ဗိုလ်ချုပ်ရေးတဲ့ တက္ကသိုလ်ကျောင်းကြီးနှင့် သင်ရိုးကျမ်း
အရင်ဆုံး သူရေးသားသော တက္ကသိုလ်ကျောင်းကြီးနှင့် အရင် မိတ်ဆက်ပေးပါရစေ။
“မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့တိုင် ဖြစ်ပျက် နေသော သတ္တသင်္ခါရ၊ ဩကာသလောကကြီးသည်ကား ငါတို့ အားလုံး အဖိုးမဖြတ်နိုင်သော ၀ိဇ္ဇာပညာကို သင်ရာ၊ ယူရာ၊ ကြားရာ၊ မှတ်ရာ တက္ကသိုလ်ကျောင်းကြီးအစစ်ပင်တည်း။”ဟုရေးသားထားသည်။
ဒီစာပိုဒ်လေးဖတ်မိရင်းက ကျနော့အား “ကျောင်းပြီးသွားပြီလား” “ဘာနဲ့ပြီးတာလဲဟင်…”စသဖြင့် “ဘာဘွဲ့ရသလဲ ? ဘယ်အဆင့်ထိလည်းပေါ့? Master ပြီးပြီလား။ ပြီးရင် phD ဆက်မတက်ဘူးလား။ ဘာလို့လဲ?....လို့ အမေးခံရဖူးသော အကြောင်းလေးတွေကို ပြန်ပြီးမြင်ယောင်လာမိပါတယ်။ တကယ်တော့ ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်း လောကပြင်ကျယ် တည်းဟူ သော အကြီးဆုံးကျောင်း၌ မွေးသည့်အချိန်မှ သေသည့်တိုင်အောင် ပညာသင် နေကြရသော ပညာသင်သားများသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ဘယ်တော့ မှ ကျောင်းပြီးကြမှာလဲ ဆိုရင်တော့ သေမှသာ ဒီကျောင်းက ထွက်ရမှာပါနော်။ အင်း ဒီကျောင်းကြီးမှာ ဘာသင်ရိုးကျမ်းတွေများ သင်ယူနေကြပါလိမ့် ဆိုတာ လေးကို သိချင်တာနဲ့ပဲ ဗိုလ်ချုပ်ရေးထားသော စာကို ဆက်ဖတ်လိုက်သည်။
ငါတို့သင်ကြားရာ ဘာသာရပ်များကား….
သဘာဝဓာတ်အလျောက် ပေါ်ပေါက်လာသော ကမ္ဘာ့အစဉ်ကျမ်း ကြီးတွင်ရှိပေ၏။
ထို ကမ္ဘာ့အစဉ်ကျမ်းကြီးတွင်
ပထမပိုင်း - လူဟုခေါ်အပ်သော ငါတို့ သဘောအကြောင်းများ ပါဝင်သည်။
ဒုတိယပိုင်း - ငါတို့တည်ရာ အပြင်ပ အမြင်အထင်ဖြစ်သော သဘာဝတရားနှင့် တွေ့ကြုံ၍ ငါတို့ သဘောအလျောက် ဖြစ်ပေါ်လာသော ဓမ္မတာဆန္ဒ အာသီသ က လှုံ့ဆော်သည့်အတိုင်း အပြင်ပသဘာဝတရားအတွင်း ရှိသမျှကို ရှာဖွေ စုံစမ်းသော အခန်းဖြစ်သည်။
တတိယပိုင်း - အဲလို ရှာဖွေရာ၌ စခန်းများ ဖြစ်သော လောကဓံတရားရှစ်ပါး
တို့ကို တွေ့ရသည်။
စတုတ္ထပိုင်း - လောကဓံတရားဘေးမှ လွတ်ရာ လွတ်ကြောင်း နည်းလမ်း ကောင်း ရှာရာ အခန်းဖြစ်သည်။
ပဉ္စမပိုင်း - လောကပြဿနာ အမျိုးမျိုးကို ရှာဖွေရာ၌ ဖြေရှင်းရသမျှထိ သိရသော လောက၀တ္တရားများ ပေါ်လာ၏။ ထိုဝတ္တရားများကို ပျက်ကွက်ခြင်း၊ ကျေပွန်ခြင်းနှင့် စပ်လျဉ်း၍ အခွင့်အရေးများ ပေါ်လာ၏။
ဆဋ္ဌမပိုင်း - ထိုအခွင့်အရေးတို့ကို အခြေတည်ကာ ငါတို့ တိုးတက်၍ တောထက် တက်သည်ကို တွေ့ရ၏။
သတ္တမပိုင်း - ထိုတောခုတ်တက်ကာ တိုး၍တိုး၍ ဖြေရှင်းရသော လမ်းအရ မျှော်ကြည့်ရာ လမ်းလွဲသည်၊ လမ်းမလွဲဘူးဟု ၀ိုးတိုးဝါးတား မိမိသိရှိပြီး ၀တ္တရား၊ အခွင့်အရေးတို့ကို ဆုံးဖြတ်ရန် ခက်ယဉ်းသော အခန်းဖြစ်သည်။
ဤအခန်းသည် ယခု ငါတို့ သင်ကြားနေသော အခန်းပင်ဖြစ်သည်။
