လူဖြစ်ရခြင်း၏ . . .တန်ဖိုး
တစ်နေ့က တိပိဋကဓရ ယောဆရာတော်ကြီးရဲ့
တရားတစ်ပုဒ်ကို နာလိုက်မိတော့ ကိုယ်မသိ တာလေး သွားပြီးတွေ့ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက
မင်္ဂလာတရား (၃၈) ပါးထဲမှာ “ကာလေန ဓမ္မသာကစ္ဆာ” သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို နာကြားရမယ်၊
ဆွေးနွေးရမယ်လို့ ဆိုခဲ့ပေတာပေါ့။
အဲဒီနေ့က ယောဆရာတော်ရဲ့
တရားထဲမှာ ထူးထူးခြားခြား မှတ်သားမိလိုက်တာကတော့ လူ့ဘ၀မှာ လူတွေခံစားရတဲ့ စည်းစိမ်ဥစ္စာ၊
ဂုဏ်ပကာသနတွေဆိုတာ မထူးဆန်းပါဘူး။ နတ်တွေ၊ ဗြဟ္မာတွေမှာလည်း ဒီလိုစည်းစိမ်ဥစ္စာတွေ ဂုဏ်တွေဆိုတာ
လူတွေရတဲ့ စည်းစိမ်ထက် အများကြီး သာပါတယ်။ အဲဒီစည်းစိမ်ကြောင့် ခံစားရတဲ့ ကာမဂုဏ်ချမ်းသာဆိုတာလည်း
မထူးဆန်းပါဘူး။ ဒီ့ပြင် ဘုံဌာနတွေမှာလည်း သူတို့အဆင့်အတန်းနဲ့သူတို့ ဒီလိုချမ်းသာတွေဟာ
ရှိကြတာချည်းပါပဲ။ လူတွေထက် ကာမဂုဏ်စည်းစိမ် ပိုပြီးအဆင့်မြင့်မြင့် ခံစားရတဲ့ ဘုံတွေတောင်မှ
ရှိပါသေးတယ်။ ဒါဖြင့် လူတွေက အခြားဘုံဌာနတွေထက် ပိုပြီးထူးခြားကောင်းမွန်တဲ့ အရသာ ဘာများရှိပါသေးလဲ
လို့ ဆန်းစစ်ကြည့်လိုက်တော့ တစ်ခုပဲရှိပါသတဲ့။ ဒါက ဘာလဲဆိုတော့ “ကုသိုလ်” ပြုနိုင်တာပါပဲ။
တခြားအဆင့်မြင့်တဲ့ နတ်ဘုံ၊
ဗြဟ္မာဘုံတွေမှာ ဒီလိုကုသိုလ်ပြုနိုင်ခွင့် မရှိတာကတော့ လူ့ဘုံကို မမီနိုင်တော့ပါဘူး။
“ကုသိုလ်” ဆိုတော့ ကောင်းမှုပေါ့လေ။ အဲဒီလို ကောင်းမှုပြုခွင့်ရတဲ့ လူ့ဘုံဟာ ၃၁ ဘုံမှာ
အမြတ်ဆုံးပါပဲ။ ဒါနကုသိုလ်လည်း ပြုနိုင်တယ်။ သီလကုသိုလ်လည်း ပြုနိုင်တယ်။ ဘာဝနာကုသိုလ်လည်း
ပြုနိုင်တာမို့ လူ့ဘ၀ကို ရလာခြင်းက အရတော်တယ်လို့ဆို နိုင်ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်
သက်တော်ထင်ရှားရှိစဉ်က အထက်ဘုံက သိကြားမင်းအပါအ၀င် သူတော်ကောင်းနတ်တွေဟာ လူ့ပြည်ကိုဆင်းပြီး
ကောင်းမှုပြုကြရပါတယ်။ ဒါနလည်းပြုပါတယ်။ သီလလည်းပြုပါတယ်။ ဘာဝနာတရားတွေလည်း နာကြရပါတယ်။
ဒီတော့မှသာသူ တို့ခမျာလည်း ကျွတ်တမ်းဝင်နိုင်ကြရပါတယ်။
