Tuesday, September 9, 2014

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍ


ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍ

ယနေ့ခေတ် (၂၁)ရာစုသည် အတွေးအခေါ် တော်လှန်သောခေတ်၊ အတွေးအခေါ် ပြောင်းလဲသော ခေတ်ဟုဆိုနိုင်ပါသည်။ အတွေးအခေါ် ပြောင်းလဲခြင်းဟူသည် သမရိုးကျ ရိုးရာအစဉ်အလာ အတွေးအခေါ်မှသည် ဆန်းသစ်သော အတွေးအခေါ်၊ ခေတ်မီသော အတွေးအခေါ်၊ သိပ္ပံနည်းကျ အတွေးအခေါ်များအားလုံးကို ဆိုလိုပါသည်။ ကမ္ဘာ့လူသားများသည် ငြိမ်းချမ်းရေးကို ရှာဖွေရင်း သိပ္ပံပညာ၏ သီအိုရီဝဲဂယက်ထဲတွင် တဝဲလည်လည်နှင့် ကျင်လည်ခဲ့ကြသည်မှာ အကြာကြီး ကြာခဲ့လေပြီ။ ယခုအခါတွင် ရိုးရာအစဉ်အလာမှ ဖောက်ထွက်လျက် ရဲရင့်သော အတွေးအခေါ်များ၊ ထက်မြတ်သော အတွေးအခေါ်များ၊ အကြံအစည်များဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခြေလှမ်း စခဲ့ကြပြီ။

(၂ဝ)ရာစုအတွင်း၌ ကမ္ဘာ့လူသားတို့သည် ရုပ်ဝတ္ထု သိပ္ပံပညာဖြင့် တိုးတတ်မှုနောက်သို့ တစိုက်မတ်မတ် လိုက်ခဲ့ကြ၏။ ထို့ကြောင့် ရုပ်ဝတ္ထုပစ္စည်း တိုးတတ်မှုကိုကား ရရှိခဲ့ကြပါ၏။ သိပ္ပံပညာ၏ စွမ်းပကားဖြင့် အသစ်အသစ်သော ရုပ်ဝတ္ထု ပစ္စည်း အမျိုးမျိုးကိုလည်း မရိုးနိုင်အောင် တီထွင်ခဲ့ကြ၏။ အသုံးပြုခဲ့ကြ၏။ လူသတ် လက်နတ်အမျိုးမျိုးကိုလည်း အပြိုင်အဆိုင် တီထွင်ခဲ့ကြ၏။ သို့သော် ရုပ်ဝတ္ထု ပစ္စည်းများဘက်မှ အရမ်းတိုးတတ်လာသည်နှင့်အမျှ စိတ်ပိုင်း ဆိုင်ရာနှင့် ကိုယ်ကျင့်တရားဘက်တွင် များစွာကျဆင်းခဲ့ရ၏။ ကမ္ဘာ့သတင်း စာမျက်နှာကို လှန်ကြည့်လျှင် အကြမ်းဖက်မှု၊ အနုကြမ်းစီးမှု၊ သတ်ဖြတ်မှု၊ လုယက်မှု၊ တိုက်ခိုက်မှု၊ စစ်ဖြစ်မှု သတင်းများကသာ နေရာယူခဲ့သည်မှာလည်း အကြာကြီးကြာခဲ့ပြီ။ ကမ္ဘာ့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေးစသော နယ်ပယ်အားလုံး၏ ဖြစ်ရပ်အလုံးစုံမှာ Hi Tech နှင့် IT (Information Technology) , Internet ကြောင့် မြန်ဆန်လွန်းနေ၍ အထိန်းအချုပ်မဲ့သည့် အဖြစ်အပျက်မျိုးနှင့်ပင် ရင်ဆိုင်နေရပြီ ဆိုသည်ကိုလည်း သဘောပေါက်လာကြသည်။

