Tuesday, September 2, 2014

ဆရာ့အရိပ်


ဆရာ့အရိပ်

အရိပ်သည် အမျိုးမျိုးရှိနိုင်၏။ သူ၏အဓိပ္ပါယ်သည်လည်း ကွဲပြားခြားနားစွာ အမျိုးမျိုးရှိနိုင်သည်သာ။ ဤနေရာ၌ ဆိုလိုသော အရိပ်ဟူသည် နေပူဒဏ်မှ ကာကွယ်ပေးခြင်း အဓိပ္ပါယ်ရ၏။ အေးမြခြင်း သဘောကို ဆောင်၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကိုလည်း ဖြစ်စေနိုင်၏။ ဤသဘောကို ပေါ်လွင်စေရန် ဗုဒ္ဓကိုယ်တော်တိုင် ဤတရားကို ဟောကြားခဲ့စဉ်က အရွက်ကြဲ၍ အရိပ်ရနည်းသော သစ်ပင်အောက်၌ သီတင်းသုံး နေတော်မူကာ ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။ အရိပ်နည်းသော သစ်ပင်သည် အပူဒဏ်မှ လုံလောက်စွာ ကာကွယ်မှု မပေးနိုင်သလို အေးမြခြင်း သဘောကိုလည်း ပြည့်ဝစွာ ပေးဆောင်နိုင်မည် မဟုတ်ပေ။ အပူဒဏ်မှ ကာကွယ်မှု ပေးပြီး၊ အေးမြခြင်းကို ပေးဆောင်နိုင်သော အရာကား အရိပ်ပင်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါသည်။

အချိန်ကား ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်၏။ နေရာကား ကပိလဝတ်ပြည် နယ်စပ် နှင့် ကောသလတိုင်း သာဝတ္ထိပြည် နယ်စပ်အနီးတွင် ဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည် ကပိလဝတ်ပြည် ဘက်ခြမ်း၌ ပူပြင်ေးသာ နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်စွမ်း မရှိသော အရွက်ကျဲ၍ အရိပ်ရ နည်းသော သစ်ပင်အောက်ဝယ် သီတင်းသုံးနေတော်မူ၏။ ထိုသစ်ပင်နှင့် မနီးမဝေးသော အရပ်ဝယ် ဝိဋဋူဘမင်း၏ သာဝတ္ထိပြည်နယ်စပ်၌ အရွက်ထူထဲပြီး အရိပ်ကောင်းသော ပညောင်ပင် တစ်ပင် လည်း ရှိ၏။

ဝိဋဋူဘမင်းသည် မင်းအဖြစ်ကို ရပြီးနောက် သာကီဝင် မင်းတို့အပေါ် ရှေးကနာခဲ့ဖူးသည့် ရန်ညိုး အတိုင်း “သာကီဝင် တစ်မျိုးလုံးကို မျိုးဖြုတ် သတ်တော့အံ့” ဟု ကြံစည်ပြီးလျှင် များစွာသော စစ်သည် ဗိုလ်ပါအပေါင်းနှင့် သာဝတ္ထိပြည်မှ ထွက်လာခဲ့၏။ နယ်စပ်ကို ကျော်၍ ကပိလဝတ်ပြည် နယ်ထဲသို့ ရောက်သောအခါ နေပူကျဲကျဲ၌ အရိပ်ရနည်းသော သစ်ပင်အောက်ဝယ် သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရားကို မြင်လေ၏။ ထိုအခါ ဘုရားရှင်၏ အနီးအပါးသို့ ချဉ်းကပ် ခစား၍ ရှိခိုးပြီးလျှင်….

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ အဘယ့်ကြောင့် ဤသို့ပူပြင်းသောအခါ၌ အရိပ်နည်းသော သစ်ပင်ရင်း၌ သီတင်းသုံး နေတော်မူရပါသနည်း။ အရှင်ဘုရား တပည့်တော်၏ နယ်စပ်ဝယ် တည်ရှိသော အရိပ်ကောင်းသည့် ပညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူပါဘုရား” ဟု လျှောက်ထားခဲ့၏။

ထိုအခါ မြတ်စွာဘုရားသည် ဝိဋဋူဘမင်း၏ ဖိတ်ကြားချက်ကို “ရှိပါစေတော့ မင်းကြီး” ဟု ပယ်မြစ်တော်မူခဲ့လေသည်။ ဆက်လတ်၍ အရိပ် (၆)မျိုးတရားကို ရှင်းလင်း ဟောကြားတော်မူခဲ့၏။