ဒါလေးတစ်ခုကို သတိပြုမိလိုက်တော့
ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာ ပဓာန မဟုတ်တော့ ဘူးဆိုတာ ချက်ချင်းပဲ သဘောပေါက်လိုက်မိပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဆင်းရဲတယ်လို့ထင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို ငဲ့ကြည့်လိုက်တဲ့အခါ ကိုယ့်ထက်ဆင်းရဲတဲ့သူတွေ
တစ်ပုံကြီး တွေ့လာရ ပါတယ်။
တခြားမကြည့်ပါနဲ့။ ကိုယ့်အိမ်မှာမွေးထားတဲ့
ခွေးကလေး၊ ကြောင်ကလေးတွေတောင် ကိုယ်ကျွေး မှပဲ စားရရှာတာပါ။ တစ်ခါတလေ သူကကျွေးမလိုလို
ကိုယ်ကကျွေးမလိုလိုနဲ့ မကျွေးမိတဲ့အခါများ ဆာလွန်းလို့ တညောင်ညောင်နဲ့ အမြီးကလေးတနန့်နဲ့
မျှော်လိုက်ကြရတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်း ကဆို မိုးတွေကလည်း အဆက်မပြတ်ရွာနေတော့
အိမ်ထဲမှာပဲ ကုပ်နေရင်းက မိုးရွာထဲကို မျှော်ကြည့်လိုက်မိတယ်။ သစ်ပင်တွေပေါ်မှာ ငှက်ကလေးတွေ
မိုးရေတွေနဲ့ တုတ်တုတ်ရွှဲလို့ ခမျာများ ဒီအချိန်ဘယ်မှာသွားပြီး အစာရှာနိုင်မှာလဲ။ မဟုတ်ပါဘူးဆိုပြီး
တိုင်ကလေးတစ်ခုပေါ်ကို သစ်သားပြားလေးတစ်ခုတင် သံနဲ့ရိုက်ပြီးမှ အိမ်မှာကျန်တဲ့ ထမင်းကြမ်းခဲလေး
သွားတင်ထားလိုက်တော့ ထင်တဲ့အတိုင်းပါပဲ။ ဆင်းဆင်းလာပြီး စားလိုက်ကြတာလေ။ ဒီတော့မှ ကိုယ့်မှာလည်း
မထင်မှတ်ဘဲ ဒါနကုသိုလ်တစ်ခုတော့ ပြုခွင့်ရလိုက်ပြီရယ်လို့ ကြည်နူးဝမ်းသာ ဖြစ်ရပါတော့တယ်။
အမှန်တွေးကြည့်ရင် ကိုယ်နေတဲ့လူ့ဘ၀မှာ
ကုသိုလ်ပြုခွင့်တွေ အများကြီးမှအများကြီး။ ကျွန်တော်ဆို ခရီးသွားတိုင်း နေရာလေးတစ်ခု
ကားပေါ်မှာရတယ်ဆိုရင်ပဲ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေ၊ ရဟန်းတွေ၊ သီလရှင်တွေ ကားပေါ်တက်လာတဲ့အခါ
အရှင်ဘုရား ဒီကိုကြွပါ။ အမေ ဒီမှာလာထိုင်ပါ။ အဘ ဒီမှာနေရာရှိပါတယ်နဲ့ အဲဒီလို နေရာကလေး
လှူလိုက်ရတာကပဲ ခရီးသွားရင်း ကုသိုလ်ရနေခဲ့တာပါ။ အရမ်းကျပ်လို့ နောက်တက်တဲ့ခရီးသည်
နေရာမရရင်လည်း ကိုယ်က သူထိုင်သာအောင် ကိုယ်ကိုကျုံ့ပေးလိုက်မိတာချည်းပါပဲ။ ဒါပေမဲ့
