Thursday, September 11, 2014

ဝါဝါမြင်တိုင်း ရွှေစစ်လို့ မထင်သူ


ဝါဝါမြင်တိုင်း ရွှေစစ်လို့ မထင်သူ

  လောကီလူသားတွေ သီလညစ်နွမ်းပြီးဖြစ်တဲ့ အကုသိုလ်သည် လယ်ကွက်ထဲ၌ရှိသော ရွှံ့ဗွက် လူးတာနှင့်တူ၏။ ပုထုဇဉ်ရဟန်း သီလညစ်နွမ်းပြီးဖြစ်တဲ့ အကုသိုလ်သည် လယ်ကွက်ထဲ၌ရှိသော ရွှံ့ရေလူးတာနှင့်တူ၏။ လယ်ကွက်ထဲကပေလာသော ရွှံ့ဗွက်ကို ရွှံ့ရေနှင့်ဆေးလို့ပင်ရသေး၏။ ဤမျှပင် ရဟန်းဒုဿီလအဖြစ်နှင့်လူတို့ ဒုဿီလအဖြစ်တို့သည် ကွာခြားပေ၏။ (မိလိန္ဒပညှာ)

တစ်နေ့ ဒကာတစ်ယောက် လာရောက်လျှောက်ထားတယ်။ ရဟန်းသာမဏေတို့၏ နေပုံထိုင်ပုံကို ဘာ တွေ မြင်ခဲ့သည်မသိ ''အရှင်ဘုရားတဲ့။ ဝါဝါမြင်တိုင်း ရွှေစစ်လို့မထင်လိုက်ပါနဲ့ ဆိုတဲ့စကား သိပ်မှန်တယ် ဘုရား။ အဲဒီလိုပဲ အခုလည်း ''ဝါဝါမြင်တိုင်း ရဟန်းသံဃာအစစ်လို့ မထင်လိုက်ပါနဲ့ ပြောရမလိုဖြစ်နေပြီ''တဲ့။ တပည့်တော်က ''ဝါဝါမြင်တိုင်း ရှိခိုးတာမဟုတ်ဘူး ရှိခိုးသင့်မှ ရှိခိုးတာ ဘုရား''တဲ့။

ဒါဖြင့် ဒကာကြီးက ဘယ်လိုမှရှိခိုးချင်တာလဲ။ ''ကိုယ်နဲ့ အလွမ်းသင့်မှလား''လို့ မေးလိုက်တော့ တချို့ဘုန်းကြီးတွေက...ဆိုပြီး သူပြောလိုက်တဲ့အချိန်မှာ လက်ကာပြလိုက်ပြီး ဒကာကြီး ပြောချင်တာကို သဘောပေါက်ပါတယ်။ ဘယ်အရာ မဆို အကောင်းအဆိုး ဒွန်တွဲ နေတာပါ။ ''မြတ်စွာဘုရားကိုယ်တော်တိုင်က မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ဟောခဲ့တာပါ။ အကောင်း အဆိုး ဒွန်တွဲနေတဲ့ကြားမှာ ဟိုဘက်လဲမရောက်စေနဲ့၊ ဒီဘက်လဲမရောက်စေနဲ့ အလယ်တည့် တည့်ကျအောင်နေပါ - ကျင့်ပါ -

မကောင်းကြီးဘဲလည်း မမြင်နဲ့၊ အကောင်းကြီးပဲလည်း မမြင်နဲ့
မကောင်းကြီးဘဲလည်းမြင်ရင် အကုသိုလ်ဖြစ်မယ်
အကောင်းကြီးပဲမြင်ရင် သင်ခန်းစာမရဘဲ ဖြစ်နေမယ်။
တကယ်တော့ ရှိခိုးတယ်ဆိုတာ ကိုယ့်အတွက်ပါ။ ရှိခိုးတာနဲ့ပတ်သက်လို့ ကိုယ့်အတွက်ဆိုတာ အကျယ် ရေးပါဦးမယ် (ရှိခိုးခြင်းတန်ဖိုးထည့်ရန်)။