မင်းကြီး
၁။ သစ်ပင်ရိပ်သည် အရိပ်ခိုလှုံသူအပေါင်းကို အေးမြစေ၏။ အပူဒဏ်မှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၂။ ထိုသစ်ပင်ရိပ်ထက် ဆွေမျိုးတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၃။ ထိုဆွေမျိုးတို့၏ အရိပ်ထက် မိဘတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၎။ ထိုမိဘတို့၏ အရိပ်ထက် ဆရာတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၅။ ထိုဆရာတို့၏ အရိပ်ထက် မင်းတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၆။ ထိုမင်းတို့၏ အရိပ်ထက် ဓမ္မဟူသော တရားအရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
လောက၌ အအေးမြဆုံး စိတ်၏ အေးချမ်းမှု၊ ကိုယ်၏ အေးချမ်းမှုကို အပေးနိုင်ဆုံးသော အရိပ်သည် အခြားမဟုတ်။ ဤဓမ္မဟူသော တရား၏ အရိပ်ပင်တည်း” ဟု ဟောတော်မူ၏။

ထိုအခါ ဝိဋဋူဘမင်းသည် ‘အင်း မြတ်စွာဘုရားရှင်သည် သူ၏ ဆွေမျိုးများကို စောင့်ရှောက်ရန် ကြွတော်မူလာခြင်း ဖြစ်ပေလိမ့်မည်’ ဟု ကြံစည် အောက်မေ့ကာ မြတ်စွာဘုရှင်းကို ရိုသေစွာ ရှိခိုးပြီ၍ မိမိစစ်တပ်ကို ပြန်လည်ဦးလှည့်ကာ သာဝတ္ထိပြည်သို့ ပြန်လာခဲ့လေသည်။ မြတ်စွာ ဘုရားရှင်သည်လည်း ကောင်းကင်ခရီးဖြင့် ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူလေသည်။ (ဗုဒ္ဓဝင်၊ ၅၊ ၃၈၊ ဓမ္မပဒ)

သစ်ပင်ရိပ်သည် အပူဒဏ်မှ ကာကွယ်ပေးခြင်း၊ အေးမြစေခြင်းသက်သက်ကိုသာ ပေးစွမ်းနိုင်၏။ ဆွေမျိုးရိပ်၊ မိဘရိပ်၊ ဆရာရိပ်တို့သည် အေးမြခြင်း၊ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းကိုလည်း ပေးစွမ်းနိုင်ရုံမက မေတ္တာရိပ်၊ ကရုဏာရိပ်၊ မုဒိတာရိပ်၊ ဥပေက္ခာရိပ်တို့လည်း ပါလာကြောင်း နားလည်နိုင်ပါ၏။ မင်းရိပ် စိုးရိပ်သည်လည်း လက်အောက်ခံ ပြည်သူပြည်သားတို့အား ရင်ဝယ်သား နှင့်မခြား အုပ်ချုပ်သည်ဆိုလျှင် အကြင်နာရိပ်၊ ကျေးဇူးရိပ်တို့လည်း ပါလာကြောင်း သိနိုင်ပါသည်။

ထိုအရိပ်အမျိုးမျိုးတိုတွင် ဤနေရာ၌ ဆရာ၏အရိပ်ကိုသာ ပြောလိုရင်း ဖြစ်ပါသည်။ ဆရာ အရိပ်သည် ဆွေမျိုးအရိပ်၊ မိဘအရိပ်တို့ထက် သာလွန်ကြောင်း အဘယ့်ကြောင့် ဘုရားရှင်က ဟောတော်မူခဲ့ရသနည်း။ စဉ်းစားသင့်ပါသည်။

