Tuesday, September 30, 2014

ရဟန်းတော်များ နေ့လွဲညစာ မစားရခြင်းအကြောင်း


ရဟန်းတော်များ နေ့လွဲညစာ မစားရခြင်းအကြောင်း 

ရဟန်းတော်များအဖို့ အစားအစာကို ဘုဉ်းပေးသုံးဆောင်တဲ့နေရာမှာ အစားအစာ အတိုင်း အတာကိုရော၊ ကိုယ့်ဝမ်းအတိုင်းအတာကိုရော သိရှိပြီးသကာလ ဘုဉ်းပေး သုံးဆောင် ရပါတယ်။ မိမိရဲ့ သပိတ်၊ ပန်းကန်ထဲကို ကုန်နိုင်သလောက်သာထည့်ပြီး ထည့်သလောက် ကုန်အောင် ဘုဉ်းပေးသုံးဆောင်ရပါတယ်။ အစားအစာကို ဆေးအဖြစ်မှတ်ယူပြီး အစာလည်းဆေး ဆေးလည်း အစာဖြစ်အောင် ဘုဉ်ပေးသုံးဆောင်ရပါတယ်။

တစ်ခါက ဘုရားရှင် ရဟန်းတော်များနှင့်အတူ တစ်နေရာကို ခရီးသွားစဉ် ဘုရားရှင်က “ရဟန်းတို့၊ နေ့လွဲညစာ မစားကြပါနဲ့၊ နေ့လွဲညစာမစားပဲ နေတာက ကျန်းမာရေးပိုကောင်းပါတယ်။ ဖျားမှု နာမှု ကင်းဝေးမယ်၊ စိတ်လန်းဆန်းမှုလည်းရရှိလာမယ်။ စွမ်းအင်တွေတိုးပွါးလာပြီး နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်လာပါလိမ့်မယ်” လို့ပြောဘူးပါတယ်။ (ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ်)

ဘုရားရှင်လက်ထက် အစောဦးကာလတွေတုန်းက ဘုရားရှင်ရဲ့ ဒီလိုနေ့လွဲညစာမစားဘို့ ဆုံးမစကားတွေကို လွယ်လွယ်ကူကူလက်ခံခဲ့ဟန်တော့ မတူပါဘူး။ မဇ္ဈိမနိကယ်၊ လဋုကိကောပမ သုတ်ထဲမှာ ညစာမစားရတာနဲ့ပတ်သက်လို့ ရှင်ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးက ဘုရားရှင်ကို ဒီလို လျှောက်ခဲ့ဘူးပါတယ်။

 “မြတ်စွာဘုရား၊ တပည့်တော်တို့တတွေဟာ အရင်တုန်းကဆိုရင် နေ့ရော ညပါ အစာအာဟာရတွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပါ။ အခု အရှင်ဘုရားက မစားနဲ့ဆိုတော့ တပည့်တော်တို့တတွေ စိတ်ဆင်းရဲမှု အင်မတန်ဖြစ်နေရပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော်တို့က အရှင်ဘုရားအပေါ်မှာ ချစ်၊ ကြောက်၊ ရိုသေခြင်းရှိကြလို့ အရှင်ဘုရားစကားကို နားထောင်ကာ ညစာ မစားကြပါဘူးဘုရား” တဲ့။ ဒီ့အပြင် ရဟန်းတော်များ ညစာစားခြင်းမှ ရှောင်ကြဉ်လိုက်လို့ ရရှိတဲ့အကျိုးတရားတွေကို ဒီလဋုကိကောပမသုတ်ထဲမှာ အကျယ်တ၀င့်ဖော်ပြထားပါတယ်။

အတော်လေး စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ဆန်ဈေး ဆီဆေးကြီးနေတဲ့ ယနေ့လို ခေတ်ကြီးမှာ ဘုရားရှင်ကသာ ရဟန်းတော်များကို ညစာမစားရ ဆိုတဲ့ ၀ိနည်းဥပဒေမထားခဲ့ဘူး ဆိုရင် (ရဟန်းတော်တွေကို ညစာစားခွင့်ပြုထားခဲ့မယ်ဆိုရင်) အရုဏ်ဆွမ်းအတွက် တစ်ခါ ဆွမ်းခံထွက်၊ နေ့ဆွမ်းအတွက် တစ်ခါ ဆွမ်းခံထွက်၊ ညဆွမ်းအတွက် တစ်ခါဆွမ်းခံ ထွက်နေရတော့ မှာပေါ့။

 ဒီလိုသာ တစ်နေ့ကို ဆွမ်းခံ သုံးခါထွက်ရမယ်ဆိုရင် ရဟန်းတော်များဘက်ကလည်း မလွယ်ကူ သလို ဆွမ်းလှူဒါန်းရမည့် ဒကာ ဒကာမများဘက်ကလည်း အင်မတန်ကြီးလေးတဲ့ တာဝန်ကြီးကို ထမ်းဆောင်ရတော့မှာပါ။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ဘုရားရှင်ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ်ကြာ ၄၅ ၀ါကြာနေပြီး အသက် ၈၀ အရွယ်မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။ ဘုရားဖြစ်ပြီး ၄၅ နှစ်ထဲမှာ ပထမနှစ် ၂၀ မှာ ၀ိနည်းသိက္ခာပုဒ်တွေကို မပညတ်ရသေးပါဘူး။ ဆိုတော့ ၀ိနည်း
စည်းကမ်းတွေ မရှိသေးဘူးပေါ့။

 ဒီတော့ကား ညစာစားလိုတဲ့ရဟန်းတော်များ ညစာ စားကြမှာပါဘဲ။ ညစာအတွက် ဆွမ်းခံ ထွက်ရမှာ သေချာပါတယ်။ ဒီလိုညစာစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ညစာအတွက် ဆွမ်းခံ ထွက်ရတဲ့ဒုက္ခတွေကို ရှင်ဥဒါယီဆိုတဲ့ရဟန်းကြီး နောက်ပိုင်းမှာ သဘောပေါက်သွားပါတယ်။ ဆွမ်းခံထွက်ရတဲ့ဒုက္ခတွေကို သူကိုယ်တိုင်တွေ့ကြုံခဲ့ရတာကိုး။ ဒါကို ဒီလဋုကိကောပမ သုတ်တော် မှာ ဒီလို မှတ်တမ်းတင်ခဲ့ပါသေးတယ်။

“အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ ရဟန်းတို့သည် ညဥ့်မှောင်မိုက်၌ ဆွမ်းခံလှည့်လည်ကြ ကုန်သည် ရှိသော် အညစ်အကြေးစွန့်ရာသို့လည်း ဝင်မိကြကုန်၏၊ ညွန်တွင်းသို့လည်း ကျကြကုန်၏၊ ဆူးရှိသော တွင်းကိုလည်း နင်းမိကြကုန်၏၊ အိပ်နေသော နွားမကိုလည်း တက်နင်းမိကြကုန်၏၊ ခိုးခဲ့ပြီးသောသူခိုး မခိုးရသေးသော သူခိုးတို့နှင့်လည်း တွေ့ဆုံမိကြကုန်၏၊ မာတုဂါမသည်မူလည်း ထိုရဟန်းကိုမေထုန် အကျင့်ဖြင့် ဖိတ်၏ 'မေထုန်ကျင့်ရန် ပြောဆို၏'။

အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ တပည့်တော်သည် ညဥ့်မှောင်မိုက်၌ ဆွမ်းအလို့ငှါ လှည့်လည်၏၊ အသျှင်ဘုရား ခွက်ဆေးကြောနေသော မိန်းမတစ်ယောက်သည် လျှပ်စစ်ပြက်သော အခိုက်၌ အကျွန်ုပ် ကို့မြင်၍ 'အမလေး ကိုယ်ကျိုးနဲပါပေါ့၊ ဘီလူးကြီးပါတကား'ဟု လန့်အော်ပါ၏။ အသျှင်ဘုရား ဤသို့လန့်အော်သော် တပည့်တော်သည် 'နှမ ငါသည် ဘီလူးမဟုတ်ပါ၊ ဆွမ်းရပ်နေသော ရဟန်းပါ' ဟု ထိုမိန်းမကို ပြောဆိုခဲ့ပါ၏၊

'ရဟန်းအား မိဘမဲ့လေယောင်တကား၊ ရဟန်းအားမိဘမဲ့လေယောင် တကား၊ ရဟန်း ထက်လှစွာသော ဓားငယ်ဖြင့် သင်၏ ဝမ်းဗိုက်ကို ထိုးဖောက်ခြင်းကမြတ်သေး၏၊ ညဥ့်မှောင်မိုက်၌ ဝမ်းဟူသောအကြောင်းကြောင့် ဆွမ်းခံလှည့်လည်ခြင်းသည် မမြတ်သည်သာတည်း' ဟု ထိုမိန်းမက ဆိုပါ၏။” (မဇ္ဈိမနိကာယ်၊ လဋုကိကောပမသုတ်၊ ပိုဒ်ရေ ၁၄၈) ဒါက ဘုရားရှင်လက်ထက်က ညစာအတွက် ဆွမ်းခံကြွဘူးတဲ့ရဟန်းတစ်ပါးရဲ့အတွေ့အကြုံကို ဖော်ပြတာပါ။

ဘုရားရှင်ကလည်း 'အကြင်ရဟန်းသည် မွန်းလွဲသောအခါ၌ ခွဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်အပြစ်သင့်စေ'' ၀ိနည်းဥပဒေ တစ်ခုကို ထုတ်ခဲ့ပါတယ်။ ၀ိနယပိဋက၊ ပါစိတ် ပါဠိတော်မှာလာတဲ့ ဒီဝိကာလဘောဇနသိက္ခာပုဒ်အကြောင်းကို အကျယ်မပြောလို တော့ပါဘူး။ ဒီနေရာမှာ ပြောလိုတာက ဘုရားရှင်က နေ့ ၁၂ နာရီမှ နောက်နေ့မနက် အရုဏ်တက်သည်အထိ အဆိုင်အခဲဖြစ်တဲ့ ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ မုန့်ဟင်းခါး၊ ကိတ်မုန့်၊ ပေါင်မုန့်စတဲ့ အစိုင်အခဲဖြစ်တဲ့ အစားအစာ (Solid Foods) တွေကိုသာ စားခွင့်မပြုတာပါ။

အပ်စပ်အောင်လုပ်ထားတဲ့ သစ်သီးဖျော်ရည်တို့ကို ဘုဉ်းပေးသုံးဆောင်ကောင်းပါတယ်။ ဒါ့အပြင် 100 Plus, Red Bull (ကျွဲရိုင်း)လို အအေးမျိုးတွေကိုလည်း ကျန်းမာရေးအရ သောက်လို့ရပါတယ်။ သီရိလင်္ကာနိုင်ငံက လက်ဖက်ခြောက်ထွက်တဲ့နိုင်ငံဆိုတော့ ညနေပိုင်း သီရိလင်္ကာဘုန်းကြီး ကျောင်း တွေကို အလည်သွားရင် လက်ဖက်ရည်တွေနဲ့ဧည့်ခံတာကို ကြုံဘူးပါတယ်။ ထိုင်း ဘုန်းကြီးတွေ ကတော့ ကော်ဖီ၊ မိုင်လိုစတာတွေကို သောက်ကောင်းတယ်လို့ ယူဆပြီး ညနေပိုင်း ဘုဉ်းပေးသုံးဆောင်လေ့ရှိပါတယ်။ နွားနို့မထည့်ရင် ညနေပိုင်း ကော်ဖီ လက်ဖက်ရည် သောက်ကောင်းပြီး နွားနို့မထည့်ရင်တော့ မသောက်ကောင်းဘူးလို့ ထိုင်းဘုန်းကြီး သီရိလင်္ကာ ဘုန်းကြီးတချို့က ပြောပြန်ပါတယ်။

 မြန်မာဘုန်းတော်ကြီးများကတော့ ကော်ဖီ လက်ဖက်ရည်တွေကို မသောက်ကောင်းဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို နို့ဆီနဲ့ ဖျော်သောက်တာကို နေရာအတော်များများမှာ တွေ့ဘူးပါတယ်။ ဒီလိုထောပတ်သီးဖျော်ရည်မျိုး၊ သင်္ဘောသီးဖျော်ရည်မျိုးကို သောက်လို့ရတယ်ဆိုရင် ကော်ဖီ လက်ဖက်ရည်လည်း သောက်လို့ရ သင့်ပါတယ်။ ဒါ့အပြင် မြန်မာပြည် အချို့ဒေသတွေမှာတော့ ကြက်သွန်သုတ်၊ ဂျင်းသုတ်တွေကို ညနေပိုင်းအချိန်တွေမှာ ရဟန်းတော်များ ဘုဉ်းပေးသုံးဆောင်ကောင်းတယ်လို့ယူဆပြီး ဆက်ကပ် လှူဒါန်း ဘုဉ်းပေးသုံးဆောင်နေတာကို တွေ့ဘူးပါတယ်။

