Friday, September 19, 2014

ကိုယ့်နေရာနှင့် ကိုယ်


ကိုယ့်နေရာနှင့် ကိုယ် 

တခုသော ဆောင်းရာသီနံနက်ခင်း၌ ဘီလုံးငှက်ငယ်တကောင်သည် တံခါးတိုင်ထိပ်တွင် နေစာ လှုံနေ၏။ ထိုစဉ်ခိုက်တွင် ကောင်းကင်၌ ပျံဝဲလျက်ရှိသော သိန်းငှက်ကြီးတကောင်က တရှိန်ထိုး ထိုးစိုက်၍ ဘီလုံးငှက်ငယ်ကို သုတ်ချီလိုက်၏။

သိန်းငှက်ကြီး၏ လှံသွားတမျှ ထက်မြက်သန်မာလှသော ခြေသည်းကြီးများကြား၌ မချိမဆံ့ ပါသွားရသော ဘီလုံးငှက်ငယ်သည် မိမိ၏ ဖြစ်အင်ကို ပြန်လည်သုံးသပ်ကာ ဤသို့ ငိုကြွေး မြည်တမ်း၏။


ငါတို့သာ ညံ့ဖျင်းလိုက်လေခြင်း၊ ငါတို့သာ ဘုန်းကံနည်းလိုက်လေခြင်း၊ ငါတို့က ကိုယ့်နေရာ မဟုတ်တဲ့ဆီမှာ ကျက်စားမိလို့ ခံလိုက်ရပြီ။ တကယ်လို့များ မိဘဘိုးဘွားများ ကျက်စားခဲ့တဲ့ ကိုယ့်နေရာမှာသာ ငါတို့များ ကျက်စားနေခဲ့မယ်ဆိုရင် အခုလိုခံရမှာ မဟုတ်ဘူး။ အခုလို ခံရမှာမဟုတ်ဘူး။

ဤသို့ ကျီကျီကျာကျာနှင့် ငိုကြွေးသံကို သိန်းငှက်ကြီးက နားထောင်ကာ မခံချင်စိတ် ဖြစ်ပေါ်လာသဖြင့်-
 “ဟေ့ မောင်ဘီလုံး၊ မင်းတို့ မိဘဘိုးဘွားများ ကျက်စားခဲ့တဲ့နေရာက ဘယ်မှာလဲကွ”-ဟု မေးလိုက်ရာ-
 “လယ်သမားကြီးတွေ ထွန်ယက်ထားခဲ့တဲ့ ထယ်ခဲတွေကြားမှာ”ဖြစ်ပါတယ်။
 “အောင်မာ၊ အဲဒီမှာ သွားနေတော့ကော ငါ့လက်က လွတ်မတဲ့လား။ ကိုင်း ဒါလောက်တောင် ရှိလှတာ အဲဒီမှာ သွားနေလိုက်စမ်းကွာ”။
မိမိ၏ စွမ်းအားကို လုံးဝဥဿုံ ယုံကြည်စိတ်ချထားပြီးဖြစ်၍ သိတ်းငှက်ကြီးက လွှတ်ပေးလိုက်၏။

ဘီလုံးငှက်ငယ်သည် သိန်းငှက်ကြီးလက်က လွတ်သွားသည်နှင့် တပြိုင်နက် ထယ်ခဲပေါ် ဆင်းလာခဲ့၏။ နေသွေ့သွေ့ပူထား၍ ခြောက်ကပ်မာကျောနေသော ထယ်ခဲကြီးပေါ်၌ ခြေစုံ ရပ်လိုက်ပြီးလျှင် သိန်းငှက်ကြီးရှိရာသို့ ၀ံ့ဝံ့စားစား မော့ကြည့်ကာ-
 “ကိုင်း-အခုတော့ လာခဲ့ပေတော့ သိန်းငှက်ကြီးရေ၊ လာခဲ့ပေတော့ သိန်းငှက်ကြီးရေ”-ဟု စိန်ခေါ်လိုက်ရာ-

 “အေး လာပြီဟေ့၊ မင်း ဘယ်ပြေးမလဲ မောင်ဘီလုံးလေး”။
သိန်းငှက်ကြီးက အတောင်နှစ်ဖက်လုံးကို စုရုံးကာ ထက်ကောင်းကင်မှ တဟုန်ထိုး ထိုးစိုက်လာ၏။ သိန်းငှက်ကြီးကို မျက်ခြည်မပြတ်ကြည့်နေသော ဘီလုံးငှက်ငယ်က သိန်းငှက်ကြီး ရောက်မလာမီ ကလေးတွင် ထယ်ခဲကြီးနှစ်ခုကြားသို့ ရုတ်တရက် တိုးဝင်ထားလိုက်၏။

