ဝင် သစ်မြစ်သစ်သီးတွေကို စားသုံးပြီး ရောဂါလည်းကင်းစင်နေပါပြီ။

တစ်နေ့မှာ မင်းသမီးရဲ့ ကိုယ်နဲ့ကြောင့် ကျားက မြေတိုက်အမိုးကို ကုတ်ဖဲ့လှန်ရာက ကျားကိုမြင်ပြီး မင်းသမီး လန့်အော်တယ်၊ အသံကြောင့်ပဲ ရာမမင်း ရောက်လာပြီးဖြစ်ကြောင်း ကုန်စင် သိကြတဲ့ အခါ မင်းမျိုးချင်းမှန်း သိကြပြီး မင်းသမီးက ရာမမင်း နောက်လိုက်သွားတယ်၊ သူလည်း ဆေးဖက်ဝင် သစ်မြစ် သစ်သီးတွေကို စားပြီး ရောဂါကင်းစင်သွားတော့ ရာမမင်းနဲ့ လက်ဆက်ရာက အမွှာသားတွေ ဆယ့်ခြောက်ကြိမ်တောင် မွေးပါတယ်။

နောက်တော့ ဗာရာဏသီမှာရှိတဲ့ သားတော်မင်းက မုဆိုးများထံက တစ်ဆင့်အကြောင်းစုံ ကြားသိလို့ ထီးနန်းပြန်စိုးဖို့ ခေါ်တဲ့အခါ ဒီနေရာမှာပဲ နိုင်ငံသစ်တည်မယ်ဆိုပြီး ကလောပင်ကြီးရှိတဲ့ နေရာမှာ မြို့တည်ခဲ့တွဲအတွက် ကောလိယနိုင်ငံရယ်လို့ ဖြစ်လာတာပါ။

ဒါကို သိထားတဲ့ ကပိလ၀တ် လယ်သမားများကလည်း ကြက်ခေါင်းဆိတ်မခံနဲ့… ဟေး.. ကောလိယနိုင်ငံသားတွေ မင်းတို့က နူနာရောဂါကြီးစွဲပြီး ကလောပင် အခေါင်းထဲမှာ အောင်းခဲ့ကြ သသူတွေ အားကိုးနဲ့ အာကျယ်ချင်ကြတာလား၊ ဒီလို ခိုကိုးရာမဲ့ ကပ်ပါးတွေရဲ့ ဆင်၊ မြင်း၊ လက်နက်တွေကိုလည်း တို့ အရေးမစိုက် ဟေ့”ဆိုပြီး ပြန်တွယ်ကြတာပေါ့။

“ပက်လက်လှန်ပြီး တံတွေးနဲ့ထွေးတော့ ကိုယ်မျက်နှာကိုပဲ ပြန်ပေ”ဆိုသလိုပါပဲ၊ တစ်ဘက်နဲ့တစ်ဘက် ဂုဏ်ဖော်ရမယ့်အစား ဂုဏ်ကိုဖဲ့ပြီး စကားနာထိုးကြတဲ့အတွက် သူတို့ အမြတ်တနိုး ထားတဲ့ သာကီဝင် မင်းမျိုးတွေလည်း တိရိစ္ဆာန်လိုမျိုးတွေ ချည်းပါဘဲ။”

တစ်ဘက်နဲ့တစ်ဘက် နှုတ်လှန်ထိုးကြရုံနဲ့ မပြီးကြသေးဘူး၊ သူ့မြို့ ကိုယ်မြို့ပြန်ကြပြီး လယ်ယာ စိုက်ပျိုးရေး အမတ်ကြီးများက တစ်ဆင့် မင်းတို့ရဲ့ နားအထိ ပေါက်ကြားသွားတဲ့အခါ မှာတော့.. “အမျိုးထိ မချိအောင်”ဆိုသလို ဖြစ်ကြပြီး အမှိုက်ကစ ပြဿာဒ်မီးလောင်ကြမယ့် ကိန်းဆိုက်လာကြပါတော့တယ်။

