Monday, January 7, 2013

လိုအပ်တာ အကြင်နာ



                                                      လိုအပ်တာ အကြင်နာ

ရင်မှာအကြင်နာရှိတာ ကောင်းတဲ့အစဉ်အလာ အကြင်နာတရား ရင်မှာပွား အကောင်းမြတ်ဆုံး စိတ်ထား။ တို့ဗုဒ္ဓဘုရားဖြစ်ရတာ မဟာ ကရုဏာကြောင့်ရယ်ပါ၊ သတ္တ၀ါတွေကို အလွန်သနား ဘုရားဖြစ်အောင် သူကြိုးစား။ဘုရားဖြစ်တော့ သူကယ်တင် ဒုက္ခအပေါင်းလွတ် ကြောင်းပင် ဟောမြွက်ချွေတဲ့ အမြိုက်တရား ဒုက္ခခပ်သိမ်း ငြိမ်းစေသား။ အကြင်နာတရားရဲ့အစွမ်းဟာ ဘုရားတစ်ဆူတောင်ဖြစ်နိုင်တာ အကြင်နာတရားအစဉ်သာပွား စွမ်းအားကြီးသူဖြစ်စေသား . . .။

စိတ်ရဲ့သဘာဝက ဟိုအာရုံကူး၊ ဒီအာရုံကူး၊ ဟိုတွေး၊ ဒီတွေး၊ ဟိုကြံ၊ ဒီကြံပဲ။ ကောင်းတဲ့အခါလည်း ကောင်းတယ်။ဆိုးတဲ့အခါလည်း ဆိုးတယ်။ စိတ်ကူးတာ၊တွေးတာ၊ကြံတာကို '၀ိတက်'လို့ခေါ်တယ်။ ၀ိတက်ရဲ့ကျက်စားနိုင်တဲ့ နယ်ပယ်က အကျယ်ကြီးတော့ မဟုတ်ဘူး။ ခြောက်နေရာပဲရှိတယ်။ အဲဒီ ခြောက်နေရာရဲ့အပြင်ဘက်ကို ကျော်ပြီးတော့ သူထွက်လို့မရဘူး။

တချို့က ကိုယ့်အတွက်ကိုယ်ပဲတွေးတယ်။ ဒါကို'ကာမ၀ိတက်'လို့ခေါ်တယ်။ တချို့ကျတော့ သူ့အတွက်ပါတွေးတယ်။ ဒါကို'နေက္ခမ္မ၀ိ တက်' လို့ခေါ်တယ်။တချို့က သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းပဲတွေးတယ်။ ဒါကို 'ဗျာပါဒ၀ိတက်' လို့ခေါ်တယ်။တချို့က သူတစ်ပါး ကောင်းရာကောင်းကြောင်းပဲတွေးတယ်။ ဒါကို'အဗျာပါဒ၀ိတက်'လို့ခေါ်တယ်။တချို့ သူတစ်ပါးကို နှိပ်စက်ဖို့၊ ညှဉ်းပန်းဖို့၊ ဒုက္ခပေးဖို့ပဲ တွေးတယ်။ဒါကို '၀ိဟဒသာဝိတက်' လို့ခေါ်တယ်။တချို့က သူတစ်ပါးကို ကူညီဖို့၊စောင့်ရှောက်ဖို့၊ ကယ်တင်ဖို့ပဲတွေးတယ်။ ဒါကို 'အ၀ိဟ ဒသာဝိတတ်'လို့ခေါ်တယ်။ အ၀ိဟဒသာဆိုတာ ကရုဏာပဲ။