 ခြုံကြည့်လိုက်ရင် ရဟန်းတော်များ အနေနဲ့ ကိုယ်နေနေတဲ့ဂေါစရဂါမ်ပတ်ဝန်းကျင်က ဒကာ ဒကာမတွေအလိုအတိုင်း ကျင့်သုံးနေကြတယ်လို့ထင်မိပါတယ်။ ကော်ဖီ လက်ဖက်ရည်ကို ညနေပိုင်း အချိန်မှာ ရဟန်းတော်သောက်ရင် မြန်မာဒကာ ဒကာမများက ၀ိနည်းတော်နဲ့ အညီ မနေဘူး ဆိုပြီး အထင်သေးတတ်ပါတယ်။ ဒီတော့ ညနေပိုင်းအချိန်တွေမှာ မြန်မာရဟန်းတော်များ ကော်ဖီလက်ဖက်ရည်မသောက်ကြပါဘူး။ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည် လိုဟာမျိုးတွေကို သောက်ရင်တော့ ၀ိနည်းတော်နဲ့ညီတယ်လို့ ထင်တတ်ကြပါတယ်။

ဆိုတော့ ညနေပိုင်းအချိန်တွေမျာ မြန်မာရဟန်းတော်များ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီး ဖျော်ရည်လိုဟာမျိုးတွေကို သောက်ကြပြန်ပါတယ်။ မြန်မာနိုင်ငံက ထင်ရှားတဲ့ဆရာတော်ကြီး တစ်ပါးကတော့ ညနေပိုင်း ဘိလပ်ရည် (ဟိုးတုန်းကပေါ်ခဲ့တဲ့ စိမ်းစိမ်းအရည်) ကိုတောင် ရဟန်းတော်များ ညနေပိုင်းသောက်သင့် မသောက်သင့် စဉ်းစားသင့်တယ်လို့ မိန့်ဘူးတယ်ဆိုတာကို တဆင့်စကားကြားဘူးပါတယ်။ ဘာအစားအစာကို ဘယ်အချိန်မှာပဲစားစား ဘာကြောင့်စားတယ် ဆိုတာကို သတိမူရပါမယ်။

 ရဟန်းတော်များအနေနဲ့ အစားအစာ စားတဲ့နေရာမှာ ဘုရားရှင်က ဒီလို ဆင်ခြင်ပြီး စားရမယ်လို့ မိန့်မှာခဲ့ပါတယ်။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ စေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ် ခပ်သိမ်းပြစ်ကို မဖြစ်လေအောင်၊ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း။”

ကိုးကား: လဋုကိကောပမသုတ်၊ မဇ္ဈိမနိကာယ် ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ် ၀ိနယပိဋက၊ ပါစိတ်ပါဠိတော်

BY The Express Times


Sunday, September 28, 2014

ရဟန်းနှင့် ကြာ


ရဟန်းနှင့် ကြာ

စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ရသေ့ကို ဖူးမြင်ရ၍ ထိုအခါ ငါ၏ အသက်ရှင်ခြင်းသည် အကျိုး ရှိလေစွဟု အောက်မေ့ မှတ်ထင်ခဲ့၏။
‘အရှင်ရသေ့ … အရှင့်အား အခြားပေးလှူရန် လှူဖွယ် မရှိပါ..။ အရှင့်အား ဤကြာပန်း တို့ကို လှူပါ၏။ အရှင်ရသေ့ ၏ သမ္မာသမ္ပောဓိဥာဏ် အကျိုးငှာ အရှင်နှင့် အတူ ပေါင်းဆုံ ရခြင်းဖြစ်ပါ စေကုန်’
(ယသောဓရာထေရီအပါဒါန်)

(၁)
အနန္တကျေးဇူးရှင် ဖခင်ကြီး ရုတ်တရက် ကွယ်လွန် သွားသည့်အတွက် သူ ရွာသို့ အရေးပေါ် ပြန်သွားရသည်။ ဧပြီလ (၈)ရက် အရုဏ် မတက်မီ ဟောင်ကောင် သွားရန် အားလုံး စီစဉ်ထားပြီးကာမှ ထိုခရီးစဉ်ကို အကြောင်းပြချက် မရှိဘဲ သူဖျက် သိမ်းလိုက်သည်။ ထိုနေ့ မွန်းလွဲချိန်တွင် ဖခင် ကွယ်လွန်ကြောင်း ဖုန်းဝင် လာခြင်းဖြစ် သည်။ အဖေက သားရဟန်းကို အလှမ်းမဝေးအောင် တားထား လိုက်လေသလား …။ ခမည်းတော် ကြီးဟူသော အခေါ် အဝေါ်ထက် အဖေဟု အာလုပ်ပြုတာ ကို နှစ် ခြိုက်သော အဖေ..။

ရွာဦး ဘုန်းတော်ကြီး ကျောင်းအဝင် မုခ်ဦးဝ ရေကန်သာရိုးပေါ် ရှိ အိမ်အမှတ် (၁) တွင် သူ့မိဘနှစ်ပါး နေထိုင်သည်။ အဖေ ဆောက် ထား သော ကျေးလက် အိမ်ငယ် တွင် အဖေ မရှိတော့ပြီ။ အမေက မျက်ရည် စမ်းစမ်းဖြင့် သူ့ကို ကြိုရှာ သည်။ ကိုယ်တော့် အဖေ မရှိတော့ဘူးတဲ့။ အဖေ့ မျက်နှာကို လှစ်ဟပြတော့ ပြုံးရိပ်လေး ရှိနေ သည်။ ထိုင်နေရင်း စကားပြောရင်း သံသရာ ခရီးဝေးကို ထွက်သွားခြင်း ဖြစ်သည်။ မကွယ်လွန်မီ ညက အဖေက သား ရဟန်းဟောသော တရားကို နာသည်။ သားကို အလွန်အမင်း ဂုဏ်ယူတတ် လေသည့် ဖခင်တို့၏ လေယူလေသိမ်း အတိုင်းပင် ”ငါ့သား စာတွေ တတ်လိုက်တာ”တဲ့..။

အဖေက တရား အဆုံးတွင် သာဓု အကြိမ် ကြိမ် ခေါ် သွားခဲ့ သည်ဟု ကြားရသောအခါ ရဟန်း ဆိုသည့်တိုင် စိတ်မခိုင်…။ နှမငယ် များ အဖေ့ကို တတမ်း တတ မြည်တမ်း ငိုယိုတိုင် တည်ကြသည့် အခါမှာ တော့ မျက်ရည်ဝဲ သွားရသည်။ ”ကိုယ်တော့်အဖေ က လူစိတ်ကောင်းကြီးမို့ ကောင်းရာ မွန်ရာ ရောက်မှာပါ”ဟု ပါရမီဖြည့်ဖက်ကြီး အပေါ် စိတ်ဖြေ တွေးဖြင့် စကားအေးအေး ဆိုနိုင်သည့် အမေ့ကိုသူ ကျေနပ်သွားသည်။ အဖေရှိစဉ် ကတော့ နီး တကျက်ကျက်..။ ဝေးနေကြသည့် အချိန်များ မှာတော့ အဖေက အမေ့ အကောင်း၊ အမေက အဖေ့ အကောင်း အကြောင်းစုံ ခင်းတတ်ကြသည်။ ”ဒီလောက်မြန်မြန်ကြီး ခွဲသွားမယ် မထင်လို့ ပြောမိ ဆိုမိတာပါ ကိုကျော်သန်းရယ်” တဲ့..။

ဥပုသ်စောင့်လိုက်၊ အရက်သောက်လိုက် အဖေ့အား အမေက ကရုဏာဒေါသော တတ်ခြင်း ကို ရည်ညွှန်းသည့် စကားတွင် ချိန်းဆိုမှု မရှိသော သေခြင်း တရား ၏ ခြေလှမ်းကိုပါ သံဝေဂ ယူလိုက် သေးသည်။ အမေ့မျက်နှာ မှုန်မှုန်လေးကို စာနာမိစွာ အမေ့ ပခုံးသားပျော့ အိအိလေးကို ဖွဖွ ဖိဖိ ထိကိုင်နှစ်သိမ့် ပေးမိသည်။ အမေပြောပြသော အဖေ့ အကြောင်းကို နားထောင်ရင်း အဖေ့ အချစ် တော်ရွာဦးရေကန် ကို မျှော်ငေးနေမိသည်။ အဖေက ရေကန်ထဲမှ မိုးရေစစ်စစ် ကိုမှ ရေနွေး ကျိုသောက်လေ့ ရှိသည်.။ ထိုစဉ်မှာပင် ရေကန် မျက်နှာပြင်ပေါ်ရှိ အဖြူရောင် ကြာပန်းများ လင်းလင်း ပွင့်လာသည်ကို မြင်လိုက်ရသည်။

(၂)
သာမန်ပုထုဇဉ် ဇနီးမောင်နှံ မျှသာ ဖြစ်ကြလေသော သူ့မိခင်ဖခင် တို့၏ ပေါင်းဆုံမှု တွင်ပင် အကျိုးလိုလားမှု စမ်းရေများ ဤမျှလောက် ရေစီးရေ လာ ကောင်းနေသေး လျှင် ဟူသော အတွေးကြောင့် အနှိုင်းမဲ့ ပါရမီဖြည့်ဖက် ကြီးများ ဖြစ်ခဲ့ကြဖူးလေသည့် ဗုဒ္ဓ အရှင်နှင့် ယသောဓရာ ထေရီ တို့၏ အဦးအစ တွေ့ဆုံခန်းကို စိတ်ဖြင့် ကလစ် မိသွားသည်။ ထိုပါရမီရေကန် သာတွင် ကြာပန်းဖြူဖြူများ ပွင့်နေခြင်းဖြစ်သည်။ ဒီပင်္ကရာ ဘုရားမြတ်၏ ခြေတော်ရင်း နွံဗွက် အိုင်ထဲ ဝမ်းလျား ထိုးမှောက်ကာ ခန္ဓာကိုယ် တံတား ဆောက် လှူဒါန်းနေသည့် လူချောလူလှ သုမေဓာ ရသေ့ငယ်အား ကြာငါးခိုင် ပေးဆက်နေသော သတို့သမီး သုမိတ္တာ၏ ပုံရိပ်က ဘုရားတန်ဆောင်း တိုင်း၏ နံရံဆေးရေး ပန်းချီကား များအတွက် နူးညံ့သိမ်မွေ့မှု အရှိဆုံး အနုပညာ ဘာသာရပ် တစ်ခုဖြစ်သည်။ 

 ”ဤသတို့သမီးသည် သင့် အကျိုးငှာ တူမျှသော စိတ်ရှိ သည်၊ တူမျှသော ကောင်းမှု ကံရှိသည်၊ တူမျှသော အမှုကိစ္စကို ပြုလေ့ ရှိသူဖြစ်လတ္တံ့၊ ကာယကံ၊ ဝစီကံအားဖြင့် ချစ်အပ်သူ ဖြစ်လတ္တံ့၊ ဤသတို့သမီး သည် ရှုချင် ဖွယ် ရှိသူ၊ ချစ်ဖွယ်ရှိသူ၊ စိတ်နှလုံးကို ပွားစေ တတ်သူ၊ ချစ်ဖွယ်သော စကားကို ပြောဆိုလေ့ ရှိသူဖြစ်၍ ထိုမြတ်စွာ ဘုရား၏တရားတို့၌ အမွေခံသူ တန်ခိုး ကြီးသူဖြစ်လတ္တံ့၊ အရှင်၏ ဘဏ္ဍာကြုတ် ကို အစဉ်စောင့်ရှောက် သကဲ့သို့ ဤအတူ ကုသိုလ်ကောင်းမှု တို့ကို အစဉ်စောင့် ရှောက်လတ္တံ့၊ ”ဒီပင်္ကရာ ဘုရားရှင်၏ ဗျာဒိတ် တော် စကား လုံးတိုင်းတွင် မိန်းမ တစ်ယောက်၏ တန်ဖိုးက ထင်းထင်း ပေါ်လွင်နေသည်။

ယောက်ျားမြတ်နှင့် အတူ လက်ချင်း ချိတ်ကာ လောက အတွက် ဆောင်ရွက်နိုင်စွမ်း ရှိသည့် မိန်းမမြတ်ဖြစ် ထိုက်သော အခွင့်အလမ်း ကို ညွှန်းတော်မူသည်။ ယနေ့တောင်းဆို နေသော အမျိုးသမီး အခွင့်အရေး ဟူသည် သံသရာနှင့် ကံကြမ္မာကို ယုံကြည် လက်ခံထားသော ဗုဒ္ဓဝါဒီ တို့အတွက် လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလက နွံတောတစ်ခု တွင်ပွင့်ခဲ့ပြီးသော ကြာဖြူ ဖြစ်သည်။ တူမျှသော စိတ်၊ တူမျှသော ကံ၊ တူမျှ သော အမှု ရှိသော မိန်းမ..။

ကာယကံ၊ ဝစီကံ အားဖြင့် ချစ်အပ်သော မိန်းမ..။ စိတ်အလှ ရုပ်အလှ တို့ဖြင့် စွယ်စုံ ဝင်းပနေသော စံမိန်းမ …။ ယောက်ျား တစ်ယောက် ၏ ပါရမီဖြည့်ဖက် အဖြစ် ကုသိုလ်ကောင်းမှု ကို စောင့်ရှောက်နိုင်သော မိန်းမ…။ အမှန် တကယ်တော့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ အတိုင်းအတာသည် ဘုရား ဆုပန် သုမေဓာရသေ့ငယ် လျှောက်ရမည့် သံသရာ ခရီးပေါ် က နှလုံးသွေး စွန်းသော ပါရမီလမ်းသာ ဖြစ်သည်။