တကယ်တော့ အားလုံးက သာကီဝင်မျိုးတွေချည်းပဲ၊ ဒါကို အချင်းချင်း ညှိနှိုင်းဖြေရှင်းရမည့် အစား ဉာဏ်ကိုမသုံးဘဲ မာန်ကိုသုံးကြတော့ ပြာဿဒ်မီးလောင်အောင် အမှိုက်ကိုမီးရှို့သလို ဖြစ်ရ တော့ တာပေါ့။

ဒါနဲ့ နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းကြမယ်ဆိုပြီး ရောဟိဏီဆည်ကြီးရဲ့ ဟိုဘက်ဒီဘက်မှာ စစ်အင်္ဂါလေးရပ်စုံညီ ရောက်ရှိပြီး ကြွေးကြော်အော်ဟစ် ရင်ဆိုင်မိကြတာပါ။

အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေ တော်မူရင်း မိုးသောက်အားကြီး လင်းခါနီးအချိန်မှာ သတ္တလောကကို ရွှေဉာဏ်တော်စက္ခုနဲ့ ကြည့်ရှု ဆင်ခြင်တော်မူတဲ့အခါ နှစ်ပြည်ထောင်မင်းတို့ သွေးချောင်းစီအောင် စစ်ခင်းကြမည့် အရေးကို မြင်တော်မူလို့ အခြေအနေကို သုံးသပ်ကြည်တဲ့အခါ ကိုယ်တော်မြတ်ကြွရောက်ပြီး တရားဟောခဲ့ရင် [B]သွေးစီးခြင်းကို သွေးစည်းခြင်းနဲ့ အစားထိုးချေဖျက်ပြီး [/B]နှစ်ပြည်ထောင်က သာကီဝင်မင်းမျိုးတွေ တကယ့်ငြိမ်းချမ်းရေး အစစ်ကို ရရှိစေမယ့် အရေးနဲ့ နယုန်လပြည့်နေ့မှာ သွေးစည်းမှုမဟာအောင်ပွဲ (မဟာသမယနေ့)ကြီးဆင်နွှဲ ကျင်းပနိုင်မည့် အရေးကိုပါ မြင်တော်မူတဲ့အတွက် ညနေချမ်းအချိန်မှာ နောက်လိုက်မပါဘဲ ကိုယ်တော်တိုင် သပိတ် သင်္ကန်းကို ဆောင်ယူကာ အဘိညဉ်နဲ့ ကြွလာပြီး နှစ်ဘက် စစ်သည်တို့ရဲ့ အကြား ရောက်ရှိတော်မူလာတာ ဖြစ်ပါတယ်။

မြတ်စွာဘုရားက နှစ်ပြည်ထောင်မင်းတို့ကို သံဝေဂဉာဏ် ဖြစ်စေဖို့အတွက် နေ့ခင်းကြောင် တောင်မှာ အမှောင်ကြီး ကျရောက်သလို ဖြစ်အောင် ဆံတော်က ညိုမောင်းတဲ့ ရောင်ခြည်တော် ကို လွှတ်ရင်းထိုင်နေပြီး နှစ်ပြည်ထောင်မင်းတို့ သတိသံဝေဂဉာဏ်နဲ့ ထိတ်လန့်နေကြတော့မှ ကိုယ်တော်ကို ထင်ရှားပြတော်မူလိုက်ပါတယ်။

တစ်နည်းပြောရရင် ကျိုးရှိ ကျိုးမဲ့ကို မသိစေအောင် အမျက်မာန်စောင်ကာ ဖုံးပိတ်ထားမှုကို ဉာဏ်တော်နဲ့ လင်းတော်မူလိုက်တာပါ။