အဒွေစ္စ ဝစနာ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည် စကားနှစ်ခွ ဆိုလေ့မရှိ။’ တစ်ခွန်းတည်းသော စကားကိုသာ ဆိုလေ့ရှိ၏။ ထိုတစ်ခွန်းသည်လည်း မှန်ကန်သော စကားသာ ဖြစ်ပါ၏။ ဘုရားစကား အမှားမရှိပေ။ ဆွေရိပ်မျိုးရိပ်ထက် မိဘရိပ်တို့် သာလွန်ကြောင်းမှာ သိသာထင်ရှားပါ၏။ ဆွေမျိုးများသည် ကူညီ နိုင်၊ ထောက်ပံ့နိုင်၊ စေတနာ မေတ္တာထားနိုင်သော်လည်း မိဘက မိမိသားသမီးကို စောင့်ရှောက် သလိုမျိုး ရင်အုပ်မကွာ ကိုယ်ဖိရင်ဖိ စေတနာ၊ မေတ္တာ၊ ကရုဏာတို့ ပုံအောပြီး ချစ်နိုင်မည်ကား မဟုတ်ပါပေ။ ဤသို့ဆိုလျှင် ဆွေရိပ်မျိုးရိပ်ထက် မိဘရိပ်တို့် သာလွန်ကြောင်း ထင်ရှားလှပါ၏။

မိဘများသည်လည်း စေတနာ၊ မေတ္တာ၊ ကရုဏာတို့ ပုံအောပြီး ချစ်နိုင်သည်ကား မှန်ပါ၏။ သို့သော် ထိုသို့ ချစ်နိုင်သည်ကား မိမိ၏ သားသမီးများကိုသာ ဖြစ်၏။ အခြားသူများကို မဟုတ်ပေ။ ထပ်မံချဲ့ထွင် စဉ်းစားကြည့်ကြဦးစို့။ သားသမီး အရင်းမဟုတ်သည့် အဖေဘက်မှ ပါလာသော သားသမီးများကို အမေ(မိထွေး)သည် မိမိသားသမီးများနှင့် တန်းတူ ချစ်နိုင်ပါမည်လား။ မထင်ပေ။ ထို့အတူ အမေဘက်မှ ပါလာသော သားသမီးများကို အဖေ(ပထွေး)သည် မိမိသားသမီးများနှင့် တန်းတူထား၍ ချစ်နိုင်မည် မဟုတ်ပါပေ။ ဆိုလိုသည်မှာ မိဘများက သားသမီးကို ချစ်သော အချစ်မေတ္တာတို့သည် နှိုင်းဆ မရအောင် ကြီးမားသည်ကား မှန်၏။ မိမိဘဝနှင့်ပုံပြီး ချစ်နိုင်သည် ဆိုလျှင်လည်း ဖြစ်နိုင်သည်သာ။

ထို့ကြောင့် “မာတာပိတုဂုဏော အနန္တော” “မိဘတို့၏ မေတ္တာဂုဏ်သည် ရေတွက်မရ။ အနန္တ။” ဟု ဘုရားရှင်က ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုအဓိပ္ပါယ်သည် သားသမီးများအပေါ် ထားရှိသော မိဘမေတ္တာကို ဆိုလို၏။ သားသမီးများက မိဘတို့အပေါ် တုန့်ပြန်ဆပ်ရန် သိတတ်ရမည့် ကျေးဇူးတရားကို သရုပ်ဖော်ခြင်း ဖြစ်၏။ ထို ‘မာတာပိတုဂုဏ’ ဟူသည် မိဘနှင့် သားသမီးများသာ ဆိုင်၏။ အခြားသူများနှင့် မဆိုင်ပေ။ ဤသို့ဆိုလျှင် မိဘမေတ္တာသည် သားသမီးများအတွက်သာ ဖြစ်၍ အကန့်အသတ်ရှိ၏။ ထို့အတူ မိဘအရိပ်သည်လည်း အကန့်အသတ်နှင့်ပင်။ သားသမီးများ အတွက် သက်သက်သာ အေးမြစေနိုင်၏။ ဘေးရန်အပေါင်းမှ ကာကွယ်ပေးနိုင်၏။

ဆရာ့အရိပ်ကား ဤသို့မဟုတ်ပြီ။ အကန့်အသတ်မရှိပြီ။ အတိုင်းအဆမရှိ ကျယ်ပြန့်သလို မနှိုင်း ယှဉ်နိုင်အောင် ကြီးမားပါ၏။ ဆရာတပည့်ဟူသည် ဆယ်ယောက်လည်း မဟုတ်။ တစ်ရာလည်း မက။ တစ်ထောင်လည်း မကပြီ။ သောင်းနှင့်ချီအောင်လည်း ရှိနိုင်၏။ သိန်းနှင့် ချီ၍လည်း ရှိနိုင်သည် သာ။ ဆရာ၏ ပညာအရှိန် ကြီးမားလျှင် ကြီးမားသလောက် တပည့် အရေအတွက်ကလည်း များလာ မြဲပင်တည်း။ ထို့အတူ ဆရာ့အရိပ်သည်လည်း ကျယ်ပြန့်လာ ပေလိမ့်မည်။ ဆရာ့ထံ တိုက်ရိုက် ပညာသင်သော တပည့်များလည်း ရှိနိုင်သလို၊ အဝေးရောက် တပည့်များလည်း ရှိနိုင်ပါ၏။