အရှိန်ပြင်းပြင်းနှင့် ထိုးစိုက်လာခဲ့သော သိန်းငှက်ကြီးသည် မိမိအရှိန်ကို မထိန်းနိုင်ဘဲ ထယ်ခဲနှင့် ရင်အုပ်မှာ ဆောင့်မိကာ ရင်ကွဲ၍ သေဆုံးရလေတော့သည်။

( သတိပဋ္ဌာန်သည်သာ ကိုယ့်နေရာ )
သတိပဋ္ဌာနသံယုတ် အမ္ဗပါလိဝဂ်၊ သကုဏဂ္ဃိသုတ် ပါဠိတော်တွင် ဘုရားရှင်ကိုယ်တော်တိုင်က ရဟန်းများအား ဟောပြသော ဥပမာပုံဝတ္ထု ဖြစ်ပါသည်။

ဗလအားကိုးဖြင့် တဇွတ်ထိုးလုပ်ခဲ့သော သိန်းငှက်ကြီး၏ မရှုမလှပျက်စီးရပုံနှင့်တကွ ဉာဏ်ရှေ့ ထား၍ ကြိုးစားခဲ့သော ဘီလုံးငှက်ငယ်၏ သိန်းငှက်အန္တရာယ်ဆိုးကြီးမှ လွတ်မြောက်ပုံတို့ကို နှိုင်းယှဉ်ဟောပြတော်မူပြီးလျှင် ဘုရားရှင်က ဆက်လက်၍ ဤသို့ ဟောကြားတော်မူပေသည်။

ရဟန်းတို့၊ ထိုကဲ့သို့ ဖြစ်လေရကား သင်တို့သည် မိမိတို့ ကျက်စားရာ မဟုတ်သော၊ အခြား တပါးသော အာရုံ၌ မကျက်စားကြကုန်လင့်။ မိမိတို့ကျက်စားရာ မဟုတ်သော၊ အခြားတပါးသော အာရုံ၌ ကျက်စားသော သူတို့အား မာရ်နတ်က နှောင့်ယှက်ဖျက်ဆီးရန် အကြားအပေါက်ကို ရလတံ့။ နှောင့်ယှက်ဖျက်ဆီးနိုင်သည့် အကြောင်းကို ရလတံ့။ ရဟန်းတို့ မိမိတို့၏ ကျက်စားရာ မဟုတ်သော အခြားတပါးသော အာရုံဟူသည်ကား အဘယ်နည်း။

ဤသို့ မေးခွန်းထုတ်တော်မူပြီးလျှင် ဘုရားရှင်က ကိုယ်တော်တိုင် ဖြေကြားတော်မူ၏။ သာယာ နှစ်သက်ဖွယ်၊ ယစ်မူးမိန်းမောဖွယ် ကာမချမ်းသာ ခံစားခြင်းနှင့် ဆက်နွယ်နေသော အာရုံ ငါးပါးတို့သည် သာသနာ့ဝန်ထမ်း ရဟန်းများနှင့်တကွ ယောဂီသူတော်ကောင်းတို့ မကျက်စား သင့်သောအာရုံများ ဖြစ်ပေသည်။ မာရ်နတ်မင်း၏ နှောင့်ယှက်ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ စက္က၀တ္တိသုတ်ကို ဖွင့်ဆိုရာတွင် အဋ္ဌကထာဆရာကြီးက မာရော-ဟူသော ပုဒ်အရကို ၀သ၀တ္တိဘုံစံ မာရ်နတ်သားနှင့်တကွ မစ္စုမာရ်၊ ကိလေသမာရ် တို့ကိုလည်း ကောက်ယူနိုင်ကြောင်း ပြဆိုထားပေသည်။