နှစ်ပြည်ထောင် မင်းသားတို့လည်း သူတို့အချင်းချင်း ခိုက်ရန်ပြုမည့်အရေးကို ဘုရားရှင် သိတော် မူလို့သာ ခုလို ကြွရောက် လာတာပဲဆိုတာ သဘောပေါက်ကြပြီး လက်နက်တွေ ကိုယ်စီချကာ ဘုရားရှင် ကို ရှိခိုးဦးခိုက် နေထိုင်ကြပါတော့တယ်။

မြတ်စွာဘုရားရှင်က သိတော်မူလျက်ပင် “မြတ်သောမင်းတို့ ဘယ်အရေးအတွက် သင်တို့ ဒီနေရာကို လာရောက်ကြပါသလဲ” လို့ မေးတော်မူလိုက်တော့ “ မင်းမှာ သစ္စာ၊ လူမှာ ကတိ”ဆိုတဲ့ အတိုင်း လိမ်ညာရိုးထုံးစံမရှိတဲ့ မင်းမျိုးစစ်များပီပီ ဖြစ်ကြောင်း ကုန်စင်ကိုဖွင့်ဟ၀န်ခံကြပါတယ်။

မြတ်စွာဘုရားက “မြတ်သောမင်းအပေါင်းတို့… ရောဟဏီ ဆည်ချောင်းရေဟာ ဘယ်လောက် တန်ပါသလဲ”ဆိုတော့ “အဖိုးအနည်းငယ်မျှသာ ထိုက်တန်ပါတယ်ဘုရား”တဲ့ ၊ ဒီမြေကြီးကကော” ဆိုတော့ “အဖိုးမဖြတ်နိုင်ပါဘုရား“တဲ့။ “ခတ္တိယနွယ်ရိုး သာကီဝင် မင်းမျိုးတို့ ကကော”ဆိုတော့ “တန်ဖိုးဖြတ်လို့ မရနိုင်လောက်အောင်အထိ အတိုင်းမသိ ထိုက်တန်ပါတယ် ဘုရား”လို့ ဖြေကြပါတယ်။

“ဒါဖြင့် သာကီဝင်မင်းသွေး တစ်စက်တစ်စက်ကို လယ်ရေ တစ်ခွက်စာပေးမယ်ဆိုရင် လဲလှယ် နိုင်ကြမလား”ဆိုတော့ “ ဒါဟာ မင်းအားလုံးတို့ရဲ့ ရန်သူအဖြစ်နဲ့ စုပေါင်းဆန့်ကျင်ရမှာပါ ဘုရား”ဆိုပြီး ၀န်ခံကြရင်း တန်ဖိုးနည်းအတွက် တန်ဖိုးကြီးကို စတေးမိကြတော့မယ့်အဖြစ်ကို တွေးမိကြပြီး ရှက်နိုးသလို အမူအရာနဲ့ ဦးခေါင်းငိုက်ဆိုက် ချထားကြပါတော့တယ်။