ယခုအခါ ကမ္ဘာ့လူသားတို့သည် ‘အမှောင်ထဲသို့ ရောက်နေသူသည် အလင်းရောင်ကို တောင့်တသကဲ့သို့’ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြ၏။ တောင့်တနေကြ၏။ ယနေ့ခေတ်တွင် တိုးတတ်ပါသည် ခေတ်မီပါသည်ဆိုသော အရာအားလုံးသည် ကမ္ဘာ့လူသားတို့ အမှန်တကယ် လိုအပ်နေသော၊ စောင့်စားမျှော်လင့်နေသော ငြိမ်းချမ်းရေးကို အမှန်တကယ် ပေးဆောင်နိုင်ခြင်း မရှိတော့ကြောင်း နားလည် သဘောပေါက်လာကြပြီဖြစ်သည်။ ထိုသို့ နားလည် သဘောပေါက် လာကြကြောင်းကို (August 28-31, 2000) နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ရှိသော ကမ္ဘာ့ကုလသမဂ္ဂ၌ “ထောင်စုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီး” ကို ကျင်းပနိုင်ခဲ့ခြင်က သက်သေခံခဲ့ပြီ။ ထူးခြားချက်မှာ ဤညီလာခံကြီးသည် လုပ်ရိုးလုပ်စဉ်အတိုင်း ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ထိပ်တန်းခေါင်းဆောင်များနှင့်သာ ကျင်းပခဲ့ခြင်းမဟုတ်။ ဘာသာအမျိုးမျိုးမှ ဘာသာရေးခေါင်းဆောင်များကိုလည်း ပင့်ဖိတ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စုပေါင်းကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ရှေးယခင်က လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး နယ်ပယ်များ၌ ပညာရှင်တစ်ဦးဦးက အယူအဆ သီအိုရီ တစ်ခုခုကို ရှာဖွေတွေ့ရှိပြီး၊ လက်တွေ့ အကောင်အထည်ဖော် အသုံးချရိုး ထုံးစံသာရှိခဲ့သည်။ ယနေ့အချိန်အခါတွင်မူ သီအိုရီ အတွေးအမြင်များဖြင့် မလုံလောက်တော့ကြောင်း နားလည် သဘောပေါက်ခဲ့ကြပြီ။ ယနေ့ ကမ္ဘာကြီး၏ လိုအပ်ချက်မှာ အတွေးအမြင် ဒဿန (Philosophy) နှင့် ကိုယ်ကျင့်တရား (Morality) တို့ဖြစ်ကြသည်ကို နားလည်ခဲ့ကြ၏။ ကမ္ဘာကြီး၏ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်အသီးသီး၌ ငြိမ်းချမ်းမှု မရှိသည့် အဓိကအကြောင်းရင်းကို ရှာဖွေရင်းနှင့် လက်တွေ့ဝါဒ သိပ္ပံပညာမှသည် အတွေးအမြင် ဒဿနနှင့် ကိုယ်ကျင့်တရား ဘာသာရေးဘက်သို့ ဦးလှည့်လာကြခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ယနေ့ခေတ်လူတို့အတွက် လောကီအာရုံ ကာမဂုဏ်ကလည်း ပေါများလွန်း၏။ ရုပ်ဝတ္ထုပစ္စည်းများ၏ တိုးတတ်မှုကလည်း မြန်ဆန်လွန်းလှ၏။ သို့ဖြစ်၍ လူတို့အတွက် လိုအပ်ချက်များမှာလည်း များသည်ထက် များပြားလာလေတော့သည်။ ထိုသို့ လိုအပ်ချက်များ များပြားလာသည်နှင့်အမျှ ထိုလိုအပ်ချက်ကို ဖြည့်ဆီးနိုင်ရန်၊ အမီလိုက်နိုင်ရန် အချိန်နှင့်အမျှ ကြိုးစားနေရ၏။ အပြိုင်အဆိုင် အလုပ်လုပ်နေကြရ၏။ အနားယူချိန် မရှိတော့လောင်အောင်ပင် တည်း။ လိုချင်စဖွယ်အာရုံ၊ ခံစားဖွယ် ကာမဂုဏ်တွေကလည်း တစ်နေ့တခြား တိုးပွါးလာရကား မီးသည် လောင်စာရှိသမျှ လိုက်၍ လောင်သကဲ့သို့ ယခုခေတ် လူတို့သန္တာန်၌ လောဘကလည်း အာရုံများသလောက် ကြီးမား၍ လာလေတော့သည်။ လောဘအလိုကို မဖြည့်နိုင်သောအခါ သတ်ဖြတ်မှု၊ တိုက်ခိုက်မှု၊ လုယက်မှု၊ စစ်ဖြစ်မှုတိုင်အောင် ဒေါသတွေကလည်း တရှူးရှူးတရှဲရှဲနှင့် တကဲကဲ ဖြစ်နေလေတော့၏။