သတို့သမီး သုမိတ္တာက မိန်းမသား အချစ် သက်သက်ဖြင့် အရဲကိုးကာ ပံ့ပိုးဖြည့်ဆည်း လိုခြင်း ဖြစ်သည်။ ကမ္ဘာ အသင်္ချေ စွဲမြဲ အကဲပိုလွန်းသော ပါရမီ အချစ် က လောကသားတို့ အကျိုးစီးပွား၊ လောကသားတို့ ချမ်းသာ ဟူသော ရည်သန်ချက် ကြီးမားလှသည့် ယောက်ျားမြတ် အတွက် ကူသော လက်၊ ကမ်းသော ပဝါဖြစ် လာလေသည်။ ချစ်မြတ် ကြည်ညိုသော ရှင်သုမေဓာကို မြင်နေရလျှင်ပင် သူမက အသက်ရှင်ရ ကျိုးနပ်ပါသည်တဲ့။

 သို့နှင့် သူမက ကြာငါးခိုင်ကို လှူသည်။ ကြာငါးခိုင် သည် သူမ၏ သံသရာ တစ်ခုလုံးကို ကိုယ်စားပြုလေ သည်။ ဗုဒ္ဓဘာသာဝင် တို့အတွက် ကမ္ဘာ တစ်သိန်း ဟူသော ကာလသည် မိမိတစ်ဦး တစ်ယောက် မြတ်သော သာဝက အဖြစ် ရောက်ဖို့ ပါရမီဖြည့်ရန် လုံလောက်သော အချိန်ဖြစ်သည်။ ခုတော့ သုမိတ္တာလေးက မောင့်ဘက် လိုက်ကာ လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကြာအောင် အမိုက်တွေ ကို ဝိုင်းကူ ရှင်းပေးချင်လှပြီ..။

(၃)
ကြာပန်း ဆိုသည်က နွံမှ ရုန်းထွက်ကာ နေကို ဦးတည်ရန် ကောင်းကင်ကို မျက်နှာမူရ မြဲဖြစ်သည်။ သန့်ရှင်းသော၊ ကြည်လင်သော လွတ်မြောက်သော၊ အပြစ် မရှိသော နှစ်လိုဖွယ် သော ဝိသေသန များစွာ ရနံ့ထွက်နေသည်။ သုမေဓာသည် ကြာဖြူ တစ်ပွင့်ဖြစ်သည်။ သုမိတ္တာ သည်လည်း ကြာဖြူ တစ်ပွင့်ပင် ဖြစ်သည်။။ ခုတော့ လည်း ထိုကြာဖြူဖြူ များက သံသရာနွံမှ အတူတူ ရုန်းထွက်သွားခဲ့ကြပြီ၊ သစ္စာနေဝန်း အတွက် အသက်အသွေး ပေးအပ်ခဲ့ ကြပြီ။ နိဗ္ဗာန် မိုးသားအောက်တွင် အမြိုက်ရေ ကို သောက်ခဲ့ကြ ပြီ။ ကြာဖြူ မျိုးစေ့များစွာ လောက ရေကန်ပြင်ပေါ် ကြဲပက်လိုက်သည်။ ယသောဓရာထေရီ က မိန်းမ တစ်ယောက် ၏ ခိုင်ခံ့လှသော ရဲဘော် ရဲဘက်စိတ် အမာထည်ကို ဂါထာဖွဲ့သီကာ ဗုဒ္ဓ အရှင်အား နောက်ဆုံးစကား လျှောက်ကြားခဲ့သည်။

”သုခပ္ပတ္တာနုမောဒါမိ၊ န စ ဒုက္ခေသု ဒုမ္မနာ။ သဗ္ဗတ္ထ တုလိတာ ဟောမိ၊ တုယှတ္ထာယ မဟာဝီရ။ သခင် လန်းတော့ ကျွန်မပျော်၊ ဆင်းရဲ သော်လည်း ဝမ်းမနည်း။ အရာ အားလုံးမှာ အတူတူပဲ ဖြစ်ခဲ့။ အရှင့် အတွက်သာပ သခင် ဘုရား။”  ဗုဒ္ဓအရှင် ကိုယ်တိုင်က ချီးကျူးစကား ထုတ်ဖော်ခဲ့ ရ၏။ ”ဥပကာရာစ ယာ နာရီ၊ ယာ နာရီ စ သုခေ ဒုခေ။ အတ္ထက္ခာယီ စ ယာ နာရီ၊ ယာ စ နာရီ နုကမ္ပိကာ။ (ယသောဓရာသည်) ကျေးဇူးလည်းပြုတတ်ပေ သော မိန်းမမြတ်၊ ချမ်းသာ ဆင်းရဲ သံသရာဝဲမှာ လက်တွဲ မဖြုတ် ခဲ့သော မိန်းမမြတ်၊ အကျိုးဖြစ်ရန် မှန်သာစကားကို သာဆိုပေသော မိန်းမမြတ်၊ အမြဲအစဉ်သာ စောင့်ရှောက် ရှာသော မိန်းမမြတ် ပေတည်း။”

အမှန် တကယ်တော့ သုမိတ္တာ၏ ဇွဲက သုမေဓာကို ရင်ပေါင်တန်း လိုက်သည်။ ကာလ အတိုင်းအတာ စွန့်လွှတ်နိုင်မှုကိုသာ စံချိန်ယူ ရလျှင် သုမိတ္တာ သည်ပင် ဘုရားဖြစ် ထိုက်သော သတ္တိမျိုး ရှိနေသည်။ အမျိုးသား ဘဝကို ယူ၍ ဘုရား ဆုပန်ကာ သီးခြားတစ်ဆူ ပွင့်နိုင်လောက် သော ပါရမီ လက်မျိုးကို ပိုင်ဆိုင်သူ ဖြစ်သည်။ သို့သော် မိန်းမ တစ်ယောက် သည်လည်း လောက ကို ပေးဆပ်နိုင်သည် ပဲမဟုတ်လား…။

အမေရိကန် ရင်းနှီးမြှုပ်နှံမှု သူဌေးကြီး မစ္စတာ ဝါရင်းဘတ်ဖက်က  သီးခြားဖောင်ဒေးရှင်း ထူထောင်နိုင်သော်လည်း မစ္စတာ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ၏ ဂိတ်ဖောင်ဒေး ရှင်း တွင် အလှူငွေ များစွာ ပူးပေါင်း ပါဝင်လိုက်သော သတင်းကို ဖတ်ရသည့်အခါ သုမိတ္တာကို သတိရမိသည်။ ဘယ်လောက်များ အတ္တနည်း လိုက်ပါသ လဲ။ လောက အကျိုး သယ်ပိုးရန်အတွက်ဆို ဖောင်ဒေး ရှင်းတွေ အများကြီး မလို…။ မေတ္တာတရားဖြင့် ခွန်အား ရှိသူချင်း ပေါင်းစည်း လိုက်ရုံ…။ လောက ချမ်းသာရေး သက် သက် ဆောင်ရွက်ဖို့ အတွက် ကတော့ ယောက်ျားဘဝကို တခုတ်တရ ဆုတောင်းနေရန် မလို…။ ချစ်ခြင်း တရားဖြင့် ပါရမီတူ သူချင်း ကုသိုလ် ဝတ်မှုန် ကူးလိုက်ရုံ …။

(၄)
အမေက အဖေ့ ရုပ်အလောင်း ဘေးတွင် ငြိမ်ဆိတ်စွာ ထိုင်နေဆဲ…။ သူကတော့ ကန်ရေပြင်ထဲမှာ ကြာပန်းတွေ ခူးယူလို့မကုန် …။ ကြာပန်းတွေ ပွင့်လိုက်တာ….။

ဓမ္မဂင်္ဂါ


Saturday, September 27, 2014

ဘဝသင်ခန်းစာ ငါးသုံးကောင် ဥပမာ


ဘဝသင်ခန်းစာ ငါးသုံးကောင် ဥပမာ

(၁) Chum salmon ငါး

 Chum salmon ငါးအမဟာ ဥ,ဥပြီးတာနဲ့ ဥရဲ့မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥကပေါက်လာတဲ့ ငါးကလေးတွေဟာ အစာမရှာတတ်သေးတော့ မိခင်ရဲ့အသားကိုပဲ စားရတော့တယ်။ Chum salmon အမဟာ ငါးကလေးကိုက်တဲ့ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။ ငါးကလေးတွေ ကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲကျန်ခဲ့တော့တယ်။ Chum salmonငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေခဲ့ပါတယ်။ Chum salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

(၂) Northern snakehead

ဒီငါးမျိုးက ဥ,ဥပြီးတာနဲ့ မျက်စိနှစ်လုံးအလင်းကွယ်သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိ မမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကိုခံရပါတယ်။ ဥကပေါက်လာတဲ့ ငါးပေါက် ထောင်သောင်းများစွာဟာ မိခင်အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ပါးစပ်ထဲ ကူးခတ်ဝင်ရောက်ပြီး မိခင်ကိုအာရဟာဖြည့်ပေးကြပါတယ်။ မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့အသက်ရှင်နှုန်းက ၁ဝပုံပုံ ၁ပုံပဲရှိခဲ့ပါတယ်။ မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့အသက်ကို စတေးခဲ့ကြပါတယ်။ Northern snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ငါးဖြစ်ပါတယ်။

(၃) ဆော်လမွန်ငါး

နှစ်စဉ်နှစ်တိုင်း ဥ,ဥတဲ့ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးမိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့မွေးရပ်မြေ မြစ်ချောင်းဆီ အရောက်ပြန်ကြပါတယ်။ ဆော်လမွန်ငါးတို့ရဲ့အပြန်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းလှတာကို CCTVရုပ်မြင်သံကြားရဲ့ တိရစ္ဆာန်ကမ္ဘာအစီအစဉ်မှာ ရိုက်ကူးတင်ဆက်ခဲ့ဖူးပါတယ်။

အိမ်အပြန်လမ်းမှာ ရေတံခွန်တွေကို ဆန်တက်ရပါတယ်။ ရေတံခွန်ဘေးမှာက ဝက်ဝံတွေ အုပ်စုလိုက် စောင့်နေကြပါတယ်။ ရေတံခွန်ကို မဆန်တက်နိုင်တဲ့ ဆော်လမွန်ငါးတွေဟာ ဝက်ဝံညို တွေရဲ့ အစာဖြစ်ရပါတယ်။ ရေတံခွန်ကို ဖြတ်ကျော်နိုင်တဲ့ ငါးတွေက လက်ပန်းကျနေခဲ့ပေမယ့် လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီးတာကို ရင်ဆိုင်ရပါသေးတယ်။

ကံကောင်းတဲ့ငါးလောက်ပဲ ဖမ်းဆီး သတ်ဖြတ်တာကို ရှောင်နိုင်ခဲ့ပါတယ်။ သိုလောင်ထားတဲ့ အင်အားနဲ့အဆီတွေ ကုန်ခမ်းသွားမှ ဆော်လမွန်ငါးတွေဟာ ကိုယ့်နေရပ်ဆီ ပြန်ရောက်ကြပြီး သူတို့တစ်သက်မှာ အရေးပါဆုံးဖြစ်တဲ့ မိတ်လိုက်၊ ဥ, ဥတဲ့ကိစ္စကို လုပ်ဆောင်ကြပါတယ်။ အဲဒီနောက် သူတို့မွေးရပ်ဌာနေမှာပဲ အေးအေးချမ်းချမ်း သေဆုံးသွားကြပါတယ်။


 နောက်တစ်နှစ် နွေဦးရာသီမှာ ဆော်လမွန်ငါးလောင်းလေးတွေ ပေါက်ဖွားလာကြပါတယ်။ အဲဒီနောက် မြစ်ချောင်း တစ်လျှောက် စီးမျောလိုက်ပါပြီး သူတို့ရဲ့ရှေ့မျိုးဆက်အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝလမ်းကို စတင်ကြပါတယ်။ ဆော်လမွန်ငါးဟာ မွေးရပ်ဇာတိကို မြတ်နိုး တွယ်တာတဲ့ ငါးဖြစ်ပါတယ်။

ဒီလောကမှာ အနည်းဆုံး ငါးသုံးကောင်က ကျွန်မတို့ကို သက်ဝင်ခံစားနေစေခဲ့ပါပြီ။

ပထမငါးတစ်ကောင်က မိဘဖြစ်ပြီး ကျွန်မတို့ကိုဘဝပေးခဲ့သူဖြစ်တယ်။ သူတို့ကိုခွဲခွာပြီး အဝေးကို ထွက်သွားမယ့်ကျွန်မတို့ကို မျက်စိတစ်ဆုံးနဲ့ သူတို့ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။ နောင်တမရှိ၊ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ သူတို့ပေးဆပ်နိုင်သလောက် ပေးဆပ်နေခဲ့ပါတယ်။

