ဝန်နှင့်ဂုဏ်
ယနေ့ကမ္ဘာတွင် နယ်ပယ်အသီးသီးမှ
လူတန်းစားအလွှာစုံတို့သည် ဗုဒ္ဓဘာသာကို ရှုထောင့် အမျိုးမျိုးဖြင့် လေ့လာနေကြသည်၊ လိုက်စားနေကြသည်။
ထိုသူတို့၏ လိုအပ်ချက်အဖုံဖုံကို ဖြည့်ဆည်းပေးမည့် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများလည်း တဖြေးဖြေးနှင့်
ကျယ်ပြန့်လာသည်။ အရောင်သွေးစုံလာသည်။
ခရစ်ယာန်သာသနာပြုများက
ကမ္ဘာတစ်လွှားရှိ ဒေသခံများကို သာသနာပြုရာမှစတင်ကာ အနောက်တိုင်းသားတို့သည် ဗုဒ္ဓဘာသာကို
စိတ်ဝင်စားခဲ့သည်။ ၁၉-ရာစုအလယ်ခေတ် လောက်တွင် အနောက်တိုင်း ပညာရှင်တစ်စုတို့သည် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးတို့၏
မြုပ်ကွယ် နေသည့် ရှေးဟောင်းကျမ်းစာများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အဆိုပါရှာဖွေတွေ့ရှိချက်ကြောင့်
သူတို့၏မူရင်းယုံကြည်ချက်နဲ့ ပတ်သက်ပြီး နူတ်ဆိတ်နေခဲ့ကြသည်။ သို့ရာတွင် တွေ့ရှိထားသောကျမ်းများအပြင်၊
အရှေ့တိုင်းသားတို့၏ လက်ရေးမူများကို စုစည်းကာ ပညာရှင်များဖြစ်သည့်အလျှောက် ဘာသာပြန်ဆိုခြင်း၊
လေ့လာခြင်း၊ တည်းဖြတ်ခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ အကျိုးဆက်တစ်ခုအနေဖြင့်
အနောက်တိုင်း တက္ကသိုလ်များတွင် ဗုဒ္ဓဘာသာဆိုင်ရာလေ့လာရေးဋ္ဌာနများ ပေါ်ပေါက်လာခဲ့ပြီး အနောက်တိုင်း
သားများရေးသည့် ဗုဒ္ဓဘာသာဆိုင်ရာစာပေများလည်း ပလူပျံလာ၊ အရောက်အသွေး စုံလာတော့သည်။
ရှေးအခါက
ဗုဒ္ဓစာပေ(အဋ္ဌကထာ၊ ဋီကာစသောကျမ်းစာများ)ကို ရေးသားသူတို့မှာ အများအားဖြင့် ရဟန်းတော်များသာဖြစ်သည်။
ထိုသို့ရေးသားရာတွင်လည်း လူတို့အတွက်၊ လောကအတွက်လိုအပ်ချက်တို့ကြောင့်သာ ရေးသားခြင်းဖြစ်ပြီး
ထင်ပေါ်ကျော်ကြားလိုသော အာသာဆန္ဒတို့ဖြင့် ရေးသားခြင်းမဟုတ်ကြ။ တစ်နည်းအားဖြင့်ဆိုသော်
တစ်စုံတစ်ဦး၏ တောင်းပန် ချက် မေတ္တာရပ်ခံချက်တို့ဖြင့်သာ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို
ရေးသားရိုးထုံးစံရှိကြသည်။ သိသာထင်ရှားသည့်အချက်အနေဖြင့် ရှေးဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန်များ၏နိဒါန်း
သို့မဟုတ် ကျမ်းပြီးနိဂုံးတို့တွင် မည်သူကတောင်းပန်၍ ရေးသားရကြောင်း ပါရှိလေသည်။
ဗုဒ္ဓဘာသာသည်