လူတို့သည် ဓနဥစ္စာ၊ တန်ခိုးအာဏာ၊ ရာထူး အဆင့်အတန်းတို့အတွက် နေ့စဉ်နှင့်အမျှ ကြိုးပမ်းနေ ကြရ၏။ သဲကြီးမဲကြီး ပြိုင်ဆိုင်နေကြရ၏။ တိုက်ခိုက်နေကြရ၏။ အဘယ့်ကြောင့် ဆိုသော် မိမိတို့ လိုချင်သော ဤဆုလာဘ်များ ရရှိလျှင် ကိုယ့်ကိုယ်ကို ‘အောင်မြင်ပြီ’ ဟု ထင်မှတ်နေသောကြောင့် ပင် ဖြစ်ပါသည်။ သိပ္ပံပညာ၏ စွမ်းပကားကြောင့် ရရှိလာသော ရုပ်ဝတ္ထု ပစ္စည်းများ၏ ကြွယ်ဝမှုသည် ညီညွတ်မှုနှင့် ပျော်ရွှင် ငြိမ်းချမ်းမှုကို အထိုက်အလျောက် ပေးစွမ်းနိုင်သည်ကား မှန်ပါ၏။ သို့သော် စစ်မှန်သော ငြိမ်းချမ်းမှုနှင့် ပြည့်ဝသော ပျော်ရွှင်မှု၊ ညီညွတ်မှုကိုကား ထာဝရပေးစွမ်းနိုင်မည် မဟုတ်ပါပေ။ ငြိမ်းချမ်းရေးအတွက် အဓိကအကျဆုံးအရာသည် စိတ်သာလျှင် ဖြစ်ကြောင်း သိသူ နည်းလှသည်။

ဘာသာရေးနှင့် ဆက်စပ်မှုမရှိသော စိတ်ဓါတ်အင်အားသည် လောကီကိစ္စ၌ ထိုက်သည့် အလျောက် အောင်မြင်နိုင်ပါ၏။ လောကီချမ်းသာများလည်း ရနိုင်ပါ၏။ ထိုအရာများသည် ထာဝရ တည်သော အရာများမဟုတ်။ အလွန်ထိခိုက်လွယ် ပျက်စီးလွယ်သော သဘောရှိ၏။ တစ်ခဏမျှ သာ ခံသော အရာများဖြစ်၏။ ထိုသို့ တစ်ခဏမျှသာ ခံသောအရာများ စုစည်းနေမှုသည် အဘယ် သို့လျှင် ထာဝရ ပျော်ရွှင်မှု ငြိမ်ဒချမ်းမှုကို ပေးစွမ်းနိုင်ပါမည်နည်း။

ဤ“ထောင်စုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီး” ဖြစ်ပေါ်လာစေရန်အတွက် တွန်းအားပေးခဲ့သော အကြောင်းလည်း ရှိပါ၏။ထိုအကြောင်းကား အခြားမဟုတ်ပေ။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့၌ (27,1,2000) နေ့က ကျင်းပခဲ့သော WEF (World Economic Forum) အစည်းအဝေးကြီးတွင် နိုင်ငံပေါင်း (၄ဝ)ကျော်မှ နိုင်ငံခေါင်းဆောင်များ၊ စီးပွါးရေး လုပ်ငန်းရှင်ကြီးများ၊ သတင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းမှ ပညာရှင်များအပြင် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကိုပါ ဖိတ်ကြား ခဲ့သည်။

