“ဖျတ်ခနဲမြင်လိုက်မိတဲ့ မြင့်မိုရ်ဦး”
အမေရိကန်နိုင်ငံမှာ ကိုရွှေမြန်မာတွေအများဆုံးနေထိုင်ကြတဲ့
အရှေ့ပိုင်း အင်ဒီယားနားပြည်နယ်က ဖို့ဝိန်းမြို့ဆိုတာ အဆိုတော်ကြီး ဒေါ်မာမာအေးပြောသလို
အမေရိကန်ရဲ့ တောမြို့ကလေးဆိုတာ အမှန်ပါပဲ။ ဖို့ဝိန်းမြို့ရဲ့ Down-Town လို့ခေါ်တဲ့
အစည်ကားဆုံးနေရာဟာ မဟာရန်ကုန်မြို့ရဲ့ မီးရထား ရုံးကြီးရှေ့က တစ်ဘလောက်စာလောက်ပဲရှိမယ်ထင်တယ်။
အဲဒီမြို့သေးသေးလေးကို
မြို့ကြီးတွေကနေသွားရတဲ့အခါ အဓိကပြဿနာက တိုက်ရိုက်လေယာဉ် မရှိ တာပါပဲ။ အနဲဆုံး နှစ်ထောက်လောက်နားပြီးသွားမှရတယ်။
တစ်ထောက် နားလောက်နဲ့ အမြန်ရောက် ချင်တယ်ဆိုရင် ဖို့ဝိန်းနဲ့ မိုင်တစ်ရာကျော် (ကားနဲ့၂-နာရီခရီး)
လောက်ဝေးတဲ့ အင်ဒီယာနာပူးလစ်ဆိုတဲ့ ပြည်နယ်မြို့တော်လေဆိပ်ကိုစီးမှရတယ်။ ဆန်ဖရန်စစ္စကိုကနေ
ဖို့ဝိန်းကိုအသွားတုန်းက နှစ်ဆင့်ပြောင်းလေယာဉ်နဲ့သွားလိုက်တာ ဆန်ဖရန်က မနက်(၉)နာရီလောက်ကနေ
စစီးပြီး တစ်ထောက်နားလိုက်၊ ဆက်စီးလိုက်နဲ့ ည(၁ဝ) နာရီကျော်မှပဲ ရောက်တော့တယ်။
ခရီးရှည်ကားစီးရတဲ့အခါ
မိမိရဲ့ ခါးဒဏ်ရာဟောင်းက နာလာတတ်တဲ့အတွက် အပြန်မှာတော့ ဖို့ဝိန်း လေဆိပ်ကနေ ချီကာဂိုလေဆိပ်မှာတထောက်နားပြီး
ဆန်ဖရန်ကိုဆိုက်တဲ့လေယာဉ်နဲ့ စီစဉ်လိုက်တယ်။ လက်မှတ်ထဲမှာရေးထားတဲ့ အစီအစဉ်အတိုင်းဆိုရင်တော့
ဖို့ဝိန်းကနေ နံနက်(၆)နာရီထွက်တဲ့ လေယာဉ်ကိုစီး၊ (၁)နာရီကျော်စီးလိုက်ရင် (ချီကာဂိုမြို့က
စံတော်ချိန် (၁)နာရီ နောက်ကျတဲ့အတွက်) ဒေသစံတော်ချိန် (၆:၁၅)နာရီမှာရောက် ၊ (၇)နာရီခရီးဆက်
၊ဆန်ဖရန်ကို (၁ဝ)နာရီရောက်မယ်လို့ဆိုတယ်။ ချီကာဂိုနဲ့ဆန်ဖရန်ဆိုတာ အမေရိကန်ရဲ့ အရှေ့ပိုင်းနဲ့
အနောက်ပိုင်းဖြစ်လို့ လေယာဉ်ခရီး ငါးနာရီလောက် ကြာတာဖြစ်ပေမယ့် အနောက်ပိုင်း ဖြစ်တဲ့
ဆန်ဖရန်က ချီကာဂိုထက် စံတော်ချိန် နှစ်နာရီနောက်ကျတာဖြစ်လို့ ထွက်ချိန်နဲ့ ရောက်ချိန်ဟာ
နာရီကြည့်လိုက်ရင်တော့ သုံးနာရီပဲကွာသလိုဖြစ်နေတာပေါ့။
အခုပြောခဲ့တာတွေက
စာရွက်မှာရေးထားတဲ့သဘောတရားတွေပါ။ လက်တွေ့မှာတော့ ဖို့ဝိန်း လေဆိပ်ကို ကြိုကြိုတင်တင်
နံနက်(၅)နာရီလောက်ရောက်သွားတဲ့အခါ လေယာဉ်က Delay (ထွက်ချိန် နောက်ကျ) ဖြစ်တယ်တဲ့။ နောက်ထပ်
လေးနာရီလောက်စောင့်ပြီး (၉)နာရီလေယာဉ်နဲ့မှ အစောဆုံး စီးနိုင်မယ်ဆိုတော့ ချီကာဂိုမှာပြောင်းစီးရမယ့်ခရီးစဉ်တွေပါ
သူတို့အစီအစဉ်နဲ့ ပြောင်းလဲ ပေးပြီး လက်မှတ် အသစ်နဲ့လဲပေးပါတယ်။ သူတို့ ချို့ယွင်းချက်ကြောင့်
ပြောင်းလဲရတာဖြစ်လို့ ဘာမှတော့ ထပ်မပေးရပါဘူး။ ကိုယ်ကနောက်ကျလို့ လေယာဉ်ပြောင်းစီးရရင်တော့
အနည်းဆုံး ၂၅ဒေါ်လာ ထပ်ပေးရပါသတဲ့။
ဖို့ဝိန်းလေဆိပ်မှာ