အရှေ့တိုင်းတွင် စတင်ပေါ်ထွန်းခဲ့သည်။ ယခုဆိုလျှင် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်လာပြီဖြစ်သည်။
ဗုဒ္ဓဘာသာစတင်ပေါ်ထွန်းခဲ့ပြီးနောက် နှစ်ပေါင်းလေးရာ ခန့်တွင် ဗုဒ္ဓစာပေကို ပေစာအရေးသားဖြင့်
စတင်မှတ်တမ်းတင်ခဲ့ကြောင်းသိရသည်။ ထို့ထက် စောပြီး စာပေးရေးသားခြင်းအတတ်အများ စတင်ပေါ်ထွန်းခဲ့ပြီးဖြစ်သော်လည်း
ဗုဒ္ဓဘာသာကိုမူ နှုတ်အားဖြင့်သာ ဆရာစဉ်တပည့်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာကြသည်။
နှောင်းပိုင်းကာလများတွင်
အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဖြင့်လက်ဆင့်ကမ်းသော အစဉ်လာမှာ ရေရှည်တည်တန့်ရန် ခက်ခဲလာသည်ဟု
ရှု့မြင်သုံးသပ်မိရာကနေ စာပေဖြင့် ပြောင်းလည်းမှတ်သားခြင်းကို စတင်ခဲ့သည်။ သို့တစ်စေ
နှုတ်တက်ဆောင်ခြင်းအလေ့ကိုမူ ဆက်လက်လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ယနေ့တိုင်နှုတ်တက်ဆောင်အစဉ်လာကို
တွေ့နေရဆဲဖြစ်သည်။ ဥပမာအားဖြင့် သာသနာရေးဝန်ကြီးဋ္ဌာနမှ နှစ်စဉ်ကျင်းပလေ့ရှိသော တိပိဋရွေးချယ်ရေးစာပြန်ပွဲလိုမျိုးဖြစ်သည်။
ဗုဒ္ဓဘာသာကိုစတင်တည်ထောင်သူ
ဗုဒ္ဓသည် ဘီစီ-၆-ရာစုတွင် ပွင့်ထွန်းခဲ့သည်။ ဘီစီ-၁-ရာစုတွင် သီရိလင်္ကာနိုင်ငံတွင် စတုတ္ထသင်္ဂါယနာတင်ခဲ့သည်။
ထိုအချိန်မှစတင်ကာ ဗုဒ္ဓ ဟောကြားတော်မူခဲ့သော တရားတော်များကို စာပေဖြင့်စတင်မှတ်တမ်းတင်ခဲ့သည်။
ထို့ထက် စောသောကာလအတွင်းကပင် ဗုဒ္ဓတရားတော်များကို ခေတ်အခြေနေနှင့် ပတ်ဝန်းကျင်လူတို့၏
လိုအပ်ချက်အရ နားလည်လွယ်ကူစေမည့် အဖွင့်ကျမ်းများကို ရေးသားခဲ့ကြသော်လည်း (AD ငါးရာစု)
ဝန်းကျင်လောက်တွင်မှ ပို၍ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာသည်ဟု အချို့က ယူဆကြသည်။
တတိယသင်္ဂါယနာတင်ပြီး
ဘီစီ-၃-ရာစုမှစတင်ကာ အိန္ဒိယရှိဗုဒ္ဓဘာသာသည် အသောကမင်းကြီးနှင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်တို့၏
လမ်းညွှန်ချက်ဖြင့် နိုင်ငံအသီးသီးသို့ ရောက်ရှိထွန်းကားခဲ့သည်။ အေဒီ-၅-ရာစုတွင် အရှင်မဟာဗုဒ္ဓဃောသမထေရ်သည်
ဆရာ၏ ညွှန်ကြားချက်ဖြင့် သီဟဠဘာသာစကားဖြင့်တည်ရှိနေသည့် ဗုဒ္ဓစာပေများကို ပါဠိဘာသာ ပြန်ဆိုရေးသားရန်