လယ်တီဆရာတော်ကြီး၏ တပည့်ဖြစ်သော ဆရာကြီးဦးဘခင်ထံမှ ဝိပဿနာ နည်းစနစ်များကို သင်ယူခဲ့ပြီး မြတ်ဗုဒ္ဓ၏ ဝိပဿနာကျင့်စဉ်ကို နိုင်ငံပေါင်း(၂ဝ)ကျော်တို့တွင် ဓမ္မရိပ်သာများ ဖွင့်လှစ်ကာ တရားဓမ္မ ဖြန့်ဖြူးပေးနေသော အက်စ်အန်ဂိုအင်ကာ (S.N.Goenka) ကိုလည်း ဖိတ်ကြားခဲ့သည်။ ဆရာကြီး ဂိုအင်ကာသည် WEF ဆွေးနွေးပွဲ ကျင်းပသည့် ဇန်နဝါရီလ (၂၇)ရက် နေ့မှ ဆွေနွေးပွဲ ပြီးဆုံးသည့် ဖေဖေါ်ဝါရီလ (၁)ရက်နေ့အထိ နေ့စဉ် နံနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ် မြတ်ဗုဒ္ဓ၏ တရားဓမ္မကို ဟောပြောပေးခဲ့သည်။ ဆရာကြီးဟောပြောသော တရားမှာ အခြားမဟုတ်၊ ဝိပဿနာကျင့်စဉ်များသာ ဖြစ်သည်။

ဆွေးနွေးပွဲ ပြီးဆုံးသည့် နောက်တစ်နေ့တွင် အမေရိကန် သမ္မတ အပါအဝင် နိုင်ငံ ခေါင်းဆောင်များ၊ စီးပွါးရေး လုပ်ငန်းရှင်ကြီးများသည် ဆရာကြီး ဂိုအင်ကာကို သီးသန့် တွေ့ဆုံပြီး၊
“ချမ်းသာမှု အစစ်အမှန် ဆိုသည်မှာ အဘယ်အရာနည်း။ ထိုအရာကို ရရှိအောင် မည်သို့ ပြုလုပ်ရမည်နည်း။” “Is This as Good as it get? The meaning of Happiness.”
“ဘာသာရေး၏ အနာဂတ်” “The future of Religion; Beyond Beliefs?”
“ဒေါသထွက်လာသည့်အခါ သင်မည်သို့ ပြုလုပ်ရမည်နည်း။” “What to do when you are angry?”
စသော ခေါင်းစဉ်လေးများဖြင့် ဟောပြောပေးရန် တောင်းဆိုခဲ့ကြ၏။ အပြန်အလှန် မေးခွန်းများ မေးခြင်း၊ ဖြေဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆရာကြီးက “မတူညီသော ဘာသာရေးနှင့် ခြားနားသော လူမျိုးများပင် ဖြစ်နေစေကာမူ ဝိပဿနာ ကျင့်စဉ်ကို လက်တွေ့ လိုက်နာကျင့်သုံးနိုင်ကြောင်း” ထောက်ပြသည်။ သူပြောသည့် အဓိက အချက်မှာ ဘာသာ အားလုံးတို့၏ အတွင်းအနှစ်သာရမှာ ကိုယ်ကျင့်တရား ထိန်းသိမ်းရေး၊ မေတ္တာ ကရုဏာ ထားရေးပင် ဖြစ်သည်။ ဘာသာတရား၏ ပြင်ပလက္ခဏာများ အနေဖြင့် ဓလေ့ထုံးတမ်း စဉ်လာများ၊ လိုက်နာဖွယ်ရာများ၊ တရားသေ အယူအဆများ၊ အတွေးအမြင်များကို တွေ့ရမည် ဖြစ်၏။ ထိုအရာများသည် မတူ ကွဲပြားနိုင်၏။ ထိုသို့သော ပြင်ပလက္ခဏာများ၊ အချက်အလတ် များကို ကြည့်၍ ဘာသာတစ်ခုခု ဒါမှမဟုတ် ယုံကြည်မှု တစ်ခုခုကို မပစ်ပယ်သင့်ပေ။ အဓိက အချက်မှာ အတွင်းအနှစ်သာရဖြစ်ကြောင်း သတိပြုသင့်၏။