မနက်စောခရီးစဉ်တိုင်း ဒီလိုပဲ Delay ဖြစ်လေ့ရှိသတဲ့။ ဘာကြောင့်လဲ ဆိုတော့ စီးမယ့်ခရီးသည်က
လေးငါးယောက်ထက်မပိုလှလို့ နောက်တစ်စီးနဲ့ပေါင်းပြီးမှတင်တာလို့ ဆိုပါတယ်။ ကဲ … ထားပါတော့လေ။
ခရီးစဉ်အခက်အခဲကိုပြောမနေတော့ပဲ အဓိကအကြောင်းကိုပဲ ပြောရမယ် ဆိုရင် အဲဒီနေ့က တကယ်လေယာဉ်ပေါ်ရောက်တဲ့အချိန်မှာ
နံနက်(၁ဝ) နာရီကျော်နေပါပြီ။ ချီကာဂို ရောက်တော့ (၁၁)နာရီကျော်။ နောက်ထပ်ပြောင်းစီးရမည့်လေယာဉ်က
ညနေသုံးနာရီခွဲမှဆိုတော့ ဆန်ဖရန်ကို ည(၆)နာရီကျော်မှရောက်တော့မှာပေါ့။ ဒါကြောင့် ကြိုပေးမယ့်
မုဒိတာရွှေကျောင်းဆရာတော်ဆီကို ဖြစ်ကြောင်းကုန်စင်အချိန်မီ ဖုန်းဆက် လိုက်ရပါတယ်။
ချီကာဂိုလေဆိပ်ရောက်တော့
မိမိခါးဒဏ်ရာဟောင်းက နဲနဲပြန်နာလာတဲ့အတွက် ခရီးဆောင်အိတ် နှစ်ခုထပ်ကို ဖြည်းဖြည်းချင်းဆွဲလာနေရတယ်။
နောက်စီးရမည့်လေယာဉ်က အချိန်အကြာကြီးလိုသေးလို့ သိပ်လဲအရေးမကြီးလှပါဘူး။ ချီကာဂိုလေဆိပ်က
ကြီးလဲကြီး၊ ရှုတ်လဲနဲနဲရှုတ်တယ်။ မြို့သေးကလာတဲ့ လေယာဉ်ငယ်တွေ ဆိုက်ကပ်တဲ့ဂိတ်နဲ့
မြို့ကြီးတွေ သွားမယ့် လေယာဉ်ကြီးတွေဆိုက်ကပ်တဲ့ ဂိတ်ကလည်း အတော်လေး ဝေးပါတယ်။ ရန်ကုန်
လေယာဉ်ကွင်း သုံးပြန်စာလောက်တော့ ကွာမယ်ထင်တယ်။ အပေါ်ထပ် အောက်ထပ် စက်လှေခါး နဲ့ အဆင်းအတက်သွားရတာလဲပါသေးတယ်။
အတော်လေးသွားမိလို့
စက်လှေခါးနဲ့ ရွေ့လျားစီးတက်ရတဲ့ နေရာရောက်တော့ မိမိနဲ့ ကပ်လျက် ပါလာတဲ့ တောင်အမေရိကနွယ်ဖွားဖြစ်ပုံရတဲ့
လူရွယ်တစ်ဦးက မိမိရဲ့အခြေအနေ ကြည့်ပြီး “ဘာကူညီပေး ရမလဲ” လို့မေးပါတယ်။ မိမိက ပြောင်းစီးရမယ့်လေယာဉ်လက်မှတ်ကို
ထုတ်ပြလိုက်တော့ “ဂိတ်ကဝေးတယ်၊ Terminal (လေယာဉ်ဆိုက်ကပ်တဲ့ ဂိတ်များရှိရာ) တစ်ခုကျော်ပြီးသွားရမယ်၊
သူကူညီပေးမယ်” ဆိုပြီး မိမိစီးရမည့်လေယာဉ်ကုမ္ပဏီ ဝန်ထမ်း အကြီးအကဲဖြစ်ပုံရသူတစ်ဦးကို
သွားတွေ့တယ်။ သူလဲ ဒီကုမ္ပဏီက ဝန်ထမ်းဖြစ်ပုံရပါတယ်။
Wheel-Chair တစ်ခုယူလာပြီး မိမိကိုတက်ခိုင်းတယ်။
ဓာတ်လှေခါးနဲ့ တစ်ဆင့် တက်ပြီး အတော်လေးသွားတော့မှ မိမိပြောင်းစီးရမယ့် ဂိတ်ကိုရောက်တယ်။
မိမိကို ခုံလွတ်တဲ့နေရာမှာ ချပေးပြီးတော့မှ၊ “အခုထွက်မည့်လေယာဉ်က မီယာမီကိုသွားမှာ၊
နောက်တစ်စီးကျမှ ဆန်ဖရန်သွားမယ့် လေယာဉ်ဖြစ်မယ်၊ သုံးနာရီလောက်ဒီမှာစောင့်ပါ” လို့ပြောပြီး
ပြန်မယ်လုပ်တော့ မိမိက Wheel-Chair တွန်းသူများကို “Tip” ပေးလေ့ရှိတဲ့ထုံးစံအတိုင်း
ငါးဒေါ်လာတန်တစ်ရွက် ထုတ်ပြီး ပေးမယ်လုပ်တော့ “No … No …” ဆိုပြီးလက်ကာရင်း “Thank
you, have a good trip.” ဆိုပြီး လှည့်ထွက်သွားပါတယ်။
အချိန်က ဒေသစံတော်ချိန်
(၁၁)နာရီခွဲလောက်ရှိပြီ။ မနက်စောက ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီတစ်ခွက် သာသောက်ခဲ့လို့