ဆိုလိုသည်မှာ ဆရာနှင့်ပတ်သက်၍ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ ရှိသည်ဆိုလျှင် သင်တပည့်၊ မြင်တပည့်၊ ကြားတပည့်များလည်း ရှိနိုင်သည်ပင်။ ဆရာ့ထံ လာရောက်၍ ပညာ ဆည်းပူး သင်ယူနေကြသော တပည့်များသည် သင်ဆရာ၏ တပည့်များဖြစ်ပါ၏။ ထိုသို့ ဆရာ့ထံ တွင် တိုက်ရိုက်လာရောက်၍ကား ပညာမသင်ဖူးပေ။ သို့သော် ထိုဆရာရေးသော စာအုပ်များကို ဖတ်၍ ထိုဆရာကို ကြည်ညိုလေးစား၏။ အတုယူလိုက်နာ၏။ ထိုတပည့်မျိုးသည် မြင်ဆရာ၏ တပည့်များ ဖြစ်ပါ၏။

အချို့တပည့်များသည် ထိုဆရာဟောသော တရားစကားများကို တိုက်ရိုက်ဖြစ်စေ၊ တိတ်ခွေမှ တဆင့်ဖြစ်စေ နာယူရ၍ မိမိဘဝအခြေအနေ ပြောင်းလဲခဲ့၏။ အခြေအနေ ကောင်းခဲ့၏။ ဆရာကို အတုယူကာ လိုက်နာကျင့်ကြံ၏။ မကောင်းကျင့်များကို ပယ်နိုင်ကာ ကောင်းကျင့်များကို ကျင့်နိုင်၏။ လောကတွင် ထိုသို့သော တပည့်မျိုးလည်း ရှိနိုင်သည်သာ။ ထိုသို့သော တပည့်မျိုးသည် ကြားဆရာ၏ တပည့်များပင် မဟုတ်ပါလော။ ဤကဲ့သို့ ချဲ့ထွင် စဉ်းစားကြည့်လျှင် မိဘအရိပ်ထက် ဆရာအရိပ် သာလွန်ကြောင်းမှာ ထင်းရှားလှပါ၏။ ဆရာ့အရိပ်သည် ကြီးမားသလို ကျယ်ပြန့်ကြောင်း သဘောပေါက်နိုင်ပါသည်။

ဓမ္မဟူသော တရားအရိပ်တို့ကို ခိုလှုံသူသည် အေးမြ၏။ တည်ကြည် ငြိမ်သက်၏။ စိတ်ဆင်းရဲခြင်းမှ လွတ်မြောက်၍ ချမ်းသာ၏။ ထို့ထက် ဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်၍ ချမ်းသာစစ် ချမ်းသာမှန်ဖြစ်သော နိဗ္ဗာန်သို့ ရောက်နိုင်၏။ ထိုဓမ္မဟူသည် ဘုရားရှင်က ဟောတော်မူခဲ့သော ပိဋကတ်သုံးပုံ အလုံးစုံပင် ဖြစ်ပါသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံယူချိန်မှစ၍ ထိုဓမ္မကို သံဃာက ထိမ်းသိမ်းခဲ့ရ၏။ စောင့်ရှောက်ခဲ့ရ၏။ နှစ်ပေါင်း (၂၅ဝဝ)ကျော်သော ယနေ့ခေတ်တိုင်အောင် သံဃာကပင် လက်ဆင့်ကမ်းကာ သယ်ဆောင်လာခဲ့ရ၏။