တဖန် မြတ်ဗုဒ္ဓ၏ ဓမ္မကို ရှင်းပြရာ၌ ဗုဒ္ဓသည် ဘာသာရေး ဂိုဏ်းဂဏပုံစံမျိုး တည်ထောင်ခဲ့ခြင်း မဟုတ်။ မြတ်ဗုဒ္ဓ၏ တရားသည် ဗုဒ္ဓဘာသာဝင်တို့အတွက် သက်သက်မဟုတ်။ လူတိုင်းအတွက် ဖြစ်၏။ လူတိုင်း လက်တွေ့ လိုက်နာ ကျင့်သုံးနိုင်၏။ လက်တွေ့ လိုက်နာ ကျင့်သုံးသူသည် မည်သည့် ဘာသာဝင်ဖြစ်စေ အကျိုး ရရှိမည်သာ ဖြစ်သည်။ လက်တွေ့ ပြုလုပ်၍ ရရှိသည့် အကျိုးရလဒ်ကိုသာ အလေးပေးသည်။ ဆရာကြီး ဂိုအင်ကာ တင်ပြသော ဘာသာရေးအမြင်မှာ အခြားဘာသာများ လက်ခံအောင်၊ မဆန့်ကျင်အောင် ဟောပြောခြင်းဖြစ်သည်။ ဝိပဿနာ ကျင့်ကြံသူအနေနှင့် ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို ဆက်လက် လိုက်နာကာ ဘဝတွင် ပျော်ရွှင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။ တစ်ဖက်စောင်းနင်းဘဝမျိုး မဖြစ်တော့ဘဲ၊ ဟန်ချက်ညီစွာ ရပ်တည်နိုင်ပေလိမ့်ည်။ ဤသို့ဖြင့် ကြမ်းတမ်းသော အပြုအမူများသည်လည်း ရပ်တန့်သွားကာ ဒုစရိုက်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများလည်း ဖြစ်လာတော့မည် မဟုတ်ပေ။

ဤဆွေးပွဲ၏ အကျိုးဆက်ကြောင့် ကုလသမဂ္ဂ္ဂ၌ (၂၉.၈.၂ဝဝဝ) ထောင်စုနှစ် ညီလာခံကြီးကို အမှန်တကယ်ပင် ကျင်းပနိုင်ခဲ့ကြပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးမှံ ခေါင်းဆောင်များ၊ စီးပွါးရေး လုပ်ငန်းရှင်ကြီးများ၊ သတင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းမှ ပညာရှင်များနှင့်အတူ ဘာသာ အမျိုးမျိုးမှ ခေါင်းဆောင်များလည်း တတ်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ဆရာတော် ဦးကုမာရ (အကျိုးတော်ဆောင်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊) ဦးဆောင်သော ဆရာတော် (၆)ပါး၊ ဒေါက်တာ မျိုးမြင့် (ညွန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဋ္ဌာန၊)နှင့်  ဒေါက်တာ လှဘေ (ဒု ပါမောက္ခ(စီမံ)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊) တို့ တက်ရောက် ခဲ့ကြသည်။ ပြည်ပရောက် မြန်မာဆရာတော်ကြီးများဖြစ်သော အင်္ဂလန်နိုင်ငံမှ ဒေါက်တာ ရေဝတဓမ္မနှင့် ဆရာတော် ဦးန္ဒက၊ အမေရိကန်နိုင်ငံမှ ဆရာတော် ဦးပညာဝံသနှင့် ဆရာတော် ဦးဥာဏိဿရ (သီတဂူ) တို့လည်း ထိုအစည်းအဝေးကြီးသို့ တက်ရောက်ခဲ့ကြသည်။