နဲနဲဆာသလိုလဲဖြစ်လာပြီ။ မိမိကနာရီကိုထုတ်ကြည့်ပြီး ဟိုဟိုဒီဒီ စားသောက်ဆိုင် ရှိမည့်နေရာကို
ဝေ့ပြီးကြည့်နေတဲ့အချိန်မှာပဲ မျက်နှာချင်းဆိုင်ခုံက အသက် သုံးဆယ်ခန့်လောက်ရှိတဲ့ တရုတ်
အမျိုးသမီး(နောက်တော့ ထိုင်ဝမ်က၊ ဗုဒ္ဓဘာသာ တရုတ် အမျိုးသမီး၊ ဒီအမေရိကားမှာကျောင်းတက်ပြီးလို့
အလုပ်လုပ်နေသူလို့ သိရပါတယ်) ကလဲ သူ့နာရီ ငုံ့ကြည့်ပြီး မိမိကို နေ့လည်စာစားပြီးပြီလားဆိုတာ
မေးပါတယ်။
မိမိကဆိုင်ကို ရှာကြည့်နေတာ ဆိုတော့
သူက “ခဏစောင့်ပါ၊သူသွားယူပေးပါမယ်”တဲ့။ မိမိက “Red Meat (အသားကြီးတွေ) မစားဘူး”လို့ပြောလိုက်တော့
သူက ဗုဒ္ဓဘာသာဘုန်းကြီးဆိုတာ သက်သတ်လွတ် စားတယ်လို့ ထင်ပုံရပါတယ်၊ “I see, I see” ဆိုပြီးထသွားတယ်။
အပြန်မှာ ပေါင်မုန့်နဲ့ ဆလပ်ရွက် သုတ်ရယ်၊ ကော်ဖီတစ်ခွက်ရယ်ယူလာပြီး သေသေချာချာဖိနပ်ချွတ်ပြီး
ကပ်ပါတယ်။ မိမိစားပြီး ရေသောက်ရင်း သူ့ကိုကြည့်လိုက်တော့ သူကပြုံးပြီး “Are you
OK?” တဲ့။ မိမိက ခေါင်းငြိမ့်ပြလိုက်တော့ သူကလှူပါတယ်ဆိုတဲ့အကြောင်း ပြောပြီးပြုံးနေပါတယ်။
မိမိကလည်း “Thank you” ဆိုပြီးခေါင်းငြိမ့်ပြုံးပြလိုက်တယ်။ အင်း … ဒီနေရာတွေမှာတော့
ဗုဒ္ဓဘာသာရဲ့ပုံရိပ် (Image) ဟာ မငြိုးနွမ်းသေးဘူးဟဲ့ဟု တွေးလိုက်မိသေးရဲ့။
နောက်လေယာဉ်က
အကြာကြီးစောင့်ရတာဆိုတော့ ဟိုဟိုဒီဒီစဉ်းစားနေရင်းက မိမိကိုကူညီခဲ့တဲ့ အမျိုးသားကိုရော၊
မျက်နှာချင်းဆိုင်ကနေ့လည်စာကပ်လှူတဲ့ အမျိုးသမီးကိုရော စိတ်ထဲကအထူးကျေးဇူး တင်ပြီး မေတ္တာပို့နေမိတယ်။
သူတို့ကို “ဘာလေးများပြန်ပြီး ပေးလိုက် ရပါ့”လို့ ပါလာတဲ့လွယ်အိတ်ကို ဟိုစမ်းဒီစမ်း
လိုက်ရှာကြည့်တဲ့အခါ ဓမ္မဒူတအရှင်ဆေကိန္ဒ ယဉ်ကျေးလိမ္မာ သင်တန်းသားကလေးတွေကို ပေးတဲ့ ပဋ္ဌာန်းကျောက်စိမ်းဆွဲပြားလေးတွေ
ပါလာတာကို သတိရပြီး အဲဒီအမျိုးသမီးကို ပေးလိုက်တော့ သူကဝမ်းသာအားရနဲ့ ယူပြီး အသေအချာကြည့်နေပါတယ်။
မိမိက “အဲဒိမှာအစိတ်ကလေးတွေ (၂၄)ခုပါတယ်၊ ပဋ္ဌာန်းလို့ ခေါ်တယ်၊ အန္တရာယ်ကင်းတယ်၊ လာဘ်ကောင်းတယ်”
ဆိုတဲ့အကြောင်းပြောပြတော့ သူက “Very lucky. Thank you so much.” ဆိုပြီး အတော်လေးဝမ်းသာနေပါတယ်။
သူ့အပေါ်ကျေးဇူးတင်နေမိတာ၊
သူ့ကိုကျေးဇူးတုံ့အမှတ်တရပစ္စည်းလေး ပေးလိုက်လို့ သူကျေနပ် ဝမ်းသာနေတာကိုကြည့်ရင်း အတွေးတွေအမျှင်တန်းလာရာက
အခု(၁ဝ)မိနစ်စာ လောက် ခရီးတိုလေးကို ကူညီလိုက်သူ၊ နေ့လည်စာဆွမ်းတစ်နပ် ကပ်လှူခဲ့သူတို့အပေါ်မှာ
ဖြစ်ပေါ်မိတဲ့ ဝမ်းသာကျေနပ်မှု၊ သိမှတ် လိုက်မိတဲ့ သူတို့ရဲ့ ကျေးဇူးလေးကတောင် ဒီလောက်