ထိုသံဃာအား ဘုရားရှင် ကိုယ်တော်တိုင် ယုံကြည်စိတ်ချစွာဖြင့် ဓမ္မကို အပ်နှင်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဓမ္မအရိပ်ကို ခိုလှုံလိုသူသည် သံဃာ့အရိပ်ကိုလည်း ခိုလှုံသင့်၏။ သံဃာ့အရိပ်ကို ခိုလှုံခြင်းသည် ဓမ္မအရိပ်ကို ခိုလှုံခြင်း ဖြစ်သလို ဆရာ့အရိပ်ကိုလည်း ခိုလှုံခြင်းပင် ဖြစ်ပါသည်။ ဆရာ့အရိပ်နှင့် ဓမ္မအရိပ်သည် ဆက်စပ်နေ၏။ ထိုသံဃာဖြစ်သော ဆရာကပင် ဓမ္မကို ဟောပြော ပြသ ဆိုဆုံးမခြင်းဖြစ်ရာ ဆရာအရိပ်သည်ပင် ဓမ္မအရိပ် မည်သလို ထိုဓမ္မအရိပ်ကိုလည်း ဆရာ အရိပ်ဟု ဆိုနိုင်သည်သာ။

ဓမ္မအရိပ်ကြောင့် အေးချမ်းမှု ရရှိပုံကို ထင်ရှားအောင် ပြရလျှင် အမိမြန်မာပြည်ကို ကြည့်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အရမ်းမချမ်းသာသော်လည်း စားစရာအတွက် မပူပင်ရ။ နေစရာ အတွက်၊ ဝတ်စရာအတွက် မပူပင်ရပေ။ မိမိနိုင်ငံထွက် ပစ္စည်းများဖြင့် နေနိုင်၊ စားနိုင်၊ ဝတ်နိုင်ကြ၏။ လုံလောက်ခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ငတ်မွတ်ခေါင်းပါးခြင်းဟူသော ဒုဗ္ဗိက္ခန္တရ ကပ်ဘေးမှ လည်း ကင်းဝေးနေပါ၏။ စစ်ဘေးစစ်ဒဏ်၊ ရာသီဥတုဘေးရန်များ မရှိခြင်းကြောင့် သတ္တန္တရ ကပ်ဘေးမှ ကင်းဝေးနေပါ၏။ ကူးစက်ရောဂါ အမျိုးမျိုးနှင့် ယနေ့ နောက်ဆုံးပေါ် ရောဂါများ အဖြစ် နည်းပါးသောကြောင့် ရောဂန္တရ ကပ်ဘေးမှလည်း ကင်းဝေး နေပါ၏။ ဤသို့ဖြစ်ခြင်းသည် ဓမ္မ အရိပ်ကြောင့်ဟုပင် ဆိုချင်ပါ၏။ ‘ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ’ တရားကို စောင့်ထိန်းခြင်းကြောင့် တရားက ပြန်လည် စောင့်ရှောက်ခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓဝါဒတည်းယူသော ဓမ္မရိပ်သည် မြန်မာနိုင်ငံတွင် အမျိုးသားအတွေးအခေါ်အဖြစ် တင်စားရ လောက်အောင် ထွန်းကားခဲ့ကြောင်းကိုလည်း မေ့ထား၍ မဖြစ်ပေ။ ခေတ်အဆက်ဆက် မြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ပညာရေး၊ လူမှုရေးမှစ၍ နိုင်ငံရေးအထိ ဆက်စပ် လေ့လာသော် ဗုဒ္ဓဟောမြွတ် ပိဋကတ်တော်မှလာသော (တစ်နည်း) ဓမ္မအရိပ်ဖြစ်သော အဆိုအမိန့် များ၊ လိုက်နာဖွယ်ရာများ၊ လမ်းညွန်မှုများသည် မည်မျှအထိ စိမ့်ဝင်နေကြောင်းကို တွေ့ရှိရမည်သာ ဖြစ်ပါသည်။

ပမာပြရသော် မြန်မာ့ယဉ်ကျေးမှု အနုစာပေများထဲမှ ဓမ္မအရိပ်ဖြစ်သော ပိဋကတ်တော်လာ အယူ အဆများ၊ အဆိုအမိန့်များ၊ လိုက်နာဖွယ်ရာများ၊ ကျင့်ဝတ် စည်းကမ်းများ၊ ကြီးပွါးရေး လမ်းညွန် မှုများ စသည်တို့ကို ထုတ်နှုတ်ကြည့်သော် မြန်မာ့ယဉ်ကျေးမှုသည် သုညသာ ကျန်ရှိတော့မည် ဖြစ်ကြောင်း အံ့သြဖွယ် တွေ့ရပေလိမ့်မည်။ ထို့ကြောင့် ဓမ္မရိပ်သည် မြန်မာနိုငံ၌ မည်မျှအထိ လွှမ်းမိုး ခဲ့ကြောင်း နားလည်သဘောပေါက်နိုင်ပါသည်။

