ယုံကြည်ကိုးကွယ်မှု မှန်ကန်ရေး
မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ သန့်သန့်ကို လက်ခံ ကိုးကွယ်ခဲ့သည် မှာနှစ်ပေါးင်း ၁၀၀၀-နီးပါး ရှိလေပြီ။ ထိုအတောအတွင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် ရောနှော၍အခြားကိုးကွယ် ယုံကြည်မှုများကိုလည်း အဆင့်နိမ့်နေရာ၌ ထား ၍ ကိုးကွယ် ယုံကြည်ခဲ့ကြ၏။ ခေတ်အဆက်ဆက် ပျောက်ပျက်သည်ဟူ၍ မရှိ ခဲ့ပေ။
အချို့ခေတ်များတွင် ဗုဒ္ဓဘာသာ ပြင်ကိုးကွယ်မှုများ ခေတ်စားသည်။
အလွန်အ ကျွံဖြစ်သည့် အခါမျိုးလည်း ရှိသည်။ ဤကိုးကွယ်မှုများမှာ အများအားဖြင့်နတ် ကိုးကွယ်မှုများ
ဖြစ်သည်။ ထိုအခါမျိုးတွင် တိုင်းပြည်အုပ်ချုပ်သော မင်းများက ထိန်းကျောင်းပေးကြရသည်။
အနော်ရထာမင်းသည် ကိုးကွယ်မှု အမှားများကို သန့်စင်အောင် ဆောင်ရွက်ပေး
သောမင်းတစ်ပါး ဖြစ်သည်။
ဘုရင့်နောင်မင်းတရား လက်ထက်တွင် နတ်ကိုးကွယ်မှုများ ထူပြောနေ၏။
ကျွဲ နွားစသည်တို့ကို သတ်၍ အရက်ဖြင့် နတ်တင်သော နတ်ပွဲကြီးများ ခေတ်စားနေ သည်။ ထို့ကြောင့်
ဘုရင့်နောင်မင်း တရားက ဤအမှုမျိုးကို မပြုလုပ်ရန် မင်းမိန့် ဖြင့် တားဆီးခဲ့သည်။
အနောက်ဘက်လွန်မင်းတရားသည် လူတို့ကို လိမ်ညာနေသော နတ်တို့ကို
နှိပ် ကွပ်၍ နတ်ရုပ်ပုံများကို စုဆောင်းပြီး လေးထပ်ကျောင်းကြီး၌ သိမ်းဆည်းထားခဲ့ သည်။
ဟံသာဝတီရောက်မင်းသည် နတ်ကွန်း နတ်နန်းများကို လူတို့အတွက် အနှောင့်
အယှက်ဖြစ်စေသည်ဟုဆိုကာ ဖျက်သိမ်းပစ်ခဲ့ ဖူးသည်။
မြန်မာမင်း အချို့တို့သည် ဤသို့သော စိတ္တဇကိုးကွယ်မှုများကို လျစ်လျူရှုမထားဘဲ
ထိန်းသိမ်း ကွပ်ကဲပေးခဲ့ကြသည်။
မြန်မာစာပေ ပညာရှင်တို့သည်လည်း မှားယွင်းသော ကိုးကွယ်မှုနှင့်
ယုံကြည်မှု များကိုစာပေဖြင့်  ရေးသားပြခဲ့ကြသည်။ စာဆိုတော် ရှင်မဟာရဋ္ဌသာရဆရာတော် က ကိုးခန်းပျို့(၄၂)၌
ဤသို့ ဖွဲ့ဆိုပြ၏။
“ သက်ခတ် ဂြိုဟ်သွား၊ ဂြိုဟ်စား ဂြိုဟ်ပျက်၊ ဓာတ်ရက် မိတ်ရန်၊
သုံးတန်ပေါ်နိစ်၊ ဂြိုဟ်အိပ်စန်းကျ၊ မူလအာဒိ၊ သိရိအဆုံး၊ ပတ်ကုံးရက်ပိုင်း၊ သင်္ချိုင်းလေးထောင့်၊
နတ်စောင့် နတ်နေ၊ ရှစ်ထွေအခါ၊ ဖီလာ ကရဏ၊ ပဉ္စတိထီ၊ ယာယီယတြာ၊ ဇာတာ အိပ်မက်၊ မပျက်မပြု၊
ထိုအစုကား၊ သိမှုတွေးဆ၊ ပညတ်မျှသာ၊ ကြောင်းရင်းရှာမူ၊ ကြမ္မာဖြင့်ချည်း၊ ဖြစ်သတည်းဟု၊