အများကြီးလို့ ထင်လိုက်မိတယ်ဆိုရင် … စာသင်သား ဘဝတစ်လျှောက်လုံး သင်ကြားဆုံးမပေးခဲ့တဲ့
ဆရာသမားတွေ၊ နေ့စဉ်မပြတ်ဆွမ်းလောင်းလှူနေသူတွေ၊ ပစ္စည်းလေးပါးလိုလေသေးမရှိအောင်
နှစ်ရှည်လများထောက်ပံ့လှူဒါန်းကြတဲ့ ရဟန်းဒကာ၊ ဒကာမတွေနဲ့ မြန်မာပြည်အနှံ့က ပစ္စည်း
လေးပါး ဒကာ၊ ဒကာမတွေ၊ တရားနာပရိတ်သတ်၊ စာဖတ်ပရိတ်သတ်တွေရဲ့ ကျေးဇူးတွေဟာ … ။
အဲဒီလိုအမျှင်တန်းမိရာက “နီးလွန်းလို့မမြင်၊
ကြီးလွန်းလို့မမြင်” ရှိရတတ်တဲ့ အမေတွေရဲ့ ကျေးဇူးတွေဆီ စိတ်ရောက်မိတယ်။ ကိုယ့်အမေဟာလဲ
… သြော် … အမေ … အမေ ။
မိမိဇာတိဖြစ်တဲ့ နတ်မောက်မြို့နယ်အရှေ့လက်၊
အလယ်ရိုးမရဲ့ အနောက်ဖက်ခြမ်း ဥယျာဉ်ရွာဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ အလယ်ရိုးမစခန်းလို့ခေါ်တဲ့
မယ်ဇလီပင် စခန်းနဲ့ (၁ဝ)မိုင်ဝန်းကျင်အတွင်း မှာရှိလို့ အဲဒီခေတ်ကတော့ “အမဲရောင်နယ်မြေ”
လို့ သတ်မှတ်ထားတဲ့နယ်ပါ။ ဗကပ တင်မကပါဘူး၊ ရဲဘော်ဖြူတို့၊ ပြူစောထီးတို့ ဆိုတာတွေလဲရှိလို့
ရောင်စုံသူပုန်နယ်မြေလို့ သတ်မှတ်ထားတဲ့ ဒေသပေါ့။ အဖေကရှင်လူထွက်အရွယ်မှာ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခိုင်းလို့
ဗိုလ်ဖိုးကွန်းက စည်းရုံးဖွဲ့စည်းခဲ့တဲ့ ရဲဘော်ဖြူတပ်မှာ လိုက်ခဲ့ဖူးတယ်။ အခု ဗကပတွေ
ကြီးစိုးလာတော့ သူ့ပါတီဝင်ရမယ်၊ ငါ့ပါတီဝင်ရမယ် ဆိုတာတွေ ရှုတ်လာသတဲ့။
အဲဒီလိုအခြေအနေမှာ အဘိုး (အဖေ့ရဲ့အဖေ)က
အမေ့ကိုခေါ်ပြီး “ငါ့တူမ … ခုလိုကာလ ဗရုတ်ဗရက် ကြီးထဲမှာ နင့်အိမ်သားအခြေအနေကတော့ ငါ့တူမ
မုဆိုးမဖြစ်ချင်သလား၊ ရဟန်းအမ ဖြစ်ချင်သလား၊ ဒီနှစ်ခု ကြိုက်ရာရွေးမှဖြစ်တော့မယ်” ဆိုတဲ့အကြောင်း
ပြောပြသတဲ့။ အမေ့ရဲ့အဖြေက လိုတိုရှင်းပါပဲ။ “ဦးတို့သားရဲ့ ဆန္ဒအတိုင်းပါ” လို့ပဲ ပြန်ပြောလိုက်သတဲ့။
ဒါနဲ့ပဲ အဖေက အသက်(၃၃)နှစ် အရွယ်မှာ ရဟန်းပြုပြီး မိမိတို့ရွာနဲ့ (၇)မိုင်လောက်ဝေးတဲ့အရပ်က
တောရွာစာသင်တိုက်တစ်ခုမှာ သွားနေ ပါတယ်။ အဲဒီတုန်းက မိမိအသက် (၃)နှစ်သားလောက် ဆိုတော့
အပြည့်အစုံတော့ မသိပါဘူး။ အဘိုးအဘွားတွေ ပြန်ပြောပြတာ လောက်ပဲ မှတ်လိုက် ရတာပါ။ အဘိုးကတော့
“ကိုရင်တို့အမေက သတ္တိလဲကောင်းတယ်၊ စိတ်လဲ ပြတ်သား တယ်” တဲ့။
အမေက … အဲ … ဘယ်လိုပြောရမလဲ။ မုဆိုးမလဲမဟုတ်ဘူး၊
တစ်ခုလပ်လဲမဟုတ်ဘူး၊ လင်ပစ်မလဲ မဟုတ်ဘူး၊ လင်ကို သာသနာ့ဘောင်ဝင်ဖို့ ကြည်ကြည်ဖြူဖြူခွင့်ပြုလိုက်ပြီးတော့မှ
သားနှစ်ယောက်ကို လုပ်ကိုင် ရုန်းကန် စောင့်ရှောက် ကျွေးမွေးနေရတဲ့ မိခင်တစ်ဦးပါ။ အမေက
အလုပ်သိပ်ကြိုးစားတယ်။ ရွာနဲ့ (၁ဝ)မိုင်လောက်ဝေးတဲ့ ပျော်ဘွယ်နယ်ထဲက တောင်ညောင်ကုန်း
ဆိုတဲ့ ငါးရက်တစ်ဈေး လက်လီလက်ကားပေးတဲ့ဈေးကို ဈေးနေ့တိုင်း မနက်အစောကြီး လှည်းနဲ့သွားပြီး