အိန္ဒိယကနေ သီရိလင်္ကာကိုရောက်လာခဲ့သည်။ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် မူရင်းတရားတော်များ
အားလုံးနီးပါးကိုလည်း ခေတ်အခြေနေရ နားလည်သိမြင်အောင် အဖွင့်ကျမ်းများ အဖြစ် ပြန်လည်ရေးသားခဲ့သည်။
ထိုအေဒီ-၅-ရာစုကာလ၊
သီရိလင်္ကာကိုရောက်လာသော အရှင်မဟာဗုဒ္ဓဃောသ မထေရ်ကို မဟာဝိဟာရ၀ါသီရဟန်းတို့က စမ်းသပ်လို၍
ဂါထာတစ်ပုဒ်ကို အဖွင့်ကျမ်း ရေးသားစေခဲ့သည်။ သို့ဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတွင် ထင်ရှားလှသည့်ကျမ်းတစ်ဆူဖြစ်သည့်
ဝိသုဒ္ဓိမဂ်ကျမ်းကြီးမှာ ပေါ်ပေါက်လာရသည်။
မြန်မာနိုင်ငံတွင်မူ
အေဒီ-၁၁-ရာစုဝန်းကျင်ကာလမှစတင်ကာ ဗုဒ္ဓစာပေဆိုင်ရာ သဒ္ဒါ၊အလင်္ကာနှင့် အဖွင့်ကျမ်းစသည်တို့ကို
ရေးသားခဲ့ကြောင်း သမိုင်းပညာရှင်တို့က သုံးသပ်ကြသည်။ ထိုသို့ရေးသားရာတွင်လည်း အထက်ပါတင်ပြခဲ့သည့်အတိုင်း
ခေတ်အခြေနေ လိုအပ်ချက်တစ်မျိုးမျိုးကြောင့် တစ်စုံတစ်ဦး၏ တောင်းပန်၊မေတ္တာရပ်ခံချက်တို့ဖြင့်သာ
ဆိုင်ရာ ကျမ်းစာများကို ရေးသားခဲ့ကြသည်။
ကေလနိယတက္ကသိုလ်
ဗုဒ္ဓဘာသာနှင့် ပါဠိစာပေလေ့လာရေးဋ္ဌာနတွင် ဒါရိုက်တာလည်းဖြစ် ပရော်ဖက်ဆာ တစ်ဦးလည်းဖြစ်သည့်
ဒေါက်တာသုမနပါလ၏ ဗုဒ္ဓစာပေဆိုင်ရာ ရေးသားမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်မှာ မှတ်သားဖွယ်ကောင်းသည်။
အကြောင်းမှာ ပညာရှင်တို့သည် သူတို့ယုံကြည်ရာကို လိုက်ပါအောင်ဆွဲဆောင်လိုသောကြောင့်
စာပေရေးသားရာတွင် မဖြစ်နိုင်သည့် အခြေနေများကို ပြည်သူတို့အား ရေးသားတင်ပြ၍ အဂတိတရားကို
လိုက်စားရာ ရောက်သည်ဟု ထောက်ပြလာသောကြောင့်ဖြစ်သည်။
ဒေါက်တာသမနပါလနှင့်
ဗုဒ္ဓစာပေဆိုင်ရာ ပညာရှင်အသီးသီးတို့ အလိုအလိုအရ ယင်းထောက်ပြချက်မှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း၊
ဘာသာရေးဆိုင်ရာ စာပေများကို သဒ္ဓါတရားရှု့ထောင့်နှင့် ပညာရှင်ရှု့ထောင့်တို့ဖြင့် ခွဲခြားသိမြင်သင့်ကြောင်း
ဆိုကြလေသည်။
အရှင်မဟာဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်ကို တစ်ညတည်းတွင်
သုံးကြိမ်တိုင်အောင် ပြန်ရေးရသည်ဟု ဆိုစမှတ်ပြုကြသည်။ ထိုကျမ်းရေးပြီးနောက် ခဏတာအနားယူလိုသောကြောင့်
စင်္ကြန်ထွက်လျှောက်ပြီး စာရေးရာနေရာသို့ ပြန်ရောက်လာသောအခါ ထိုရေးပြီးစကျမ်းစာမှာ ပျောက်ခြင်းမလှ
