Monday, January 7, 2013

ထေရ၀ါဒဗုဒ္ဓဘာသာ


 ထေရ၀ါဒဗုဒ္ဓဘာသာ (၁)

ဘာသာအယူဝါဒ လက်ခံ ကျင့်သုံးမှုသည် ရိုးရိုးသားသား အမှန်အတိုင်း ပြောရလျှင် မွေးရာပါ (မိရိုးဖလာ) လက်ခံကျင့်သုံးမှုက များသည်ဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တတ်ပြီး၊ ခရစ်ယာန် ဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ခရစ်ယာန် ဘာသာ ဖြစ်တတ်ပါသည်။ ဘာသာရေး အမြင်တွင် ယုံကြည်မှုကို အခြေခံလေ့ရှိကြပြီး အမှားအမှန်ကို ဝေဖန် ဆန်းစစ်ရှုမြင်သည့် အလေ့ အလွန်နည်းသည်ကို တွေ့ရပါသည်။

အမှားအမှန်ကို ဝေဖန်ခွဲခြား သိမြင်ရန် ဆိုသည်မှာလည်း မွေးရာပါ ပဋိသန္ဓေ ပညာပါရှိမှုနှင့် လေ့လာဆည်းပူး အပ်သော ပ၀တ္တိပညာ ရှိမှုလိုအပ်ပါသည်။ ပညာအရာ ဧတဒဂ်ရ အရှင် သာရိပုတ္တရာ အလောင်း ဥပတိဿ ကဲ့သို့ အထွတ်အထိပ် ပဋိသန္ဓေ ပညာအခံရှိပြီး ပစ္ဆိမ ဘ၀ိက (နောက်ဆုံးဘ၀ရှိသူ၊ ဘ၀ဇာတ် ပြတ်စဲမည့်သူ) ဥာဏ်ပညာ ကြီးမားသူည်ပင် မိရိုးဖလာ မွေးရာပါ ကိုးကွယ်မှုအရ သိဉ္စည်း ဆရာကြီး၏ အယူဝါဒ အမှားနောက်သို့ လိုက်ပါမိသေးရကား အစွဲအလန်းကို လွယ်လွယ်ကူကူဖြင့် စွန့်လွှတ်ရိုး ထုံးစံမရှိ ဆိုသော အချက်ကို အထူး သတိမူအပ်ပါသည်။

မွေးရာပါ ပဋိသန္ဓေပညာ ကိုယ်ပိုင်ဥာဏ်ရှိသူ၊ အစဉ်မပြတ် အသိပညာ ရှာမှီးနေသူ၊ ဘာသာရေး လေ့လာလိုက်စားသူ အချို့သာ မိမိ လေ့လာ ရှာဖွေ တွေ့ရှိမှုအပေါ် အခြေခံ၍ အမှားအမှန်ကို ဝေဖန် ဆန်းစစ်ပြီး မိမိယူထားသော ဘာသာအယူဝါဒ အမှားကို စွန့်လွှတ်ကာ ဘာသာအယူဝါဒ အမှန်ကို လက်ခံ ပြောင်းလဲကျင့်သုံး တတ်ပါသည်။ စားဝတ်နေရေး ကြောင့်သော်လည်းကောင်း၊ ဒေသ အခြေအနေနှင့် လူမှုရေး သိမ်းသွင်းမှု အရ မလွန်ဆန် နိုင်ခြင်းကြောင့် သော်လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း လက်ရှိ ခံယူရရှိထားသော ဘာသာအယူဝါဒ၌ ရပ်တည်နေကြသူများ၊ အခြားဘာသာ အယူဝါဒသို့ ကူးပြောင်း သွားကြသူများလည်း မဖြစ်မနေ ရှိတတ်ကြပါသည်။

စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) အနေဖြင့် မည်သည့်ဘာသာကိုမျှ မှားသည် မှန်သည် ဝေဖန် ပြောဆိုခြင်း မပြုလိုပါ။ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်နိုင်မှု မူဝါဒအရ ပြောလည်း မပြောအပ်ပါ။ လူသားတို့ကို ယဉ်ကျေးသိမ့်မွေ့ စေသော သွန်သင် ဆုံးမချက်များ ဘာသာတိုင်းတွင် ရှိသည် ဆိုသော အချက်ကိုကား ပညာရှင်များ လက်ခံ ထားကြပါသည်။ စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) ပြောဆိုသည်ကား ဗုဒ္ဓဘာသာဝင် တစ်ဦးသည် မိမိခံယူထားသည့် ဘာသာတရား၏ အဆုံးအမ အနှစ်သာရကို သိရှိ လိုက်နာဖို့ လိုအပ်သည် ဆိုသော အချက်ဖြစ်ပါသည်။ သူများယောင်လို့ ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိ မဖြစ်သင့်ကြောင်း အထူး သတိပေးလို ပါသည်။ မိမိခံယူထားသော ဘာသာအယူဝါဒ အပေါ် ခိုင်မာစွာရပ်တည်ပြီး ဘာသာရေး အသိအမြင် အစဉ်ရှင်သန် နိုးကြား တိုးတက်နေအောင် ကြိုးပမ်း အားထုတ်ကာ မိမိဘာသာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် နိုင်သူ၊ အမျိုးဘာသာ သာသနာကို ချစ်စိတ်ရှိသူ ဖြစ်သင့်ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဘာသာဝင် အတော်များများသည် ဗုဒ္ဓတရားတော်၏ အဆုံးအမ အဓိက ပဓာန အနှစ်သာရတို့ မသိရှိ ကြပါ။ သိရှိအောင် လေ့လာရကောင်းမှန်း ပင် မသိကြပါ လောက၌ အမှားသည် ရှုထောင့်အမျိုးမျိုးအရ များစွာရှိပါသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် များစွာ ရှိနိုင်ပါသည်။ အချို့သော အမှားသည် အကြောင်းအရာ အလိုက် ရက်လ နှစ်ကာလ တစ်ဘ၀ စသည်ဖြင့် ဆိုးကျိုးကို ပေးတတ်သည့် သဘောရှိသော်လည်း ဘာသာရေးအမှားကား သံသရာ တစ်လျှောက် တစ်ကောက်ကောက် လိုက်၍ မဆုံးနိုင်အောင်၊ ကာလသတ်၍ မရလောက်အောင် ဆိုးကျိုးပေးတတ်သည့် သဘောရှိပါသည်။


ဗုဒ္ဓဘာသာသည် ထေရ၀ါဒ၊ မဟာယာန ဟူ၍ နှစ်မျိုးရှိရာ ယနေ့ မြန်မာလူမျိုးတို့ လက်ခံကျင့်သုံးနေသော ဗုဒ္ဓဘာသာ သည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ မိမိတို့ လက်ထက်မှ ဘိုးဘွားအစဉ်အဆက် ယံကြည် လက်ခံ ကိုးကွယ်လာသော ဗုဒ္ဓဘာသာကို ဆိုလိုခြင်း ဖြစ်ပါသည်။ သင်္ဂါယနာ (၆)တန်အနက် နောက်ဆုံး ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီးကို ကောဇာနှစ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် မှစ၍ ကောဇာနှစ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ထေရ၀ါဒ (၅)နိုင်ငံ ပူးပေါင်း ညီညွတ်မှုဖြင့် ဆင်နွှဲခဲ့ကြ ပါသည်။