ကုန်တွေဝယ်တယ်။ ညအတော်ညဥ့်နက်မှ အိမ်ပြန်ရောက်တယ်။ နောက်နေ့မနက် အစောထပြီး ရိုးမတောင်ခြေကရွာတွေဆီ
လှည်းနဲ့၊ တခါတလေ ခေါင်းရွက်၊ ဈေးလှည့်ရောင်းတယ်။
အမေက ဈေးရောင်းရုံတင်မဟုတ်ဘူး၊ တောင်သူလဲလုပ်သေးတယ်။
အမေ ခဏခဏပြောတဲ့ စကား တခုရှိတယ်၊ “ငါကဈေးရောင်းနေပေမယ့် တို့အမျိုးက ဈေးရောင်းစားတဲ့အမျိုးမဟုတ်ဘူး၊
သူကြီးမျိုး” တဲ့။ အမေ့အဘိုး ဖိုးထွန်းကျော်ဆိုတာ နတ်မောက်မှာ သူကြီးဦးမင်းရောင် တန်ခိုးထွားချိန်က
လက်အောက်ခံ သူကြီးဖြစ်လို့ သူ့နယ်တစ်ဝိုက်မှာ ငါးကျပ်တန်အမှုကို စီရင်ခွင့်ရတဲ့ အထူးအာဏာရ
သူကြီးဆိုလားပဲ။ ဒီနယ်တစ်ဝိုက်မှာတော့ သူကြီးဦးထွန်းကျော်ဆိုရင် တစ်နယ်လုံး ဖိန့်ဖိန့်တုန်လို့
ပြောတာပဲ။ ဟုတ်တော့ဟုတ်မယ်ထင်တယ်။ မိမိတို့ရွာမှာတော့ အမေတို့ မောင်နှမတွေရဲ့ မြေယာတွေက
များလဲများသလို မြေကောင်း ယာကောင်းတွေ အရပ်လေးမျက်နှာလုံးမှာရှိတယ်။
အမေ့ရဲ့ အကိုအကြီးဆုံးက လူပျိုကြီးဆိုတော့
အမေနဲ့ပဲအတူတူနေတယ်။ အမေလှည့်လည် ဈေးရောင်းနေနိုင်တာကလည်း မိမိတို့ကို ဦးကြီးက စောင့်ရှောက်
ချက်ပြုတ် ကျွေးနေလို့ပါပဲ။ မောင်နှမ နှစ်ဦးရဲ့ အမွေရမြေယာတွေကများတော့ ဝမ်းကွဲဆွေမျိုးတွေကို
ထက်ဝက်စား အဖက်ပေးခိုင်းတာလဲရှိသလို ရွာနဲ့နီးတဲ့ လယ်ယာတွေမှာ အမေက လူငှားနဲ့ ကျဲလှဲ
စိုက်ပျိုးတာလဲ ရှိပါတယ်။ အလုပ်ကို ကြိုးစားသလောက် အစားအသောက် အသုံးအစွဲကျတော့ အမေဟာ
ကပ်စေးနည်းသူလို့ သူများကပြောလောက်အောင်ကို ချွေတာတယ်။ အမေ့လက်သုံးစကားကတော့ “ငါဒီလောက်ကြိုးစားနေတာ
ငါသုံးချင်၊ စားချင်လို့မဟုတ်ဘူး။ ငါ့သားတွေ မျက်နှာ မငယ်ရအောင်လို့” တဲ့လေ။
သူ့အတွက် ဖွယ်ဖွယ်ရာရာ ဝယ်မစားပေမယ့်
မိမိတို့အတွက် ဈေးသွားတိုင်း ဈေးတပတ်စာ မုန့်ပဲ သွားရည်စာရော၊ အိမ်မှာ ချက်စားဖို့
ငါးခြောက်ငါးခြမ်း၊ အာလူး၊ ကော်ဖီထုတ်ဆိုတာတွေရောတော့ အမြဲ ပါလာတတ်ပါတယ်။ အဲဒီခေတ်က
ကျေးလက်ကလေးတိုင်း သွားရည်စာဆိုလို့ ထန်းလျက်ခဲနဲ့ ပဲကြီးလှော် လောက်ပဲ စားနိုင်ကြချိန်မှာ
မိမိတို့ ညီအကိုက “ဈေးမုန့်” လို့ခေါ်တဲ့ မုန့်မျိုးစုံ တော်တော်များများကို နံနက်
စောတိုင်း စားခဲ့ရတယ်။
အရင်က အိမ်အောက်ယက်ကန်းစင်မှာသာ အလုပ်လုပ်လေ့ရှိတဲ့အမေဟာ
နေပူစပ်ခါးမရှောင်၊ အစားပျက်၊ အအိပ်ပျက် အလုပ်ကြိုးစားလွန်းတဲ့အတွက် ခုနစ်နှစ်၊
ရှစ်နှစ်လောက်အတွင်းမှာ ကျန်းမာရေးက သိသိသာသာကြီး ယိုယွင်းလာတယ်။ မိမိအသက် (၁၁)နှစ်ထဲအရောက်မှာတော့
အမေ အလုပ်မလုပ်နိုင် လောက်အောင် အိပ်ယာထဲလဲနေရတဲ့အဆင့် ရောက်လာပါတယ်။ ခုခေတ်လိုပြောရရင်တော့
အစာအိမ် ရောဂါပဲဖြစ်မယ်ထင်တယ်။ လေတွေ ပျို့အန်ပြီး မစားနိုင် မသောက်နိုင်ဖြစ်ရာက အိပ်ယာထဲလဲတော့တာပဲ။