ထို ကမ္ဘာ့အစဉ်ကျမ်းကြီးကား လောက၀ိဟာ တည်းဟူသော လောက တက္ကသိုလ် ကျောင်း၌သာရှိ၏။ ထိုလောကတက္ကသိုလ်၌ နေ၍ ငါတို့ တွေ့ဆုံကြ၏။ နှီးနှောကြ၏။ တွေးဆကြ၏။ ခေါင်းဆောင်ရှိ၏။ နောက်လိုက် ရှိ၏။ လူဆိုး၊ လူကောင်းများစွာကို တွေ့ရ၏။ ရုပ်ဆိုး၊ ရုပ်ချော မျိုးစုံတွေ့ရ၏။
အဲဒီမှာပဲ ရုပ်ချောသော်လည်း မနောဆိုးသူ၊ ရုပ်ဆိုးသော်လည်း မနောဖြူသူတို့ စသဖြင့် ကိုယ်ထင်မြင်ထားတာနှင့် လက်တွေ့မှာ ကိုက်မကိုက် ဆိုတာတွေ ပေါ်လာ၏။ မကိုက်ခဲ့သော် ငါမှားသလား၊ သူမှားသလား၊ ဆိုတဲ့ သင်စရာတွေ ထပ်၍ထပ်၍ တိုးလာတာကြောင့် သင်၍သင်၍သာ နေကြရပြန်၏။ ဤ လောကတက္ကသိုလ်ကြီးတွင် ငါတို့ သင်ယူနေရတာတွေသည်သာ ပညာစစ် ဖြစ်၏။ ထိုပညာစစ်ရတနာကို ယခု ငါတို့ တစ်သက် လောကတက္ကသိုလ်ကြီး အတွင်းရှိခိုက် မိမိရရ ယူရန်ကား ငါတို့၏ လောက ၀တ္တရားကြီးပေတည်း။ ဟု ရေးသားကာ နိဂုံးချုပ်ထားပါတယ်။
ဒီစာတစ်ပုဒ်လည်း ဖတ်ပြီးရော တွေးစရာတွေက များစွာပေါ်လို့လာ ပါသည်။ စာရေးသူ ဗိုလ်ချုပ်ကိုလည်း တကယ့်ကို ကြီးကျယ်မြင့်မြတ်လှသော အတွေးအခေါ်သမား တစ်ယောက်အဖြစ် သိမြင်လာရသည်။ အော် ဗိုလ်ချုပ် ပြော တဲ့ တကယ့် ပညာအစစ်ကြီးကို ခုမှပဲ ကွက်ကွက်ကွင်းကွင်းကို မြင်လာပါ တယ်။ သူရေးခဲ့သော စာပေအနေနှင့် အနည်းငယ်သာ တွေ့ရသော်လည်း ရေးသမျှသည် ပညာပါလှတဲ့အပြင် တကယ့်ကို နက်နဲလွန်းသော သဘော တရားများ ပါဝင်နေပါသည်။
ဗိုလ်ချုပ် အနေနှင့် ဒီလိုစာမျိုးကို ဘယ်လို အသက်အရွယ် မျိုးမှာ ရေးခဲ့တာပါလိမ့်လို့ ဆန်းစစ်လိုက်တော့ အသက် ၂၀နှင့် ၃၀ ကြား အရွယ်မှာသာ ဖြစ်ပေလိမ့်မည်။ ဒီလို အသက်အရွယ်နှင့် ဤမျှ လေးနက်သော စာမျိုးကို ရေးသားနိုင်သော ဗိုလ်ချုပ်ရဲ့ အရည်အချင်းကား အံ့မခမ်းဖွယ် ပင် ဖြစ်ပေသည်။ တော်လိုက်တဲ့ ဒို့ ဗိုလ်ချုပ်ရယ်လို့သာ နုတ်မှာဖွဖွ ရွတ်ဆိုမိရင်း သူ့အတွက် ဂုဏ်ယူလို့ မဆုံးနိုင်ဖြစ်နေခဲ့ရပါတယ်။
အော် အသက်၃၂ နှစ်မှာ လုပ်ကြံခံခဲ့ရတာဆိုတော့ သူတကယ် အလုပ်စလုပ်ခဲ့တာသည် (၂၀) မပြည့် ခင်လောက်ကပင် ဖြစ်ပေမယ်။ ဆယ်နှစ်တာ ကာလအတွင်း သူ့လုပ်ဆောင် ချက်တွေက ထက်မြက်ထိရောက်လှတာကြောင့် သူလိုလူ ဇမ္ဗူမှာရှား ဆိုတာ ထက်တောင် ရှားလှပါတယ်။ အင်း အချိန်တိုတိုအတွင်း အလုပ်အများဆုံး လုပ်ပြသွားသော ဗိုလ်ချုပ်ကို လွန်စွာမှ ချစ်ကြည်ညိုစိတ်တွေ တိုးပွားလို့ လာရပါတယ်။
ကိုယ်ကျိုးမဖက် အများအတွက် အချိန်ရှိသ၍ အားစိုက်ထုတ် ကာ ကြိုးစားလုပ်ဆောင် အသက်စွန့်သွားခဲ့သော ဗိုလ်ချုပ်အား လွမ်းဆွတ် တမ်းတမိရင်း ဤစာလေးနဲ့ နောင်လာနောက်သားများ ပြန်လည်သတိရနိုင်လို့ အတုယူနိုင်စေဖို့ တင်ပြလိုက်ရပါတယ်။
အင်း…ပညာတတ် စစ်စစ် တစ်ယောက် ဖြစ်ဖို့ကတော့ သင်ယူစရာ တွေ များလွန်းလှတာကြောင့် မကုန်နိုင်သော ပညာစစ်တွေကို နေ့စဉ် သင်ယူရင်း လောက ၀တ္တရား ကျေပွန်စေဖို့သာ ကြိုးစားရပါတော့မည်။
စောသဇင်(မန္တလေး)