တရားအပေါင်းချုပ်သည် သတိ
ကျွန်တော့်သူငယ်ချင်းတွေထဲ
ငယ်ငယ်ကတည်းက စကားပြောကောင်းသူတွေ ရှိခဲ့တယ်ဗျာ။ ကြီးလာတော့ နာမည်ရအောင်မြင်တဲ့ တရားလွှတ်တော်ရှေ့နေ၊
စာအသင်အပြကောင်းတဲ့ ကျောင်းဆရာ၊ အပြောအဟောလည်းကောင်း၊ စာအရေးလည်းကောင်းတဲ့ ဗေဒင်ဆရာကြီးတွေ
ဖြစ်လာကြပါတယ်။ ကျွန်တော် အလွန်ဂုဏ်ယူပါတယ် ခင်ဗျာ။ ကျွန်တော်တို့ကို စာသင်ပေးခဲ့ကြတဲ့
ဆရာ၊ ဆရာမတွေထဲမှာလည်း စကားပြော ကောင်းလှတာတွေ ရှိခဲ့ပါတယ်။
မြန်မာစာ၊ အင်္ဂလိပ်စာ ဆရာသာမက သင်္ချာသင်ပြတဲ့ ဆရာကလည်း
စကားပြောကောင်းတာကို ကြုံခဲ့ရပါတယ်။ သူတို့ထဲမှာ ရိုက်တတ်တဲ့ ဆရာလည်းပါ။ အရိုက်ခံရပေမယ့်လည်း
ကျွန်တော်တို့ ကျေနပ်ခဲ့ကြပါတယ်။ ပြဋ္ဌာန်း စာအုပ်များပြီး ခက်ခဲနက်နဲမှုရှိတဲ့ စိတ်ကြိုက်
မြန်မာစာလို ဘာသာရပ်ကိုသင်တဲ့ ကျွန်တော် တို့ဆရာဟာ အချိန်ရဲ့တစ်ဝက် တစ်ခါတလေ တစ်ဝက်ကျော်
လောက်အထိ ကျွန်တော်တို့ကို စကားတွေပြောနေခဲ့တာခင်ဗျာ။
ဆရာ့စကားမှာ ကျွန်တော်တို့တွေ
ကပါလို့ ဒီအထဲ ကမှ သင်ခန်းစာဆီ ကူးပြောင်းလိုက်တာ တစ်အောင့်ပါပဲ။ သူ သင်တဲ့ သင်ခန်းစာ
လည်း ပြီးတယ်။ အချိန်လည်း စေ့သွားပါတယ်။ နောက်ခံ အကြောင်းတွေ အမျိုးမျိုးနဲ့ စိတ်ကူး
ခံစားမှုအမျိုးမျိုးရှိတတ်ကြတဲ့အရွယ် ကျွန်တော်တို့မှာ ရွှင်လန်း ပေါ့ပါးနေကြပြီး သင်ခန်းစာကိုလည်း
နားလည်ရရှိလိုက်ကြပါတယ်။ ဆရာတို့ရဲ့တပည့်ဖြစ်ရတာ မမေ့နိုင်ဘဲ တဖြည်းဖြည်း ဂုဏ်ယူရတာပိုလို့သာ
နေပါတယ်။
စကားနဲ့ စာသင်တဲ့ဆရာ၊ စကားနဲ့ ရင်းနှီးချစ်ခင်မှုကို
ပိုစေတဲ့သူငယ်ချင်း၊ စကားနဲ့ အသိ အလိမ္မာရစေတဲ့ အမေ၊ သတိရှိအောင် စကားပြောပေးတတ်တဲ့
အဘိုးတို့ကြောင့် စကားပြော ကောင်းသူတွေကို တန်ဖိုးထားမိသလို စကားကောင်းပြောတာမှန်သမျှတွေကိုလည်း
ကျေနပ်ရတာ ကျေးဇူးတင်မဆုံးအောင်ပါဘဲ။ စာရေးဆရာတိုင်း၊ စာရေးကောင်းတိုင်း စကားပြောကောင်းတာ
မဟုတ်ပေမယ့် စကားပြောကောင်း၊ စကားကောင်းပြောကြတဲ့ စာရေးဆရာတွေကိုတော့ ပွဲတောင်းပြီးရင်း
တောင်းကြလျက်ပါပဲ။
“စကား” ဆိုတာကတော့ ပြောဆိုနေကြရမှာပါ။
လူ့ယဉ်ကျေးမှု ဖြစ်တာကို။ လူမျိုးအလိုက် “ဘာသာစကား” ဖြစ်တာကို။ သူနဲ့ ဆက်သွယ်ကြရ၊ ဆက်ဆံကြရပါတယ်။
စကားကြွယ်တဲ့ မြန်မာမှုမှာ စကားကြောရှည်၊ စကားခေါ်၊ စကားခံ၊ စကားခင်း၊ စကားစ၊ စကားစစ်ထိုး၊
စကား စပ်၊ စကားတံရှည်၊ စကားတင်းဆို၊ စကား ထာဝှက်၊ စကားထည့်၊ စကားနာထိုး၊ စကား နိုင်လု၊
စကားနှိုက်၊ စကားပလ္လင်ခံ၊ စကားပျိုး၊ စကားပျက်၊ စကားဖ၊ စကားဖာ၊ စကားဖောင်ဖွဲ့၊ စကားဖန်ထိုး၊
စကားလက်ဆုံကျ၊ စကားလွန်၊ စကားဝိုင်းဖွဲ့၊ စကားဦးသန်းဆို ပြီး ပြုမူပြောဆိုတဲ့ ကြိယာတွေရှိပါတယ်။
စကားကျ၊ စကားကြီး၊ စကားကျယ်၊ စကားကုန်တို့လို နာမ်နဲ့ ကြိယာဝိသေသနတွေလည်း ရှိပါသေးတယ်။