ခမည်းယုံစေ၊ စိတ်မသွေလင့်၊ သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊ နာနာလောက၊ အနန္တကို၊ ကမ္မသကာ၊ မှတ်ထင်ရာသည်၊
ယင်းသာဘူ တ၀ါဒီတည်း။ ”
သံဝေဂခန်းပျို့ကို ရေးစပ်သော စာဆိုတော်ကလည်း နက္ခတ်ကိုးကွယ်မှုအမှား
များကိုဤသို့ ရေးသားဖွဲ့ဆို ပြထားသည်။
“ အခမ်းအနား၊ နတ်ထိန်းများနှင့်၊ သောက်စားမြူးအော်၊ တကြော်ကြော်ဟစ်၊
နတ် သံပစ်၍၊ မူးယစ်မှိုင်းဝေ၊ အထွေထွေလျှင်၊ လူ့မြေနတ်ရွာ၊ နတ်မိစ္ဆာကို၊ ကယ်သာ ထင်မှတ်၊
သဘောကပ်၍၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ကံသာအရင်း၊ ပြုဖန်ဆင်း ဟု၊ ယူလျင်းအပ်စွာ၊ ယခုမှာကား၊
ချမ်းသာဆင်းရဲ၊ နတ်ခပဲသည်၊ ပေးမြဲတို့မှာ၊ ထင် မှတ်ရှာသည်၊ မိစ္ဆာယူမိယူမှားတည်း။ ”
စိန္တကျော်သူ ဦးသြကလည်း က၀ိလက္ခဏသတ်ပုံကျမ်း၌-
“ မိစ္ဆာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုန်းညီနောင်နန်း။
”-ဟူ၍ နစ်နာအောင် ရေးပြခဲ့ပေသည်။
မန်လည်ဆရာတော်ကြီးကမူ မဃဒေ၀လင်္ကာသစ်၌-
“ စနေအင်္ဂါ၊ နေ့ရက်ခါနှင့်၊ တာရာဂြိုဟ်မျိုး ၊ ကောင်းကင်မိုးက၊
ဖြစ်ကျိုးယုတ် မြတ်၊ဘယ်ပြုတတ်လိမ့်၊ နက္ခတ်ချိန်သင့်၊ ငံ့လင့်ကုန်ကြ၊ လူ့ဗာလတို့၊ ရအံ့ချက်
ချင်း၊ လက်ငင်းချမ်းသာ၊ လွန်တတ်စွာ၏။ မိစ္ဆာစွဲနေ၊ မသန်စေနှင့်၊ ” -ဟုလည်းကောင်း၊
“ ဟူးရားအလို၊ နက္ခတ်ဂြိုဟ်နှင့်၊ ထိုထိုတာရာ၊ မိုးအာကာက၊ ရောင်ဝါနွမ်းညှိုး၊
အောက်လူမျိုးအား၊ ဖြစ်ကျိုးတစိ၊ ဘယ်ပြုဘိအံ့၊ ”-ဟုလည်းကောင်း ရေးဖွဲ့ပြခဲ့သည်။
ဆရာတော်ကြီးကပင် “ သုခဒုက္ခ၊ ကြောင်းမူလကို၊ ကမ္မတရား၊ နှစ်ပါးဖြင့်သာ၊
ကျမ်း၌လာ၏၊ ” ဟု ကံသာပဓာနဖြစ်ကြောင်း ရေးသားခဲ့သည်။
ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓ၀ါဒီတို့သည် ဗုဒ္ဓဘုရား ဟောကြားသော ကံသာပဓာန
အလုပ်ဝါဒဖြင့် ကြိုးစားအားထုတ် အပ်၏။ အမိဗုဒ္ဓဘာသာကို ကျော်၍ ဒွေးတော် လွမ်းသော ယုံကြည်
ကိုးကွယ်မှုများက ရှောင်ရှားအပ်ကုန်၏။
“ အို- ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၊ ယနေ့မှစ၍-- စိတ္တဇအတွေးဓာတ်ဖြင့်
ဆည်းကပ်နေမှုများ ၊ - ယုတ္တိမဲ့စနစ်ဖြင့် ယုံကြည်နေမှုများ-ကို သင်တို့၏ စိတ်အာရုံမှ
ဖယ်ထုတ်ကြကုန်လော့။ ထေရ၀ါဒ ဗုဒ္ဓဘာသာဂုဏ် ဆောင် ထွန်းပြောင်သော ပုဂ္ဂိုလ်များဖြစ် အောင်
ကြိုးစားအားထုတ်ကြပါကုန် လော့။ ”
credit to
ရေစကြိုအရှင်ဧသိက (ထေရဝါဒ ဗုဒ္ဓဘာသာ မှ)
ရေစကြိုအရှင်ဧသိက (ထေရဝါဒ ဗုဒ္ဓဘာသာ မှ)