“သွေးတစ်စက်ကို လယ်ရေတစ်ခွက်နဲ့ မလဲနိုင်ကြဘူးဆိုတဲ့ သင်မင်းတို့ဟာ အခုတော့ ရေတစ်စက်မှ မရဘဲ အချည်းနှီး သွေးမြေကျစေပြီး အဖိုးမဖြတ်နိုင်တဲ့ မြေပြင်ကို အဖိုးအနဂ္ဃထိုက်တန်တဲ့ မင်းသွေးတို့နဲ့ အရုပ်ဆိုး အကျည်းတန် စေကြတော့မလား”လို့ အစချီ ပြီးတော့မှ ဘာမဟုတ်တဲ့ မာန အာဃာတတွေကြောင့် နှစ်ဦး နှစ်ဖက် အချင်းချင်း သွေးမစည်းကြပဲ သွေးစီးပြီး ဘ၀ဆုံးကြရတဲ့ ရုက္ခစိုးနတ်နဲ့ ၀က်ဝံတို့ရဲ့ ရန်ပွဲအကြောင်း (ဖန္ဒန)ဇတ်ကို ဟောပြော ဆုံးမပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ကြို့ပင်တစ်ပင်အောက်မှာ ၀က်ဝံတစ်ကောင်အိပ်ပျော်နေတုန်းမှာ “ ကြို့ကိုင်း ကြွေခိုက် ၀က်ဝံအိပ်ခိုက်”နဲ့ ကြုံသွားပါတယ်။ ဒါကို ၀က်ဝံက ကြို့ပင်စောင့်နတ်ရဲ့ လက်ချက်ပဲလို့ ယူဆပြီး လှည်းသစ်သား ခုတ်သူများကို “ဒီတောမှာ ဒီကြိုံပင်အကောင်းဆုံးပဲ”ဆိုပြီး လက်ထောက်ချပါလေရော၊ သစ်ခုတ်သမားတွေက ကြို့ပင်ကိုလှဲဖို့ ပြင်ဆင်ကြတဲ့အခါ ကြို့ပင်စောင့် နတ်က ကိုယ်ထင်ပြပြီး မေးကြည့်တော့ ၀က်ဝံရဲ့ လက်ချက်ဆိုတာ သိတာနဲ့ တစ်ပြိုင်နက်“ ဟုတ်ပါ တယ်” ကြို့သားဟာ လှည်းလုပ်ဖို့ အလွန်ကောင်းပါတယ်၊ ဒါပေမယ့် ၀က်ဝံသရေနဲ့ ပတ်မှ ပိုပြီး ခိုင်မာ တယ်၊ ၀က်ဝံကို ကြို့ပင်ရဲ့ ခုတ်လှဲဖို့ အကောင်းဆုံးနေရာ ပြပါဦးဆိုပြီး ဥပါယ်တံမျဉ်နဲ့ ခေါ်ပြီး အရင်ရှင်းလိုက်ပါ သစ်ပင်က ဘယ်မှ မပြေးပါဘူး”လို့ အကြံပေးတဲ့အတွက် လက်ဝံလည်း သွေးမြေစီး၊ ရုက္ခစိုးလည်း ဘုံပျောက် ဖြစ်သွားရတဲ့ အကြောင်းပါ။

မြတ်စွာဘုရားက အချင်းချင်း သွေးမစည်းခြင်းရဲ့ အပြစ်ကို ပြတဲ့ ဖန္ဒနဇာတ်ကို ဟောတော် မူပြီးတဲ့အခါ ဘယ်စကားမဆို စဉ်းစားဉာဏ် ရှေ့သွားပြုပြီး နှိုင်းနှိုင်းချိန်ချိန် သုံးသပ်ဆုံးဖြတ်ကြဖို့ အတွက်လည်း ယုန်တစ်ကောင်ရဲ့ “ မြေပြို့ပီ.. မြေပြိုပြီ” ဆိုတဲ့ စကားကို မနှိုင်းမချိန်ယုံစားပြီး အကြောက်ကြီးကြလို့ ဟိမ၀န္တာ တစ်တောလုံးမှာ ရှိကြတဲ့ အခြေလေးချောင်းသားကောင်းအပေါင်းတို့ သမုဒ္ဒရာထဲကျရောက်လုခမန်း ဆင်းရဲ ဒုက္ခရောက်ကြရပုံကိုပြတဲ့ စတုက္ကနိပါတ်လာ ဒုဒ္ဒုဘဇာတ်ကို ဟောပြတော်မူပါသေးတယ်။