ပျောက်သွားသည်။ သို့နှင့် ဒုတိယအကြိမ် ထပ်ရေးသည်။ ပျောက်သွားပြန်သည်။ ထိုနောက် တတိယအကြိမ်
ထပ်ရေးပြန်သည်။ ဤအကြိမ်ရေးပြီးချိန်တွင်မူ မိုးစင်စင်လင်း သွားသည်။
သို့နှင့် ထိုသုံးကြိမ်မြောက်ရေးပြီးသော ကျမ်းစာကိုဖြင့်မူ
စစ်ဆေးမည့် မဟာဝိဟာရ ကျောင်းတိုက်နေ ရဟန်တော်များထံသို့ သွားပို့လိုက်သည်။ ကျမ်းကို
စစ်ဆေးနေချိန်မှာပင် ပျောက်သွားသည့် ကျမ်းနှစ်စောင်လည်း အလိုအလျှောက်ပေါ်လာသည်။ ဆရာတော်၏
ဥာဏ်ပညာထက်မြက်မြင့်မားမှုကို ထင်ထင်ရှားရှား သိမြင်စေလိုသောကြောင့် နတ်များက ၀ှက်ထားသောဟူ၏။
ထိုဝိသုဒ္ဓိမဂ်ကျမ်းသည် ယနေ့အချိန်တွင် စာမျက်နှာပေါင်းများစွာရှိသည့်
စာအုပ် တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို ရေးသားချိန် ပေခေတ်တွင်မူ မည်မျှများပြားနေမည်နည်း။
ကညစ်တံဖြင့်ရေးသားရသောခေတ်ဖြစ်၍ အဘယ်မျှ ပင်ပမ်းလေမည်နည်း။ တစ်ညတည်းဖြင့် ကိုယ်တိုင်ရေးဖို့မပြောနဲ့
ကူရေးဖို့ပင်မလွယ်။ တစ်စောင်မက သုံးစောင်တောင်မှ ရေးပြီးလေသည်။ ကျမ်းကိုစစ်ဆေးတိုက်ဆိုင်ကြည့်ရာတွင်လည်း
ကျမ်းသုံးခုလုံး ၏၊သည်မရွေ့ တူသောဟူ၏။
အထက်ပါရှုထောင့်မျိုးသည် သဒ္ဓါတရားဘက်ကနေ ရှုမြင်ရမည့်အမြင်ဖြစ်သည်။
ပညာဖြင့် ဝေဖန်ရမည့်အရာမဟုတ်။ ထိုကဲ့သို့သော ဖြစ်ရပ်ဆန်းကို ကြားသိရသည့် စာပေကို မတတ်ကျွမ်းသည့်
ဗုဒ္ဓဘာသာဝင်များအတွက် သဒ္ဓါတရားကိုတိုးပွားစေနိုင်သည်။ ဖြစ်နိုင်ချေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ထိုဖြစ်ရပ်ကြောင့် မည်သူမျှ အကျိုးမဲ့မဖြစ်ပါ။ ထို့အတူ ဗုဒ္ဓ၀င်တို့လိုကျမ်းမျိုးတို့ကိုလည်း
ထိုသို့ပင် သဒ္ဓါတရားရှုထောင့် သာမန်လူတို့ရှုထောင့်ဖြင့်သာ ရှုမြင်သင့်ပြီး သာသနာတော်ကို
အကြည်ညိုတိုးဖို့ရာ ကျမ်းမျိုးဖြစ်၍ မည်သူမဆိုရေးနိုင်၍ အပြစ်မမြင်သင့်ကြောင်း ပြောပြလေသည်။
ထိုပြင် ၀ိသုဒ္ဓိမဂ်စသော ကျမ်းစာများကို ပညာရှင်ရှုထောင့်ကနေ
ကြည့်လိုက်ပြန် လျှင်လည်း ဘာမျှအပြစ်ပြောစရာမမြင်။ အကြောင်းရာခိုင်လုံသည်။ အမြင်စူးစူးရှရှဖြင့်
ရေးသားထားသည်။ အထောက်ထားခိုင်လုံသည်။ ယနေ့ခေတ်တွင် အရှေ့အနောက်နိုင်ငံများတွင် ခေတ်စားနေသည့်
သုတေသနကျမ်းရေးနည်းများ မပေါ်ခင်က ၄င်းဝိသုဒ္ဓိမဂ်ကျမ်းတွင် သုတေသန သဘောတရားများ နည်းစနစ်များ