အမေက ဆေးသောက်ရမှာလဲ အလွန်ကိုကြောက်တယ်။
၁၃၁၉ခုနှစ်၊ မိမိအသက် (၁၁)နှစ်ကျော်၊
အကိုက (၁၃)နှစ်ကျော်အရွယ်လောက်မှာပါ။ အမေ့ အသက်က (၄၅)နှစ်ထဲ ရောက်ရုံပဲ ရှိပါသေးတယ်။
အရွယ်ကတော့ အသက်နဲ့မမျှအောင် အိုစာနေပါတယ်။ အဲဒီနှစ်မှာ မိမိတို့ကို ရှင်ပြုပေးပါတယ်။
အမေနေမကောင်းချိန်ကစပြီး စာသင်တိုက်သွားနေတဲ့ အဖေဦးဇင်းလဲ ရွာကျောင်းမှာ ခန်းနေအဖြစ်နဲ့
ပြောင်းရွှေ့လာပါတယ်။ အမေလဲ နေကောင်းတဲ့အခါ ဆွမ်းပို့တာတို့၊ အကျိုးအကြောင်းတိုင်ပင်
လျှောက်ထား တာတို့ လုပ်ပါတယ်။ ရှင်ပြုပေးဖို့ကိစ္စမှာလဲ တိုင်ပင်ပြီးဆောင်ရွက်ကြတာလို့
မှတ်မိပါတယ်။
ရှင်ပြုတဲ့ရက်တုန်းကတော့ အမေဟာ စိတ်ကဆောင်နေလို့ပဲလားမသိဘူး၊
ထူထူထောင်ထောင်နဲ့၊ သင်္ကန်းဗန်းတွေ ဘာတွေရွက်ပြီး အလှူဝတ်လှည့်တောင် လိုက်နိုင်သေးတယ်။
အလှူရေစက် ချချိန်မှာလည်း ကိုယ်တိုင်ပဲ လုပ်နိုင်သေးတယ်။ အလှူပြီးမကြာခင် အိပ်ယာထဲ
ပြန်လဲတော့ တာပါပဲ။ ဒီတကြိမ်ဟာ သေရာ ညောင်စောင်း လဲတယ်လို့ပဲ ဆိုရမှာပါ။ ထုံးစံအရဆိုရင်
မိမိတို့ငယ်ဆရာတော်က ရှင်ပြုပြီးရင် သုံးဝါမပြည့်မချင်း လူဝတ်လဲခွင့် မရှိပါဘူး။ မိမိတို့ကိုတော့
ခုနှစ်ရက်ပြည့်တဲ့အခါ အမေကို ပြုစုဖို့ဆိုပြီး လူဝတ်လဲစေပါတယ်။ အမေ့ကျန်းမာရေးက တစ်နေ့တခြားဆိုသလို
ဆိုးဝါးလာတယ်။
အိပ်ယာထဲလဲပြီး လပိုင်းလောက်ရောက်တဲ့အခါမှာတော့
အမေက ညနေ ပရိတ်နာချင်လို့ဆိုပြီး ရွာဦးကျောင်းဘုန်းကြီးကို အပင့်ခိုင်းပါတယ်။ ညနေမှာ
တောင်ကျောင်း၊ မြောက်ကျောင်းဆရာတော် နှစ်ပါးရော၊ မိမိတို့ဖခင် ဦးဇင်းအပါအဝင် ခန်းနေသံဃာတွေရော
အားလုံး ငါးပါးလောက် ကြွလာပါတယ်။ အမေ့ကို ကြီးတော်ဝမ်းကွဲနှစ်ယောက်က တွဲထူဖေးမပေးထားလို့
ကြီးတော်တွေကို မှီရင်းထိုင်ပြီး အမေ တရားနာနိုင်သေးတယ်။ ရေစက်ချတာတော့ ဦးကြီးက ဆောင်ရွက်ပါတယ်။
ရေစက်ချပြီးတဲ့အချိန် ရောက်တော့ အမေ သိသိသာသာကို အသံမာမာနဲ့ (မာတယ်ဆိုတာ မာရေ ကျောရေ
ဆိုတာမျိုး မဟုတ်ပါဘူး၊ အသံ ပီပီပြင်ပြင် ရှိလာတာ ပြောတာပါ) မိမိတို့ နှစ်ယောက်ကို
သူ့နားခေါ်ပါတယ်။ အဲဒီကျတော့မှ အမေ ပရိတ်နာပွဲလုပ်တဲ့ ရည်ရွယ်ချက်ကို သိရတော့တယ်။
ပထမဆုံး မိမိတို့နှစ်ယောက်ကို “ကဲ …
ငါ့သားတို့ … အမေတိုတိုပဲ ပြောမယ်၊ နားထောင်ကြနော်၊ အမေမရှိတဲ့နောက်မှာ ငါ့သားတွေ
ဘယ်ဆွေမျိုးအိမ်မှ မနေပါနဲ့၊ မင်းတို့အောက်ကျနောက်ကျ မဖြစ်အောင် အမေ လုပ်ကျွေးစောင့်ရှောက်ခဲ့တယ်၊
မင်းတို့ကို ရှင်ပြုပေးရာမှာလဲ သားကြီး ရှင်ဖြစ်၊ ဖြစ်ကတတ်ဆန်း မဟုတ်ဘူး။ သူများနည်းတူ
ရှင်ပြုပေးခဲ့တာပဲ။ ဘယ်လောက်ဆွေမျိုးတော်နေနေ၊ သူများအိမ်ဆိုတာ ကိုယ့်အမေအိမ်မဟုတ်ဘူး၊