ခက်တာက သာကီဝင်မင်းမျိုးသုံးနိုင်ငံထဲမှာ ကပိလ၀တ္ထုနဲ့ ဒေ၀ဒဟတို့က မိမျိုး ဘမျိုး နှစ်ဘက်လုံး သာကီဝင်မင်းမျိုး များချည်း ဖြစ်ပေမယ့် ကာလိယနိုင်ငံကတော့ အထက်မှာ ပြောခဲ့သလိုပဲ အမိဘက်ကသာ သာကီဝင် မင်းသမီးဖြစ်ပေမယ့် အဖဘက်က ရာမမင်းမျိုး ဖြစ်နေတယ်၊ ဒါကိုလည်း သာကီဝင်မင်းမျိုး စစ်ဖြစ်ကြတဲ့ နှစ်နိုင်ငံအနေနဲ့ နှုတ်ကသာ ဖွင့်မပြော ပေမယ့် စိတ်ထဲကတော့ အပြည့်အ၀ အမြင်ကြည်ဖြူကြပေမယ့် ထီးရိုက်နန်းလျာများအဖြစ်နဲ့ မိဖုရား ခေါင်ကြီးအရာထားဖို့ အရေးမှာတာ့ ရာနှုန်းပြည့် သာကီဝင် နှစ်နိုင်ငံချင်းသာ အပြန်အလှန်ပြုလုပ် ကြသလားလို့ ထင်စရာတွေ ရှိနေပါတယ်။

ကပိလပြည့်ရှင် ဘုရင်သုဒ္ဓေါဓန မင်းတရားကြီးရဲ့ မိဖုရားခေါင်ကြီးဟာ ဒေ၀ဒဟ မင်းသမီး ဖြစ်သလို အလောင်းတော် သိဒ္ဓတ္ထမင်းသားရဲ့ ကြင်ယာတော် ယသော်ဓရာ ဟာလည်း ဒေ၀ဒဟမင်းသမီးပဲ ဖြစ်နေတာကို ကြည့်ရင် ဒါကို အကဲခတ်လို့ ရနိုင်ပါတယ်။

ဇာတိပညာ ဂုဏ်မာနခက်ထန်လွန်းတဲ့ ကပိလ၀တ်သားကီဝင် မင်းများအနေနဲ့ ကောလိယ မင်းတို့ရဲ့ ဒီချွတ်ယွင်းချက်အပေါ်မှာလည်း အားနည်းတဲ့သဘောနဲ့ အထင်သေး အမြင်သေး မလေးမခန့်လုပ်တတ်ကြတဲ့ ကိစ္စမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်၊ ဒါကြောင့်လည်း ဘုရားရှင်က-

ကိုယ့်ကိုယ်ကိုယ် အင်အားတောင့်တင်းလှပြီဆိုပြီး အထင်ကြီး မာနတက်နေတဲ့ ဆင်ပြောင် ကြီးက အင်အားသေးငယ်တဲ့ ဗီလုံးငှက်မရဲ့ သားများကို နိုင်ထက်စီးနင်း မထေမဲ့မြင် စိတ်ထားနဲ့ နင်း ချေ သတ်ဖြတ်တဲ့အတွက် အင်အားနည်းပါးကြတဲ့ ကျီး၊ ယင်မမဲရိုင်း၊။ ဖားနဲ့ ဗီလုံးငှက်မတို့ လေးဦးသား တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်ပေါင်းစုကာ ဆင်ပြောင်ကြီးကို အသက်ကုန်ဆုံးတဲ့ အထိ ရောက်အောင် ရန်တုံပြန်နိုင်စွမ်းရှိပုံကိုပြတဲ့ လဋုကိက(ဗီလုံးငှက်မ)ဇာတ်ကို ဟောညွန်ဆုံးမ ပြန်ပါတယ်။

ဒီဇာတ်တော်မှာ ဘုရားရှင်က သာကီနွယ် မင်းအပေါင်းတို့ကို “မင်းမြတ်အပေါင်းတို့ အင်အားငယ် သတ္တ၀ါလေးကောင်တို့ရဲ့ ညီညွတ်မှုဟာ အင်အားကြီးတဲ့ ဆင်ကြီးတစ်ကောင်ကို သေပွဲဝင် စေနိုင်ခဲ့ကြတယ်၊ ဒါဟာ ရန်လိုသူတို့ရဲ့ ရန်အမှုအတွက် ရန်ဆုပဲ ဖြစ်တယ်၊ ဒါကြောင့် မချစ်မနှစ်သက်သူနှင့်ပဲဖြစ်ဖြစ် ရန်အမှုကို မပြုမိကြပါနှင့်”လို့ အထူးသတိပေးလိုက်ပါတယ်။