နောက်ငါးတစ်ကောင်က သားသမီးတွေဖြစ်ပါတယ်။ ဝမ်းကကျွတ်တာနဲ့ ကျွန်မတို့ရဲ့ သွေးသား တော်စပ်သူဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွနေထိုင် အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။

နောက်တစ်ကောင်က မွေးရပ်ဇာတိဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဝေးကိုရောက်ရောက်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်အပြန်လမ်းဆိုတဲ့ လမ်းမပေါ်ဆီ ကျွန်မတို့ လျှောက်လှမ်းကြရမှာပါ။

ကျွန်မတို့က အထီးကျန်တဲ့ ငါးတစ်အုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ်ရောက်ရှိ လာခဲ့ကြပါတယ်။ အဲဒီနောက် ဒီလောကထဲမှာ ခိုလှုံနေထိုင်ရင်း ကျွန်မတို့ဘဝရဲ့ငါးသုံးကောင်ကို မြတ်နိုးတွယ်တာချစ်ခင်နေခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 99 Sanay

Friday, September 26, 2014

မချစ်တတ်, မမြတ်နိုးတတ် တဲ့အခါ



★ မချစ်တတ်, မမြတ်နိုးတတ် တဲ့အခါ ★

(၆) ကြိမ်မြောက် "နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့" အစည်းဝေးပွဲကြီးကို "ရန်ကုန်မြို့"တွင် လွန်ခဲ့သော "၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ၊ [၂၂ ]ရက်နေ့" ကပြုလုပ်ကျင်းပခဲ့ကြောင်း ၂၃ရက်နေ့ ထုတ် သတင်းစာထဲမှာ ပါရှိပါသည်။ ထိုအစည်းအဝေးတွင် ဥက္ကဌဖြစ်တော်မူသော "မကွေး ဆရာတော်ဘုရားကြီး" ၏ "သရဏီရသြ၀ါဒကထာ"မှာ မှတ်သားဖွယ်ရာကောင်းလှ၍ ပြန်လည် မျှဝေလိုက်ပါ၏။

"မကွေးဆရာတော်ဘုရားကြီး" က တက်ရောက်လာကြသော သံဃာတော်အရှင်မြတ်တို့အား လျှောက်ထားသည်မှာ-
"ဆရာတော်အရှင်မြတ်တို့ဘုရား။ ယခုသာသနာတော်နောက်ပိုင်း အချိန်အခါ၌ "အဓမ္မ"ကို "ဓမ္မ" ဟုပြခြင်း စသည်ဖြင့် လူအများ စီးပွားချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ကျင့်ကြကုန်သည်ဖြစ်၍ များစွာသော "အကုသိုလ်"ကို ဖြစ်ပွားစေကြကာ သာသနာ တော်ကြီး ကွယ်ပျောက်အောင်ပြု လုပ်နေကြသည့် ရဟန်း၊ သာမဏေများ ပေါ်ပေါက်နေကြ သည်ကို ကြားသိကြရပါသည်ဘုရား။

အချို့ရဟန်းများက လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော် မှေးမှိန် ကွယ်ပျောက်၍ မဟာယာန သာသနာဖြစ်ပေါ်အောင် လုပ်ဆောင်နေကြ သည်ကိုလည်း ကြားသိနေရပါသည် ဘုရား။"
စသဖြင့် လျှောက်ထားခဲ့ပါသည်။
"လောကတွင် မြတ်နိုးမှုမရှိလျှင် ပျောက်ဆုံးတတ်ခြင်းသည် သဘာဝပင်ဖြစ်ပါ၏။ လူတိုင်း တန်ဖိုးရှိသော"ရတနာ"များကို အမြတ်တနိုး တန်ဖိုး ထားတတ်ကြသော်လည်း တန်ဖိုးမရှိသော "ကျောက်"များကိုတော့ လမ်းဆင်းလျှောက်ဖို့၊ "လမ်းခင်း ကျောက်"လုပ်ပစ်တတ်ကြပါသည်။

"မြတ်စွာဘုရားရှင်"ကလည်း-
"လောကမှာ တရားစစ်၊ တရားမှန်ဖြစ်သော "ဓမ္မ"ကို၊ တရားစစ်၊ တရားမှန် မဟုတ်သော၊ "အဓမ္မ"ဟု လုပ်ကြလျှင်၊ ၀ိနည်းစစ်၊ ၀ိနည်းမှန်ဖြစ်တဲ့ "၀ိနယ"ကို၊ ၀ိနည်းစစ်၊ ၀ိနည်းမှန်မဟုတ်တဲ့ "အ၀ိနယ"ဟု လုပ်နေကြပြီဆိုလျှင်၊ မြတ်စွာ ဘုရားရှင် "မဟောပြောအပ်၊ မဟောပြောခဲ့သည်" များကို၊ "ဟောပြောအပ်၊ ဟောပြောခဲ့သည်"ဟုဆိုကုန်ကြလျှင်၊ မြတ်စွာ ဘုရားရှင် "ဟောပြောအပ်၊ ဟောပြောခဲ့သည်" များကို၊ "မဟောပြောအပ်၊ မဟောပြောခဲ့ပါဘူး"ဟု ဆိုကုန်ကြလျှင်၊။ပ။ ဒီသာသနာ တော်ကြီးကွယ်ပလိမ့်မယ် "ဟု ဟောကြားတော်မူခဲ့ပါသည်။(အံ၊ ၁၊ ၁၈-၁၉)။

ထိုအကြောင်းများ ကြားရ၊ မြင်ရသည်မှာ သာသနာအတွက် ရင်လေးစရာတွေပါဟုယူသော် ရပါသည်။
ဆရာတော်ကြီးများကသတိတရားရှိရှိ၊ အမျိုးချစ်စိတ်၊ ဘာသာသာသနာချစ်စိတ် ရှိရှိဖြင့် အများ ကောင်းကျိုး၊ နတ်လူဗြဟ္မာသတ္တ၀ါတို့ကောင်းကျိုးကို ရှေ့ရှု၍"အဓမ္မတရား"တွေ ပပျောက်အောင် ဆောင်ရွက်နေချိန်တွင် ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းမှု ပြုနေကြသောဒကာ၊ ဒကာမတွေ ဘက်မှလည်း သတိတရားရှိရှိဖြင့် "သာသနာဖျက်လုပ်ငန်း"များကို တွန်းလှန်သင့်ပါသည်။

ထိုမှသာလျှင်ဗုဒ္ဓသာသနာတော်ကြီးအဓွန့်ရှည်တည်တံ့မှာဖြစ်ပါသည်။ "အဓမ္မ"များကို တွန်းလှန်ရန် ဆိုသည်က "ဓမ္မ"များကိုဦးစွာ သိထားမှ ဖြစ်ပါလိမ့်မည်။
"ဓမ္မ"ကို "ဓမ္မ"မှန်းမသိသောအခါ "အဓမ္မ"နှင့် "ဓမ္မ"ကိုမှားပြီး ကျင့်နေတတ်ပါသည်။ အတု ဆိုသည်က အစစ်ကို ပုံစံယူ၍ ဆင်တုအောင်လုပ်ထားတဲ့အရာပဲ ဖြစ်သည်ဟု ပြောလို့ရမည် ထင်ပါသည်။ ထို့ကြောင့် "အဓမ္မ"ဟုဆိုလိုက်တိုင်း "ဓမ္မနှင့် လုံးဝမတူတဲ့အရာ" ဟုတော့ လုံးဝမထင်လိုက်ပါနှင့်။  ခပ်ဆင်ဆင်လေး တူပါသည်။ ဆင်တူယိုးမှားရှိပါသည်။ သတိပြုကြပါ။

နောပေတဲ့ ယခုအချိန်တွင်မတော့ ဗေဒင်၊ အင်း၊ အိုင်၊ မန္တရား၊ နက္ခတ်၊ ပြဿဒါး၊ ရက်ရာဇာများက ဗုဒ္ဓဘာသာဝင်အချို့ကို အနိုင်ယူ နေကြသည်မှာ အားလုံးအမြင်ပင်ဖြစ်ပါ၏။
ဗေဒင်ဆရာမှ ခိုင်းလိုက်လျှင် ဘာမဆိုလုပ်ပါ၏။ ဗေဒင်ပညာရပ်ဆိုသည်မှာ " မြတ်စွာဘုရားရှင် မပွင့်ပေါ်ခင်ကတည်းက တည်ရှိခဲ့တဲ့ပညာတစ်ခုပါပဲ" ဟု အချို့သောသူတို့က ဆင်ခြေပေးတတ်ကြ ပါသည်။မြတ်ဗုဒ္ဓလောင်းလျာကို ဧကန် စင်စစ်ဘုရားဖြစ်မည်ဟုဟောခဲ့ခြင်းမှာ အထင်အရှား ရှိနေပါသည်ဟု ပြောဆိုချက်ကိုလည်း လက်ခံပါသည်။

နော့ပေတဲ့ တစ်ဖက်ကကြည့်သောအခါတွင် အလောင်းတော်ကို ဧကန်စင်စစ်ဘုရားဖြစ်မယဟု ပြောခဲ့တဲ့သူများမှာ ဘုရားအလောင်းတော်က အစာအာဟာရ ပြန်လည်မှီဝဲ၍ တရားကျင့်သော အခါမှတော့ "အပြင်း အထန်ကျင့်တုန်းကတောင် ဘုရားမဖြစ်နိုင်တာ၊ ခုလိုအစားအစာတွေ ပြန်လည်စားသောက်ပြီး ကျင့်လို့ကတော့ဖြစ်လာမှာမဟုတ်တော့ဘူး" ဆို၍ စွန့်ခွာသွားခဲ့ကြပုံမှာ လည်း သူရို့ ဗေဒင်ပညာကို သူရို့ကိုယ်တိုင်က မယုံကြဘူးဆိုသည် ကို သက်သေထူလို့ရပါသည်။

ပညာရပ်အနေဖြင့် လက်ခံလို့ရပါ၏။သို့သော် အားကိုးထိုက်သော အရာမဟုတ်ဆိုသည်ကိုတော့ သိထားသင့်ပါသည်။
ယခု ဖြစ်နေသည်က မကောင်းတဲ့ အဖြစ်ဆိုးများ တစ်ခုခုကြုံရပြီဟေ့ဆိုသည်နှင့် ကိုယ့်ပြုခဲ့သော အတိတ်ကံကို ပစ်ပယ်၍ ဗေဒင်ဆရာဆီ ပြေးတတ်တဲ့အကျင့်များက လူတော်တော်များများတွင် ဖျောက်မရအောင်ဖြစ်နေတတ်ပါသည်။

သူရို့တွေက ဘုရား ထံတွင် ဗေဒင် မှ ပြောသည့် အတိုင်း အမွှေးနံ့ သာတိုင်တွေထွန်း၊ ပန်းတွေ၊ ရေချမ်းများကပ်ပါ၏၊ တရားတော်များကို လည်း ဂါထာ၊ မန္တန်များ ဖွဲ့ ၊ သံဃာတော်များကိုလည်း ဟိုဟာပင့်ရွက်ခိုင်း၊ ဒီဟာပင့်ရွတ်ခိုင်းနှင့်၊ ဘာနေ့သား ဆရာတော်ကို ဘာကပ်ပြီးတဲ့အခါမှာ၊ ဘယ်နေ့နံဘုရားမှာ၊ ဘယ်ထောင့် ကနေပြီးတော့၊ ဘာဂါထာကို ရွတ်ရမယ်ဆိုတာတွေနှင့် ရတနာသုံးပါလုံးကို အသုံးချစရာတစ်ခုအနေဖြင့် လုပ်ဆောင်နေကြခြင်းသည် ယနေ့နိုင်ငံ၏ မြင်ကွင်းတစ်ခုဖြစ်နေလေပြီ။

အထက်တွင်ဆိုခဲ့သလို တန်ဖိုးရှိသည့် ရတနာ ကို တန်ဖိုးမသိသော အခါ လမ်းဆင်း လျှောက်ဖို့ လမ်းခင်းကျောက် လုပ်ပစ်လိုက်ခြင်းသည် အလွန်မိုက်မဲတဲ့သူများဟု ပြောလျှင်ရမည်ထင်ပါသည်။
အလှူလုပ်တာကောင်းပါသည်။ သို့သော် ဗေဒင်ဆရာ တိုက်တွန်းလို့လုပ်ခြင်း မဟုတ်ပဲ ကြည်ညို သဒ္ဓါတရားနှင့် လုပ်သော အလှူက မွန်မြတ်သန့်စင်ပါသည်။ ဗေဒင်က တစ်ဆင့်လာသော အလှူသည် မလျော်ကန်သော တိုက်တွန်းမှုများ ပါနေသည့်အတွက် မမြတ်ပါ။

ထို့အပြင် မိမိ အစီအရင် မအောင်မြင်ခဲ့လျှင်၊ "လှူသာလှူနေရတယ်၊ ဘာမှဖြစ်မလာဘူး"ဟု ဖြစ်လာသောအခါ ဖြစ်လာတဲ့အခါ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံကြည်မှုသဒ္ဓါတရားသည် တစ်ဖြည်းဖြည်း အားနည်းလာတတ်ပါသည်။ ယုံကြည်မှုကျ ဆင်းလာရာမှ လက်မခံနိုင်တော့သည့် အခြေအနေ အထိကို ထိုးဆင်းသွားနိုင်ပါသည်။