လူ့လောက လူ့ဘဝ၌ အစစအရာရာ ဆုံးမသွန်သင် ညွန်ကြားရန်အတွက် မိဘသည် အရေးကြီးဆုံး ဖြစ်၏။ မိမိတို့သည် လူ့လောကမှ ထွက်မြောက်၍ သာသနာ့ဘောင်သို့ ဝင်ရောက်လာပြီးချိန်တွင် မိဘများနှင့် မသတ်ဆိုင်တော့ပေ။ အမြဲ မဆက်ဆံရတော့ပေ။ ထို့ကြောင့် မိမိတို့ဘဝကို လမ်းမှား မရောက်အောင်၊ လမ်းကြောင်းမှန်အောင် အစစအရာရာ ဆိုဆုံးမ ညွန်ကြားရန်အတွက် မိဘ ကိုယ်စား ဥပဇ္ဈာယ်ဆရာကို ယူကြရ၏။ ဆိုဆုံးမပေးမည့် ဆရာကို သတ်သတ် မှတ်မှတ်ထားရ၏။ သာသနာ့ဘောင်ဝယ် ဆရာဟူသည် မိဘပင် ဖြစ်ပါသည်။ မိမိတို့ဘဝ တိုးတတ်ရန် ဥပဇ္ဈာယ် ဆရာ၏ စကားကို နားထောင်ကြရ၏။ အဆုံးအမကို လိုက်နာကြရ၏။ ဤသည်ပင်လျှင် သာသနာ့ နွယ်ဝင်တို့၏ ဆရာ တပည့် ဆက်ဆံရေးပင် ဖြစ်ပါသည်။ ဤသာဓကကို ကြည့်လျှင်လည်း ဆရာ့အရိပ်က သာလွန်ကြောင်း ထင်ရှားနေလေပြီ။

ထို့ပြင် ဘုရားရှင်က ကျောင်းထိုင်ရဟန်းတော်တို့တွင် ရှိရမည့် အရည်အချင်းများကို ဖော်ထုတ် ဟောပြရာ၌ (၁ဝ)ဝါ ရပြီးဖြစ်ရမည်ဟု ပါရှိလေသည်။ ထိုသာဓကကို ကြည့်လျှင် သာသနာ့ဘောင်၌ (၁ဝ)ဝါ ရပြီးမှသာလျှင် တစ်နည်းအားဖြင့် အသက်(၃ဝ)ကျော်ပြီးမှသာလျှင် ဆရာနှင့်ကင်း၍ နေသင့်သောအရွယ်၊ အဆုံးအမ ကင်းလွတ်သောအရွယ်ဟု ဆိုလိုပါသည်။ အသက်(၃ဝ)နှစ် ဟူသည် ငယ်တော့သော အရွယ်ကား မဟုတ်ပါလေ။ ယခုခေတ် လူ့ဘဝ၏ ပျမ်းမျှ (၇၅)နှစ် သက်တမ်းဖြင့် တွက်ကြည့်လျှင် လူ့ဘဝ၏ သက်တမ်း ထက်ဝက်နီးပါးသို့ပင် ရောက်ရှိနေလေပြီ။ ထိုသို့သောအရွယ်ကျမှ ဆရာအရိပ်မှ ခွါကာ သီးသန့်နေလိုက နေထိုင်နိုင်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ ဤစနစ်ကို ကြည့်လျှင်လည်း ဆရာ့အရိပ်သည် သာသနာ့ဘောင်၌ လွန်စွာ အရေးပါ ကြောင်း ချဲ့ထွင်ပြောဖွယ် မလိုတော့ပြီ။