သွေးမစည်း မညီညွတ်ခြင်းရဲ့ အပြစ်ကို ပြဖို့အတွက် ဇာတ်တော်သုံးခုကို ဟောတော်မူပြီးတဲ့ အခါ ညီညွတ်ခြင်းရဲ့ အကျိုးကို ပြဖို့အတွက်လည်း…

အပင်ချင်းဆက် ကိုင်းချင်းယှက်နေတဲ့ တစ်ခဲနက်တောအုပ်မျာ ဘုံဗိမာန်နေရာယူကြတဲ့ ရုက္ခစိုးနတ်များ လေပြင်းမုန်တိုင်းကြီး တိုက်ခတ်သော်လည်း မလဲမပြိုဘဲ ဘုံဗိမာန်ခိုင်မြဲကြပုံနဲ့ လူတို့ ရဲ့ ကိုးကွယ်ပသမှုကို မျှော်ကိုးပြီး မြို့အနီးရွားနီးက အထီးတည်း သစ်ပင်ကြီးတွေကို ဘုံဗိမာန်အဖြစ် ရယူနေထိုင်ကြတဲ့ ၀ိသမလောဘသား ရုက္ခစိုးနတ်များ လေးပြင်းမုန်တိုင်းကျရောက်တဲ့အခါ ခိုင်မာကြီးမားလှပြီလို့ ထင်ထားတဲ့ ဧရာမသစ်ပင်ကြီးတွေ အကူအညီမဲ့ဖြစ်ပြီး အမြစ်ပါ ကျွတ်ထွက် ပြိုလဲကုန်ကြလို့ ဘုံဗိမာန်မဲ့ဘ၀ ရောက်ကြရပုံကိုပြတဲ့ ရုက္ခဓမ္မဇာတ်တော်ရယ်…

အချင်းချင်းစည်းလုံးညီညွတ်ကြတဲ့ ငုံးငှက်အပေါင်းတို့ဟာ ငှက်မုဆိုးပစ်ချတဲ့ ပိုက်ကွန်ကို တညီတညွတ်တည်း မ,ချီပျံတက်ပြီး အသက်ဘေးက လွတ်ကြပုံနှင့် အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုတဲ့အခါမှာတော့ ငှက်မုဆိုးရဲ့ ပိုက်ကွန်တွင်းမှာ အစုလိုက် အပြုံလိုက် အသက်ဆုံးရှုံးကြရတဲ့ ငုံးငှက်တို့ အကြောင်းကိုပြတဲ့ ၀ဋ္ဋကဇာတ်ရယ်တို့ကို ဟောကြားတော်မူပြန်ပါတယ်။