ထို့ ကြောင့် ဗေဒင်ပညာ အစရှိသော အရာများသည် သာသနာကို တိုက်ရိုက်ကြီး ကွယ်အောင် မလုပ်သော်လည်း တစ်ဖြည်းဖြည်းချင်း ဖြိုလှဲနေ သည် ဆိုခြင်းကို သိထား၊သတိထားသင့်ပါသည်။ သူသည်လည်း ဓမ္မနှင့် ဆင်တူသော အဓမ္မသာ ဖြစ်ပါသည်။ ထိုအဓမ္မကို ပြုနေသမျှ သာသနာ ကွယ်ရပါလိမ့်မည်။

ရတနာသုံးပါးနဲ့ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း မရှိတဲ့သူအတွက်ကတော့-
"သတ္တ၀ါတစ်ယောက်၊ ယူမှားမှောက်ကို၊
သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊
ဟောကြားချေချွတ်၊ ဖြေမလွတ်ဘူး"
ဟု
ရှေးစာပေကျမ်းဂန်များက ဆိုသောကြောင့် ထိုသူမျိုးတို့ကိုတော့ မပြောလိုပါ။

တစ်ကယ်အစစ်အမှန် သာသနာကို ချစ်တဲ့သူများ အတွက်သာ တင်ပြလိုပါသည်။
"၀ိနယ"ဒေသနာ သည် "သာသနာ"။
"မဂ္ဂင်ရှစ်ဖြာ" သည် "သာသနာ"။
"သိက္ခာသုံးပါး" သည် "သာသနာ"။
"ဗောဓိပက္ခယတရား[၃၇] ပါး" သည် "သာသနာ"။
"ဘုရားအဆုံးအမတော်"တွေ သည် "သာသနာ"။
ဤသို့ဆိုလျှင် "သာသနာပြုတယ်"ဆိုသည်မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် အတိုင်း လိုက်နာ၊ ပြုမူ၊နေထိုင်ခြင်းသည် "သာသနာပြု"ခြင်းဖြစ်ပါသည်။

"၀ိနည်း"ကိုလိုက်နာခြင်းသည်လည်း၊ "သီလတရား"ကို စောင့်ထိန်းခြင်းဖြစ်၍ "သာသနာ ပြုခြင်း" ဖြစ်ပါ၏။ "ကမ္မဋ္ဌာန်း (၄၀)" မှတစ်ခုခုကို ပွားများ နေခြင်းသည် "သမထ"အားထုတ် နေခြင်းဖြစ်၍ "သမာဓိတရား"ကိုဖြည့်စွမ်းနေသောကြောင့် "သာသနာပြုတယ်"ခေါ်ပါသည်။

"မဂ္ဂင်တရား"တွေ၊ "ဗောဓိပက္ခယတရား"တွေ အားထုတ်နေခြင်းသည် ပညာတရား တိုးပွားစေခြင်း ငှာ ဖြစ်သောကြောင့် "သာသနာပြုခြင်း" ပင်ဖြစ်ပါသည်။ ဤသို့ဆိုလျှင်ဖြင့် အခြေခံ(၅)ပါး သီလကစ၍ သီလတရားကို စောင့်ထိန်းခြင်းမရှိခြင်းသည် သာသနာပျက်စီးစေနိုင်ပါသည် ဟု ပြောလျှင် လွန်ရာများကျနေတော့မလား။

သမထ ဘာဝနာ မပွားများပဲနေခြင်းသည် သာသနာကို ပျက်စီးစေပါသည်။ ပညာတရားတို့ ပွားအောင် ၀ိပဿနာအလုပ်မလုပ်ခြင်းသည် သာသနာကို ပျက်စီးစေပါသည်။ မိမိမလုပ်သည့် အတွက် မိမိအကျိုးမရသည့်အပြင် သာသနာကိုပါ အရှည်တည်တံ့အောင် မစောင့်ထိန်းရာ ရောက်ပါသည်။

မြတ်စွာဘုရားရှင်က -
တရားမနာခြင်း၊ တရားစာပေများ လေ့လာသင်ယူမှုမရှိခြင်း၊ နှုတ်တက်အာဂုံ ဆောင်ထားနိုင်စွမ်း မရှိခြင်း၊ ဆောင်ထား သမျှတွေကို မှတ်မှတ်သားသားမရှိခြင်း၊ ပဋိပတ္တိလုပ်ငန်းကို အားထုတ် လုပ်ကိုင်ခြင်း မရှိခြင်းတွေသည် သာသနာကွယ် ကြောင်းတွေပါလို့ အတိအလင်းဟောကြားတော် မူခဲ့ပါသည်။ ဤသည်များကို သိသင့်ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် ကိုယ့်အမျိုး ဘာသာ၊ သာသနာကို ချစ်မြတ်နိုးတတ်ဖို့၊ လေးစား တန်ဖိုးထားတတ်ဖို့ အဓိက ပြောလိုရင်း ဖြစ်ပါသည်။

သာသနာတော်ကြီးသည် နှစ်ပေါင်း ၂၅၀၀ ကျော်ခရီးကို ဖြတ်သန်းလာခဲ့ရသောအခါတွင် သာသနာတွင်းကို ထိုးနှက်ချက် တွေများလွန်းသဖြင့် ဒါဏ်ရာများ ဗလပွဖြစ်နေပါပြီ။
သာသနာကို မပြို ပြိုအောင်ဖြိုချင်နေတဲ့သူများကလည်း တစ်ပုံတစ်ပင်။ ထိုအထဲကိုယ် မပါရင် တော်လှပြီမှတ်ရပါမည်။ နော့ပေတဲ့ မည်သူတွေဘယ်လောက်ပဲဖြိုဖြို၊ ဘယ်လာက်ပဲတွန်းလှန် တွန်းလှန်၊ ဘယ်ဝါဒတွေ ဘယ်လောက်ပဲကြီးစိုး ကြီးစိုး အင်ကြင်းတောမှာ မွေး၊ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံ၊ အင်ကြင်းတို့ရဲ့ သစ္စာတရားသည် ဘယ်တော့မှပျောက်ကွယ်မှေးမှိန်ခြင်းမရှိဘဲ၊ ပတ္တမြားစင်စစ် နွံမနစ်သည့်သန့်စင်မွန်မြတ် ခိုင်မာလျက်ရှိသည်သာရှိပါသည်။

သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာများသည် ကျောက်စိုင်၊ ကျောက်သားတွေလို ကြံ့ကြံ့ခံနိုင်နေသည်မှာ သာသနာပဲဖြစ်သည် ဆိုခြင်း ကိုတော့ အပြည့်အ၀ ယုံကြည်ပါသည် ။ တစ်ကယ်တမ်း ပြောရလျှင် သာသနာ ကို ချစ်တတ်ဖို့ပဲလိုတာသည်။ ချစ်တတ်မှ မြင့်မြတ်တာကို ရှာမှာဖြစ်ပါသည်။ မှန်ကန်တာ ကိုရှာမှာဖြစ်ပါသည်။မြတ်နိုးမှ တန်ဖိုးထားကြမှာဖြစ်ပါသည်။

မချစ်တတ်၊ မမြတ်နိုးတတ်တဲ့အခါ သာသနာကို အလွဲလိုက်၊ အမြဲမိုက် နေခဲ့ကြသဖြင့် လွဲသူတို့သွား၊ မိုက်သူတို့သွားသည့် အပယ်ဆင်းရဲတွင် မြဲမြံစွာခံနေခဲ့ရခြင်းကို ဂင်္ဂါဝါဠု သဲစုမက ပွင့်ခဲ့ကြသော ဘုရားအဆူဆူနဲ့ လွဲပြီးလျှင် ဒုက္ခသက်ရှည် ယခု ဒုက္ခခန္ဓာ လွယ်ထားရသည် ကို သုံးသပ်ထောက်ရှူ ၍ နားလည်သင့်ပါသတည်း။

ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊ သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ဉာဏ်လင်းမြို့
၁၃၇၅ခုနှစ်၊ပြာသို လဆုတ်(၄) ရက် ၊(19th-January,2014)၊တွင် ရေးသားပူဇော်သည်။


Thursday, September 25, 2014

ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း


ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန် အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် ....
♦ သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊
♦ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊
♦ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊
♦ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။

ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။

ဝါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက် အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။
ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ရပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာ ကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက် တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။

ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လို သတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင် ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများ ကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော် မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။ ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက် ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။ ဒါပေမယ့် သူတို့ အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။

ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အများကြီးပါ။ အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သားတို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။ ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာလတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များဝါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာ အခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ် နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ် အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိက ကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ၀ါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ၀ါတွင်းကာလ အိမ်ထောင် မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။


ဝါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်းလှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်က ကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။

♦ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင် မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလိုမျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ် ဖြစ်ကြပါတယ်။

♦ ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ် ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံ ယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတာ သတ်မှတ် ဟောကြားချက် မရှိပါဘူးဆိုတာပါ။

မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေး ဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန် ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်း ၀ါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက်ရပါတယ်။

ဆရာတော် မနာပဒါယီ အရှင်

Wednesday, September 24, 2014

ရန်ငြိုးဖြေရာ မေတ္တာတိုက်ပွဲ


*ရန်ငြိုးဖြေရာ မေတ္တာတိုက်ပွဲ*

၁။ ရန်သူရှိလျှင် သို့မဟုတ် တနုံ့နုံ့ တမြေ့မြေ့ စိတ်မကျေချမ်းဖွယ်ရာ ရန်ငြိုးဖွဲ့မိသူ ရှိနေလျှင် အလွန်ချစ်မြတ်နိုးသူ၊ မချစ်မမုန်း အလယ်အလတ်စား ရှိသူများအပေါ် မေတ္တာဈာဉ်စိတ် (အနည်းဆုံး ဥပစာရသမာဓိ) ဖြစ်ပေါ်အောင် တစ်ဦးချင်း ပွားများနေရ၏။ ပြီးမှ ရန်သူကို ပွားရသည်။

အကယ်၍ မေတ္တာပွားနေဆဲ ဒေါသ အာဃာတစိတ် ၀င်နှောက်လာခဲ့လျှင် ရှေးပုဂ္ဂိုလ်များ အပေါ် ပြန်၍ပွားရသည်။ မနိုင်လျှင် ရှေ့မတက်ရ၊ မိမိဒေါသကို မနိုင်မချင်း တိုက်ရသော မေတ္တာတိုက်ပွဲ ဖြစ်၏။ ဤနည်းဖြင့် မနိုင်လျှင် အောက်ပါအတိုင်း ဆက်လက် ဆင်ခြင်ပါ။

သင် ဘုရားစကား နားထောင်သူလား
၂။ “လောကမှာလည်း ချမ်းသာ၊ သံသရာ လွတ်မြောက်မှုကိုလည်း ရှာနေပါသည် ဆိုသော အိုယောဂီ၊ “ခိုးသားဓားပြ လူဆိုးများက အစွန်းနှစ်ဘက် အရိုးတပ်ထားသော ငါးမန်းစွယ်လွှဖြင့် တိုက်ဖြတ် ခံရသော်လည်း စိတ်မဆိုးရ၊ ထိုသူအပေါ် အမျက်မထွက်ရ၊ စိတ်ဆိုးစိတ်ပျက် အမျက်ထွက်သေးလျှင် ထိုယောဂီဟာ ငါဘုရားစကားကို နားထောင်သူ မဟုတ်တော့ဘူး” လို့ ဟောခဲ့တယ် မဟုတ်လား၊ ဒါတင်မက-
အရင်လူထက် နောက်လူမိုက်

၃။ “ပထမ အမျက်ထွက်သူကို တုံ့ပြန်၍ အမျက်ထွက်လျှင် ပထမလူထက် ယုတ်မာတဲ့သူ ဖြစ်သွားပြီ။ တုံ့ပြန် အမျက်မထွက်ဘဲ သည်းခံနိုင်မှ အောင်နိုင်ခဲသော စစ်ပွဲ (ကိလေသာစစ်ပွဲ) ကို အောင်နိုင်မယ်” လို့လည်း ဟောတော်မူခဲ့တယ်။ အမျက်ထွက်တာ အကျိုးယုတ်မှန်း သင်မြင်နေရပါလျက် ထိုလမ်းစဉ်ကိုပဲ သင်ထပ်ပြီး လိုက်နေပြန်ပြီ။
ပြည်သူ့အကျိုး ကိုယ့်အကျိုး

၎။ သူတစ်ပါး အမျက်ထွက်၍ လက်တွေ့ ဆင်းရဲပူပန်ရသည်ကို သိတဲ့သူဟာ အမျက်မထွက်ဘဲ ချက်ချင်းစိတ်ကို နိုင်အောင် ထိန်းလိုက်နိုင်လျှင် ငြိမ်းချမ်းစွာ နေရရုံမျှမက တစ်ဘက်သား အကျိုးကိုပါ ကျင့်ဆောင်သည် မည်သတဲ့။ (မိမိ သူတစ်ပါး နှစ်ဦးသား အကျိုးရှိအောင် လုပ်လိုသူလို့ ခေါ်သတဲ့။)
စိတ်ဆိုးလျှင် ရုပ်ဆိုး