သို့ဖြစ်၍ ဘုရားရှင်၏ လက်ထက်တော်တုန်းက တလျှောက်လုံး နှောင့်ယှက်ဖျက်ဆီးလာခဲ့သည့် မာရ်နတ်သားသည် ယခုလက်ရှိ ဘုရားတပည့်သား ရဟန်းရှင်လူ သူတော်စင်အပေါင်းကို နှောင့်ယှက် ဖျက်ဆီးနိုင်၏။ အကယ်၍ မာရ်နတ်သား၏ အနှောင့်အယှက်က လွတ်နေလျှင်လည်း မစ္စုမာရ်၏ လက်ချက်ကတော့ လွတ်မည်မဟုတ်ပါ။

ဖွားမြင်လာသည့် သတ္တ၀ါမှန်သမျှ မစ္စုမာရ်နှင့် လုံးဝမကင်းနိုင်ပါ။ ဘုရားရဟန္တာများသော်မှ ဤဘ၀ ဤခန္ဓာအတွက် သေဘေးနှင့် မကင်းနိုင်ပါ။ ဤသို့ မကင်းနိုင်သေးပါဘဲလျက် ဘုရားရဟန္တာ အရှင်မြတ်ကြီးများ မစ္စုမာရ်ကို တွန်းလှန်ပယ်ရှားနိုင်သည်ဟု ဆိုရခြင်းမှာ နောက်ထပ်တဖန် ဘ၀သစ်ကို မရနိုင်တော့၍ ဖြစ်ပါ၏။ ဘုရားရဟန္တာ အရှင်မြတ်ကြီးတို့သည် နောက်ထပ်တဖန် ဘ၀သစ်ကို မရနိုင်တော့သည့်အတွက် အဖန်ဖန် အထပ်ထပ် သေပြီးရင်းသေ၍ နေရလတံ့သော ဘေးဒုက္ခမှ လွတ်မြောက်တော်မူကြ၏။ ထို့ကြောင့် ဤဘ၀ ဤခန္ဓာမှာပင် မစ္စုမာရ်ကို တွန်းလှန်နိုင်သည်ဟု ဆိုကြရ၏။

ကိလေသာမာရ် ဟူသည်မှာ ၀ီတိက္ကမ၊ ပရိယုဋ္ဌာန၊ အနုသယအားဖြင့် အဆင့်သုံးဆင့်မှာ ရှိနေကြသော ကိလေသာ ဆယ်ပါးတို့ ဖြစ်ကြ၏။ ကိလေသာဟူသောပုဒ်၏ အနက်အဓိပ္ပါယ်မှာ ပူပန်စေတတ်၊ နှိပ်စက်တတ်သော သဘောဖြစ်၏။ မည်သည့်အဆင့်မှာရှိနေသည်ဖြစ်စေ ကိလေသာတရားမှန်လျှင် သက်ဆိုင်ရာ ရုပ်နာမ်ခန္ဓာအစဉ်ကို ပူပန်စေတတ်၊ နှိပ်စက် တတ်သည်သာ ဖြစ်၏။

ထိုကဲ့သို့ မာရ်သုံးမျိုးတို့၏ လက်တွင်းမှ မလွတ်ကင်းနိုင်ခြင်းမှာ မိမိ၏ ကျက်စားရာ မဟုတ်သောနေရာ၌ ကျက်စားမိသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က ကျက်စားသင့်သည့် အာရုံ၌သာ ကျက်စားကြရန် ဆက်လက်၍ တိုက်တွန်း ဟောကြားတော်မူလို၍-

ရဟန်းတို့- မိမိ၏ ကျက်စားရာဖြစ်သော ဖခင်သဖွယ် ကိုးကွယ်အားထားရာဖြစ်သော ဘုရားရှင်တို့ ဟောကြားညွှန်ပြခဲ့ကြသည့် အာရံ၌သာ ကျက်စားကြကုန်လော့။ မိမိ၏ ကျက်စားရာဖြစ်သော အာရံ၌သာ ကျက်စားကြကုန်သော သူတို့အား မာရ်နတ်က နှောင့်ယှက်ဖျက်တီးရန် အကြား အပေါက်ကို မရလတံ့။ နှောင့်ယှက်ဖျက်ဆီးနိုင်သည့် အကြောင်းကို မရလတံ့။

ဤသို့ ဟောကြားတော်မူပြီးလျှင် ရဟန်းရှင်လူ ယောဂီသူတော်စင်အပေါင်းတို့ ကျက်စားသင့်သည့် အာရုံသည်ကား သတိပဋ္ဌာန်လေးပါး ဖြစ်ကြောင်း ထုတ်ဖော်ဟောကြားတော်မူပေသည်။

(၀ဏ္ဏသီရိ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)