Sunday, January 27, 2013

အိမ်-အပြန်လမ်း

အိမ်-အပြန်လမ်း

အမေရဲ့ မျက်နှာသွင်နဲ့ တစ်ကိုယ်လုံး ဇရာတရားတွေက အလိပ်လိပ် အထပ်ထပ် ဖုံးထားကြပေမဲ့ ပြုံးပြီးတော့ ကြည့်နေတဲ့ မျက်နှာသွင်နဲ့ အမေရဲ့ တစ်ကိုယ်လုံးမှာ မေတ္တာတွေ ဂရုဏာတွေ မုဒိတာတွေ ဥပေက္ခာတွေက အပြည့်ဖုံးထားတာ၊ သားတွေ့လိုက်ရတယ် အမေ …

မြန်မာနိုင်ငံ မပြန်ဖြစ်တာ နှစ်တွေ တော်တော်ကြာလို့ ရှစ်နှစ်တာထဲ ရောက်ခဲ့ပါပြီ၊ မိတ်ဆွေများ အရှိုအရှို ပြန်နေကြပေမဲ့ ပြန်လိုတဲ့စိတ်က တွန်းအားအဖြစ် မပေးခဲ့လေဘူး။ ဒီနှစ်တော့ အသက်ရှစ်ဆယ်ကျော်လို့ လေးနှစ်တာ စွန်းလေပြီဖြစ်တဲ့ မွေးမေမေကို မယ်တော်ကြီးလို့ မခေါ်ခဲ့ရတာလဲကြာ၊ မယ်တော်ကြီး၏ ရွှေမျက်နှာကိုလဲ မြင်လိုလှတဲ့စိတ်က ပြင်းပြင်းထန် တွန်းအားအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ နောက်တစ်ချက်က မွေးရာဇာတိမြေမှာ ရသမျှ ငွေသပြာများနဲ့ မြှုပ်ထားတဲ့ ရွှေအိုးက ရှိနေသေးလေတော့ ဘယ်အတိုင်းတာ ဘယ်အဆင့်ထိ ရှိနေကြပြီလဲ ဆိုတာကို သိချင် မြင်ချင်စိတ်က ချိုးနှိမ်လို့ ထားမရတာလဲ ပါပါတယ်။

ဒီလိုနဲ့ အမိမြေကို ပြန်ဖို့ရက်က သေချာသည်ထက် သေချာသွားပါတယ်။ ၂၇.  ၀၁.  ၂၀၁၂ နေ့မှာ လေယာဉ်လက်မှတ်ဖြတ်ထားပြီး မရောက်တာကြာနေတဲ့ စင်ကာပူ- မလေးရှားကို တစ်ခါတည်း ၀င်သွားလို့      မတွေ့တာကြာတဲ့ မိတ်ရင်းများနဲ့ တစ်ဆယ့်သုံးရက်တာ နေလာခဲ့ပါတယ်။ ၉.  ၀၂.  ၂၀၁၂  နေ့မှာ အမိမြေ ရွှေမြန်မာကို ရင်ထိတ်စွာနဲ့ ထွက်ခဲ့တာ မြေပြင်ကို လေယဉ်-ဆင်းသက်သည်အထိပါပဲ။ လေယဉ်ကွင်း အဆောက်အဦးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ အများနည်းတူ တန်းစီနေရာမှာ- အရှင်ဘုရား ဒီကိုကြွပါဆိုတဲ့ အသံက စိုးမိုးစွာ ကြားလိုက်ရတယ်။ အသံလာရာကို စိုးရွံ့စွာကြည့်လို့ အသံပိုင်ရှင်ကို မြင်လိုက်မှ ရင်ထဲမှာ အေးသွားပါတယ်၊ ပြုံးရွှင်တဲ့မျက်နှာ ဂါရ၀ပါတဲ့အနေအထားနဲ့မို့ ကြည်ညိုတဲ့စိတ်အပြည့်ရှိနေတာ သိလိုက်ရလို့ပါပဲ။ အော်  ဒို့ရွှေမြန်မာတွေ ဒို့ရွှေမြန်မာတွေ ဘယ်လိုအကြောင်းမျိုးပဲ ရှိနေပါစေ   သံဃာတော်များ တွေ့ရရင် ဒီအသွင် ဒီသဘော မပြောင်းလဲကြတာ အလွန်ကို ၀မ်းသာစရာပါလားရယ်လို့ ကြည်နူးစိတ်နဲ့ရင်နှီးစွာ ပင့်ဆောင်ရာကိုသွားလိုက်ပါတယ်။