၅။ အိုယောဂီ.. ဒေါသထွက်နေတဲ့ လူဟာ (၁) အရုပ်ဆိုးလာတယ်၊ (၂) ချမ်းချမ်းသာသာ မအိပ်ရ မနေရဘူး၊ (၃) အကျိုးစီးပွားလည်း ပျက်တယ်၊ (၄) စည်းစိမ်ဥစ္စာ ယုတ်လျော့တယ်၊ (၅) မြွေဆိုးနား မကပ်ရဲသလို ဒေါသကြီးသူမှာ အခြွေအရံလည်း မရှိဘူး၊ (၆) မိတ်ကောင်း ဆွေကောင်း မရှိဘူး၊ (၇) သေတဲ့နောက် သုဂတိဘ၀ကို မရ၊ အပါယ်လေးပါးသို့ ကျတတ်တယ်။

အိုယောဂီ.. ဒါတွေဟာ သင့်ရန်သူက သင့်ကို ဖြစ်စေချင်နေတဲ့ ဟာတွေချည်းပဲ၊ သင်ဟာ သင့်ရန်သူ အကြိုက်ကိုချည်း လျှောက်ပြီး လုပ်နေသလို ဖြစ်နေပါပကောလား။ သင့်အပေါ် ရန်သူက လုပ်ရမယ့် အလုပ်တွေကို ရန်သူအကြိုက် သင့်ဟာသင် လိုက်ပါလုပ်နေရာ မရောက်ပါလား။
ထင်းကုလားတုံး အသုံးမကျ

၆။ အိုယောဂီ.. သူသေကောင် မီးဖုတ်ရာ၌ ထိုးဆွတဲ့ သံစူးဝါး ထင်းကုလားတုံးဟာ အိမ်ဆောက်ဖို့၊ မီးဆိုက်ဖို့ တောရောအိမ်ပါ ဘာမှ အသုံးမ၀င်တော့ သလို အလိုရမ္မက်နှင့် အမျက်ဒေါသကြီးတဲ့ ယောဂီဟာ ကာမဂုဏ် ခံစားမှုကိုလည်း မရ၊ အကျင့်ဓမ္မလည်း ဆုံးရှုံး ထင်းကုလားတုံးပဲ လို့လည်း ဟောတော်မူခဲ့တယ်။

အိုယောဂီ.. သင်ဟာ ဘုရားစကားကို မလိုက်နာသူ၊ ပထမ ဒေါသထွက်သူထက် ပို၍ယုတ်မာကာ အောင်ပွဲမရသူ၊ ရန်သူအကြိုက် ခုရောနောင်ပါ ကိုယ့်ကိုယ်ကို နစ်နာ ဆုံးရှုံးအောင် လုပ်သူ ထင်းကုလားတုံးလိုလူ ဖြစ်နေပြီ။”

ဤသို့ စသည်ဖြင့် ဘုရားဟော ဒေသနာ စာပေကျမ်းဂန် အရလည်း ဆင်ခြင်၍ ဒေါသကို ရှောင်ကြဉ်ရ၏။ အရိယာ သူတော်ကောင်းကြီးများ ပြောဆို ဆုံးမချက်များကို အောက်မေ့၍လည်း ဆင်ခြင်ရ၏။ ဤနေရာ၌ အရှင်သာရိ ပုတ္တရာ၏ ရန်ငြိုးဖြေနည်းကိုလည်း မှတ်သားသင့်သည်။
ကောင်းကွက်ကလေးများကို ရှာကြည့်
အရှင်သာရိပုတ္တရာ ရန်ငြိုးဖြေနည်း

၇။ ရန်ငြိုးဖြေဖျောက်နည်းနှင့် စပ်၍ အရှင်သာရိ ပုတ္တရာက ရဟန်းများကို ဟောကြားဖူး၏။ “အင်္ဂုတ္ထိုရ် ပဉ္စကနိပါတ် ဒုတိယ အာဃာတ ပဋိဝိနယသုတ်” ဟု ခေါ်၏။ အတိုချုပ် ဆိုလိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

လောက၌ ရန်ငြိုးထားမိသော ပုဂ္ဂိုလ်ကို ငါးမျိုးငါးစားခွဲခြား၍ ပုဂ္ဂိုလ်အလိုက် “ဆိုးတာကို မေ့ဖျောက်လျက် ကောင်းကွက်ကလေး များကိုသာ ရှာကြံနှလုံးသွင်း၍ ဖြေဖျောက်ရသောနည်း” ဖြစ်သည်။ လူတိုင်း၌ အဆိုးရှိသကဲ့သို့ အကောင်းကလေးများလည်း ရှိမြဲပင်။

(၁) အချို့ရန်သူမှာ ကိုယ်အမူအယာ ယုတ်သော်လည်း နှုတ်ကောင်း၏။ (ကာယကံ ဒုစရိုက် ပြုသော်လည်း ၀စီသုစရိုက် ကျင့်သူဖြစ်၏။) ပံ့သကူ အ၀တ်စုတ်ကို သင်္ကန်းချုပ်ရန် ကောက်ယူသော ရဟန်းသည် အညစ်အထေး အဆွေးအမြေ့နေရာကို ဖြတ်ပယ်၍ အကောင်းကလေးများ ကိုသာ ရွေးချယ် ချုပ်စပ်ရသကဲ့သို့ ထိုသူ၏ ရိုင်းပြသော ကိုယ်အမူအကျင့်ကို မေ့ဖျောက်ကာ ၀စီကံ စင်ကြယ်မှုကိုသာ ကြည့်ရှု ၀မ်းမြောက်၍ နေရမည်။

(၂) နှုတ်ရိုင်း၍ ကိုယ်ယဉ်ကျေးသူမျိုး အပေါ်၌လည်း ခရီးပန်း ရေဆာနေသူအတွက် မှော်သေး မှော်မှိုက်များရှိသော ရေကန်ကို တွေ့လျှင် မှော်ရေညှိများကို ဖယ်ကာဖယ်ကာ ရေကိုသာ လက်ခုပ်ဖြင့် သောက်ရသကဲ့သို့ ကောင်းကွက်ကိုသာ ရှု၍ ဖြေဖျောက်ရမည်။ (အပြောက သူ့ဝသီမို့ အပေါက်ဆိုးပေမယ့် သူ့ လုပ်ဆောင်ချက်ကတော့ ကောင်းပါတယ်.. စသည်)

(၃) အချို့သူမှာ ကိုယ်ရော နှုတ်ပါ ရိုင်းပြသော်လည်း ထိုသူနှင့်စပ်၍ ရံခါ ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ချမ်းမြေ့မှုကို ရတတ်သော အလှည့် ရှိတတ်သေး၏။ ထိုသူမျိုး အပေါ်၌ နွေအခါ ခရီးပန်း ရေဆာနေသူအတွက် နွားခြေရာခွက်ထဲက ရေသည်ပင် အကျိုးပြုတတ်သကဲ့သို့ သဘောထားရသေးသည်။ ထိုနွားခြေရာခွက်ထဲက ရေကို လက်ခုပ်ဖြင့်၊ ခွက်ဖြင့် ခပ်ယူလျှင် နောက်ကျိသွားနိုင်၏။ လေးဘက်ထောက်၍ သောက်တတ်ပါလျှင် မွတ်သိပ်မှု ပြေပျောက်နိုင် သကဲ့သို့ ထိုသူ၏ ကိုယ်နှုတ် ရိုင်းပြမှုကို မေ့ဖျောက်ကာ သူ့ကို အကြောင်းပြု၍ ရရှိသော ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ချမ်းမြေ့မှု ကလေးကိုသာ အာရုံပြုပြီး ကျေနပ်ရမည်။

(၄) ကိုယ်နှုတ်လည်း ရိုင်းပြ၊ နွားခြေရာခွက်ထဲက ရေလောက်မှ ကျေးဇူးမရှိ၊ ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ချမ်းမြေ့ဖွယ်ရာ တစ်ကွက်မှ ရှာမတွေ့သော သူမျိုးလည်း ရှိပေသေး၏။

ထိုလူမျိုးအပေါ်၌ အနာရောဂါကြီး နှိပ်စက်၍ ကူဖော်လောင်ဖက်မရှိ၊ အစာရေစာ ဆေးဝါးမရှိ၊ ရွာဆက်ဝေးသော ခရီးအကြား ဒုက္ခကြီးစွာဖြင့် ခရီးသွားနေရသော လူ့ဒုက္ခိတကို မြင်တွေ့ရသော အခါ မိမိလည်း ဘာမှမတတ်နိုင်၊ သနားစိတ်ကိုသာ မွေးမြူရသကဲ့သို့ “ဒုစရိုက်ဖယ်ရှားကာ သုစရိုက်တရား ကျင့်ပွားနိုင်ပါစေ၊ အပါယ်ငရဲ လွတ်ပါစေ” ဟုသာ ကောင်းကွက်ကို ရှာမရသဖြင့် ကရုဏာကိုသာ ပွားနေရမည်။

(၅) ကိုယ်နှုတ်ယဉ်ကျေး၊ ၀ိပဿနာ အခွင့်အရေးနှင့် စိတ်အေးချမ်းမှုရသော ပုဂ္ဂိုလ်မျိုး အပေါ်၌ကား နွေအခါ ရေဆာခရီးပန်းသူ ရေကန်အသင့် ကြာအသင့် တွေ့ရသကဲ့သို့ အကောင်းတွေကိုချည်း ဆင်ခြင်အောက်မေ့ကာ ရန်ငြိုးကို လွယ်ကူစွာ ဖြေဖျောက်နိုင်ရမည်။
ကံတရားကို ဆင်ခြင်

၈။ အထက်ပါအတိုင်း ဆင်ခြင်၍မှ မပြေပျောက်သေးလျှင် ကံ, ကံ၏အကျိုးကို ဆင်ခြင်ရမည်။

“အိုယောဂီ၊ သတ္တ၀ါမှန်သမျှ ကိုယ်ပြုတဲ့ ကံတရားအတိုင်းသာ ခံကြ စံကြရတယ်၊ သူက သင့်အပေါ်ပြုလို့ သင့်မှာ မခံရ၊ မစံရဘူး၊ သူ့ထိုက်နဲ့ သူ့ကံသာ ရှိပါစေ၊ အကုသိုလ်ဟာ အလွန် ကြောက်စရာ ကောင်းတယ်၊ သင်ဟာ ကံ, ကံ၏ အကျိုးကို သိပါလျက် အလွန် တာဝန်ကြီးလှတဲ့ ဒေါသကြီးကို လက်မခံသင့်ဘူး။”

“သူတစ်ပါးကို နှိပ်စက်ပုတ်ခတ်ရန် မီးကျီခဲနှင့် မစင်ကို ကိုယ်ယူမိတဲ့ သူဟာ သူတစ်ပါးကို မနှိပ်စက်ရခင် ပထမဆုံး မိမိမှာ ပူလောင် ညစ်ပေစေသလို ကိုယ့်ဒေါသကပဲ ကိုယ့်ကို အရင်ဆုံး ဒုက္ခပေးနေပြီ၊ လေအောက်ကနေပြီး လေညာကလူကို သဲနဲ့ ဖုံနဲ့ ပက်သလို မလုပ်သင့်ဘူး။”

ဤသို့ စသည်ဖြင့် ဒေါသ၏ အပြစ်များကို ကြားနာ ဖတ်ရှုဖူးသမျှ၊ တွေ့မြင်ဖူးသမျှ ဆင်ခြင်၍ ဒေါသ မထွက်မိအောင် စိတ်ကို ထိန်းနိုင်ရ၏။ လေ့ကျင့်ရ၏။ ဒေါသ ဖြစ်စရာကို ရှောင်တန် ရှောင်သွားရ၏။

တစ်စုံတစ်ခုသော တရားလေ့ကျင့်နည်း လက်ကိုင် ရှိလျှင်ကား အလွယ်တကူပင် ကျော်လွန်အောင် ရှုမှတ်ပစ်ရလေသည်။ ယောဂီများအတွက် မခက်ခဲတတ်။ ထို့ကြောင့် ကမ္မဋ္ဌာန်း ရှုပွားနေသော ယောဂီများ မေတ္တာကို လေ့ကျင့်လျှင် ပို၍ လွယ်ကူထမြောက် ခရီးပေါက် မြန်ကြလေသည်။
၁၉၈၇၊ ဇန်န၀ါရီလထုတ် ဓမ္မာစရိယဦးဌေးလှိုင် ရေးသားသော မေတ္တာဝါဒ (ဗြဟ္မ၀ိဟာရအဖွင့်) စာမျက်နှာ ၂၆၄ မှ ၂၆၈ ထိ။