ထိုအစည်းအဝေးကြီး၌ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုယ်စား ဆရာတော် ဦးကုမာရက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မဝိဟာရတရား (၄)ပါးအကြောင်း ဟောပြောခဲ့သည်။ အမှန်တကယ် ပြောခွင့်ရသော အချိန်မှာ (၃ မိနစ်မှ ၅ မိနစ်အတွင်း)မျှသာ ဖြစ်သည်။ သို့သော်လည်း မိမိ ပြောလိုသော အကြောင်းအရာကို လက်ကမ်းစာစောင်ရိုက်ပြီး ပေးဝေငှခဲ့ရကြောင်း သိရသည်။

ဤ“ထောင်စုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီး”ကား ပြီးဆုံးခဲ့လေပြီ။ အကျိုးသက်ရောက်မှု ရှိ၊ မရှိ မပြောနိုင်သော်လည်း ယခင်က တစ်ခါမျှ မပြုလုပ်ခဲ့ဖူးသော ဤသို့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကို ပြုလုပ်နိုင်ခဲ့ခြင်းကပင် ငြိမ်းချမ်းရေးအတွက် လင်းရောင်ခြည် အစပျိုးခြင်းပင် မဟုတ်ပါလော။ (၂၁)ရာစု အဝင်၌ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံတို့တစ်နေရာတည်း၌ စုဝေးကာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းတိုင်ပင် အဖြေရှာခဲ့ကြခြင်းသည်ပင် ငြိမ်းချမ်းရေးသို့ ဦးတည်ရာ လမ်းစ ပေါ်လာခြင်းပင် မဟုတ်ပါလော။

သို့သော်လည်း ကမ္ဘာ့လူသားအားလုံး ငြိမ်းချမ်းသာယာစွာ၊ သင့်မြတ်ညီညွတ်စွာ နေထိုင်နိုင်ရေး အတွက် မှန်ကန်သောနည်းလမ်းကို ညွှန်ပြပေးနိုင်ရန် ရည်ရွယ်၍ ကိုးကွယ်မှု ဘာသာများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ ဘာသာတရားအားလုံးသည် မိမိတို့၏ နောက်လိုက်နောက်ပါ ကိုးကွယ် ယုံကြည်သူများအား အချင်းချင်း အပြန်အလှန် လေးစားမှု၊ နားလည်မှုရှိပြီး၊ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ရေးအတွက် သင့်လျော်သော လမ်းစဉ်များကို ချမှတ်ပေးရမည်။ ညွန်ကြား ပေးရမည်သာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာသည် ပျော်ရွှင် ငြိမ်းချမ်းရေးအတွက် ဘေးကင်းပြီး၊ မှန်ကန်သော နည်းလမ်းများကို အသုံးပြုရန် သင်ကြားပေးသည်။ အခြားလူတစ်ယောက် (သို့မဟုတ်) အခြား သက်ရှိသတ္တဝါ များအား ဆင်းရဲဒုက္ခ ရောက်စေသောနည်းဖြင့် မိမိတို့၏ စိတ်ချမ်းသာ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုကို ရှာဖွေသော နည်းလမ်းကို ခွင့်မပြုခဲ့ပေ။ သူတစ်ပါးတို့အား မထိခိုက်စေဘဲ မိမိတို့၏ မှန်ကန်သော အသက်မွေး ဝမ်းကျောင်းမှုကို ပြုရခြင်းသည်သာ အမြင့်မြတ်ဆုံး သမ္မာအာဇီဝ ဖြစ်ကြောင်း ဘုရားရှင်က ညွန်ပြတော်မူခဲ့သည်။