အဲဒီနောက်မှာ- ပစ္စုပ္ပန် သံသရာနှစ်ဖြာ ဘေးဟူသမျှဟာ ကိုယ်ပြုတဲ့ ဒုစရိုက်အမှားများ ကြောင့်သာ ဖြစ်ရပုံ၊ အလောင်းတော်ပါရမီ ဖြည့်ခဲ့စဉ်က ရေနည်းပြီး သေပွဲဝင်ခါနီး ငါးများဟာ ကိုယ့် ဘေးကိုမသိမမြင်တတ်ကြတဲ့အတွက် ရေကွက်ကျဉ်းကျဉ်း ကလေးမှာပဲ တိုးဝှေ့ တိုက်ခိုက်ပြီး နေရာ လုကြသလို အနိစ္စ၊ ဒုက္ခဘေးတွေ၊ အိုနာသေဘေးတွေနဲ့ ရင်ဆိုင်နေကြပါလျက် မိအနအတွက် လွတ် မြောက်ရာ အားကိုးမှီခိုရာအစစ်ကို မရှာကြဘဲ အချင်းချင်း အငြင်းပွားတိုက်ခိုက် နေရာလုနေကြသူတို့ ကို ကြည့်ပြီး သံဝေဂပပွားခဲ့ပုံ၊ အပြင်က စူးဝင်သော ညောင့်ထက် သံသရာ တစ်လျှောက်လုံး စူးဝင်ပြီး ဒုက္ခပေးမည့် ကိလေသာညောင့်ကို နှုတ်ပယ်ဖို့ ကြိုးစားခဲ့ပုံများကို ပြတဲ့ သုတ္တနိပါတ်လာ အတ္တဒဏ္ဍသုတ်ကို ဟောပြတော်မူလိုကတဲ့ အဆုံးမှာတော့ နှစ်ပြည်ထောင်မင်းသားများဟာ အချင်းချင်း ညီညွတ်ပြေလည်သွားကြပါတော့တယ်။

အချင်းချင်းညီညွတ်ကြည်သာ ဖြစ်သွားကြပြီးတဲ့အခါမှာတော့ မင်းသားအားလုံးစုဝေးကာ “ငါတို့ဟာ တကယ်လို့သာ မြတ်စွာဘုရားရှင် ကြွရောက်ဆုံးမခြင်းမပြုခဲ့ရင် အချင်းချင်း သတ်ဖြတ် ကြပြီး အချည်းနှီး သွေးချောင်းစီးကာ သေပွဲဝင်ကြရမှာ အမှန်ပဲ၊ အခု ငါတို့မှာ မြတ်စွာဘုရားပေးတဲ့ အသက်ပဲရှိကြတော့တယ်၊ မြတ်စွာဘုရားရှင်ဟာ တကယ်လို့သာ လူ့ဘောင်မှာနေခဲ့ရင် လေးကျွန်းသနင်း စကြာမင်းဖြစ်ပြီး မင်းပရိသတ်အပေါင်း အခြံအရံတွေနဲ့ လှည့်လည်တော်မူရမှာ အမှန်ပဲ၊ အခု လူ့ဘောင်ကို စွန့်ခွါပြီး တရားကို ရှာခဲ့လို့ ဘုရားဖြစ်တဲ့အခါမှာလည်း မင်းသားဖြစ်တဲ့ ရဟန်းများ ခြံရံပြီး လှည့်လည်ကျက်စားသွားလာ နေထိုင်တော်မူသင့်တယ်။ ဒါကြောင့် ငါတို့ နှစ် ပြည်ထောင်က တစ်ပြည်ထောင်လျှင် မင်းသား နှစ်ရာ့ငါးဆယ်စီ ဘုရားရှင်သာသနာမှာ ရဟန်းပြုကြ စို့”လို့ ညီညွတ်တိုင်ပင်ကြပြီး မင်းသားငါးရာတို့ကို မြတ်စွာဘုရား သာသနာအတွက် အပ်နှင်းလှူဒါန်း လိုက်ကြပါတယ်။