လိုအပ်တဲ့ ဆောင်ရွက်ဘွယ်တွေ လုပ်ဆောင်ပြီး ပစ္စည်းရွေးလို့ အပြင်ထွက်လာပေမဲ့ လာကြိုသူ တစ်ယောက်မှ မတွေ့ရလို့ ကိုယ့်အဖြစ်ကို ၀မ်းနဲမနေအားပါဘူး၊ လိုရာသွားဖို့အတွက်Taxi  ကားတွေ ရှိနေတာပဲလို့။ အဲဒီမှာ တစ်နေရာက ပြုံးရွှင်တဲ့ မျက်နှာတွေနဲ့ မိတ်ဆွေတွေ ပေါ်လာကြတယ် အရှင်ဘုရားကို လာကြိုကြတာပါတဲ့၊ ကိုယ်ကလဲ အလိုက်သိစွာ ပြုံးလို့ ပြလိုက်ပါတယ်၊ သိနေတယ်လေလို့။

တည်းခိုမည့်ရမည့် မဟာစည်ရိပ်သာကြီးကို ရောက်လာလို့ မိတ်ဟောင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ် သုံးလေးရက်လောက် ငယ်မူခဏ ပြန်ခဲ့ကြရပါသေးတယ်။
ကြာကြာလဲ မနေအားပါဘူး အင်္ဂလန်က လက်ဆောင် ပါးလိုက်ကြတာလေးတွေ ဆိုင်ရာတွေကို ခေါ်ပေးလို့ ရန်ကုန်မြို့ကြီးနဲ့ အတော်ဝေးလှတဲ့ မြေလတ်ပိုင်းက မုံရွာဆိုတဲ့ အညာမြို့ဆီကို အမြန်ပြေးခဲ့ရပါတယ်။ အကြောင်းကတော့ အမေ့မျက်နှာကို မ၀တမ်း ကြည့်လိုက်ချင်တဲ့ စိတ်ကြောင့်ပါပဲ။ အမေက မြို့မှာမပျော် တောကိုသာ ပျော်သတဲ့၊ မြို့ကိုမခင် တောကိုသာ နေချင်သတဲ့။ ဟုတ်မှာပါလေ အမေက တောမှာမွေးပြီး တောမှာကြီးပြင်း အသက်(၈၀)ကျော် နေလာခဲ့ရလေတော့ အမေ့စိတ်က တောကိုပဲ ခင်ပေမှာပေါ့၊ အမေ့ကို အပြစ်မဆိုရက်ပါဘူး၊ 

ကိုယ်သည်ပင်လျှင်ပျော်ရွှင်လှတယ်မဟုတ်ပါပဲ သမိုင်းပေးအရ အထင်ကရ နိုင်ငံကြီးမှာ နေနေရတာ ကိုယ်ချင်းစာပါတယ်။
မြို့ပေါ်မှာ ကြာကြာမနေအားပါ၊ အမေရှိရာကို ဒီကနေ့ပဲ အရောက်သွားမယ်လို့ နှလုံးသွင်းပြီး မြို့က ညီအကိုတွေ တားနေတဲ့ကြားက ထွက်လာမိခဲ့ပါတယ်။ သူတို့ကိုတော့ အားနာမိပါရဲ့၊ ဒီအချိန်မှာ သိကြားမင်းကြီး လာလို့ တားရင်တောင် ရောက်အောင်သွားမဲ့ ကိုယ့်စိတ်ကို သူတို့မှ မသိကြလေပဲကိုး၊ ကိုယ့်စိတ်က အမေမှ အမေ- ဖြစ်နေတဲ့ အခါလေ၊ အမေ့ရွှေမျက်နှာ ကြည့်လိုလှတွေ့လိုလှ မြင်လိုလှတာ ကိုယ်ပဲသိပါတယ်။

