ဖြစ်ကောင်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ သူ့ထံတွင် အဖြေတစ်ခုခုတော့ ရှိနိုင်သည်။
ထောင်ဆိုသည်မှာ အပြင်ကသော့ခတ်ထားပြီး၊ အိမ်ဆိုသည်မှာ အတွင်းက သော့ခတ်ထားရသည်ဟု ကျွန်တော် ဖြေခဲ့ပါသည်။ ကျွန်တော့်အဖြေကို သူ သဘောကျသည် မကျသည်ကိုတော့မသိ။ သူလိုချင် သည့်အဖြေနှင့် ကျွန်တော် ပေးသည့်ဥပမာ ဝေးကွာ ကောင်းဝေးကွာနိုင်သည်။
ကျွန်တော်တို့ ပညာရေးက ထိုနည်းနှယ်ဖြစ်နေသည်။ ကျွန်တော်တို့သည် ကလေးတို့၏ စိတ်ကို ပြင်ပမှသော့ခတ်ထားသလို ဖြစ်နေသည်။ ထောင်လိုသော့ခတ်ခြင်း ခံထားရသဖြင့် ကလေးတို့စိတ်သည် ပြင်ပစာနှင့် ဗဟုသုတများအား ထိတွေ့ခွင့်မရ။ အိမ်လို အတွင်း၌ သော့ခတ်ထားပြန်သဖြင့် ကလေးတို့၏ အတွင်းစိတ်ကို ပြင်ပစာတွေက လာဖတ်ခွင့်မရဖြစ်နေသည်။ နံရံက ခြားနေသဖြင့် ကလေးတို့ လွတ်လပ်စွာ တွေးခွင့်၊ ဆွေးနွေးခွင့်၊ စိတ်ကူးခွင့်တွေမရ။ ထောင်နှင့်တူသော အိမ်ထဲမှာ ရောက်နေကြသည့် ကလေးတွေကို မည်သည့်အချိန် တံခါးတွေ ဖွင့်ပေးကြမည်နည်း။
ပညာရေးဆိုသည်မှာ အမှောင်တွင်းမှ အလင်းသို့ဆွဲထုတ်ခြင်း၊ ထောင်တွင်းမှ အပြင်သို့ဆွဲထုတ်ခြင်းသာ ဖြစ်သင့်သည်။ ဝေဒကျမ်းစာတစ်ခုတွင် ပညာရေးဆိုသည်မှာ ကျောင်းသင်စာထက်ပို၍ လုပ်ပိုင်ခွင့် ပေးသည့် စနစ်ကို အထူးချီးပထားသည်။ အလားတူ တရုတ်စကားပုံ တစ်ခုတွင်လည်း ပညာရေးနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ဆိုထားဖူးပါသည်။
- တစ်နှစ်အကျိုးခံစားလိုလျှင် စပါးစိုက်ပျိုးပါ
- ဆယ်နှစ်အကျိုးခံစားလိုလျှင် သစ်ပင်စိုက်ပျိုးပါ
- နှစ်တစ်ရာအကျိုးခံစားလိုလျှင် လူကိုပျိုးထောင်ပေးပါ ဟူ၍ဖြစ်သည်။
ပညာရေး၏ အဆုံးစွန်သော ရည်မှန်းချက်သည် လူ့ဘောင်ကို ကိုယ်တိုင် လေ့လာ၊ ကိုယ်တိုင် ပညာရှာမှီးမှု များဖြင့် ပြည့်ဝစေရေး ဖန်တီးပေးထားရုံသာ ဖြစ်သည်။
လူကိုပျိုးထောင်ခြင်းဆိုသည်မှာ ကလေးများ၏ သဘာဝနှင့် စွမ်းရည်ကို ပြုစုပျိုးထောင်ရန်ဖြစ်သည်။ ပညာရေး ဆိုသည့် စကားမူလသည် လက်တင်ဘာသာ “Educare” မှ ဆင်းသက်လာခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ လမ်းကြောင်းတည့်ပေးရန်သာ ဖြစ်သည်။ စာအတင်းကျက်ခိုင်း၊ အတင်းဖတ်ခိုင်းသည့် သဘောမျိုး မဟုတ်ပေ။ စွယ်စုံကျမ်းတစ်စောင်တွင်လည်း ပညာရေးနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် “ပညာရေး ဆိုသည်မှာ ပုံမှန်နည်းလမ်းအရဖြစ်စေ၊ ပုံမှန်နည်းလမ်းတကျ မဟုတ်သည် ဖြစ်စေ လူတို့ကိုယ်တိုင် သူတို့နေထိုင်သည့် ပတ်ဝန်းကျင်အခြေအနေထက် ပိုမိုသိရှိနားလည် သဘောပေါက်လာစေရန် အသိအမြင် အတွေးအခေါ်ကို တိုးမြှင့်ပေးခြင်း” ဟု ဖွင့်ဆိုထားသည်။
