လူနှင့် စကားလုံးအက်စစ်များ
လူမျိုးတိုင်းမှာ တစ်ယောက်နှင့်
တစ်ယောက် ပြောဆိုဆက်ဆံနိုင်ရန် ဘာသာစကားရှိသည်။ စာပေရှိသည်။ အမူအရာရှိသည်။ ဘာသာလူမျိုးတူသူက
မိရိုးဖလာ ဘာသာစကားကို အသုံးပြုသလို မတူသူကလည်း နိုင်ငံတကာသုံး ဘာသာစကားကိုသုံးမည်။
သို့မဟုတ် အများနားလည်အောင် အမူအရာနှင့် သရုပ်ဆောင်မည်။
သို့သော် မိရိုးဖလာစကားဖြစ်စေ၊
နိုင်ငံတကာသုံး ဘာသာဗေဒဖြစ်စေ၊ အမူအရာဖြစ်စေ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်ဆံသည့်အခါ
မိမိကြောင့် တစ်စုံတစ်ယောက်ကို (သို့) အများပြည်သူ အနှောင့်အယှက်မဖြစ်ဖို့၊ စိတ်နာစရာမဖြစ်ဖို့
သတိထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူ့လောကတွင် အများဆုံးမှားရန် ဖွင့်ဆိုသောအရာသည်
“နှုတ်ခမ်း” ဖြစ်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့် “ဆိတ်ဆိတ်နေပါ သို့မဟုတ် ဆိတ်ဆိတ်နေခြင်းထက်ပိုပြီး
တန်ဖိုးရှိသော စကားကိုဆိုပါ” ဟု ပိုက်သာဂိုးရပ်စ်က ဆိုခဲ့ခြင်းဖြစ်သည်။
လျှာဟူသည် သုံးလက်မသာရှည်၏။ သို့သော်
အရပ်ခြောက်ပေရှိသော လူတစ်ယောက်ကို သေအောင် ဖန်တီးနိုင်သည်။
(ဂျပန်စကားပုံ)
လူတွေမှာ ခံစားမှု အမျိုးမျိုးရှိသလို
အိုင်ဒီယာ အမျိုးမျိုးလည်း ရှိသည်။ တစ်ခါတစ်ရံ တစ်ယောက်၏ခံစားမှုကို တစ်ယောက်က သဘောမပေါက်သောအခါ
ပြဿနာဖြစ်ရသည်။ သူငယ်ချင်းအချင်းချင်း တစ်ယောက်က ပေါ့ပေါ့ပါးပါး နောက်ပြောင်ကျီစယ်
လိုက်သော်လည်း တစ်ဖက်က အသည်းစွဲအောင် နာကြည်းသွားတတ်သည်။ မကြာမီက ကျွန်တော် ကြုံလိုက်ရသော
အဖြစ်အပျက်ကလေးက စိတ်မကောင်းစရာ။ သင်ခန်းစာယူစရာပင်။ အရင်းနှီးဆုံး သူငယ်ချင်း နှစ်ယောက်၏
ပေါက်ကွဲမှုပင် ဖြစ်သည်။
ထိုနေ့က ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးမှာ
လူစုံသည်။ တစ်ယောက်က စက်ဘီးစီးလာရင်း ကလေးတစ်ယောက်ကို ရှောင်လိုက်ရာမှ ဆိုင်ရှေ့မှာ
စက်ဘီးလဲသွားသည်။ ထိုအခါ ဆိုင်ထဲမှ သူငယ်ချင်း တစ်ယောက်ကထွက်ပြီး သူငယ်ချင်းကို ဆွဲထူကာ
“ဥုံဖွ၊ ဥုံဖွ” ဟု နောက်ပြောင် လိုက်၏။ ထို့ကြောင့် စက်ဘီးလဲသူက မကျေမနပ်ဖြစ်သွားပြီး
စကားများကြသည်။ နောက်ဆုံး ဇာတ်ပေါင်းသော် ငယ်စဉ်ကတည်းက ပေါင်းသင်းခဲ့သော သူငယ်ချင်းနှစ်ယောက်၏
ဇာတ်ပေါင်း ခန်းက အငြိုးအတေးများနှင့် မလှပတော့ပေ။ ထိုဖြစ်စဉ်လေးတွင် “ဥုံဖွ” ဟု ပြောသူကလည်း