အမေရှိနေတဲ့ ကိုယ့်မွေးရာ ဇာတိရွာလေးက ကိုယ်မရောက်လာတဲ့ ရှစ်နှစ်အတွင်းမှာ အတော်ကို ပြောင်းလဲလို့ နေခဲ့တယ်။ ရွာကိုအလာ ဘေးဝဲယာ လယ်ကွင်း ယာကွင်းကြီးတွေက ရေသွယ်မြောင်း ရေနှုတ်မြောင်းတွေနဲ့ ခရီးသွားတွေ အမောပြေ နားနေစရာ အဆောင်ကလေးတွေနဲ့ စိမ်းလမ်းစိုပြေလို့ပေါ့။ ယခင်တုန်းကနဲ့ မတူတာတော့ အမှန်ပါပဲ။ မြို့ကို တက်လာကြတဲ့ သူတွေက ပျူပျူငှာငှာ နှုတ်ဆက်ကြ မေးမြန်းကြနဲ့ ကိုယ့်ကို မမေ့ကြသေးပါလားလို့ ၀မ်းသာကျေနပ်မှု ဖြစ်မိလိုက်ပါတယ်။ ရွာအ၀င်လမ်းမှာလဲ ရွာတံခါးတွေ ရွာစည်းရိုးတွေနဲ့ဆိုတော့ ကိုယ့်ရွာကို ကိုယ်တိုင် စောင့်ရှောက်ရမည့် တာဝန်နဲ့ စည်းလုံးမှုရဲ့ တန်ဖိုးကို နားလည်နေကြလို့ ရွာကလူတွေ အတွေးအမြင် ပြောင်းလဲနေကြပြီ ဆိုတာ ရွာကို- ၀င်လိုက်တာနဲ့ သိလိုက်ပါတယ်၊ ကောင်းတဲ့ပြောင်းလဲမှုတစ်ရပ်ပေါ့လေ။

အမေရှိနေတဲ့ အမေ့အိမ်ကို ၀င်လိုက်တဲ့ အခါမှာတော့ ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲသေးတာက    အမေရဲ့ ရွှေမျက်နှာပါ၊ သားကိုချစ်တဲ့စိတ်နဲ့  အမေရဲ့ အပြုံးရိပ်တွေ တွေ့လိုက်ရတယ်၊ အမေရဲ့နှုတ်ကလဲ ဦးဇင်းလို့ ခေါ်လိုက်တဲ့ အမေရဲ့အသံ၊ ချိုမြိန်လိုက်တာ အမေရယ်၊ သားကိုမြင်လို့ အမေအိမ်ထဲက ထွက်လာတဲ့ အမေ့အသွင်က သားအထင်တော့ အမေရယ် ဟို ကောင်းကင်ထက်က ဗြဟ္မာမင်းကြီး ဆင်းလာတာလို့ပဲသားထင်လိုက်မိပါတယ်။ အမေရဲ့ မျက်နှာသွင်နဲ့ တစ်ကိုယ်လုံး ဇရာတရားတွေက အလိပ်လိပ် အထပ်ထပ် ဖုံးထားကြပေမဲ့ ပြုံးပြီးတော့ ကြည့်နေတဲ့ မျက်နှာသွင်နဲ့ အမေရဲ့ တစ်ကိုယ်လုံးမှာ မေတ္တာတွေ ဂရုဏာတွေ မုဒိတာတွေ ဥပေက္ခာတွေက အပြည့်ဖုံးထားတာ၊ သားတွေ့လိုက်ရတယ် အမေ။

အမေကို မတွေ့ရတဲ့ ရှစ်နှစ်ဆိုတဲ့ အချိန်ကာလက သားအဖို့မှာ ရှစ်ကမ္ဘာလောက် ကြာလိမ့်မယ်လို့ သားထင်ထားတယ်အမေ၊ ဘယ်သူတွေ ယုံယုံ မယုံယုံ အမေ့နှလုံးသားက သားကိုသိနေသလို သားနှလုံးသားကလဲ အမေ့ကို သိနေတယ်လေ။ အမေကလဲ သားမှသားဖြစ်သလို၊ သားကလဲ အမေမှအမေပါပဲ အမေရယ်။

အမေက သားကို စကားလက်ဆောင် ပါးခဲ့တယ်လေ၊ အမေ မသေခင် သားရဟန်းကို တွေ့ချင်လိုက်တာဆိုတဲ့ အမေရဲ့ မဟာဆန္ဒ အခုပြည့်ပြီပေါ့နော်။ ဖြစ်နိုင်မယ်ဆိုပါရင် သားလဲအမေရဲ့ အသက်အရွယ်အထိ နေရလို့ သားရဲ့ အသက်ရှည်နေသမျှ အမေကို အသက်ရှင်လျှက် တွေ့နေချင်သူပါ။ အမေနဲ့သား ကမ္ဘာမခြားပေမဲ့ ရေမြေ တောတောင်တွေက အထပ်ထပ် ခြားနေတယ် အမေရယ်။ သားဆီကို အမေ မလာရောက်နိုင်ပေမဲ့ အမေရဲ့ မေတ္တာတွေက သားဆီမှာ နေ့တိုင်းရောက်နေခဲ့တာ သားသိတယ်အမေ။ သားက ကမ္ဘာကြီးရဲ့ အပြင်ကိုရောက်နေခဲ့ရင်လဲ အမေရဲ့မေတ္တာတရားတွေက ရောက်အောင်လာမှာပဲ မဟုတ်လား။   