အပြည့်အစုံပါဝင်နေသည်။ အစအဆုံး ကွင်းဆက်မိမိနှင့် ထိထိမိမိရှိလှသည့် အရေးသားမျိုးကို
တွေ့ရမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပညာရှုထောင့်ကနေ ရှုမြင်ရမည့်အချက်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသွားသည်။
သမိုင်းကြောင်းတစ်ခုသည်သာ အံ့သြဘနန်းဖြစ်ရပ်အဖြစ် မှတ်တမ်းတွင်ရှိနေခြင်းဖြစ်သည်။ မဖြစ်နိုင်ပါဟုလည်း
မည်သူမျှ အတိကျမပြောနိုင်ပါ။
မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာသည် သက်တန်းရှည်ကြာသည့်အလျှောက်
ဗုဒ္ဓစာပေ ဆိုင်ရာတွင် ပညာအများအပြားထွန်းကားခဲ့သည်။ ယနေ့တိုင်အောင် ထွန်းကားနေဆဲဖြစ်သည်။
သို့တစေ ထိုကဲ့သို့ ပါဠိတော်ဆိုင်ရာ အဖွင့်ကျမ်းများကို ရေးသားရာတွင်မူ ငယ်ငယ်ရွယ်ရွယ်
ရေးသားနိုင်သူများ သမိုင်းတစ်လျှောက်တွင် အမြောက်အမြားပေါ်ထွက်ခဲ့စေကာမူ အသက်ရွယ် နုနယ်သေးသည့်အတွက်
ရေးသားလေ့မရှိကြောင်းတွေ့ရသည်။ ရေးသားသည့်တိုင် မိမိနာမည်ကို မသုံးပဲရေးသားလေ့ရှိကြောင်း
ကြားသိဖူးသည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ ပါဠိစာပေသာမက
အင်္ဂလိပ်စာပေအပါဝင် အခြားဘာသန္တရစာပေများကိုပါ တတ်ကျွမ်းသည်ဟု အများကလက်ခံထားသည့် ဆရာတော်
တစ်ပါးမိန့်ဆိုချက်မှာ မှတ်သားဖွယ်ရာလည်းဖြစ်သည့်အပြင်၊ ရှင်းလင်းအောင်သိမြင်စေသည့်
အချက်လည်းဖြစ်သည်။
အနောက်တိုင်းသားနှင့် ရှေ့တိုင်းသား (အထူးအားဖြင့်
မြန်မာနိုင်ငံသား)တို့သည့် စာပေရေးသားရာတွင် ခံယူချက်ကွာခြားသည်။ အနောက်တိုင်းသားက
စာပေရေးသားခြင်းကို ဂုဏ်တစ်ရပ်အနေဖြင့်ခံယူကာ ရေးသားပြီး၊ ငယ်ငယ်ရွယ်ရွယ်နှင့် ရေးသားနိုင်ကြောင်း
ဂုဏ်ယူလို၍ ရေးသားကြသည်။ သို့ရာတွင် မြန်မာတို့ကမူ ၀န်တစ်ရပ်အနေဖြင့် ရေးသားလေ့ရှိသည်။
ဆရာသမား သို့မဟုတ် ပညာရှိတစ်ဦးဦးက တာဝန်ပေးအပ်လာ၊ လိုအပ်ချက်နှင့်အညီရေးသားရန် တာဝန်ပေးအပ်လာသည့်အခါမှသာ
ရေးသားလေ့ရှိသည်။
တာဝန်အရ ရေးသားခြင်းဆိုသည်မှာလည်း ဘာသာရေးဆိုင်ရာ
အဖွင့်ကျမ်းများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ ဘာသာရေးအရသာမက အတိုင်းတာတစ်ခုသော လူ့အသိုင်းဝိုင်းကနေ
အလေးမြတ်ထားသော ကျမ်းစာများဖြစ်သည့်အားလျှော်စွာ ထိုရေးသားသောကျမ်းကို ခိုင်မာ စေရာတွင်