ထိုဆဋ္ဌမသင်္ဂါယနာ ပွဲကြီးက အညီအညွတ် သဘောတူ အတည်ပြုခဲ့သော ပိဋကတ် ကျမ်းစာများအရ လက်ခံကျင့်သုံးသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ထို့ထက် ကျယ်ပြန့်စွာ ဆိုရသော ပထမသင်္ဂါယနာ တွင် အရှင်မဟာကဿပ အစရှိသော ထေရ်အရှင်များမှ ဆဋ္ဌသင်္ဂါယနာတွင် အရှင် ရေ၀တ (ညောင်ရမ်းဆရာတော်) အစရှိသော ထေရ်ရှင် အဆက်ဆက် တို့ မပျက် ထာဝရလက်ဆင့်ကမ်း လာကြ၍ လက်ခံ ကျင့်သုံးလျက်ရှိသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပရိယတ္တိ စာသင်တိုက်ကြီးများ၊ ပဋိပတ္တိ ရိပ်သာကြီးများ ရှေ့တန်းမှနေ၍ တရားဓမ္မများ ပို့ချ သင်ယူခြင်း၊ ဟောပြော ပြသခြင်း၊ ကျင့်ကြံအားထုတ်ခြင်း တို့သည် ထိုမထေရ် အဆက်ဆက်တို့ လက်ခံ ကျင့်သုံးလာသော မူအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အမည်ခံ၍ ထိုမူနှင့် ကိုက်ညီမှုမရှိသော ထိုမူမှ သွေဖီသော ဆောင်ရွက်မှု မှန်သမျှကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် နိုင်ငံတော်က လက်မခံပါ။ ထို့ကြောင့်လည်း ၁၉၈၀ ပြည့်နှစ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စတင်ပေါ်ပေါက် လာခဲ့သည့် ကာလ၀န်းကျင်က ကျောက်သင်္ဘောဝါဒ၊ ကျောက်ပုံဝါဒ၊ သမ္မာဒိဋ္ဌိ သုသေန၀ါဒ၊ ရှင်ဥက္ကဋ္ဌ ၏ လူသေလူဖြစ် ၀ါဒ စသော ထေရ၀ါဒနှင့် ကိုက်ညီမှု မရှိသည့် ထေရ၀ါဒမှ သွေဖီသော ၀ါဒများကို အဓမ္မ၀ါဒများ အဖြစ် သတ်မှတ်ပြီး သုတ်သင် ရှင်းလင်း နှိပ်ကွပ်ခဲ့ကြ ရခြင်း ဖြစ်ပါသည်။

မမှားသင့်သော အမှားများ
မောဟ မကင်းသူတိုင်း မှားလေ့ရှိသော အမှားများတွင် ဘာသာရေးအမှားသည် မှားယွင်းသူ တစ်ဦးတစ်ယောက်၊ တစ်ခဏကာလသာ ဆိုးကျိုးပေးသည် မဟုတ်ဘဲ ထိုဘာသာနှင့် သက်ဆိုင်သူတိုင်း ဘ၀တစ်လျှောက်လုံး ဆိုးကျိုးပေးတတ်ပြီး ထိုဘာသာများကို ညစ်နွမ်းအောင်၊ ပျက်စီးအောင်၊ ကွယ်ပျောက်အောင် ပြုရာလည်း ရောက်ပါသည်။ အချို့သော အမှားသည် အလွန်အရေး မကြီးလှဟု ဆိုနိုင်သော်လည်း အချို့မှာမူကား အလွန်အရေးကြီး သဖြင့် မမှားသင့်သော အမှားဟု ဆိုရမည် ဖြစ်ပါသည်။ ထိုမမှားသင့်သော အမှားအချို့ကို ထုတ်နုတ်ဖော်ပြရလျှင် -

  • ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ တင်ခြင်းကို ဘုရား အသက်သွင်းသည်ဟု ဆိုခြင်း။
  • ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်သည်ဟု ဆိုခြင်း။
  • ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား၊ အာရမ္မဏ ပစ္စယော - မျက်စိနှင့် နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြု ရပါစေသား၊ အဓိပတိ ပစ္စယော - ရုပ်နာမ် နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်း နိုင်ရပါစေသား စသည်ဖြင့် ပဋ္ဌာန်း (၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုခြင်း။
  • လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟု ယူဆ ပြောဆို သပိတ်သွတ်ခြင်း ။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )