Monday, September 8, 2014

လူကြီးကလေး နှင့် ကလေးလူကြီး

လူကြီးကလေး နှင့် ကလေးလူကြီး

“အလကားလူကြီး ငါ့ခြေထောက်ကို တက်နင်းသွားတာ နာလိုက်တာ”
“ဘယ်လူကြီးလဲ”
“ဟိုဟာ.. ချော်တွင်းကုန်းမှတ်တိုင်က တက်လာတဲ့ လူလေ”
“အော်.. မျက်မှန်နဲ့ ဘောင်းဘီရှည်ကြီးနဲ့ လူကြီးလား”
“ဟုတ်တယ်.. ညီမလေးနေရာကိုလဲ အတင်း လုထိုင်တယ်”
“ငါ သတိတော့ထားမိတယ် .. သားသမီးချင်း မစာနာတဲ့ (——) ကြီး”
“ဟဲ့ .. နွယ်နီကလဲ မဆဲနဲ့လေဟာ ဘုန်းဘုန်း ကြားလိမ့်မယ်”
“ကိုကိုကောင်းမြတ်တို့၊ ကိုကိုရန်နိုင်တို့ကလဲ အရေးထဲဆို အားမကိုးရဘူး”
“အမယ်လေး .. မိနီလာထွန်းရယ် ဒါလောက် ကားကြပ်တာ၊ တို့မှာ ဟောဒီ အငယ်တွေခေါ်ရ၊ ဟို .. စပယ်ယာရဲ့ အပြောအဆိုခံရနဲ့”

“ဟုတ်ပါ့ .. စပယ်ယာကလဲ ကလေးတွေဆိုပြီး ကူညီမလား အောက်မေ့ပါတယ်၊ ကားခပိုက်ဆံပဲ အရတောင်း နေတယ်”
မောင်နှမတသိုက် ရောက်မဆိုက် ပြောနေသံတွေကိုချင့်ရင် ကားပေါ်မှာ ပြဿနာကြုံခဲ့ပုံပဲ၊ အင်း သူတို့လာချိန်က ကားကြပ်ချိန်ဆိုတော့ အနည်းနဲ့အများ အခက်အခဲဆိုတာ ရှိကြမှာပေါ့၊ သူတို့နေတဲ့နေရာကနေ မြို့ထဲထိ လာကြရတာဆိုတော့ ..
“လူကြီးတွေက ကလေးတွေထက်တောင် တချို့ နေရာတွေမှာ ဆိုးတယ်”
“အသက်ကြီးပြီး အချိန်မစီး” ဆိုတာ အဲဒါမျိုးကို ခေါ်တာ”

“ဟို… လူကြီး တစ်ယောက်ကလည်း “သံဃာတော်များသာ” ဆိုတဲ့ နေရာမှာ ထိုင်နေပြီး သံဃာတွေ နှစ်ပါးသုံးပါး တက်လာတာတောင် မမြင်ယောင်ဆောင်နေတယ်”
ဟုတ်ပေမည်၊ လူတချို့သည် နေရာတကာ အတ္တကို ရှေ့တန်းတင်ကြသည်၊ လိုဘကို အရ ဖြည့်ကြသည်၊ ပရကျိုးဝေးလို့ ထိုင်နေရာလေးတစ်ခုတွက်ပင် မစွန့်လိုကြ၊ ကလေးနှင့် လူအိုလူမင်းကို နေရာပေးဖို့ မဆိုထားနှင့်၊ သံဃာတော်ကိုပင် နေရာမပေးလိုကြ၊ ယဉ်ကျေးသည့် နိုင်ငံကြီးတွေမှာဆို ထိုသူများနှင့် မသန်မစွမ်း၊ ကိုယ်ဝန်ဆောင်တို့ကို ဦးစားပေး ကြသည်၊ ပြောစရာ ပင်မလို၊ ဂျပန်ပြည်မှာ ငွေရောင်ထိုင်ခုံဆိုလျှင် သိကြပြီးသားတဲ့၊ အင်း … ဒီမှာတော့ဖြင့် .. ဟူး ..

နောက်ပြီး ကလေးငယ်တွေနှင့် ပတ်သက်တာရှိသေး၊ ကလေးငယ်လေးတွေ ကျောင်းသားငယ်တွေ အတက်အဆင်း များသည့်မှတ်တိုင်တွေမှာ ကားကိုမရပ်ဘဲ မောင်းပြေးကြ၊ ကလေးငယ်တွေ ထိုင်ခုံ ရလို့ထိုင်နေလျှင်လည်း စီးသူတက်လာလျှင် အတင်းထခိုင်း၊ လူကြီးခပေးစီးမှ ထိုင်ခုံရသတဲ့၊ ဘယ်လိုကြွေးကြော်နေ ကြွေးကြော်နေ၊ လူငယ်ဦးစားပေးမှု ပျိုးထောင်မှုမှာ အသိ မဖြိုးကြွယ်ကြ တာတော့ အမှန်ဘဲ၊ မှတ်မိသေး .. ဟိုအရင် သူတို့ဆီက သတင်းကားတိုကလေးထဲမှာ ကလေးငယf လေးက ဘောလုံးလေးကိုကစားရင်း လမ်းဖြတ်ကူးနေစဉ် ကားတွေကအားလုံး ရပ်ပေးသည်၊ လူကြီးတွေက ဖေးမခေါ်သွား ကြပုံ၊ ဘယ်လောက် အတုယူစရာကောင်းလဲ၊ ဒီမှာက …

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” “ကလေးတိုင်းသည် လူကြီးများ၏ ဖခင်ဖြစ်သည်” ဆိုသော စကားတွေ လူတိုင်းယဉ်ပါးနေကြပေမယ့် သင့်လျှော်သည့် နေရာပေးမှုလေးကျတော့ ကိုယ့်သားသမီး မဟုတ်လျှင် တွန့်တိုနေကြဆဲပါပဲလေ.. အေးလေ .. လူကြီးဆိုတာတိုင်းကလဲ … ။
“ဘုန်းဘုန်း .. လူကြီးနဲ့ လူငယ် ဘယ်သူက မြတ်သလဲဘုရား”
အတွေးများနှင့် အခန်းထဲမှထွက်အလာ၊ ဆီးမေးလာသူက ကောင်းမြတ်ထွန်း၊ ဒါကြောင့် ဖြေဆိုရန် စဉ်းစားရင်း သူနှင့်အတူ ကျန်သူလေးတို့ စုဝေးနေရာကိုလာခဲ့သည်၊ ထပြီး အားလုံးကန်တော့ ကြသည်၊ ရောက်စက တစ်ယောက်တစ်ပေါက် ပြောနေကြသံ ကြားပြီးပေမယ့် ခြုံငုံမိအောင် မေးခွန်းပြု ဦးမှ။
“အံမယ် … ကြီးကြီးကျယ်ကျယ် လမ်းမှာ ဘာတွေများ လူကြီးတွေနဲ့ ဖြစ်လာလို့လဲ”

ကြုံရပုံကို ပြောပြကြသည်၊ ဟုတ်ပေသည်၊ အချို့အချို့သော အသက်သာကြီးပြီး အသိမကြီး သူများကြောင့်  လောကဝန်းကျင်သည် အကျည်းတန်လာသည်၊ ထိုကဲ့သို့သောသူများအတွက် လူငယ်များ၏ ယခုလိုမေးခွန်းများ ထွက်ပေါ်လာခြင်းဖြစ်သည်၊ ဟိုတလောကပင် ဩစတေးလျ နိုင်ငံမှ လူမဆန်သော ဖခင်တစ်ယောက်အကြောင်း ကြက်သီးထဖွယ် ကြားလိုက်ရပေသေးသည်၊ ခက်ပေစွ၊ လူဆိုတာ အသက်ကြီးရုံနှင့်မပြီး၊ အကြား အမြင် သုတရှိရုံမျှမက စာနာခြင်း မေတ္တာ ကရုဏာတွေ ဟိရိ ဩတ္တပ္ပတွေပါရှိပါမှ ..

“အေး .. အေး .. သားတို့ သမီးတို့ ကိုယ်တိုင်ဆုံးဖြတ်နိုင်အောင် ဘုန်းဘုန်း အကြောင်းလေး တစ်ခု ပြောပြမယ် ကဲ .. ကဲ ထိုင်တတ်သလို ထိုင်ကြ”
ညီညီဝေထွန်း၊ ယမင်းရွှေစင်၊ စည်သူထွေးတို့ အငယ်တွေက ရှေ့ဆုံးက နေရာယူကြပြီး ခင်မေထွန်းတို့ နီလာထွန်း၊ နွယ်နီထွန်းနှင့် ကောင်းမြတ်တို့ လူကလေးအုပ်စုက နောက်နားဆီမှာ နေရာယူကြသည်၊ သူတို့လေးတွေရဲ့မျက်နှာမှာ လမ်းမှာဆုံခဲ့သော ပြဿနာကြောင့် ထင့်၊ သုန်မှုန်မှုက မပျောက်သေး၊ ထိုအထုံးကို ဖြေနိုင်ကောင်းပါရဲ့ ..

“တစ်နေ့မှာ ပုဏ္ဏားကြီးတစ်ယောက်ဟာ ရှင်မဟာကစ္စည်း သီတင်းသုံးတဲ့ အရာမ်ကို ရောက်လာပါသတဲ့”
“အရာမ်ဆိုတာ ဘာလဲ ဘုန်းဘုန်း”
“လုပ်ပြီး ကိုညီညီက အမေးအမြန်းထူတယ်”
“ကွယ် .. မသိရင်မေးရမှာပေါ့၊ ဖြေဖို့ကလူကြီးရဲ့တာဝန် မေးပါစေ အကြီးမကြီးရယ်၊ အရာမ်ဆိုတာ ဟောဒီ ကျောင်းဝန်း ဘုရားဝန်းကိုခေါ်တာကွယ့်”
“သီတင်းသုံးတာကကော ဘုန်းဘုန်း”
“လာပြန်ပြီး မိယမင်း”
“အော် .. မေးပါစေ ကိုကောင်းရဲ့ သိချင်တာကိုး၊ သီတင်းသုံးဆိုတာ နေထိုင်တယ်လို့ ပြောတာပါပဲကွယ်၊ ရဟန်း အသုံးနှုန်းပေါ့၊ ကဲ .. ဘာမေးကြဦးမလဲ၊ မရှိရင်ဆက်ရအောင်”

“အဲဒီပုဏ္ဏားကြီးဟာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ရှင်မဟာကစ္စည်းကို လက်ညိုး ထိုးပြီး စွပ်စွဲ တော့တာပဲတဲ့ ရှင်ဂေါတမကြီးနဲ့ သူတပည့် ရဟန်းတွေဟာ ရိုင်းပြသူတွေဖြစ်တယ်လို့ သူကြားဖူးတာ၊ ကြားဖူးတဲ့အတိုင်း မှန်နေပြီလို့ ဆိုလိုက်သတဲ့၊ ဘာဖြစ်လို့လဲပုဏ္ဏားကြီးဆိုတော့ သူလိုအသက်ကြီးသူတွေကို ခရီးဦးလဲမကြိုဆို၊ နေရာလဲ မပေးပဲ မြင့်တဲ့နေရာတွေမှာ ထိုင်နေကြ သတဲ့၊ အခု သင်လဲ ကြားဖူးတဲ့အတိုင်းအတူတူပဲလို့ ပြောလိုက်ပါသတဲ့၊