ယနေ့လူတို့သည် မိမိကိုယ်ကို မိမိအောင်နိုင်ခြင်းက အဓိကအရေးကြီးကြောင်း မေ့နေကြသည်။ မြတ်ဗုဒ္ဓက “အများကို အောင်နိုင်ခြင်းထက် မိမိကိုယ်ကို အောင်နိုင်ခြင်းက ပို၍ ကောင်းကြောင်း၊ လောကီသာယာ ပျော်ရွှင်မှုများကို စွန့်လွှတ်နိုင်ခြင်းက စည်းစိမ်ဥစ္စာ ရတနာများ စုဆောင်းခြင်းထက် ပို၍ကောင်းကြောင်း” မိန့်တော်မူခဲ့လေသည်။ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့အောင်နိုင်လျှင် အခြားသူတို့က လည်း ကျွန်ုပ်တို့ကို လေးစားလာကြလိမ့်မည်။ မြတ်ဗုဒ္ဓသည် မိမိကိုယ်ကို ပထမ အောင်နိုင်ပြီး နောက် သူ၏ ကြီးမားသော မေတ္တာ၊ ကရုဏာ၊ ပညာတို့ဖြင့် တစ်ကမ္ဘာလုံးကို အောင်မြင်တော်မူ ခဲ့သည်။ ဤအကြောင်းကြောင့်ပင် မြတ်ဗုဒ္ဓကို ဗုဒ္ဓဘာသာဝင်များသာမက ဗုဒ္ဓဘာသာဝင် မဟုတ်သူများကပါ လေးစား ကြည်ညိုခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်ကြီးများ တတ်ရောက်ကြသော ယင်းကဲ့သို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံကြီး၌ တရားဓမ္မကိစ္စများ ထည့်သွင်း ဆွေးနွေးခြင်း၏ အဓိက အကြောင်းရင်းမှာ ကမ္ဘာကြီး မငြိမ်းချမ်းမှုအပေါ် တစ်စုံတစ်ရာ အဖြေတစ်ခုခု ရရှိလေမလားဟု မျှော်လင့်ချက်ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသော ကမ္ဘာကြီး၏ ပြဿနာ အရပ်ရပ်သည် ခိုင်မာပြီး၊ တိကျသော ဒဿနတစ်ခုခု လိုနေသည်မှာ အမှန်ပင်ဖြစ်သည်။

မည်သို့ပင် ဖြစ်ပါစေ။ ဤ(၂၁)ရာစုနှစ်သည်  အတွေးအခေါ် တော်လှန်သောခေတ် ဖြစ်သည်နှင့် အညီ ကမ္ဘာ့ကုလသမဂ္ဂ၌ ထိပ်တန်းခေါင်းဆောင်များနှင့်အတူ ဘာသာအသီးသီးမှာ ခေါင်းဆောင် များသည်လည်း ကမ္ဘာ့လူသားတိုင်း လိုလားတောင့်တနေကြသော ငြိမ်းချမ်းရေးအတွက် မကြုံစဖူး ထူးကဲသော “ထောင်စုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီး”ကို အတူတကွ ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြပြီ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာ ခေါင်းဆောင်များ ဖြစ်ကြသော ရဟန်းတော်များသည်လည်း မိမိတို့၏ တာဝန်နှင့် အခန်းကဏ္ဍကို သိရှိနားလည်ပြီး၊ ငြိမ်းချမ်းမှု အစစ်အမှန်ဖြစ်သော ဗုဒ္ဓဘာသာကို ကမ္ဘာ့လူသားတိုင်း သိရှိနားလည်အောင်၊ ပြန့်ပွါးအောင် ဖြန့်ဝေဖို့ရန် အချိန်တန်ပြီဟု နှိုးဆော်သတိပေးရင်း ငြိမ်းချမ်းရေး ခေါင်းလောင်းသံကို ထပ်ဆင့်ပြန်ကြားလိုက်ရပါသည်။

တက္ကသိုယ် မောင်ကိုရင်

Ref; Universal Spirituality for Peace, by S.N Goenka. The Millennium World Peace Summit at the United Nation, U.S.A (August 28-31-2000).
Goenkaji world-famed Vipassana Teacher attends the world Economic Forum in Davos, Switzerland, by Zeyar Maung, NLM (19.2.2000 - 26.2.2000).

(ရွာမပရိယတ္တိစာသင်တိုက် နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်စာစောင် (2000) မှ)