သံသရာဝဋ်ကြွေးဆိုတာ
၁။ မြတ်စွာဘုရားရှင်လက်ထက်တော်က စက္ခုပါလမထေရ်မြတ်အကြောင်းဖြစ်ပါတယ်။
စက္ခုပါလမထေရ်ဟာ မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းတော်ကို ကြွမလာခင်ကတည်းက
တရားအားထုတ်ခဲ့သူဖြစ်ပါတယ်။
အဲဒီ ကာလကတည်းက မျက်စိရောဂါဖြစ်လို့ ဆေးကုသခဲ့ပါတယ်။ ဆေးဆရာက မျက်စဉ်းခတ်တဲ့အခါမှာ လဲလျောင်းပြီးခတ်ရပါမယ် ၊နို့မဟုတ်ရင် မျက်စိပြန်မကောင်းနိုင်ပါဘူး လို့ လျှောက်ထားခဲ့ပေမယ့် စက္ခုပါလ မထေရ်က လျောင်းစက်တဲ့ အနေအထားကိုရှောင်ပြီး သွားတာ၊ ရပ်တာ၊ ထိုင်တာကိုပဲ ပြုပြီး တရားအားထုတ် တော်မူခဲ့ပါတယ်။
ဆေးဆရာလာကြည့်တဲ့အခါ အရှင်မြတ်ရဲ့ မျက်စိများဟာ ပျက်စီးနေပြီဖြစ် ပါတယ်။ အဲဒ်ီတော့
ဆေးဆရာကလည်းနောက်ဆုတ်သွားခဲ့ပါတယ်။ အဲသည် အဖြစ်က အခုဘ၀မှာဖြစ်တာ လောက်ပါ။ တကယ်တော့ ဘယ်လောက်ကြာရှည်နေပြီလို့ မသိနိုင်တဲ့ သံသရာတစ်ကွေ့မှာ စက္ခုပါလ မထေရ်မြတ်အလောင်းလျာဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။
အဲသည်ဘ၀မှာ အရှင်မြတ်က ဆေးဆရာဖြစ်တော့ မျက်စိရောဂါပြင်းထန်စွာဖြစ်နေတဲ့ အမျိုးသမီး
တစ်ယောက်က ဆရာရယ် ကျမရောဂါပျောက်အောင်ကုသပေးပါ။ တစ်မိသားစုလုံး ကျွန်ခံပါ့မယ်လို့ ပြောပြီး ဆေးကုသခံသတဲ့။
သူ့ရောဂါ ပျောက်ခါနီးလောက်ကျတော့ ဆေးဆရာက လာကြည့်ပါတယ်။ ပျောက်လုပြီဆိုတာ သိပါတယ်။ သိပေမယ့် ဘယ်လိုနေသေးလည်းမေးတာပေါ့။ အမျိုးသမီးက ဆေး ကုခမပေးချင်တော့ ညာပြီး ပြောပါတယ်။ အစောပိုင်းကတော့ တော်တော်ကောင်းသွားပါတယ် ဆရာ၊ အခုတော့ ပြန်ပြီး ထိုးကိုက်လာပြန်ပါတယ်လို့ လိမ်ပြောပါသတဲ့။
ဆေးဆရာက ဒီအမျိုးသမီးတာ့ ညာနေပြီ သိကြသေးတာပေါ့လို့ဆိုပြီး နောက်တစ်ခေါက်အလာမှာ
ဆေးပြောင်း ပေးမယ်လို့ဆိုပါတယ်။ နောက်တစ်ခေါက်အလာမှာလည်း ဘေးဖြစ်စေတဲ့ ဆေးမြစ်ကိုသွေးပြီး မျက်စိကို ကွင်းပေးလိုက်တာ လိမ်လည်တဲ့မိန်းမ ဟာ တစ်ခါတည်းပြန် ပြီး မျက်စိကွယ်သွားပါတော့တယ်။
လူနာ အမှားအပေါ် ဆေးဆရာ အမှားက ပိုဆိုးသွားခြင်းပါ။ အဲသည်လို သူတစ်ပါးကို မျက်စိကွယ်စေခဲ့တဲ့ စက္ခုပါလမထေရ်ဟာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တဲ့ ဘ၀ ကို ရောက်တာတောင်မှ မျက်စိကွယ်ခြင်းနဲ့ ပြန်ပြီးပေးဆပ်ရပါတယ်။