မြန်မာစကားပုံတွေနဲ့ မြန်မာ ဆိုရိုးစကားတွေလည်း အများကြီး၊
များမှများ၊ ကောင်းမှကောင်းတွေ ပါပဲဗျာ။ ဂုဏ်ယူရပါတယ်။ “ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊
ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခတ်၊ ဆီပွတ် ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာ ခုတ်၊
ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ရေသွားသောသွင် ခက်တင်မောင်းနင်း” ဆိုပြီး စကားကြီးဆယ်မျိုးဟာ
မြန်မာ့လူနေမှု အခြေခံကနေ ဥပမာပုံယူလာခဲ့တဲ့ စကားပြောနည်းတွေပါ။
ဒီလိုစကားပြောနည်းတွေနဲ့
စကားအလှကြွယ်ဝခဲ့ကြလို့ သမိုင်းမှာ အရေးလှခဲ့ တာတွေကိုလည်း ကြားဖူးနားဝရှိခဲ့ရပါတယ်။
အမျိုးသားပညာဝန် ဦးဖိုးကျားက ကလေးသူ ငယ်တို့တွေ စာရေး စာဖတ်လည်း တတ်၊ မွန်မြတ်သည့်
အရည်အချင်းသုံးပါး (လက်ရုံးရည်၊ ပညာရည်၊ နှလုံးရည်) လည်း ရကြအောင် စကားလွယ်ဖြင့် အကြောင်းအရာကို
ရှင်းလင်းလွယ်ကူစွာ ရေးသားသည် ဆိုသည့် “မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာမှာ ပညာရည်၊ နှုတ်ရည်ကောင်းသော
ပင်းယ စကြိုသူ မြတ်” ကို ထုတ်ဖော်ပြခဲ့ပါတယ်။ မြန်မာတွေ စကားအလှတွေနဲ့ စကားကြွယ်ဝခဲ့ကြတာ။
ရှေးရှေးကတည်းက ပညာရည် နှလုံးရည် ပြည့်ဝတဲ့ စကားကောင်းတွေကို နားရည်ဝခဲ့ ကြဖြစ်မှာလို့
ယူဆပါတယ်။
ဘုရားရဲ့ အဆုံး အမကတော့ “စကားခြောက်ခွန်း၊ လူ၌ ထွန်း၊
လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်” လို့ မှတ်သားရပါတယ်။
(၁) ဟုတ်မှန်အကျိုးရှိ၊
သူနာလို၊
(၂) ဟုတ်မှန်အကျိုးမရှိ
သူမနာလို၊
(၃)ဟုတ်မှန်အကျိုးမရှိ
သူနာလို၊
(၄) ဟုတ်မှန်၊ အကျိုးမရှိသူ
မနာလို၊
(၅) မဟုတ်မမှန်၊ အကျိုးမရှိသူ
နာလို၊
(၆) မဟုတ်မမှန်၊ အကျိုးမရှိ၊
သူမနာလို…ဆိုတဲ့
စကားခြောက်ခွန်းမှာ တစ်နဲ့နှစ်ဖြစ်တဲ့
စကားနှစ်မျိုးကိုပဲ ပြောလို့ညွှန်ခဲ့တာ ဖြစ်ပါတယ်။ ဒါက လောကီရေး လောကုတ္တရာမှာပါ မှန်ကန်သင့်မြတ်တဲ့
စကားမို့လို့ လူကြီးသူမတွေကအစ လိုက်နာ ကျင့်သုံး ရမယ်လို့ ဟောခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင်
ကြာမြင့်ခဲ့ပါပြီလဲ ခင်ဗျာ။
ဒီလိုပြောရမယ့် စကားကို
ပြောတဲ့အခါ မှာလည်း “စကားအင်္ဂါ လေးတန်” ရှိပြန်တယ်လို့ ဆုံးမပြန်ပါတယ်။ “ပြေပြစ်စွာ
ပြော၊ ချစ်နှစ်သက်ဖွယ် ပြော၊ ဟုတ်တိုင်းမှန်ရာ ပြော၊ တရားသဖြင့် ပြော” လို့ဆိုပါတယ်။
ပါဠိလို သုဘာသိတ၊ ပိယ ဝါစာ၊ သစ္စာ၊ ဓမ္မဖြစ်ပြီး မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်မှာ-
ပြောက ပြေပြစ်၊ ချစ်နှစ်လို့ရန်
ဟုတ်မှန်ဖြောင့်သား၊ တရားညီစွာ နီတိလာတိုင်း၊ အင်္ဂါလေးပုံ ပြည့်စုံစကား၊ ခိုင်တည်ကြား၍.
. . လို့ ဖွဲ့ဆိုမိန့်ခဲ့ပါတယ်။
“ချစ်နှစ်သက်ဖွယ် ချစ်နှစ်လို့ရန်”
ဆိုတာ ကလေးလေးတွေ ပြောသလို မပီကလာပီကလာနဲ့ တီတီတာတာ ချွဲချွဲပျစ်ပျစ်ပြောတာ။ လေအေးကလေး
လေပြည်ထိုးတာ ဟုတ်မယ်မထင်ပါဘူး။ စကားမှန်လို့ စကားကောင်းဖြစ်ဖို့ နှစ်လိုစရာ မှတ်သားနာယူစရာ
ဖြစ်တာကိုသာ ပြောတာပါ။ “စကားဆိုထွေ သူလိုစေ” လို့ဆိုပါတယ်။ ကျွန်တော်တို့တွေ စဉ်းစားဆင်ခြင်လိုက်နာသင့်ပြီး
လောကကို အမှန်တွေပြနေတဲ့ ဆိုရိုးစကားတွေမှာ “စကားနည်းရန်စဲ”၊ “စကားများ အမှားပါ”၊
“စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ” ဆိုတဲ့စကားတွေ ရှိနေပါတယ်။
လူတွေ အချိန်တိုင်းနေ့တိုင်းမှာ
ပြောနေကြတဲ့စကား၊ ပညာရှင်ပြောတော့ ဟောပြောပို့ချချက်၊ အကြီးအမှူး လူကြီးမြွက်ကြားတော့
မိန့်ခွန်းဖြစ်ပါတယ်။ မြတ်စွာဘုရား တရားတွေ ဟောကြားခဲ့တာလည်း “စကားတော်” နဲ့ပါပဲ။ ဒါကြောင့်
“စကားနောက် တရားပါ” ဆိုတဲ့ စကား တစ်ခွန်းက ပြောလိုက်တဲ့ စကားဟာ မှန်ကန်သော သစ္စာ၊ ဓမ္မ
ဖြစ်ရသလို တရားအနှစ်သာရနဲ့ အညီလည်း ဖြစ်ရမယ်လို့ မြန်မာမှုမှာ လက်ခံထားကြတာပါ။
“စကားကို လက်လွတ်မပြောနဲ့”၊
“တရားလက်လွတ်မပြုနဲ့၊ မပြောနဲ့” လို့ ရှေးလူကြီး သူမ၊ ပညာရှိတွေက အချင်းချင်းကိုပဲဖြစ်ဖြစ်၊
သားသမီးတပည့် လူငယ်တွေကိုပဲဖြစ်ဖြစ် ဆုံးမသွန်သင် ပြောကြားခဲ့ကြတာဟာ ကိုယ်တိုင်လည်း
ကျင့်သုံးပြီးမှ ဆင့်ကမ်းပြောကြား ခဲ့ကြတာပါ။ ကျွန်တော်တို့တွေရဲ့ မျက်မှောက်ဘဝ၊ ဒီမှာဘက်ပိုင်းမှာတော့
စကားသံနဲ့ဟန်ပန်က ဒီလိုပါ။ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့”။
ဆရာအောင်သင်းရဲ့ “စကားကောင်း” ဆောင်းပါးမှာ လောကနီတိအဆိုအမိန့်နဲ့ဖွင့်ပြီး
ဆရာတွေးပြ ရေးပြထားတာကို နှစ်သက် မှတ်သားရပါတယ်။ လောကနီတိက သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
မျက်စိသည် ချစ်သော သူကို မြင်ခြင်း၌ မရောင့်ရဲ။ ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ ဖြစ်ပါတယ်။
အင်္ဂလိပ်လိုလည်း ဖော်ပြထားပြီး တတိယ အဆိုကThe wise is not contented in good speech
ပါ။ စကားကောင်းတွေ ကြား နာရပါ များလာရင် စကားကောင်းရဲ့အရသာ ကို နှစ်သက်လေလေဖြစ်ပြီး