သူများ မျက်နှာဆိုတာလဲ ကိုယ့်အမေမျက်နှာ မဟုတ်ဘူး။ ငါ့သားတွေ သူများ မျက်နှာမော့ကြည့်ပြီး
စားရ၊ နေရတဲ့ဘဝကို အမေမလိုချင်ဘူး။ အမေ့မျက်နှာထက်သာတာဆိုလို့ ဘုရား မျက်နှာပဲ ရှိတယ်။
ဘုရားမျက်နှာကိုပဲ မော့ကြည့်၊ တခြားမျက်နှာတွေကို မော့မကြည့်နဲ့။
ကဲ … ငါ့သားတို့ နှစ်ယောက်လုံး အမေအသေဖြောင့်အောင်
အခုရွာဦးကျောင်းဆရာတော်ရှေ့မှာ အမေ့ကို ကတိပေးကြပါ။ အမေမရှိတဲ့နောက်မှာ သာသနာ့ဘောင်
အမြဲနေမယ်လို့ ကတိပြုပါ။ သားတို့ဆီက ဒီကတိကိုရမှ အမေ အသေဖြောင့်မယ်” ဆိုပြီး ပြောပါတော့တယ်။
မျက်နှာကလဲ တက်တက်ကြွကြွ၊ အသံကလဲ ပီပီသသ၊ ခပ်မာမာ။ နှစ်ကျောင်းလုံးဆရာတော်တွေကလည်း
“ဒါဟာ အမေ့ကျေးဇူးဆပ်တာပဲ၊ မင်းတို့အမေတောင်းတဲ့ ကတိကို ပေးလိုက်ကြလေ” ဆိုပြီး တိုက်တွန်းကြပါတယ်။
မိမိတို့လဲ ဘာရယ်လို့မဟုတ်ပါဘူး၊ ထုံးစံ အတိုင်းလဲ အမေ့စကားရော၊ ဆရာသမားစကားရော ငြင်းဆန်ဝံ့ခဲ့ကြတာမဟုတ်တော့
“အမေဖြစ်စေ ချင်သလို နေပါမယ်” ဆိုပြီး ကတိပေးလိုက်ကြပါတယ်။ အမေက သာဓုလဲခေါ်၊ မျက်ရည်လဲကျလို့။
ပြီးတော့မှ ရွာဦးကျောင်းဆရာတော်ကို
“တပည့်တော်မ မရှိတဲ့နောက်မှာ သားနှစ်ယောက်လုံးကို သင်္ကန်းဝတ်ပြီး စောင့်ရှောက်ပေးပါဘုရား”
လို့ လျှောက်ထားမှာကြားပါတယ်။ မိမိတို့နှစ်ယောက်လုံး ကိုလည်း လက်နဲ့ သိမ်းပွေ့ပြီး
“ငါ့သားတွေအတွက် အမေ မွေးကျိုးလဲနပ်ပါတယ်၊ ကျွေးကျိုးလဲ နပ်ပါတယ်” ဆိုပြီး တုန်တုန်ယင်ယင်ပြောရင်း
အမေမောသွားပုံရပါတယ်။ ကြီးတော်တွေက “ကဲ … တောင်းတဲ့ကတိရပြီပဲ၊ ဆရာတော်တွေကို ဝတ်ပြုပြီး
ပြန်နားတော့နော်” လို့ပြောရင်း အိပ်ယာထဲ ပြန်လှဲပေးလိုက်ကြတယ်။ သိပ်မကြာလိုက်ပါဘူး၊
လပိုင်းတောင်မပြည့်မီပဲ အမေ ကွယ်လွန် သွားတယ်။
အမေရက်လည် ဆွမ်းသွတ်ပြီးတဲ့နေ့မှာပဲ ရွာဦးကျောင်းဆရာတော်ကရော၊
ဖခင်ဦးဇင်းကရော မိမိတို့ကို သင်္ကန်းပြန်ဝတ်ပေး လိုက်တာ ခုထိပါပဲ။ စိတ်ကတော့ ပျော်လိုက်၊
ပျင်းလိုက်၊ ဆုတ်နစ်လိုက်၊ တက်ကြွလိုက်နဲ့ ဖြတ်သန်း လာခဲ့တာ ခုဆိုအမေ့ကျေးဇူးကြောင့်
ရဟန်းဝတ်အဖြစ်နဲ့နေခဲ့လို့ အမေမမျှော်မှန်းခဲ့တဲ့ နိုင်ငံတွေ အထိတောင် လှည့်လည်ပြီး
တရားဓမ္မတွေ ဟောပြောပို့ချနေမိပါရောလား … ။
အတွေးထဲမှာ နစ်မျောနေစဉ်မှာပဲ …
“Are you OK?” ဆိုတဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ မိမိကို Wheel-Chair နဲ့ တွန်းပို့ကူညီခဲ့တဲ့
စောစောကပုဂ္ဂိုလ်၊ အခြားခရီးသည်တစ်ဦးကို လာပို့ရင်း မိမိကို နှုတ်ဆက်နေတာပါ။ မိမိကလဲ
သူ့အမူအယာအတိုင်း လက်မတချောင်းထောင်ထားတဲ့ လက်သီးဆုပ်ကို လှုပ်ပြပြီး “OK, thank
you.” ပြန်လုပ်လိုက်မိတယ်။ မျက်နှာချင်းဆိုင်က တရုတ်အမျိုးသမီးကလဲ မိမိတို့ နှုတ်ဆက်နေတာကို