လူတိုင်းတော့ ကိုယ့်လိုမဟုတ်ဘူးပေါ့လေ။
တချို့ဆို အစ်မကြီး နည်းနည်းလောက်
တိုးပေးပါဆိုလည်း မကြားချင်ယောင်ဆောင်ပြီး တမင်ကို နေရာမပေးချင်လို့ ဖြဲကားပြီး ထိုင်နေကြသူတွေလည်း
မကြာခဏဆိုသလို တွေ့မိပါရဲ့၊ တွေ့တိုင်းလည်း သြော် အချိန်တိုခရီးလေး တစ်ခုအတွင်းမှာတောင်
ခဏထိုင်ရတဲ့ နေရာကလေးကို တွန့်တိုလိုက်ကြတာ။ ဘယ့်နှယ်များ ဒီလူတွေ လူ့ပြည်လာပြီး လူ့ဘ၀ရဲ့တန်ဖိုးကို
ရနိုင်ကြပါ့မလဲလို့ တွေးမိပြီး သနားစိတ်ပေါ်မိပါတယ်။
ကျွန်တော် ဒီရပ်ကွက်ကို
ပြောင်းလာခါစက ငါနေ့တိုင်း ကုသိုလ်ရအောင် ဘာများလုပ်ရရင် ကောင်းမလဲတွေးပြီး ပထမဆုံး
အရိပ်ရအောင် အိမ်ရှေ့မှာ ဗာဒံပင်လေးတစ်ပင် စိုက်ပါတယ်။ အင်မတန် အကြီးမြန်တဲ့ အပင်မျိုးပါ။
ဖြစ်လာပြီဆိုရင်လည်း အရွက်တွေက ပြန့်ကားပြီး အရိပ်လည်း အင်မတန်ကောင်းတဲ့ အပင်မျိုးပါ။
သိပ်မကြာပါဘူး အပင်ကလေးဖြစ်လာတော့ ဈေးထဲသွား ရေအိုးရေခွက်အဖုံးနဲ့ အုပ်ဆောင်းကလေးတစ်ခုပါ
ဝယ်လာပြီး ရေအိုးစင်ကလေး တည်လိုက်ပါတယ်။ သွားရင်းလာရင်း ရေဆာတဲ့လူတွေ သောက်ရအောင်လို့ပါ။
ပထမတည်တဲ့ အိုးကလေးက သေးတော့ နွေဘက်ဆို တစ်နေ့နှစ်ခါ ထည့်ရပါတယ်။ ဒါကြောင့် အိုးကြီးကြီးဝယ်ပြီး
ထည့်ထားလိုက်တော့ တစ်ရက်တစ်ခါပဲ ထည့်ရပါတယ်။ ဒါလည်း ကုသိုလ်ပါပဲ။ ခုလို မိုးတွင်း ဆိုတော့
ရေကသိပ်မကုန်တော့ပါဘူး။ ဒါပေမဲ့ သောက်တဲ့သူတော့ ရှိပါတယ်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က
ဒါကိုကြည့်ပြီး “ခင်ဗျားကတော့ မိုးတွေရွာနေလည်း ကုသိုလ် ကတော့ ရနေတာပဲ” လို့ ချီးကျူးစကား
ဆိုပါတယ်။ ပြောချင်တာက ကုသိုလ်ယူတတ်ရင် မရှားဘူး ဆိုတာ ပြောချင်တာပါ။
ကျွန်တော်မှတ်ဖူးသလောက်
လယ်တီဆရာတော်ကြီးက ကျောင်းတိုက်ကြီး တွေမှာ သီတင်းသုံးစဉ် အခါကတည်းက မနက်စောစောထပြီး
ကျောင်းတိုက်ထဲမှာရှိတဲ့ ရေအိုးမှန်သမျှ ရေဖြည့်ပြီး ကုသိုလ်ယူလေ့ ရှိပါတယ်။ ကုဋီတောင်
မချန်ပါဘူး။ ဒီလိုလုပ်လို့ သူ့ကိုယ်သူ သိမ်ငယ်တယ် ရယ်လို့လည်း မတွေးပါဘူး။ အခြားကိုယ်တော်တွေက