တပည့်ကောင်းတစ်ယောက် မဖြစ်ခဲ့သူသည် ဆရာကောင်းတစ်ယောက် ဘယ်တော့မှ မဖြစ်နိုင်ပေ။ ထို့ကြောင့် ငယ်ရွယ်စဉ်က တပည့်ကောင်းတစ်ယောက် ဖြစ်ရန်လည်း လွန်စွာမှ အရေးကြီးလှပါ၏။
ဆရာမပြ နည်းမကျ’ ဆိုသလို ဆရာမသင်ပြလျှင် ငါးပိဖုတ်တာတောင်မှ နည်းလမ်း မကျကြောင်း ဆရာ၏ အရေးပါပုံကို ငယ်စဉ်ကတည်းက ကြားခဲ့ဘူး၊ မှတ်သားခဲ့ဘူးပါသည်။ အရွယ်ရောက်၍ စာပေများ လေ့လာမိသောအခါ “အတတ်ပညာ၊ ဟူသည်မှာကား၊ ဆရာတို့ထံ၊ နည်းခံတိုးဝင်၊ မသင် မမေး၊ အရေးမထား၊ မတတ်ငြားဘူး” ဟု မဃဒေဝလင်္ကာ၌ ဆရာနှင့်ကင်း၍ တပည့်ကောင်း တစ်ယောက်ဖြစ်ရန် မလွယ်ကူကြောင်း ထပ်လောင်း၍ သိရှိရကာ ဆရာအရိပ်၏ အဓိပ္ပါယ် နက်နဲပုံကို တွေ့ရပြန်သည်။

မိမိတို့ ဘဝခရီးလမ်းကို ပြန်လည်မှန်းဆလို့ တမ်းတကြည့်လျှင် မိမိတို့ တပည့်အားလုံးသည် ဘဝ ခရီးလမ်းကို မပင်မပန်း လျှောက်လှမ်းနိုင်ရန်အတွက်၊ ရည်မှန်းချက် ပန်းတိုင်ကို အလွယ်တကူ လှမ်းကိုင်နိုင်ရန်အတွက် ဆရာ့အရိပ်မှာ ခိုလှုံရင်း၊ နားနေရင်း၊ ဆရာ၏ ပညာရင်နို့ကို သောက်စို့ရင်း၊ ဆရာမျှဝေသော ပညာအမွှေကို လက်ခံရယူရင်း၊ ဆရာ၏ မေတ္တာ စေတနာ မုဒိတာတို့ကို မျှဝေခံစားရင်း တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက် မြင့်လာခဲ့ရခြင်း ဖြစ်ကြပါသည်။

ယခုအခါတွင် မိမိတို့ တပည့်များသည် ပညာများစုံခဲ့သလို ဘဝလမ်းဝယ် တစ်ယောက် တစ်လမ်းစီ လျှောက်လှမ်းနေကြရပြီး၊ တစ်ယောက်တစ်နေရာစီ ရောက်ရှိနေကြရလေပြီ။ သာသနာပြု တာဝန် များကို ကိုယ်စီ ထမ်းဆောင်နေကြရလေပြီ။ သို့သော် ဆရာနှင့် အတူမနေရ၍ ဆရာ့ ကျေးဇူးကြွေး ကိုကား အနီးကပ် ပြုစုလုပ်ကျွေးခြင်းဖြင့် ကျေးဇူး မဆပ်နိုင်သော်ငြားလည်း ဓမ္မနည်းအားဖြင့်ကား ကျေးဇူးဆပ်နိုင်ခဲ့၍ ရင်၌ များစွာပင် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။

ဥဋ္ဌာနာ ဥပဋ္ဌာနာစ၊ သုဿုတာ ပရိစာရိကာ။
သက္ကစ္စံ သိပ္ပုဂ္ဂဟဏံ၊ ဂရုံ အရောစယေ ဗုဓော။ (ဓမ္မနီတိ)

ဗုဓော၊ လိမ္မာသော တပည့်သည်။ ဥဋ္ဌာနာစ၊ ဆရာသင်ပြပေးမှုကို စားမေးပွဲ အောင်စေရန် ကြိုးစား အားထုတ်ခြင်းဖြင့်လည်းကောင်း။  ဥပဋ္ဌာနာစ၊ ဆရာ့အလုပ်ကို ကူလုပ်ပေးပြီး အနီးကပ် ပြုစု လုပ်ကျွေးခြင်းဖြင့်လည်းကောင်း။ သုဿုတာစ၊ ဆရာ့စကားကို ရိုသေစွာ နားထောင်ခြင်းဖြင့် လည်းကောင်း။ ပရိစာရိကာစ၊ ဆရာ့ခြေရင်း၌ ခစား၍ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းဖြင့်လည်းကောင်း။ သက္ကစ္စံ၊ ရိုသေစွာ။ သိပ္ပုဂ္ဂဟဏံ၊ အတတ် ပညာကို စိတ်ပါဝင်စားစွာ သင်ယူခြင်းဖြင့်လည်းကောင်း။ ဂရုံ၊ အလေးအမြတ်ပြုရာ မြတ်ဆရာကို။ အာရောစယေ၊ ကျေးဇူးဆပ်ခြင်းဖြင့် နှစ်သက်အားရစွာ ရွှင်လန်းစေရာသတည်း။