လေးစားစွာဖြင့်
ဖိုးသား



Tuesday, September 23, 2014

ပညာရှိ တံခါးမှူး


 ပညာရှိ တံခါးမှူး

ရှေးခေတ်က မြို့တမြို့ တည်မည်ဆိုလျှင် ရန်သူတို့ တိုက်ခိုက်ဖျက်ဆီး၍ မရနိုင်အောင် စီမံကြရ၏။ မြို့ပတ်ပတ်လည်တွင် အုတ်မြစ်ကို ခိုင်ခိုင်ချကာ တံတိုင်းမြင့်မြင့် ကာရံထားရ၏။ တံခါးတိုင်နှင့်တကွ တံခါးရွက်တို့ကို အခိုင်အခံ့ တည်ဆောင်ကြရ၏။ မင်းနေပြည်တော်နှင့် အလွယ်တကူ ဆက်သွယ်၍ ရနိုင်သော မြို့ဆိုလျှင် တံခါးနှစ်ပေါက် သုံးပေါက် စသဖြင့် သင့်တော်သလို ထားနိုင်၏။ မင်းနေပြည်တော်နှင့် ဆက်သွယ်ရန် ခက်ခဲသည့် နယ်ခြားမြို့ဆိုလျှင်ကား လုံခြုံရေးကို အဓိက ထားရသဖြင့် တံခါးတပေါက်တည်းသာ ထားကြရပေသည်။

ထိုကဲ့သို့ နယ်ခြားမြို့ကို တာဝန်ခံ စောင့်ရှောက်ရသည့် တံခါးမှူးရာထူးကို အရည်အချင်းပြည့်ဝသည့် မင်းချင်းများကိုသာ ခန့်ထားမြဲဖြစ်၏။ နေ့စဉ်နေ့တိုင်း တံခါးမှူး ထမ်းဆောင်ရသည့်တာဝန်မှာ တံခါးဝမှနေ၍ လူဝင်လူထွက် စစ်ဆေးရခြင်း ဖြစ်၏။ နံနက်လင်း၍ မြို့တံခါးကြီး ဖွင့်လိုက်သည် ဆိုလျှင် မြို့တွင်းသားတို့သည် လုပ်ငန်းကိစ္စအ၀၀ဖြင့် အပြင်သို့ ထွက်ကြရ၏။

သူတို့အထွက်တွင် တံခါးမှူးအတွက် တာဝန်မကြီးလှသော်လည်း ပြန်၍အ၀င်မှာတော့ တာဝန်ကြီး လေးလှ၏။ ပြန်ဝင်လာသူ တယောက်ချင်းကို အသေအချာ ကြည့်ရှုစစ်ဆေးကာ မြို့တွင်းသားဟု အသေအချာသိနိုင်မှ မြို့တွင်းသို့ အ၀င်ခံရ၏။ အသေအချာ မသိနိုင်သည့်သူတို့ကိုကား မြို့တွင်းသို့ မ၀င်နိုင်ရန် တားမြစ်ရလေသည်။

ဤသို့သော တာဝန်များအပြင် မြို့ကို လှည့်လည်ကြည့်ရှုရသောတာဝန်လည်း ရှိသေး၏။ တံခါးမှူး သည် မြို့ရိုးအပြင်ဘက်က မြို့ပတ်လမ်းအတိုင်း လျှောက်ကာ မြို့ရိုးတံတိုင်းကို မျက်ခြည်မပြတ် ကြည့်ရှုရ၏။ အကယ်၍ ကြောင်တကောင်ဝင်နိုင်-ထွက်နိုင်လောက်သည့် အပေါက်ကလေး ရှိနေလျှင်ပင် သက်ဆိုင်ရာ အမှုထမ်းများကို ဆင့်ခေါ်ကာ ချက်ချင်း လက်ငင်း အပိတ်ခိုင်း လိုက်ရ လေသည်။

တနေ့သောအခါ တံခါးမှူးသည် မြို့ပတ်ပတ်လည်ကို ကြည့်ရှုစစ်ဆေးရာ မြို့ရိုးပတ်ပတ်လည်တွင် အပေါက်အဟာဟူ၍ လုံးဝမတွေ့ရပေ။ ဤတွင် သူသည် တံခါးဝတွင် ရပ်လျက် စဉ်းစားမိသည်မှာ-
မြင်သာထင်သာတဲ့ သတ္တ၀ါမှန်သမျှ ဒီတံခါးတပေါက်တည်းကသာ ၀င်ကြရလိမ့်မယ်။ ဒီအတူပဲ ထွက်ကြတဲ့အချိန်မှာလဲ ဒီတံခါး တပေါက်တည်းကသာ သူတို့အားလုံး ထွက်ကြရလိမ့်မယ်-ဟူ၍ ဖြစ်လေသည်။

( မြို့ဟူသည်မှာ နိဗ္ဗာန် )
သံယုတ္တနိကာယ် သတိပဋ္ဌာနသံယုတ် နာဠန္ဒသုတ် ပါဠိတော်တွင် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာက ဘုရားရှင်အား လျှောက်ထားသော ဥပမာပုံဝတ္ထု ဖြစ်ပါသည်။

နာဠန္ဒမြို့၊ ဒုဿပါဝါရိက သူဌေးက မိမိ၏သရက်ဥယျာဉ်တွင် ဆောက်လုပ် လှူဒါန်းထားသော ကျောင်း၌ ဘုရားရှင်သီးတင်းသုံးတော်မူစဉ် နောက်ပါရဟန်းများနှင့်အတူ အရှင်သာရိပုတ္တရာလည်း သီတင်းသုံးလျက်ရှိ၏။

တနေ့သ၌ ဆွမ်းကိစ္စများပြီးစီး၍ ဂန္ဓကုဋိတိုက်ခန်းတွင်းသို့ ဘုရားရှင်ဝင်တော်မူသောအခါ အရှင်သာရိပုတ္တရာသည် မိမိနေ့သန့်ရာဌာနသို့ လာခဲ့၏။ တပည့်ရဟန်းများ ၀တ်ပြု၍ ပြန်သွားကြသောအခါ အရှင်သာရိပုတ္တရာသည် နေ့သန့်ရာဌာနကို တံမြက်လှည်း၏။ ပခုံးပေါ်တွင် အသင့်ပါလာသည့် သားရေနယ်ကို မြေပေါ်မှာ ဖြန့်ခင်းလိုက်၏။ တပည့်များခပ်ပေထားခဲ့သော ရေစင်ရေကောင်းဖြင့် လက်နှင့်ခြေတို့ကို အအေးဓာတ်ရအောင် ဆွတ်ဖြန်းလိုက်၏။ ထို့နောက် သားရေနယ်ပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေကာ အချိန်ကိုသတ်မှတ်၍ ဖလသမာပတ် ၀င်စားလေသည်။

သတ်မှတ်ထားခဲ့သော အချိန်စေ့၍ ဖလသမာပတ်မှ ထသောအခါ အရှင်သာရိပုတ္တရာသည် မိမိရရှိထားသည့် ဂုဏ်ကျေးဇူးတို့ ပြန်လည်၍ဆင်ခြင်မိ၏။ ထိုအခါ ညစ်ကြေးမတင် စင်ကြယ် သန့်ရှင်းသည့် သီလမှ စတင်ကာ ဂုဏ်ကျေးဇူးအသီးသီးတို့ ဆင့်ကာဆင့်ကာ ပေါ်လာကြ၏။ သီလ၏နောက်တွင် သမာဓိ၊ ပညာ၊ ၀ိမုတ္တိ၊ ၀ိမုတ္တဉာဏဒဿန၊ ပထမဈာန် စသော ဈာန်အဆင့်ဆင့်၊ ထို့နောက် မဂ်လေးတန်၊ ဖိုလ်လေးတန်၊ ပဋိသမ္ဘိဒါဉာဏ်လေးပါး အပါအ၀င် သာဝကပါရမီဉာဏ် ဟူသမျှတို့ တစမကျန် ပေါ်လာ ထင်လာကြကုန်၏။ ပေါ်လာ ထင်လာသည့် ဂုဏ်ကျေးဇူးတွေက များပြားလွန်းလှသဖြင့် ဤ၍ဤမျှ ဂဏန်းချ၍ သတ်မှတ်ပိုင်းခြား၍ မရနိုင်လောက်အောင်ဖြစ်နေကြ၏။

ဤတွင် အရှင်သာရိပုတ္တရာသည် ဤသို့ စဉ်းစားမိ၏-
ငါသည်ကား တစိတ်တဒေသမျှသာ သိနိုင်စွမ်းသော ပဒေသဉာဏ် ရရှိထားသည့် သာဝကတပါး ဖြစ်၏။ ထိုကဲ့သို့သော သာဝကတပါး၏ ဂုဏ်ကျေးဇူးတွေက ဤမျှလောက် များပြားနေသေးလျှင် ငါ၏ဆရာတဆူ ဖြစ်တော်မူသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကား မည်မျှလောက် များပြားပေမည်နည်း။

ဤသို့ စဉ်းစား၍ ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ဆင်ခြင်သုံးသပ်လေရာ မိမိ ရရှိထားသည့် ဂုဏ်ကျေးဇူးများနှင့် မနှိုင်းယှဉ်လောက်အောင် သာမွန်မြင့်မြတ်လှသော ဂဏန်းချ၍ မရနိုင်လောက်အောင် များပြားလှသော ဂုဏ်ကျေးဇူးတို့ ပေါ်လာ ထင်လာကြကုန်၏။

ဤသို့ ဂုဏ်ကျေးဇူးနှစ်ရပ်တို့ကို ယှဉ်စပ်၍ ဆင်ခြင်မိသောအခါ အရှင်သာရိပုတ္တရာ၏ ရင်တွင်း၌ မြစ်ကြီးနှစ်စင်း စီးဆင်းလာဘိသကဲ့သို့ ပီတိသောမနဿများ ပြည့်လျှမ်းလာကြ၏။ ဤသို့သော ပီတိသောမနဿ တို့ကို ဖွင့်အံပြောကြားဖို့ ထိုက်တန်လောက်သည့် ပုဂ္ဂိုလ်ကို ရှာဖွေ လိုက်သောအခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှ တပါး အခြားမရှိတော့ဟု သဘောပေါက်လာ၏။

ထို့ကြောင့် အရှင်သာရိပုတ္တရာသည် ညနေစောင်း၍ ဘုရားရှင်တပါးတည်း ကိန်းအောင်နေရာမှ ထတော်မူလာသည့်အချိန်၊ မျိုးမည်စုံစွာ ပန်းမာလာအပေါင်းတို့ အညှာမှ ကြွေကျလာသည့် အချိန်တွင် ဘုရားရှင်ခြေတော်ရင်း၌ ဦးခိုက်ရှိခိုးပြီးလျှင်-
 “အရှင်ဘုရား၊ တပည့်တော်သည် ဘုရားရှင်၏အပေါ်၌ ဤသို့ယုံကြည်လေးမြတ်ပါ၏။ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ် အရာ၌ ဘုရားရှင်ထက် သာလွန်မြင့်မြတ်သော အခြား တပါးသော ရဟန်းသည်၎င်း၊ ပုဏ္ဏားသည်၎င်း၊ ရှေးကလည်း မပေါ်ပေါက်ခဲ့ဖူးပါ။ နောက်နောင် မှာလည်း ပေါ်ပေါက်လာမည်မဟုတ်ပါ။ ယခုလောလောဆယ်တွင်လည်း ပေါ်ပေါက်၍ မနေနိုင်ပါဘုရား” ဟု အားပါးတရ လျှောက်ထား၏။

ဤတွင် ဘုရားရှင်က-
 “သာရိပုတ္တရာ၊ သင်သည် မြင့်မြတ်လှစွာသော တုန်လှုပ်ခြင်းကင်း၍ ရဲတင်းလှစွာသော ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်သိသကဲ့သို့ တိတိကျကျ ပြတ်သားလှစွာသော စကားကို ဆိုဘိသည်တကား” ဟု မိန့်တော်မူပြီးမှ

 “သာရိပုတ္တရာ၊ အတိတ်တုန်းက ပွင့်တော်မူခဲ့ကြသည့် ဘုရားရှင်တို့၏ စိတ်ကို သင့်စိတ်ဖြင့် ချဉ်းကပ်၍ သိနိုင်ပါသလော” ဟု မေးတော်မူ၏။
အနာဂတ်တွင် ပွင့်တော်မူလတံ့သော ဘုရားရှင်များနှင့် ယခုလက်ရှိ ပွင့်တော်မူနေသည့် ဘုရားရှင်တို့နှင့် ပတ်သက်၍လည်း ဤသို့ မေးတော်မူ၏။

မေးတော်မူလေသမျှကို အရှင်သာရိပုတ္တရာက အရှင်ဘုရား မသိနိုင်ပါ-ဟူ၍ချည်း လျှောက်ထားလေရာ-
 “သာရိပုတ္တရာ၊ ထိုသို့ မသိနိုင်ပါဘဲလျက် အဘယ့်ကြောင့် မြင့်မြတ်လှစွာသော၊ တုန်လှုပ်ခြင်း ကင်း၍ ရဲတင်းလှစွာသော တိတိကျကျ ပြတ်သားလှစွာသော စကားကို ဆိုရပါသနည်း။”