လူဆိုတာ အမှားမကင်းကြပါဘူး။ မကင်းတဲ့အမှားကို ကင်းအောင်လုပ်ဖို့ ကြိုးစားနေကြတာပါ။ ထို့အတူ ရဟန်းဆိုတာလည်း ပုထုဇဉ်တွေလေ။ ဘယ်အမှားကင်းကြပါမလဲ။ အမှားမကင်းကြလို့ ''သိက္ခာပုဒ်တွေပညတ် ခဲ့ရတာပေါ့'' ဒကာကြီး ''တစ်နေ့တစ်နေ့ ငါးပါးသီလ ဘယ်နှစ်ပါး လုံခြုံပါသလဲ။''
''အရှင်ဘုရား။ တပည့်တော်တို့က အိမ်မှာနေတဲ့ပုထုဇဉ်လူသားတွေဆိုတော့ ငါးပါးသီလလုံဖို့ မလွယ်ပါ ဘူးဘုရား၊ ကိုယ်ကသာ သီလမလုံခြုံတာ ကိုယ်ကိုးကွယ်တဲ့ဆရာကိုတော့ သီလ လုံခြုံစေချင်ပါတယ်ဘုရား''တဲ့။

“အင်း ဒကာကြီးက ငါကျ လုပ်ချင်ရာလုပ်မယ်။ ငါတို့က လှူရတာ၊ ထောက်ပံ့ရတာ ငါတို့ အကြိုက်နေရ မယ်ဆိုတဲ့ကိန်း ဆိုက်မနေဘူးလား။ ငါ့အကြိုက်မနေရင် မလှူဘူး မရှိခိုးဘူးဆိုတဲ့ သဘောပေါ့။ ဒကာကြီး ရဟန်းသံဃာတော်များ စောင့်ရှောက်ရတဲ့ ''သီလဘယ်လောက်ရှိတယ်လို့ ကြားဖူးလဲ''
''၂၂၇-ပါးပါဘုရား''
ရဟန်းတော်၊ သံဃာတော်များ သိက္ခာပုဒ်တစ်ရာ (၁ဝဝ)ပျက်သွားဦးတော့ ၁၂၇ပါး ကျန်ပါသေးတယ်။ ကိုယ့်ထက် အများကြီးသာတယ်လို့မှတ်ပါ။ ဒကာကြီးတို့လိုလူတွေ မှတ်သား စေဖို့ မင်းကွန်းဆရာတော်ကြီးက သံဃာတွေ ကြည်ညိုတတ်အောင် ဆုံးမပေးခဲ့ဖူးတယ်။

''သစ်ပင်လေးတွေ မကြီးထွားခင်မှာ အနှစ်ကင်းမဲ့နေတတ်တယ်။ သက်တမ်းရင့်လာရင် အလိုလို အနှစ် တည်သွားတာပဲ''လို့ ဆုံးမခဲ့ဖူးတယ်။ ထို့အတူပါပဲ ကိုရင်ငယ်၊ ဦးဇင်းငယ်လေးတွေ ငယ်စဉ်က အနှစ်မဲ့ချင်မဲ့ လိမ့်မယ်။ ကြီးလာရင် အနှစ်သာရပြည့်ဝလာပါလိမ့်မယ်။ ဒါကြောင့် သေချာစဉ်းစားစေချင်ပါတယ်။ သား သမီးတိုင်းက မိဘရင်ခွင်ထဲမှာ ယုယပိုက်ထွေးမှုနဲ့ နေချင်သလို မိဘတိုင်းကလည်း သားသမီးကို ကိုယ့်ရင် ခွင်ထဲမှာ ယုယ ပိုက်ထွေးမှုနဲ့ ထားချင်မှာပါ။

သို့ပေမယ့် ကိုရင်လေးတွေ၊ ဦးဇင်းလေးတွေ အသက် ၁ဝနှစ်၊ ၁၁ နှစ်အရွယ်နဲ့ မိဘရဲ့ ယုယပိုက်ထွေးမှုကို လိုချင်လျက်နဲ့ မရရှာဘဲ မိဝေးဖဝေးဘဝနဲ့ သာသနာ့တာဝန်ကို ထမ်းနေရ ရှာတယ်။ ပျော်လို့၊ လုပ်ချင်လို့၊ နှစ်သက်လို့မထင်ပါနဲ့။ သာသနာမှာ ဆရာတော်တစ်ပါးဖြစ်ဖို့ အလွမ်းတွေ၊ သောကတွေ၊ ဝမ်းနည်းမှုတွေ၊ ကြေကွဲမှုတွေ၊ မျက်ရည်တွေနဲ့ ရင်းခဲ့ရတာပါ။ ဒီလိုမှမလုပ်ရင်လဲ သာသနာကွယ်တော့မပေါ့။