      ၁။ ဆရာကို ရှိခိုးပြီး ကျေးဇူးဆပ်ပါမည်။
      ၂။ ဆရာ့စကားကို နားထောင်ပြီး ကျေးဇူးဆပ်ပါမည်။
      ၃။ ဆရာ့အလုပ်ကို ကူလုပ်ပေးပြီး ကျေးဇူးဆပ်ပါမည်။
      ၄။ ဆရာသင်ပြမှုကို စိတ်ပါဝင်စားစွာ ဂရုတစိုက် သင်ယူခြင်းဖြင့် ကျေးဇူးဆပ်ပါမည်။
      ၅။ ဆရာသင်ပြမှုကို စာမေးပွဲအောင်စေပြီး ကျေးဇူးဆပ်ပါမည်။

ဆရာ့အရိပ်ယူသည် ပညာပင်ဖြစ်၏။ ဆရာ့စေတနာကို ပညာဖြင့် သရုပ်ဖော်ပြီး၊ ဆရာ့မေတ္တာကို အေးမြသည့် အရိပ်နှင့် တင်စားထားခြင်းသာ ဖြစ်ပါသည်။ ဆရာ့စေတနာ၊ ဆရာ့မေတ္တာ၊ ဆရာ့ ပညာတို့သည် ဆုံးစမထင်သလို ဆရာ့အရိပ်ကလည်း နိုင်းဆဖွယ် မမြင်ပါပေ။ ထို့ကြောင့်ပင် ဘုရားရှင် ကိုယ်တော်တိုင်က ဆရာ့ကျေးဇူးတရားတို့ကို ဂုဏ်ပြု၍ အနန္တ(၅)ပါးတွင် ဆရာကို ထည့်သွင်းပြီး ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။ လောကထဲရှိ လူသားတိုင်းသည် မိဘနှင့် မကင်းနိုင် ကြသလို ဆရာနှင့်လည်း မကင်းနိုင်ကြပေ။ ‘တပည့်မရှိသော ဆရာဟူသည် မရှိကောင်းသလို၊ ဆရာ မရှိသော တပည့်’ ဟူသည်လည်း လောကတွင် မရှိကောင်းပေ။

ဤသို့ဆိုလျှင် လောက၌ ဆရာ့အရိပ်မှ ကင်းလွတ်သူဟူ၍ ရှိနိုင်တော့မည် မဟုတ်ပါပေ။ လူတိုင်း လူတိုင်း ဆရာ့အရိပ်မှာ ခိုလှုံကြဖူးသည်သာ။ ဆရာ့အရိပ်မှာ ချွေးသိပ်နားနေကာ အပန်းဖြေကြ ဖူးသည်သာတည်း။ ထို့ကြောင့် မိမိတို့တပည့်အားလုံးသည် ဆရာ့အရိပ်မှာ ခိုလှုံရင်း၊ နားနေရင်း၊ ချွေးသိပ်အပန်းဖြေရင်း၊ အနန္တကျေးဇူးတရားတို့ကို အောက်မေ့ သတိရရင်း၊ ဆရာ့ကျေးဇူးကြွေးကို တတ်နိုင်သမျှ ဆပ်ရန်ကြိုးစားရင်း ဆရာ၏ အနန္တဂုဏ်ကို အာရုံပြုပြီး ဦးနှိမ်မာန်လျှော့ကာ ရိုသေစွာ ကန်တော့လိုက်ပါတည်း။

ဤဆောင်းပါးဖြင့် မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရတော်မူသော ဘဒ္ဒန္တ ဝိနယာလင်္ကာရ ဆရာအရှင်မြတ်အား ဂုဏ်ပြုပူဇော်လိုက်ပါသည်။

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism) 

(ဘဒ္ဒန္တ ဝိနယာလင်္ကာရ၏ မဟာဂန္တဝါစကပဏ္ဍိတ ပူဇော်ပွဲ အထိမ်းအမှတ်စာစောင်မှ)