မြတ်စွာဘုရားရှင်က မင်းသားငါးရာတို့ကို “ဧဟိဘိက္ခု” ရဟန်းများပြုလုပ်ပေးပြီး ကပိလ၀တ်ပြည်အနီးက မဟာဝုန်တောအုပ်ကြီးဆီ ခေါ်ဆောင်သွားခဲ့ပါတယ်၊ မင်းသားရဟန်းတို့ မြို့ရွာနေအိမ်ကို ပြန်လည်သတိရပြီး သာသနာ့ဘောင်မှာ မပျော်မမွေ့ဖြစ်လာကြတဲ့အခါ ရဟန်းတော် များကို ဟိမ၀န္တာတော်အထိ ခေါ်သွားပြီး တောတောင်သစ်ပင် ပန်းမာလ်၊ ခြင်္သေ့၊ ဆင်၊ ကျားစတဲ့ တောရဲ့ သဘာဝအလှများကို စိတ်ဝင်စားအောင်ပြောပြရင်း ရပ်စိတ် ရွာစိတ်များပြေပြီး သာသနာမှာ မွေ့လျော်တဲ့ စိတ်ဖြစ်ပေါ်လာတော့မှ သင့်လျှော်တဲ့တရားများနဲ့ ဟောကြားဆုံးမတဲ့အခါ ရဟန်းငါးရာ လုံး အာသဝေါကုန်ခမ်းတဲ့ ရဟန္တာအရှင်မြတ်များဖြစ်ကြပြီး ဘုရားရှင်ထံမှောက် စုရုံးရောက်ရှိကြတဲ့ အတွက် လပြည့်ဝန်းကြီး ထွက် ပေါ်ချိန်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သက္ကတိုင်း၊ ကပိလ၀တ် ပြည်အနီးက မဟာဝုန်တောကြီးမှာ ရဟန္တာပေါင်း ငါးရာခြံရံပြီး သီတင်းသုံး နေတော်မူပါတယ်။

ဒီဖြစ်ရပ်မျိုးဟာ ဘုရားတစ်ဆူ ပွင့်တော်မူတိုင်း“တစ်သာသနာမှာတစ်ခါ”လို့ ဆိုရလောက် အောင် ကြုံကြိုက်ရမြဲဖြစ်တဲ့ မဟာသွေးစည်းမှုအောင်ပွဲကြီးပဲ ဖြစ်လို့ စကြာဝဠာတစ်သောင်းမှာရှိသမျှ နတ်ဗြဟ္မာအပေါင်းတို့လည်း ဘုားရှင်နဲ့ ဖြစ်သစ်စ ရဟန္တာငါးရာတို့ကို ဖူးမြော်ဖို့ရောက်ရှိလာကြတဲ့ အတွက် သွေးစည်းမှု မဟာအောင်ပွဲတော်ဖြစ်တဲ့ မဟာသမယသုတ်တော်ကို အခြံအရံ ခြောက်သုတ်နဲ့ အတူ ဘုရားရှင်က ဟောတော်မူပါတယ်။

ဒါကြောင့် နယုန်လပြည့်နေ့ကို မဟာသွေးစည်းမှုအောင်ပွဲနေ့ (မဟာသမယနေ့)အဖြစ် ဗုဒ္ဓ ဘာသာဝင်တိုင်း သိမှတ် အလေးထားကြပြီး နှစ်စဉ်နှစ်တိုင်း မြတ်ဗုဒ္ဓဂုဏ်၊ သံဃဂုဏ်နဲ့ သွေးစည်းမှု ဓမ္မဂုဏ်တို့ကို အာရုံပြုပူဇော်ကြတာ ဖြစ်ပါတယ်။

သွေးခွဲငြင်းခုံခြင်းကို ကြောက်ဖွယ် မဟေး ဘေးကြီး အဖြစ် ရှုမြင်၊

သွေးစည်းညီညွတ်ခြင်းကို အချမ်းသာဆုံးအဖြစ် ခံယူကြပြီး ညီညွတ်ပြေပြစ်ကြ၊

ဒါဟာ ဘုရားရှင်တိုင်းရဲ့ အဆုံးအမတော်ဖြစ်တယ်။ (ဗုဒ္ဓ၊အပါဒါန-၇)ဆိုတဲ့အတိုင်း ဘုရားရှင်တို့ရဲ့ အဆုံးအမတော်ကို ဦးထိပ်ရွက် ပန်ဆင်ခံယူကြပြီး သွေးစည်း ညီညွတ်ကြကာ လောက, သာသနာ,နှစ်ဖြာအကျိုး တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေသော်။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)အတွေးသစ်ဂျာနယ်