အိမ်တွင်းသာသနာပြုလုပ်ငန်း
သာသနာတော်
တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်းအတွက် နည်းလမ်းပေါင်းများစွာ ရှိသည့်အနက် အိမ်တွင်း သာသနာပြုလုပ်ငန်းသည်လည်း
အရေးပါလှသော လုပ်ငန်းတာဝန်ကြီး တစ်ရပ်ဖြစ်သည်။ အိမ်ထောင်စုတစ်ခုတွင် အမိအဘ၊ သားသမီးများ
ရှိကြသည်။ အိမ်ထောင်စု၏ ဦးစီးမှာ မိဘများပင်ဖြစ်၍ ထိုအိမ်ထောင်စု တစ်ခု၏ သာယာတိုးတက်ရေးအတွက်
အိမ်ထောင်ဦးစီး အပေါ် တည်ရှိသည်၊ အိမ်တွင်း သာသနာပြုလုပ်ငန်း အောင်မြင်ရေးအတွက်လည်း
အိမ်ထောင်ဦးစီး မိဘများအပေါ် မူတည်သည်။
ထို့ကြောင့် “သားသမီးမကောင်း၊
မိဘခေါင်း”ဟူ၍လည်းကောင်း၊ “လက်ဦးဆရာ၊ ဗြဟ္မာမိဘ” ဟူ၍လည်းကောင်း ပြောစမှတ်ပြုကြသည်။
မြတ်စွာဘုရားရှင်ကလည်း သိင်္ဂါလောဝါဒသုတ်တော်၌ အိမ်ထောင်ဦးစီးများအတွက် - “မကောင်းမြစ်ထာ၊
ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေ နှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ”
ဟူ၍ မိဘတို့ ၀တ္တရားငါးပါးကို ဟောကြား လမ်းညွှန်တော်မူခဲ့သည်။
မိဘတို့သည် မိမိတို့ဝမ်းဝယ် သားသမီးငယ် သန္ဓေတည်လာချိန်မှစ၍ သားသမီး ကောင်းကျိုး အတွက် ကြိုတင်ပြင်ဆင်ကြသည်။ မိမိတို့မှာ ဗုဒ္ဓဘာသာ ဥပါသကာများဖြစ်ကြသဖြင့် မွေးဖွား လာမည့် မိမိတို့၏ သားသမီးလေးများ ဘေးမသီ ရန်မခစေရန် ဗုဒ္ဓဘာသာ ဒေသနာတော်များကို နေ့စဉ် ရွတ်ပွားလေ့ရှိကြသည်။ မိမိတို့ သားသမီးလေးများအတွက် ရည်စူး၍ မြတ်စွာဘုရား ထံတော်ပါးတွင် သရဏဂုံဆောက်တည်လေ့ရှိကြသည်။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ် အခါကပင် ဤဓလေ့သည် ထွန်းကားခဲ့ပါသည်။
ဓောဓိမင်းသား၏ မယ်တော်သည်
မြတ်စွာဘုရားထံ သရဏဂုံသီလ ဆောက်တည်သောအခါ မိမိအတွက်မျှသာမက မိမိဝမ်း၌ လွယ်ထားရသော ဗောဓိမင်းသားအတွက်ပါ
ရည်ရွယ်၍ သရဏဂုံ ဆောက်တည်ခဲ့သည်၊ ဗောဓိမင်းသားလေးမှာ မိခင်ကျေးဇူးကြောင့် ၀မ်း၌ ရှိနေစဉ်ကပင်
ဗုဒ္ဓဘာသာ ဥပါသကာဖြစ်ခဲ့၏။
ဤသည်မှာ ကောင်းသောအစဉ်အလာတစ်ခု ဖြစ်သည်။ မိမိတို့၏ သားသမီးများကို မမွေးဖွားမီကပင် ဗုဒ္ဓဘာသာဝင်အဖြစ် သွတ်သွင်းချီးမြှင့်ခြင်းသည် အိမ်တွင်းသာသနာပြုလုပ်ငန်း၏ အစပင်ဖြစ်ပါသည်။
သားသမီးလေးများ မွေးဖွားသောအခါ၌လည်း အခက်အခဲမရှိ ပင်ပန်းဆင်းရဲမှု မရှိစေရန် အဂုင်္လိမာလသုတ်တော်ကို ရွတ်ဖတ်လေ့ရှိသည်၊ ဘုရား, တရား သံဃာဂုဏ် အာရုံပြု ရွတ်ဖတ်နာကြားရသဖြင့် မိခင်ကိုယ်တိုင် ဝေဒနာမှ သက်သာသကဲ့သို့ပင် မွေးဖွားမည့် သားငယ် သမီးငယ်အတွက်လည်း ဗုဒ္ဓဒေသနာတော်တန်ခိုးကြောင့် ကောင်းကျိုးခံစားရပေသည်။