နစ်နာစေလိုသည့် သဘောမပါ။ သူငယ်ချင်းမို့ နောက်ပြောင်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော်
စက်ဘီးလဲကျသူက လူအများရှေ့မှာ ဖြစ်သောကြာင့် “အရှက်ခွဲသည်” ဟု ယူဆကာ မူလတန်းကတည်းက
၁ဝ တန်းအောင်သည်အထိ လက်တွဲခဲ့သော သူငယ်ချင်းနှစ်ယောက်အကြား စကားတစ်ခွန်းကြောင့် အနာတရနှင့်
ရန်သူလိုဖြစ်သွား ခဲ့ရသည်မှာ ကြေကွဲစရာ ကောင်းလွန်းလှသည်။
ကျွန်တော့်မှာ အရွယ်မရောက်သေးသော
သားလေးတစ်ယောက်ရှိသည်။ ထို့ကြောင့် ငယ်စဉ် ကတည်းက အစစအရာရာအတွက် ဆုံးမသွန်သင်ရသည်။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖြစ်သော ငါးပါးသီလကို မြဲအောင် ပုံတိုပတ်စလေးများနှင့်
ပြောပြတည့်မတ် ပေးရသည်။ ဘုရားရှင်လက်ထက်က အဖြစ်အပျက်များ၊ မြန်မာရာဇဝင်မှ မှတ်တမ်းမှတ်ရာလေးများကို
ကိုးကားကာ နားလည်လွယ်အောင် သင်ရသည်။ အထူးသဖြင့် မထင်မှတ်သော မဆင်မခြင် ပြောလိုက်သည့်
စကားတစ်ခွန်းကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ခဲ့ရသည့် အကြောင်းကိုလည်း သားကိုပြောပြဖြစ်သည်။
“ပုဂံတွင် နရသီဟပတေ့မင်း အုပ်စိုးစဉ်က
ဖြစ်သည်။ မင်းကြီးမှာ မိဖုရားကြီးအပြင် တခြားမိဖုရားငယ်များ ဖြစ်သည့် စောလုံ၊ စောနန်း၊
ရှင်ပါး၊ ရှင်မောက်နှင့် ရှင်ရွှေတို့လည်း ရှိသည်။ ထိုမိဖုရားငယ် ငါးပါးထဲတွင် မင်းကြီးအချစ်ဆုံးနှင့်
အစွဲလမ်းဆုံးမှာ စောလုံ ဖြစ်သည်။
ဒီလိုနှင့် နွေကာလတစ်ရက်တွင်
မင်းကြီးမှာ မိဖုရား၊ မောင်းမများနှင့် ရေကစားရန်နှင့် မိဖုရားစောလုံကို ကျီစယ်ရန်
အစီအစဉ်တစ်ခု လုပ်ထား၏။ ထိုအစီအစဉ်မှာ ရေကစားသည့်နေ့တွင် မင်းကြီးစီစဉ်ထားသည့်အတိုင်း
မောင်းမငယ် တစ်ယောက်က စောလုံကို တစ်ကိုယ်လုံးရွှဲအောင် ရေလောင်းလိုက်လေသည်။ ထို့ကြောင့်
မင်းကြီးက သဘောကျသွားသော်လည်း စောလုံက မကျေမနပ် ဖြစ်သွားခဲ့၏။ ထိုအစီအစဉ်မှာ မင်းကြီး၏
အစီအစဉ်မှန်း သိသွားသောအခါ မင်းကြီးကို စိတ်ထဲမှ နာကြည်းသွားခဲ့လေသည်။ ထို့အတူ လက်တုံ့ပြန်ရန်လည်း
စိတ်ကူးထားခဲ့၏။
ထို့ကြောင့် စောလုံသည် အချိန်အခါကို
စောင့်ရင်းနေ့စဉ် မိဖုရားငါးပါး စားတော်ဆက်ရသည့် အစီအစဉ်တွင် အခွင့်အရေး တစ်ခုကို အသုံးချလိုက်၏။
သူ့အစီအစဉ်မှာ မိမိစားတော် ဆက်ရမည့်နေ့တွင် “နေမကောင်း” ဟု ဆိုကာ “ရှင်မောက်” ကို မိမိကိုယ်စား