ဝဋ်ကြွေးကို လျှော်ပစ်လို့မရပါဘူး။ အခုဘ၀မှာ ကိုယ်အပြစ်မရှိအောင်နေတဲ့ကြားက ဆိုးရွားတဲ့ဖြစ်ရပ်များနဲ့ တည့်တည်တိုးတာ ၊ ဝေဒနာများကို ခံစားရတာ စတဲ့အဖြစ်တွေကြောင့် ဒေါသဖြစ်ကာ ဆူပူသောင်းကျန်း တာမျိုး၊ သူတစ်ပါးကိုပြန်ပြီး ရန်ရှာတာမျိုး မလုပ်သင့်ပါဘူး။ တင်ပြီးသားကြွေးကိုသာ ကုန်စင်အောင်ပြန်ဆပ် လိုက်တာကောင်းပါတယ်။
၂။ နောက်တစ်ခု သတိရမိတာကတော့...မြန်မာ့သမိုင်းမှာလည်း မိဖုရားကြီး နန်းမတော်မယ်နုကို သေဒဏ်ချလိုက်ပြီး....သတ်တော့မှာ သေချာတဲ့အချိန် ....မိဖုရားကြီးက အခွင်အရေးတစ်ခု တောင်း ပါတယ်။
အဲဒီ အခွင့်အရေးကတော့ ဆရာတော်ဦးဗုဓ် ကို ကိုယ်တိုင်ဖူးမြင်ခွင့်ပေးပါ ဆိုတဲ့အခွင့်ဖြစ်ပါတယ်။ မင်းကလည်း သာသနာရေးကို မပိတ်ပင်ပါဘူး။ အဲတော့ မယ်နုက ဆရာတော်ရဲ့ကျောင်းပေါ်ကို တက်သွားပါတယ်။
ဆရာတော်က ပုရပိုဒ်တစ်ချပ်ကိုကိုင်ပြီး စာဖတ်နေတော် မူပါတယ်။ မယ်နုက တပည့်တော် မိနုပါဘုရားလို့ လျှောက်ထားရင်း ထိုင်ကန်တော့အပြီးမှာ တပည့်တော်ကို စီရင်ကြတော့မှာပါဘုရားလို့ လျှောက်ပါတယ်။
အဲဒီအခါ ဆရာတော်က တရားနည်းလမ်းကျနစွာနဲ့ တစ်ခွန်းပဲမိန့်တော်မူပါတယ်။ "မိနု သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်” ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။
မယ်နုကလည်း အပိုစကားတစ်လုံးမှ မပြောကြားပဲ မှန်ပါနားလည်ပါပြီဘုရားလို့လျှောက်ထားပြီး
နောက်တစ်ကြိမ် ကန်တော့အပြီး ပြန်သွားခဲ့ပါတယ်။
ဒီဇာတ်ကြောင်းလေးက ရဟန်းပီသတော်မူတဲ့ ဆရာတော်နဲ့ ဆရာတော်ဆုံးမတဲ့ နိယာမ ကို ကောင်းစွာ နားလည်ပြီး ပြန်သွားတဲ့ မယ်နုရဲ့ တည်ကြည်ခိုင်ခန့်တဲ့စိတ်ထား ကို သိနားလည်ခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်ရင်း
နားထဲမှာ ထင်ဟပ်နေတဲ့ ပဲ့တင်သံ ကတော့......
“သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်...သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်... သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်...”
တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ။
Shared from Ma Moenge Aung (FB)