ဒါနဲ့ ရှင်မဟာကစ္စည်း ထေရ်က ပုဏ္ဏားကြီးကို “အကြီးအငယ်ကို သင် ဘယ်လိုသတ်မှတ်လဲ” လို့မေးတော့ ပုဏ္ဏားကြီးက သင်နှင့်ငါ့လို အရွယ်ကွာမှုဆိုတာ အထင်အရှားကြီးပဲလို့ ဖြေပါသတဲ့၊ ဒါနဲ့ အရှင်မဟာကစ္စည်းက ငါတို့ဆရာ မြတ်စွာဘုရား ကတော့ ဟော့ဒီလို ခွဲခြားသတ်မှတ်ပြထားတယ်၊ “အကြင်သူသည် အသက်အရွယ်အားဖြင့် ရှစ်ဆယ်၊ ကိုးဆယ်၊ တစ်ရာရှိပေမယ့် အတ္တအရေးဦးစားပေးပြီး ကာမအာရုံမှာ မွေ့လျှော်နေမယ်၊ အများအကျိုးမေ့လျော့ကာ ကာမအာရုံရဲ့ ကိုက်ခဲစားမှုကို ခံနေမယ်ဆိုရင် အဲဒီ သက်ကြားအိုဟာ အသက်သာကြီးပြီး အသိမကြီးသူ လူလားမမြောက်တဲ့ အမိုက်အမဲပဲ”တဲ့၊
“နွယ်နီတို့ ကားပေါ်မှာ တွေ့ခဲ့တဲ့လူမျိုးပေါ့”

“အေး .. အေး ထားပါတော့ကွယ်၊ နောက်တစ်မျိုးက အကြင်သူကတော့ အသက်အရွယ်အားဖြင့် ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ်အရွယ်ဖြစ်ကောင်းဖြစ်မယ် ဒါပေမယ့် အများအရေးကို ဦးစားပေးပြီး ကာမအာရုံထဲမှာ မွေ့လျှော်မနေဘူး၊ အတ္တမဖက်ပဲ ကာမအာရုံရဲ့ ကိုက်ခဲမှုကိုမခံရဘူးဆိုရင် အသက်ငယ်ပေမယ့် အသိကြီးသူ လူလားရွယ်မြောက်သူလို့ ခေါ်ရမယ်တဲ့”
“သားတို့လိုပေါ့”
“ဟုတ်ဖူး ခင်မေထွန်းတို့လို”

“အေး .. အေး အားလုံးလိုပေါ့ကွယ် ဆက်ကြဦးစို့၊ အဲဒီလို တို့ဆရာမြတ်စွာဘုရားက လူကြီး လူငယ် ခွဲခြားပြပါတယ် ပုဏ္ဏားကြီး” လို့ မထေရ်ကရှင်းပြလိုက်တော့ ပုဏ္ဏားကြီးလည်း …
“အော် .. ဒီလိုဆိုရင် မြတ်စွာဘုရားရဲ့ သတ်မှတ်ပြခြင်းဟာ သင့်လျှော် တော်မှန်လှပါပေတယ်၊ ဒီအဟောအရဆိုလျှင် တပည့်တော်က အသက်သာ ကြီးပြီး အသိအကျင့်ငယ်တဲ့  လူလား မမြောက်သူဖြစ်ပြီး အရှင်ဘုရားတို့ကသာ အသက်ငယ်ပေမယ့် အသိကြွယ်တဲ့ ကြီးမြတ်သူများ ဖြစ်ကြပါတယ်ဘုရား” ဆိုပြီး အရိုသေပြုရှိခိုးကာ ပြန်သွားပါရောတဲ့ …။

အင်္ဂုတ္တရနိကာယ်မှာလာတဲ့ မြတ်စွာဘုရား ခွဲပြတဲ့ လူကြီးနှင့်လူငယ် သတ်မှတ်ချက်ပေါ့ကွယ်၊ ဒါကြောင့် သားတို့ သမီးတို့လဲ အသက်ငယ်ပေမယ့် အသိကြွယ် အကျင့်ထယ်တဲ့ ရင့်ကျက် သူလေးများ ဖြစ်ကြပါစေကွယ်။         ။

ကံထွန်းသစ် သြဂုတ် ၃၀၊ ၂၀၁၄