ရေးသားသူ၏ အသက်အရွယ်ကလည်း တစ်ဖက်တစ်လမ်းကနေ အကျိုးသက်ရောက်မှု ရှိကြောင်း ဆိုလေသည်။
ထို့ပြင် မြန်မာတို့သည် မလိုအပ်ပဲနှင့် ကျမ်တစ်စောင်တည်းကို
နှစ်ဦးပြိုင်ရေးလေ့မရှိပေ။ မသိလို့ရေးမိကြပြီး အကြောင်းတိုက်ဆိုင်၍ သိလာသောအခါတွင်မူ
တစ်မူသာကျန်စေပြီး၊ အခြားတစ်မူကို ဖျက်စီးလေ့ရှိကြောင်း သမိုင်းများတွင်ဆိုသည်။ အကြောင်းမှာ
တစ်ဦးအရည်ခြင်းကို တစ်ဦးကယုံကြည်သည့်အပြင် နောင်လာနောက်သားတို့လည်း အဆိုပါကျမ်းနှစ်မျိုးကြောင့်
အငြင်းမပွားစေလိုသောကြောင့်ဖြစ်သည်။ ဤအချက်ကလည်း စာရေးသားခြင်းကို ဂုဏ်တက်လို၍ ရေးသားခြင်းမျိုးမဟုတ်ပဲ
လောကလိုအပ်ချက်ကြောင့် ရေးသားခြင်းဖြစ်ကြောင်း ထင်ပေါ်စေသည်။
အင်းဝခေတ် ထင်ရှားသောဖြစ်ရပ်တစ်ခုကိုကြည့်ပါ။ ဓားမကူးဆရာတော်ခေါ်
တောင်ဖီလာ ဆရာတော်သည် ရွှေဥမင်ဆရာတော်နှင့် တွေ့ဆုံပြီးနောက် မိမိရေးသားပြီးနေသည့် ၀ိနည်းငါးကျမ်း
နိဿယကိုပင် ရွှေဥမင်ဆရာတော်ကလည်း ရေးသားပြီးဖြစ်ကြောင်း ကြားသိလိုက်ရသည်။ ကျမ်းပြီး
ရက်ကို စစ်ကြည့်လိုက်သောအခါ မိမိက အတန်ငယ်နောက်ကျနေကြာင်းကိုပါ သိလိုက်ရသည်။ ထိုကြောင့်
မိမိကျမ်းကြောင့် နောင်လူများအငြင်းပွား အချင်းပွားကာ အကျိုးမဲ့မည်စိုးသောကြောင့် စေတီရင်ပြင်တွင်
မီးပူဇော်လိုက်သည်ဆို၏။ အချိုကလည်း စေတီတစ်ဆူတွင် ဋ္ဌာပနာလိုက်သည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ
မိမိကိုယ်တိုင်ဖြစ်စေ အခြားသူများ၏ တိုက်တွန်းချက်ကြောင့်ဖြစ်စေ ကျမ်းစာများကို ရေးသားရာတွင်
လိုအပ်ချက်ကို တာဝန်ယူဖြည့်ဆည်းလိုသောကြောင့်သာ ရေးသားခြင်းဖြစ်ကြောင်း တွေ့ရသည်။
ပါဠိစာပေသမိုင်းတွင် နိဿယမူကွဲတို့လိုကျမ်းများစွာတို့ကို
ဖော်ပြထားတာရှိပါသည်။ ၄င်းတို့မှာလည်း အချို့ကျမ်းများမှာ ခေတ်တစ်ခေတ်တည်းမှာပင် ရေးသားခဲ့ကြစေကာမူ
ပတ်ဝန်းကျင်နှင့် လိုအပ်ချက်တို့ကွာခြားမှုကြောင့် မူကွဲများရှိခြင်းဖြစ်သည်။ သို့တစေ
ထိုထိုကျမ်းတို့သည်လည်း ၀န်တစ်ခုအနေဖြင့် ရေးသားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ကျမ်းနိဂုံးတို့ကို
ဖတ်ရှုလိုက်ပါက အထင်ရှားတွေ့မြင်ရမည်ဖြစ်ပါသည်။
။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)