ဒကာကြီးပြောတဲ့ ...
ဒီဝါဝါတွေရှိနေလို့ သာသနာ ဒီလောက်တည်နေတာ
ဒီဝါဝါတွေရှိနေလို့ ကုသိုလ်၊ အကုသိုလ် ခွဲခြားသိနေတာ
ဒီဝါဝါတွေရှိနေလို့ ဗုဒ္ဓအဆုံးအမတွေ ကြားနေရတာ
ဒီဝါဝါတွေရှိနေလို့ မြန်မာပြည် ငြိမ်းချမ်းနေတာ
ဒီဝါဝါတွေကပဲ ပူလောင်နေတဲ့သူတွေ မပူလောင်အောင်
မအေးချမ်းတဲ့သူတွေကို အေးချမ်းအောင် မငြိမ်းချမ်းတဲ့အရာကို ငြိမ်းချမ်းအောင်
ဗုဒ္ဓမရှိတော့တဲ့နောက်ပိုင်း ဗုဒ္ဓအဆုံးအမတွေကို လက်ဆင့်ကမ်းပြီး ဆုံးမပေးနေတာ

အဲဒီလိုဆုံးမနိုင်အောင် သာသနာ့တာဝန်ကို ထမ်းနေကြတာလေ။ နောက်ပြီး ဝါဝါလို့သုံးမယ့်အစား ''သံဃာဆိုတာက ဗုဒ္ဓဘာသာ မပီသဘူးလား။ ဒီကနေ့အထိ သာသနာ့တာဝန်ကို ဘာမျှ မထမ်းရသေးတဲ့ ဒကာ ကြီးအနေနဲ့ ပြောတော့မယ်ဆိုရင် အများကြီးစဉ်းစားပြီးမှ ပြောသင့်တယ်လို့ ထင်ပါတယ်။


ရဟန်းသံဃာ တွေဟာ ပုထုဇဉ်မို့ ကိလေသာမကင်းသေးတဲ့အတွက် အမှားဆိုတာ ရှိနေဦးမှာပါပဲ။ ကိလေသာမကင်းသေးတဲ့ ပုထုဇဉ်ရဟန်းသံဃာတွေကို ကိလေသာကင်းပြီးဖြစ်တဲ့ အရိယာပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အနေအထိုင်၊ ဣနြေ္ဒသိက္ခာနဲ့ နှိုင်းယှဉ်မကြည့်ပါနဲ့။ အဲဒီပုံစံမျိုး တွေ့ချင်လို့လည်း မဖြစ် နိုင်ဘူးဆိုတာ သတိကပ်ပြီး ဆင်ခြင်သင့်ပါတယ်။

အဓိကပြောချင်တာကတော့ ရဟန်းသံဃာတွေရဲ့ ''အားနည်းချက်တွေကို လိုက်ကြည့်ပြီး'' အကုသိုလ် ဖြစ်နေမယ့်အစား သူတစ်ပါးအပြစ်ကိုလိုက်ကြည့်ပြီး နှလုံးသွင်းတတ်တဲ့ မိမိရဲ့ အားနည်းချက်ကို သိမြင်အောင် ကြိုးစားပြီး ပြုပြင်လိုက်တာက အကျိုးရှိပါတယ်။ နောင်အခါ ဆိုရင်(သာသနာပပျောက်ရင်) သင်္ကန်းစလေး လက်မောင်းမှာ လက်ဖွဲ့ကြိုးလိုချည်ထားတဲ့ ပုဂ္ဂိုလ်ကိုတောင် ကိုးကွယ်ရပါလိမ့်မယ်။

သံဃာကိုကြည်ညိုတတ်သော အထက်တန်းစား ဗုဒ္ဓဘာသာများ ဖြစ်နိုင်ကြပါစေ။
သာသနာ့တာဝန်ကို သံဃာကပဲ ပိုသိနိုင်ပါတယ်။
- အရှင်ပညာသီရိ(မွန်ကျောင်းဆရာတော်)

Credit: TheYangonTimes