ဆက်ခိုင်းလိုက်၏။ ထိုစဉ်မင်းကြီးသည် နန်းတော်အောက်မှ ခွေး၏ချေသံကိုကြားကာ “နိမိတ်မကောင်း”
ဟု ယူဆပြီး စားတော်ကို ခွေးအားချကျွေးရာ စားပြီးပြီးချင်း ခွေးသေသွားလေသည်။ ထို့ကြောင့်
အဖြစ်မှန်ကို ဖော်ထုတ်စစ်ဆေးသောအခါ စောလုံက မကျေမနပ်ဖြင့် အမှန်ကို ဝန်ခံပြောလိုက်၏။
“ဟယ်..ပန်းပွတ်သည် မြေး၊ နင့်ကို
ငါ လုပ်ကျွေးပြုစု၍ ငါ့ကိုနင် သူကောင်းပြု၏။ ဤသို့သောကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ
မောင်းမငယ်ကို နှုတ်ထည့်ပြီး အများတကာရှေ့တွင် အဝတ်အစား ဦးဆံစွတ်အောင် ရေနှင့်ပက်သောကြောင့်
နင့်ကို ငါ နှလုံးထောင့်၍ ကြံသည်”
စောလုံ၏စကားများတွင် မလေးမခန့်သံပါသလို
“ပန်းပွတ်သည်မြေး” ဆိုသည့် စကားက အမျိုးအနွယ်နှင့် ဆိုင်သဖြင့် မင်းကြီး၏နှလုံးကို
ထိသည်။ ထိုစကားတစ်ခွန်းကြောင့်ပင် စောလုံသေဒဏ်ပေးခြင်း ခံလိုက်ရလေသည်။
ထိုဖြစ်စဉ်လေးကို ကျွန်တော် ရိုးရိုးလေး
စဉ်းစားကြည့်သည်။ စောလုံသေရခြင်းမှာ နားလည်မှုလွဲခြင်းနှင့် စကားကို မဆင်မခြင် ပြောလိုက်ခြင်းကြောင့်
ဖြစ်သည်။ ရေရွှဲရွှဲ အလောင်းခံရခြင်းသည် ပြဿနာ မဟုတ်ပေ။ သို့သော် စောလုံက အရှက်ရပြီး
ဘုရင်ကို လုပ်ကြံသည်။ သို့သော် ဘုရင်က လွတ်မြောက်သွားပြီး စောလုံအသက် အသတ်ခံလိုက်ရခြင်းမှာ
မဆင်မခြင် ပြောလိုက်သော စကားကြောင့်ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့မှာ
ပတ်ဝန်းကျင်ရှိသည်။ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမများရှိသည်။ သူငယ်ချင်းရှိသည်။ ဆရာသမားရှိသည်။
လက်အောက်ငယ်သား ရှိသည်။ ရဟန်းသံဃာရှိသည်။ အားလုံးနှင့် ဆက်ဆံရသည်။ မိမိ၏ စကားတစ်ခွန်းကြောင့်
မည်သူမျှ စိတ်အနှောင့်အယှက် မဖြစ်ဖို့လိုသည်။ “ယောဆရာတော်ကြီး” မိန့်မှာသလို “သတိက
မိမိကို လုံခြုံစေပြီး မေတ္တာက သူတစ်ပါးကို လုံခြုံစေရင်း မိမိကိုယ်ပါ လုံခြုံသွားသည်”
ဆိုသောစကားကို နှလုံးသွင်းရင်း အပြောအဆို အနေအထိုင် အစစအရာရာ သတိလေးနှင့် ဆင်ခြင်ဖို့သာလိုသည်။
အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ ပြောပြီးသည်နှင့်
မှတ်တမ်းဖြစ်သွားမည်သာ ဖြစ်၏။ ထို့ကြောင့် မိမိ၏ဂုဏ်သိက္ခာအတွက် မိမိ၏ နှုတ်ထွက်စကားသည်
ပန်းတစ်ပွင့်ဖြစ်စေမည်လား၊ အဆိပ်တစ်ခွက် ဖြစ်စေမည်လား၊ မိမိ၏ဥာဏ်လေးဖြင့် အသုံးချဖို့ပင်ဖြစ်သည်။
Written
by: မောင်မိုးဦး
http://www.news-eleven.com