မီးရှုးသန့်စင် ဖွားမြင်ပြီးနောက် နာမည်မှည့်သောအခါ သံဃာတော်တို့ကို ပင့်ဖိတ် ဆွမ်းကျွေး၊ အလှူဒါန ပြုလုပ်သည်။ အန္တရာယ်ကင်းစေရန် ပရိတ်ဒေသနာတော်များ ကြားနာပြီး ကလေးငယ်ကို ရည်ရွယ်၍ သရဏဂုံ ဆောက်တည်ပေးကြသည်။ မွေးစအရွယ် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူကြသည်၊ ရက်သားမှ လသား၊ လသားမှ စကားပြောတတ်စ အရွယ်တွင် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော သရဏဂုံများကို သင်ကြားပေးကြသည်၊ ကလေးငယ်များ၊ မပီကလာ ပီကလာနှင့် လိုက်ဆိုသည်ကို ကြည်နူးဝမ်းသာကြရသည်။ ဗုဒ္ဓဘာသာအမွေကို ခံယူစေကြသည်။
ကလေးငယ်သည် အတော်အတန် သိနားလည်သောအခါ မိမိရင်ခွင်၌ထား၍ ဘုရား, တရား, သံဃာတော်များအား ရှိခိုးဦးချ ကန့်တော့သည် အလေ့အထကို စတင် သင်ပေးသည်။ “ဦးတော်ပါ ဘုရား”ဟု ကလေးငယ်၏ လက်နှစ်ဘက်ကို ယှက်ပေးကာ ကန့်တော့စေခဲ့ကြသည်။ ၀စီကံ ဗုဒ္ဓဘာသာဘ၀မှ ကာယကံမြောက် ဗုဒ္ဓဘာသာဝင် ဖြစ်စေခဲ့ကြသည်။ မိဘတို့ကား လက်ဦး ဆရာများဖြစ်ကြသည်။
မိဘတို့၏ သင်ပြမှုသည် သားသမီးတို့အတွက်
တစ်သက်တာလုံး ခိုင်မြဲလှသည့် ခံယူချက်ဖြစ်သည်။ မိကောင်းဖခင်တို့၏ သင်ပြမှုကြောင့် ယဉ်ကျေးလိမ္မာသည့်
သားကောင်း သမီးကောင်းများ ပေါ်ထွန်းလာကြသည်။ မိရိုးဖလာဟူသော စကားအတိုင်းပင် မိခင်ဖခင်တို့၏
မျိုးရိုး အကျင့်စရိုက် ကောင်းများနှင့် ဘာသာယဉ်ကျေးမှု အစဉ်အလာတို့သည် ကလေးငယ်တို့အတွက်
လေးနက် လှသည့် အမွေကောင်းများ ဖြစ်လာသည်။
ဒုဋ္ဌဂါမဏိမင်း၏ ခမည်းတော် ကာက၀ဏ္ဏတိဿမင်းကြီးသည် သားတော်နှစ်ဦး (ဂါမဏိနှင့် တိဿ)အား ပထမဆုံး ထမင်းခွံ့မင်္ဂလာပြုလုပ်ပေးသည့် အရွယ်မှ စ၍ ထမင်းကို သစ္စာဆို၍ စားစေခဲ့သည်။ ဘုရား, တရား, သံဃာ ရတနာသုံးပါးတို့အား အဦးအဖျား မလှူဒါန်းဘဲ မည်သည့်အခါမှ မစားသောက်ရန် သင်ကြားပေးခဲ့သည်။ ဤသို့ဖြင့် ကလေးငယ်တို့၏ သန္တာန်ဝယ် ဗုဒ္ဓသာသနာတော် အမြစ်တွယ်စေခဲ့သည်။ ကလေးငယ်တို့ နှလုံးသားဝယ် မြတ်စွာဘုရား ကိန်းဝပ်စေတော်မူခဲ့သည်။ မိကောင်းဖခင်တို့သည် နုနယ်ငယ်သွေး ကလေးဘ၀ကပင် သားသမီးတို့အား ဘာသာသွေးကို ထိုးသွင်းပေးခဲ့ကြသည်။
သားသမီးများ အသက်အရွယ် အတော်အတန် ကြီးလာသောအခါ နံနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် အနည်းဆုံးနှစ်ကြိမ် ဘုရားရှိခိုးခိုင်းကြသည်။ ဘုရားရှိခိုးများကိုလည်း သင်ကြားပေးကြသည်။ အိပ်ရာဝင် အိပ်ရာထ “အနန္တော အနန္တ ငါးပါး”ရှိခိုးဝပ်ချသင်ပေးကြသည်။ ညအိပ်ရာဝင်ချိန်ဝယ် ကလေးအရွယ်နှင့် သင့်လျော်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာ ဇာတ်နိပါတ် ဗုဒ္ဓ၀င်များကို ပြောပြပေးကြသည်။ ကလေးတို့ သိလိုသဖြင့် မေးလာသော အမေးစကားများကို နှလုံးထဲ စွဲသွားအောင် ဖြေဆိုပြကြသည်။