ဤသို့ မေးစစ်တော်မူသောအခါ အရှင်သာရိပုတ္တရာက-
 “အရှင်ဘုရား၊ တပည့်တော်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဘုရားရှင်တို့၏စိတ်ကို မိမိစိတ်ဖြင့် တိုက်ရိုက်ချဉ်းကပ်၍ သိနိုင်သည့်ဉာဏ်မျိုးကား မရှိပါ။ နည်းယူမှန်းဆ၍ သိနိုင်သော အနုမာန၊ နယဂ္ဂါဟ ဉာဏ်မျိုးသာ ရှိပါသည်။ ထိုဉာဏ်မျိုးဖြင့် သိနိုင်ခြင်းသာ ဖြစ်ပါသည်ဘုရား” ဤသို့ လျှောက်ထားပြီးလျှင် ထိုလျှောက်ထားချက်ကို ထင်ရှားစေရန် အထက်ပါ ပညာရှိတံခါးမှူး ဥပမာကို ထုတ်ဆောင်ကာ-



 “အရှင်ဘုရား၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဘုရားရှင်ဟူသမျှတို့သည် နီဝရဏတရား ငါးပါးတို့ကို ပယ်စွန့်ကြပြီးလျှင် သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို တည်ငြိမ်စွာ စူးစိုက်ထားကြကုန်လျက် ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို နည်းမှန်လမ်းကျ ပွားများကုန်၍ အတုမရှိ မြင့်မြတ်လှစွာသော သမ္မာသမ္ဗောဓိဉာဏ်တော်ကြီးကို ထိုးထွင်း၍ သိမြင်တော်မူကြပါသည်ဘုရား” ဟု လျှောက်ထား၏။

အရှင်သာရိပုတ္တရာ လျှောက်ထားသော ဥပမာပုံဝတ္ထုထဲက အချက်အလက်တခုချင်းကို အဋ္ဌကထာ ဆရာကြီးက ဥပမေယျနှင့် တွဲစပ်၍ ပြပုံမှာ-
နယ်ခြားမြို့ ဟူသည်မှာ-နိဗ္ဗာန်။
မြို့ပတ်လမ်း ဟူသည်မှာ-ဟီရိ ( မကောင်းမှုမှ ရှက်ခြင်း )
တံခါးပေါက် ဟူသည်မှာ-အရိယာမဂ်။
ပညာရှိတံခါးမှူး ဟူသည်မှာ-တရားစစ်သူကြီး ဖြစ်သော အရှင်သာရိပုတ္တရာ။
မြို့ထဲဝင်ကြ-ထွက်ကြသော ထင်သာ-မြင်သာ သတ္တ၀ါများ ဟူသည်မှာ-အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၌ ပွင့်တော်မူကြသော ဘုရားရှင်များ။
တံခါးမှူး၏ ဉာဏ်အမြင်၌ ထိုသတ္တ၀ါတို့ ၀င်ပုံ ထွက်ပုံများ ထင်ရှားခြင်းမှာ ထိုဘုရားရှင်တို့၏ သီလ၊ သမာဓိ၊ ပညာ စသော ဂုဏ်ကျေးဇူးများ အရှင်သာရိပုတ္တရာ၏ ဉာဏ်အမြင်၌ ပေါ်လွင် ထင်ရှားနေခြင်းတို့ ဖြစ်၏။

ဤသို့ ပေါ်လွင်ထင်ရှားပုံကို မိမိ၏ အနုမာန၊ နယဂ္ဂါဟဉာဏ်ဖြင့် သိနိုင်ကြောင်း အရှင်သာရိပုတ္တရာက ဥပမာဖြင့် ထင်ရှားအောင် လျှောက်ထားလိုက်ပေသည်။

( ၀ဏ္ဏသီရိ )

Monday, September 22, 2014

အစွဲအလန်း


*အစွဲအလန်း*

အစွဲအလန်းနဲ့ပတ်သက်ပြီး သင်ခန်းစာယူစရာကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပါ။ စာရေးဆရာ မောင်ဗိုလ်မွေး ရေးသားသည့် အနုပညာစာပေဆုရ မြန်မာပုံတိုပတ်စများစာအုပ်မှ “ငါ့ဘုရားမှ ငါ့ဘုရား” ဆိုတဲ့ပုံပြင်လေး ဖြစ်ပါတယ်။ပုံပြင်လေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရွာတစ်ရွာ၌ရတနာသုံးပါးကို အလွန်ကြည်ညိုသော အဖိုးအိုတစ်ယောက်ရှိ၏။ အဖိုးအိုသည် နေ့စဉ် နံနက်တိုင်း ဘုရားကိုဆွမ်းမှန်မှန်ကပ် ပန်းရေချမ်းပူဇော်ပြီး ၀တ်တတ်လေ့ရှိ၏။ အိမ်ရှိဇနီး သားသမီး များကိုလည်း အမြဲပင် ၀တ်တတ်ခိုင်း၏။တစ်နေ့၌ အဖိုးအိုနေသော ရွာကလေးတွင် ဆွမ်းတော်ကြီး တင်ပွဲ ကျင်းပရာ ၇ွာအတွင်းရှိ အိမ်တိုင်းမှဘုရားများကို ဓမ္မရုံသို့ပင့်၍ ဆွမ်းကပ်ကြလေသည်။ ဘုရားအလွန်ကြည်ညိုသော အဘိုးအိုလည်း အိမ်မှဘုရားကို ကိုယ်တိုင်ပင့်၍ ဓမ္မရုံသို့ပို့လေ၏။

ဆွမ်းတော်ကြီးတင်ပွဲ ပြုလုပ်သောနေ့တွင် ရွာသူရွာသားများအားလုံးသည် လှူဖွယ်ဝတ္ထုပစ္စည်း အစုံအလင် ဖြင့်ဘုရားကန်တော့ရန် ဓမ္မရုံသို့လာရောက်ကြလေ၏။ ထိုအချိန်တွင် အဘိုးအိုလည်း အိမ်သားများနှင့်အတူ လှူဒါန်းစရာ ချိုချဉ်၊ သစ်သီး၊ ဆွမ်းခဲဖွယ်၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဖယောင်းတိုင်များဖြင့် ဓမ္မရုံသို့ရောက်ရှိလာ၏။

အဘိုးအိုသည် အခြားလူများကဲ့သို့ ဘုရားဆင်းတုတော်များအား လက်အုပ်ချီ ကန်တော့ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများကို မကပ်သေးဘဲ ဘုရားစင်ထဲသို့ဝင်ပြီး ဘုရားအဆူဆူ အားလုံးကို ဟိုရှာဒီရှာနှင့်လိုက်ရှာနေ တော့၏။ဓမ္မရုံ၌ရောက်ရှိနေသော ရွာသူရွာသားများလည်း အဘိုးအို ဘာများရှာနေပါလိမ့်ဟူ၍ ၀ိုင်းကြည့်နေ ကြလေ၏။

နောက်ဆုံး၌ အဘိုးအိုသည် အားရ၀မ်းသာစွာ ပြုံးလိုက်ပြီး “အမယ်လေး၊ ခုမှပဲတွေ့တော့တယ် ဘုရား။ ဆွမ်း လဲဘုဉ်းပေးပါဘုရား။ ပန်း၊ရေချမ်းများလဲ အလှူခံပါဘုရား” ဆိုပြီး လျှောက်တင် လေ၏။

ထိုအခါ ဘေးမှလူများက “အပြင်ကနေ ကပ်ပြီးတာဘဲ၊ ဘာဖြစ်လို့ ဒီဘုရားစင်ထဲ ၀င်ကပ်ရ သလဲ အဘရဲ့” ဟူ၍အဘိုးအိုအားမေး၏။
အဘိုးအိုက “ဒါကတော့ ငါ့ဘုရားမှ ငါ့ဘုရားအစစ်ကိုကွ။ ငါ့ဘုရား ငါရှာပြီး ဆွမ်းမကပ်ဘဲ ငေးနေမိယင် ဆွမ်းငတ်နေမှာပေါ့ကွ” ဟုပြောလိုက်လေ၏။

ဤပုံပြင်လေးကတော်တော်လေးကောင်းပါတယ်။သာမန်ကြည့်ရင်တော့ရယ်စရာလေးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့အတွက် သင်ခန်းစာလေးပေးပါတယ်။ ဘယ်လိုသင်ခန်းစာလဲဆိုတော့ ငါ့ဥစ္စာပစ္စည်းဆိုတဲ့စွဲ နေတဲ့ငါစွဲအတ္တကို ဖြုတ်ရန်ပဲဖြစ်ပါတယ်။ပုထုဇဉ်တွေရဲ့သဘောသဘာဝအရ စွဲလန်းကြတာဓမ္မတာပါဘဲ။ အဲဒီလိုဘဲဆရာတော်တွေကို ကိုးကွယ်ရာတွင်လည်း အစွဲနဲ့ ကိုးကွယ်ကြတာကို တွေ့ရပါတယ်။ ကျွန်တော်နေ ထိုင်ခဲ့တဲ့ကျေးလက်တောရွာ ပတ်ဝန်းကျင် မှာလည်း သံဃာဂိုဏ်းတွေအများအပြားရှိတော့ ငါ့ ဘုန်းကြီးမှ ဘုန်းကြီး ငါ့ ကျောင်းဆိုပြီး စွဲလန်းပြီးအပြိုင်အဆိုင် တစ်ယောက်နဲ့တစ်ယောက် ကိုးကွယ်ဆည်းကပ်ကြတာ တွေ့ရပါတယ်။ အလှူအတန်းကို အပြိုင်အဆိုင်လုပ်တာတော့ ကောင်းပါတယ်။ ကောင်းသောပြိုင်ခြင်းပါ။

ဒါပေမယ့် ငါ့ ဘုန်းကြီးဆိုတဲ့အစွဲကိုတော့ပယ်သင့်ပါတယ်။အားလုံးသောသံဃာတော်တွေဟာ မြတ်စွာဘုရား ရှင်၏သားတော်များဖြစ်တဲ့အတွက် သံဃာကိုရည်းမှန်းပြီး ကိုးကွယ်ဆည်းကပ် သင့်ပါတယ်။ တကယ်တော့ သံဃာဆိုတာ ကောင်းကင်ကြီးနှင့်တူပါတယ်၊ ကောင်းကင်ကြီးကို လက်နှင့် ရမ်းကြည့်လိုက် ပါကဘယ်အရာကိုမှ မထိခိုက်မိဘဲ လွတ်လပ်စာ ဝေ့ရမ်းနိုင်တယ်။

အလားတူပဲ သံဃာကို သံဃာလို့မမြင် နိုင်ပါကအညှိအစွန်းတွေဖြစ်လာနိုင်တယ်၊ ဒါ ငါ့ကိုယ်တော်ပဲ ဆိုပြီး တွေးပြန်လျင်လည်း ကာမရာဂ သံယော ဇဉ်ဆိုတဲ့ အညှိအစွန်း၊ သူကတော့ သူများ ကိုယ်တော် သူများ ရဟန်းလို့ သို့မဟုတ် မကြည်ညိုနိုင်သော ရဟန်းလို့ တွေးမိပြန်ရင်လည်း ဒေါသ ပဋိဃ သံယောဇဉ်ဆိုတဲ့ အညှိအစွန်းဖြစ်နိုင်တယ်။ နောက်ဆုံး ငါအစွဲ စွဲကြောင့်ဘဲ သံဃာဘေဒက သံဃာအသင်းခွဲတဲ့ ကံကြီးအထိ ရောက်သွားနိုင်တယ်။ဆန့်ကျင်ဘက်အနေနဲ့ အကယ်၍ သံဃာလို့ တွေးနိုင်ရင် အပ္ပမေယျ အပ္ပမာဏ- အတိုင်းအတာမရှိ အကန့်အသက်မရှိတဲ့ အကျိုးကို ရစေနိုင်တယ်။

ဒါကြောင့် ကျွန်တော်တို့တွေအားလုံး အလှူအတန်းပြုလုပ်ရာတွင် အစွဲအလန်းမထားဘဲ သံဃာကို ရည်မှန်းပြီးလှူဒါန်းသင့်ပါတယ်။ ထို့အပြင်ပစ္စည်းဥစ္စာကိုလည်း အရမ်းစွဲလန်းရင်မကောင်းပါဘူး။ သေရင်အဲဒီအပေါ်မှာ စွဲလန်းတဲ့စိတ်နဲ့ တ၀ဲလည်လည်ဖြစ်နေတတ်ပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော်က ရဟန်းတော် တစ်ပါးသင်္ကန်းကို စွဲလန်းပြီးသေလွန်သောအခါ အဲဒီသင်္ကန်းမှာ ပြန်ပြီး တော့“သန်း”ဖြစ်ရတဲ့သာဓကလေး လည်းရှိပါတယ်။ ထို့ကြောင့်ဘယ်အရာမဆို အစွဲအလန်း အရမ်းထားလွန်းရင် မကောင်းပါဘူး။

အဲဒီစွဲလန်းတဲ့ စိတ်ကြောင့်ဘဲ ကိုယ့်ကို ပြန်ပြီးတော့ ဒုက္ခပေးတတ်ပါတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်။ ထို့ကြောင့်ကျွန်တော်တို့တွေအားလုံး အစွဲအလန်းအတ္တစိတ်တွေကို တတ်နိုင်သလောက်ကနေလုံးဝပပျောက် အောင်ကြိုးစားကြပါဆိုလို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။


တောသားလေး