ကြည့်ရင်း ပြုံးပြနေပါတယ်။ တအောင့် တခဏခရီးတို၊ တနပ်စာအစားအသောက်နဲ့ ကူညီခဲ့တဲ့ သူတို့ကျေးဇူးကို
မိမိစိတ်ထဲမှာ မှတ်မှတ်ရရ အလေးထား တုံ့ပြန်မိသလို ဘဝတစ်လျှောက်လုံးအတွက် သူ့ဘဝနဲ့ရင်းပြီး
စောင့်ရှောက်ခဲ့တဲ့ အမေ့ကျေးဇူးတွေကိုရော ငါဒီလောက်အလေးအနက်ထားပြီး ကျေးဇူးတုံ့ပြုခဲ့
မိရဲ့လား ဆိုတာကိုလဲ ပြန်လည် စစ်ဆေးကြည့်နေမိတယ်။
မှတ်မှတ်ရရ ပိဋကတ်တစ်ပုံ အာဂုံပြန်ဆိုပြီးတဲ့နေ့ကတော့
မင်းကွန်းဆရာတော်ကြီးကို အားကျပြီး တစ်ခါအမျှဝေခဲ့ဖူးတယ်။ အမေဆုံးမခဲ့တာတွေထဲက “ခလုတ်မထိ၊
ဆူးမငြိပဲ ဘေးအန္တရာယ် ကင်းဖို့” ဆိုပြီး လမ်းသွားလမ်းလာ ထိခိုက်စေနိုင်တဲ့ ခလုတ်ဆူးငြောင့်တွေ
ဖယ်ရှားတဲ့ အလေ့အထ သိပ်မမေ့လှဘူး။ အဲဒါတွေ လုပ်ဖြစ်မိတဲ့အခါတိုင်းလည်း အမေ့ကို ဖျတ်ခနဲ
သတိရမိခဲ့လိုက်တယ်။
အမေပြောခဲ့တဲ့ စကားတွေထဲကတော့ “သူများအိမ်ဆိုတာ
ကိုယ့်အမေအိမ်မဟုတ်ဘူး၊ သူများ မျက်နှာဆိုတာလဲ ကိုယ့်အမေမျက်နှာမဟုတ်ဘူး၊ အမေ့မျက်နှာထက်
သာတာဆိုလို့ ဘုရားမျက်နှာပဲ ရှိတယ်။ ဘုရားမျက်နှာကိုပဲ မော့ကြည့်၊ တခြားမျက်နှာတွေကို
မော့မကြည့်နဲ့” ဆိုတာကိုလဲ စွဲစွဲမြဲမြဲ မှတ်မိနေတယ်။
အခု မိမိကျေးဇူးတင်နေမိတဲ့ “တစ်ခဏပြုဖူး၊
သူ့ကျေးဇူး” တို့၊ “တစ်နပ်ကျွေးဖူး၊ သူ့ကျေးဇူး” တို့ရဲ့ ကျေးဇူးရှင်ကလေးတွေက မိမိနဲ့မျက်နှာချင်းဆိုင်မှာပါ။
သူတို့မျက်နှာကို တန်းတူပဲ ကြည့်နေမိတာပါ။ မော့မကြည့်ရပါဘူး။ သူတို့လေးတွေရဲ့ကျေးဇူးနဲ့နှိုင်းယှဉ်လိုက်ရင်
အမေ့ကျေးဇူး တွေက … တဖြည်းဖြည်း တွေးရင်းတွေးရင်း မျက်နှာက အလိုလို အပေါ်ကို တဖြည်းဖြည်း
မော့သွားမိတာ ခေါင်းပေါ်တည့်တည့် ရောက်တဲ့အထိ … အဆုံးတိုင်ကို ခန့်မှန်းလို့ မရသေးပါဘူး။
အော် … “မြင့်မိုရ်တောင်ဦး၊ မကကျူး၊ ကျေးဇူးကြီးလျက်၊ မိဘစက်” ဆိုတာ ဟုတ်ပေမှာပဲ။
တွေးရင်း၊ မော့ရင်းက လက်အစုံဟာ အလိုလိုနဖူးပေါ်ရောက်သွားတယ်။
ဘာမှ ကြိုတင်စဉ်းစား ထားခြင်းမရှိပဲ ပါးစပ်ကလည်း “အခုအထိပြုခဲ့သမျှကုသိုလ်ကောင်းမှုများနဲ့
အမေ့ကျေးဇူးတွေကို အတုံ့ပြု ပေးဆပ်ပူဇော်ပါတယ်၊ အမေ သာဓုခေါ် ဝမ်းမြောက်ပါစေ” လို့ အသံတိုးတိုးနဲ့
ဆိုလိုက်မိပါတယ်။ ဘာကြောင့်ရယ်မသိ၊ မျက်ဝန်းတွေက စိုစွတ်လာခဲ့တယ်။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း
ဘေးဘီအသာကြည့်ကာ လွယ်အိတ်ထဲကTissue စကို ထုတ်လိုက်မိတယ်။ Tissue စနဲ့ ပါးပြင်ထိတွေ့
ခိုက်မှာတော့ ဟိုး … နောက်ဆုံးနေ့ ပရိတ်နာစဉ်က ထွေးပွေ့လိုက်တဲ့ အမေ့လက်ကလေးတွေလိုလို
… ။
အမေ … နှစ်ဝ နတ်နား ကြားပါစေ … ။
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) 07/07/2014
ဓမ္မစက္ခုဓမ္မာရုံ