အကြောပြိုင်းပြိုင်း ထနေတဲ့အမေရဲ့လက်နှစ်ဖက်ကိုဆုပ်နယ်လို့အမေလို့ခေါ်လိုက်ရတာ သားနှလုံးသားမှာ ပီတိအဖြစ်ဆုံးပါပဲ အမေ၊ ဘယ်အရသာနဲ့မှ မတူဘူးအမေ။ အရသာထူးခြားတဲ့ နတ်သုဒ္ဓါတွေက တစ်ခါစားထားရင် ရက်တစ်ရာလောက် ဘာမှမစားပဲ နေနိုင်သတဲ့ အမေ၊ စားဘူးတဲ့သူကလဲ တသက်လုံး အရသာကို မေ့လို့ မရဘူးတဲ့။ အခုအမေကို အမေလို့ ခေါ်လိုက်ရတဲ့ အရသာကလဲ သားနှလုံးသားမှာ နတ်သုဒ္ဓါထက်သာလိမ့်မယ်အမေ။ နတ်သုဒ္ဓါက တစ်ခါစားရရင် ရက်တစ်ရာလောက် ဘာမှမစားပဲ နေနိုင်တာလေ၊ အခုသားက ဟို လွန်လာခဲ့တဲ့ ရှစ်နှစ်က အမေလို့ ခေါ်ခဲ့ရတဲ့ အရာသာကို အာရုံခံလို့    နေလာခဲ့တာ ရက်ပေါင်း  တစ်ထောင်ကျော်ကြီးတောင် မခေါ်ပဲ နေခဲ့ရတာပါအမေ၊ အချိန်တွေ အများကြီး ကွာတယ်နော်။

အမေကိုအတိုးချလို့အကြိမ်ကြိမ်အမေလို့ခေါ်ထားပါရစေ အမေရယ်။
ပြောလို့မကုန်နိုင်တဲ့အမေရဲ့စကား၊ ကြားလို့မ၀နိုင်တဲ့အမေရဲ့အသံ၊ ရှုကြည့်လို့ အားမရတဲ့ အမေရဲ့မျက်နှာကြောင့် အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိပါဘူး၊ နေတော်တော်ကြီး စောင်းသွားမှ ရွာကျောင်းကို သွားရဦးမှာ အမှတ်ရမိပါတယ်။ 
အမေကိုနှုတ်ဆက်ပြီး ကျောင်းကို ရောက်တယ်ဆိုရင်ပဲ မြှုပ်နှံထားတဲ့ အနုဂါမိက ရွှေအိုးကို တွေ့လိုက်ရပါတယ်။ ဖြည့်ဖို့ အများကြီး လိုနေပါသေးလား။ ငါမှန်းထားသမျှ ငါရထားသမျှ ဖြည့်ဆည်း ပေးလာခဲ့တာ ခေတ်ကာလ နဲ့ဆိုတော့အတိုင်းအတာ တစ်ခုတော့လိုနေဦးမှာပေါ။့ မပြီးပြတ်မပြည့်ဝသေးတဲ့ တစ်ထပ်ကျောင်း အနုဂါမိက ရွှေအိုးကလေးရဲ့ အ၀င်ဝမှာတော့ ဆရာဇော်ဂျီရဲ့ “ကျန်ပါစေ  ဆိုတဲ့ အလင်္ကာ ပန်းကုန်းကလေးက အောက်ပါအတိုင်း ဆီးကြိုလျှက်………

ကျန်ပါစေ
သင်သေသွားသော်၊ သင်ဖွားရာမြေ၊
သင်တို့မြေသည်၊ အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊
ဉာဏ်တစ်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက်၊ ကျန်သင့်၏။- တဲ့။
သတ္တဝါ မှန်သရွေ့  တရားတွေ့ချမ်းမြေ့သာယာ ရှိကြပါစေ..

ဘုန်းသျှံ{လန်ဒန်ဝိဟာရ}
           ၂၃.၀၁.၂၀၁၃။