အမြင်မကောင်းဘူးထင်လို့ မလုပ်ပါနဲ့ ပြောရင်လည်း “ကုသိုလ်ယူနေတာပါ” လို့ပြောပြီး လုပ်မြဲလုပ်တာပါပဲ။
အမှန်ပြောရင် ကိုယ်က မသွားဘဲနဲ့
တဖြည်းဖြည်း နီးလာတာက သေခြင်းတရားပါ။ မသေခင် ကိုယ့်နောက်ပါမှာကို လုပ်ကြရမှာပါ။ စည်းစိမ်ဥစ္စာဆိုတာ
သေရင်ထားခဲ့ရတာချည်းပါပဲ။ ရာထူး ဂုဏ်သိန် ဆိုတာကတော့ မသေခင်တောင်မှ ထားခဲ့ရမှာပါ။ ကိုယ်ပိုင်ဥစ္စာ
မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အင်မတန်ခင်တဲ့ အဒေါ်ကြီးတစ်ယောက်ဟာ သူမသေခင်မှာ ဥစ္စာစီးပွားတွေ
ရှာလိုက်တာ ဒေါင်းတောက်နေတာပါပဲ။ ဥစ္စာပစ္စည်းတွေ ရတော့်လည်း သူ့တစ်ကိုယ်လုံး ဆင်ထားလိုက်တာ
ညွတ်နေတာပဲ။ သူကွယ်လွန်တော့ ကျွန်တော် အသုဘရှု ရောက်သွားပါတယ်။ ခမျာ စောင်စုတ်ကလေးအုပ်ပြီး
လူလယ်ကောင်မှာ ဆန့်ဆန့်ကလေးပါ။ ၀တ်ထားတဲ့ ပစ္စည်း ဥစ္စာတွေကတော့ သူ့ကိုယ်ပေါ်မှာ တစ်ခုတောင်မှ
မရှိတော့ပါဘူး။ နားကပ်တောင် သမီးတွေက ချွတ်ယူထားလိုက်ပါတယ်။ အတော်တရားကျစရာကောင်းတဲ့
အဖြစ်ပါ။
တကယ့်တကယ်တော့ ဒါန၊ သီလ၊
ဘာဝနာဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကသာ ကိုယ့်နောက်ပါ တာပါ။ တစ်နေ့တစ်နေ့ ကိုယ်ပြုတဲ့ ကုသိုလ်ကသာလျှင်
သံသရာအဆက်ဆက် ဘ၀အဆက်ဆက် လိုက်ပြီး အကျိုးပေးမှာပါ။ ဒါကိုသိတော့ လူ့ဘ၀ကိုရလာတဲ့ တန်ဖိုးဆိုတာ
ကုသိုလ်ရှာခွင့်ရတာပဲလို့ ယောဆရာတော် ဟောပြတာဟာ အမှန်ကို ဟုတ်နေတာပါပဲ။ သွားရင်းလာရင်း
လုပ်ရင်းကိုင်ရင်း စေတနာထားပြီး ကုသိုလ်ရနိုင်မယ့် အခွင့်အရေးလေးတွေကို လက်လွတ်မခံဘဲ
လုပ်သွားကြရင် သိန်းနဲ့သောင်းနဲ့ချီပြီး လှူ တာထက်ပိုပြီး ကုသိုလ်ရနိုင်ပါတယ်။
ဒါကလည်း တမင်အဆန်းထွင်ပြီး ပြောတာ မဟုတ်ပါဘူး။ ညောင်ပင်ကြီးလောက်လှူပေမယ့်
ညောင်စေ့လောက်တောင်မှ မရတဲ့ အလှူမျိုးတွေလည်း ရှိတတ်တော့ ကိုယ်နေ့စဉ်ပြုတဲ့ ကုသိုလ်
လေးတွေကိုလည်း ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးဘဲ လူ့ဘ၀ရခိုက် ကုသိုလ်လုပ်ဖို့မမေ့ဘဲ
ကုသိုလ်ယူကြစမ်းပါလို့ တိုက်တွန်းချင်မိတာပါပဲ။
ဘစံကောက်
by www.news-eleven.com