မရောင့်ရဲနိုင်ရှိ လေလေလို့ ဆိုပါတယ်။
ခုများတော့ စကားကောင်းတွေရဲ့ အရသာကို မရောင့်ရဲနိုင်
ဖြစ်ရသလောက် “စကားပျက်တွေ” တွေ ကြားကြားနေရတာကတော့ အလွန်စိတ်ပျက်ပြီး အော့နှလုံးနာကြရတာပါပဲ။
ပြောလည်း ပြောခဲပါ၊ ပြောရင်လည်း တည်ပါဆိုတဲ့ ကျွန်တော်တို့ မြန်မာစကားမှာ သွန်သင်ထားတဲ့
စကားတစ်ခွန်း က “ဆိုခဲစေမြဲစေ” ပါ။ ရှိကြပါရဲ့လားဗျာတို့။
တာဝန်အရှိဆုံးဆိုသူတွေ။
အဖွဲ့အစည်း ဥက္ကဋ္ဌဆိုသူတွေ ပြောပြောနေတဲ့ ပြောပြောလာနေတဲ့ စကားတွေကတော့ သူတို့ရင်ထဲ ဦးနှောက်ထဲကလာတဲ့
စကားကောင်း စကားမှန်တွေကော ဟုတ်ရဲ့လား။ ဘာလို့လဲဆိုတော့ နိုင်ငံနဲ့အဝန်းမှာ နားခါးတယ်ဆိုတဲ့
စိတ်ပျက်သံတွေက လွှမ်းနေလို့ပါပဲ။ တစ်နေ့ တစ်နေ့ ကြားရကြားရ နားဝမသက်သာတဲ့ စကားနဲ့ အကြောင်းအရာ
တွေက သမိုင်းဖြစ်လို့ နေပါပြီ။
ကျွန်တော်တို့ လူတွေအပြန်အလှန် စကားပြောနေကြတာ “ငါ့စကားနွားရ”
ပြောတာကတော့ ယဉ်ကျေးမှု အဆင့်နိမ့်ရာ ကျပါတယ်။ ကိုယ်ပြောတာ မှန်ရာ တရားစွာ ပြောရင် လူတွေ
နားထောင်လက်ခံကြမှာ ဖြစ်သလို လူတွေက မှန်တာကိုပြော၊ တရားတာကို တောင်းဆိုရင်လည်း ကိုယ်က
နားထောင်လိုက်လျော ပေးကြရမှာပဲ မဟုတ်ဘူးလား ခင်ဗျာ။ ပြည့်ရှင်ဘုရင်မင်းမြတ်တို့ရဲ့
စကားဆိုရင် “မင်းတို့စကား မိုးကြိုးသွား” လို့ဆိုတဲ့အတိုင်း မိုးကြိုးသွားပမာ တိကျခိုင်မြဲပါတယ်လို့
ဆိုထုံးထားခဲ့တာ ဖြစ်ပါတယ်။
ဒီလိုသာပဲ စကားကတိတည်ကြည်ဖို့
ဆိုရင် ထွက်ပြီးဆင်စွယ် ဝင်တယ်မရှိသလို ထွေးပြီးသား တံတွေးပြန်မျိုရိုး မရှိပါ။ “မင်းမှာ
သစ္စာ၊ လူမှာ ကတိ” ကိုယ့်အတ္တလောဘအတွက် ကိုယ့်မိသားစုနဲ့ အသိုင်းအဝိုင်းအတွက်သာ သစ္စာဆိုတာ
ရှိနေပြီး စကားကတိကို ပြတ်ပြတ်သားသားမဆိုဘဲ လှီးလွှဲစကားတွေ ပြောဆိုသံ ကြားနေရတာလည်း
စကားထဲက ဇာတိပြ ယဉ်ကျေးမှု နိမ့်နေတာပါပဲ။ ဒါဟာ လူအပေါင်းနှင့်ချီပြီး လူမျိုးနဲ့ချီပြီး
ဂုဏ်ယူစရာ မဟုတ်ပါဘူးခင်ဗျာ။ တကယ်ဂုဏ်ယူ ကြရမှာက “စကားအပေါင်း အုပ်သည်ကတိ၊ တရားအပေါင်းချုပ်သည်
သတိ” ဖြစ်မှ ဂုဏ်ယူရမှာပါ။ မြန်မာတို့ရဲ့ စကားကောင်းတွေမှာ တရားတွေနဲ့ချည်းပါခင်ဗျာ။
-
Written by: ရဲထွတ်နီ
http://www.news-eleven.com/