နံနက်ချိန်ခါ ဆွမ်းခံကြွလာသော သံဃာတော်များကို ဆွမ်းလောင်းလှူပုံနည်းများကို သင်ကြားပေးကြသည်။ ဤသို့ဖြင့် အိမ်တွင်း သာသနာပြု လုပ်ငန်းသည် အခြေခံကောင်းတို့ဖြင့် တိုးတက်လာခဲ့သည်။ အသက်အရွယ် အတော်အတန် ကြီးပြင်းလာသောအခါ မကောင်းမှုများ မပြုလုပ်ရန် သင်ကြားပေးကြသည်။ မကောင်းမှုများ၏ အကျိုးအပြစ်များကို ပြောပြကြသည်။ ကောင်းရာများကို ညွှန်ကြားကြသည်။ ကောင်းသော အမှုကိစ္စများ၏ အကျိုးများကို ပြောပြကြသည်။
အရွယ်ရောက်လာသောအခါ မိမိတို့ ရွာဦးရွာထိပ် ကိုးကွယ်ထားသော ဆရာတော်ထံ အခြေခံ စာပေများဖြစ်သော သင်ပုန်းကြီး၊ မင်္ဂလသုတ် သိင်္ဂါလောဝါဒသုတ် လောကနီတိ ဆုံးမစာများကို သင်ကြားကြရသည်။ ဤသို့ဖြင့် မိကောင်းဖခင်တို့၏ ဗုဒ္ဓဘာသာ ပီသမှု၊ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှု နည်းလမ်းပြသ ဆုံးမမှုတို့ကြောင့် အိမ်တွင်း သာသနာပြု လုပ်ငန်းသည် အောင်မြင်မှုရလာသည်။
မြန်မာတို့၏ ဘိုးဘေးဖြစ်သော ရှေးက ပျူလူမျိုးတို့သည် သားသမီးများ ခုနစ်နှစ်သား အရွယ်ရောက်လျှင် ယောက်ျားကလေးရော၊ မိန်းကလေးများပါ ခေါင်းရိတ်၍ ဘုန်းတော်ကြီး ကျောင်းသို့ ပို့ရသည်။ အသက်နှစ်ဆယ်ထိ ဘုန်းတော်ကြီးကျောင်းပညာရေးကို သင်ယူကြရ၏။ ပျူခေတ်မှ စတင်၍ ပုဂံခေတ်တွင် အချောကိုင်ပေးခဲ့သော ထို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အစဉ် အလာသည် ယနေ့ထက်တိုင် ခိုင်မြဲ စည်ပင်၍ အမျိုးသားယဉ်ကျေးမှု အဆင့်သို့ ရောက်ရှိလာခဲ့သည်။
ဗုဒ္ဓဘာသာနှင့်မြန်မာသည် ခွဲခြားမရ၊ ထာဝရ ယှဉ်တွဲနေခဲ့သည်။ ဗုဒ္ဓဘာသာ အဆုံးအမများသည် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းများ ဖြစ်လာခဲ့ကြပြီး နှစ်ပေါင်းထောင် နှင့်ချီ၍ အမျိုးသားယဉ်ကျေးမှု ခိုင်မြဲသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခဲ့ကြသည်။ အမျိုး ဘာသာ သာသနာကို ကာကွယ်နိုင်ခဲ့ကြသည်။
အိမ်တွင်းသာသနာပြုလုပ်ငန်း အောင်မြင်မှု အရှိန်အဟုန် ကောင်းလေလေ သာသနာတော် တည်တံ့ ပြန်ပွား ထွန်းကားလေလေ ဖြစ်သဖြင့် အခြခံကျလှသည့် အိမ်တွင်းသာသနာပြုလုပ်ငန်း အောင်မြင်စေရန် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ကြိုးပမ်းကြရပေမည်။
ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်