ခေတ်သစ်တွင် ပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန် ပိုမိုကျယ်ဝန်းလာပြီဟုဆိုချင်သည်။
ပညာရေးဆိုသည်မှာ အများထင်သလို ကျောင်းသင်ခန်းစာ၊ စာမေးပွဲနှင့် ဘွဲ့လက်မှတ်ဟူသည့် အသွင်မဆောင်တော့ပေ။ ပညာ သင်ကြားရာနေရာဌာန ဆိုသည်မှာလည်း ကျောင်းနှင့် တက္ကသိုလ်၊ ကောလိပ်ဟူသည့် အဓိပ္ပာယ်ဖြစ်ချင်မှ ဖြစ်တော့မည်။ ပညာရေးတွင် ခေတ်မီခြင်းဆိုသည်မှာ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ ပညာသင်ကြားရေးသည် အထီးတည်း ရပ်တည်၍ မဖြစ်နိုင်တော့ပေ။ အားကစား၊ စာရိတ္တ၊ စာပေ၊ ဂီတ၊ အနုပညာ၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်စေရန် လေ့ကျင့်ပြုစုပျိုးထောင်ရေးမှအစ အားလုံးလိုအပ်ချက်တွေ များလာသည်။
တရုတ်ရိုးရာအယူအဆတွင် Yin နှင့် Yang ဆိုပြီး ကွဲပြားမှုနှစ်ခုရှိသည်။ ထိုနှစ်ခုသည် သဟဇာတ မျှတစွာ ပေါင်းစပ်နိုင်ပါမှ လောကတွင် အချိုးညီမျှစွာ တိုးတက်နိုင်သည်ဆိုသကဲ့သို့ စာတွေ့၊ လက်တွေ့နှစ်မျိုးသည် ပညာရေးလောကတွင် လည်း မျှတစွာပေါင်းစပ်နိုင်ရန် အရေးကြီးသည်။
ပညာရေးဟု ဆိုလိုက်လျှင် သင်ယူနိုင်စွမ်းကိုသာမက၊ ကလေး၏ ဝေဖန်ဆန်းစစ်နိုင် စွမ်းကိုပါ ထည့်တွက်ရပေလိမ့်မည်။ မျက်မှောက်ပညာရေးစနစ်သည် မည်မျှတိုးတက်နေပါသည်ဆိုစေ
ကလေးနှင့် သင်ရိုးသည် တစ်ထပ်တည်း မဖြစ်သေးသမျှ အောင်မြင်နိုင်ရန်မလွယ်ပေ။ ကလေးသည် ကျောင်းစာတစ်ခုတည်းကိုသာ အာရုံစိုက်ပြီး စိတ်ထဲတွင် တင်းကျပ်နေရမည့် ပညာရေးမျိုးနှင့် မိဘများ သောကများနေရမည့် ပညာရေးမျိုးသည် မျက်မှောက်ခေတ်ပညာရေးစနစ် မဖြစ်သင့်ပေ။
ကျောင်းစာ ဆိုသည်မှာ ကလေးများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်ပေ။ နိုင်ငံတကာအဆင့်မီပညာရေး အကြောင်းပြောပြီး မိမိလူမျိုး နိုင်ငံယဉ်ကျေးမှုနှင့် ကင်းကွာ သွားသည့် ပညာရေးမျိုးလည်း မဖြစ်သင့်ပေ။ နိုင်ငံတကာအဆင့်မီခြင်းဆိုသည်မှာ နိုင်ငံတကာ စံများကို မိမိ ဘာသာသို့ပြန်ပြီး ကျောင်းနေကလေးများ လွယ်အိတ်အတွင်းသို့ စာအုပ်ပုံကြီး တစ်ခုထိုးထည့်ပေးကာ ဝန်ထုပ် ဝန်ပိုးကြီး တစ်ခုပမာ သယ်ဆောင်စေခြင်းမျိုးလည်း မဖြစ်သင့်ပေ။
စာမေးပွဲဆိုသည်မှာ သတ်မှတ်ချက် တစ်ခုသာဖြစ်ပြီး၊ မသိ နားမလည်ဘဲ အတင်းအကျပ်လုပ်ဆောင်စေသည့် စံတစ်ခုပမာ ကလေးများ ခံစားနေရ သရွေ့ ပညာရေးစနစ်ကြီးကို အောင်မြင်ပြီဟု မယူဆနိုင်ပေ။
Written by တင်ညွန့်
Ref: School Book Publishing in India, by Sharda Chawla