ကရုဏာဆိုတာ ပါဋိဝေါဟာရပဲ။ သူ့ရဲ့အဓိပ္ပာယ်က ဒုက္ခရောက် နေတဲ့သူတွေကိုမြင်ရတဲ့အခါ လူကောင်း၊ သူကောင်းတို့ရဲ့စိတ်နှလုံးကို တုန်လှုပ်သွားစေတဲ့သဘောဟာ ကရုဏာလို့ဆိုတယ်။ဒုက္ခရောက်နေ သူတွေကိုဒီအတိုင်းမကြည့်ရက်ဘူး၊ မမြင်ရက်ဘူး၊ လျစ်လျူမရှု ရက်ဘူး၊ မျက်နှာလွှဲခဲပစ်မလုပ်ရက်ဘူး။ ရောက်ဆဲဒုက္ခတွေကနေလွတ်မြောက် သွားအောင်ကယ်ဆယ်တယ်၊ စောင့်ရှောက်တယ်၊ ကူညီ တယ်၊ အားလုံးအဆင်ပြေအောင်လုပ်ပေးတယ်။ ဒါကရုဏာပဲ။

ဒုက္ခရောက်နေသူတွေရဲ့ ဒုက္ခတွေကိုဖျက်ဆီးပေးတာ၊ ဖယ်ရှားပေးတာ၊ ကရုဏာ၊ မိမိရဲ့သနားကြင်နာမှုကို ဒုက္ခသည်တွေရဲ့အပေါ်မှာ ဖြန့်ကြက်ပေးတာ၊မိမိရဲ့အကြင်နာတရားကိုဒုက္ခသည်တွေရဲ့အပေါ်မှာ နွေးထွေးစွာ လွှမ်းခြုံပေးတာ ကရုဏာ၊ ဒီလိုလည်းစာကဖွင့်ဆို တယ်။ အစားဆင်းရဲရင် အစားမဆင်းရဲအောင်၊ အစားချမ်းသာအောင်လုပ်ပေးတာ၊အနေဆင်းရဲရင် အနေမဆင်းရဲအောင်၊ အနေချမ်းသာ အောင်လုပ်ပေးတာ။ အကြင်နာမျက်လုံး၊ အကြင်နာစကားလုံး၊ အကြင်နာလက်တို့ဖြင့် ဒုက္ခသည်တွေရဲ့ မျက်နှာလေးတွေပြုံးလာအောင် ကိုယ်စိတ်နှစ်ပါးချမ်းသာအောင်လုပ်ပေးတာ ကရုဏာပါပဲ။

အ၀ိဟဒသာခေါ်တဲ့ ကရုဏာတရား၊ အကြင်နာတရားဟာအလွန်မြင့်မြတ်တဲ့တရားပါ။ မဟတ္တမဂန္ဓီရယ်လို့ အိန္ဒိယရဲ့ 'မဟာဝိညာဉ်တော် ကြီး'၊ တစ်ကမ္ဘာလုံးက အလေးအမြတ်ပြုရတဲ့သူတော်စင်ကြီးဖြစ်ခဲ့တာ သူ့နှလုံးသားထဲက ကရုဏာတရားကြောင့်ပါ။

သုမေဓာရသေ့လေးဟာ သူများလို တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့သာဆိုရင် ဂေါတမဗုဒ္ဓရယ်လို့ဘုရားဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဒီပင်္ကရာဘုရားရှင်ရဲ့နောက်တော်ပါးမှာ ရဟန္တာတစ်ဆူအနေနဲ့ လိုက်ပါသွားချင်ရင် ရနိုင်တဲ့အခွင့်အရေး သူ့မှာအပြည့်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသူ့ကိုယ်ပိုင်အခွင့်အရေးကိုလက်လွှတ်အဆုံးရှုံးခံလိုက်ပါတယ်။ သတ္တ၀ါတွေကိုသိပ်သနားတတ်တဲ့ 'မဟာကရုဏာတော်' အကြင်နာတရားကြောင့်ပါပဲ။

ဘုရားဆိုတာ သာမန်လူသားကနေမှ ဘုရားဖြစ်ရတာပါ။ သာမန်လူသားတစ်ယောက်ကို သုံးလောကထွတ်ထား သဗ္ဗညုဘုရားဖြစ်အောင် ထုဆစ်ဖန်ဆင်းပေးလိုက်တာဟာ ကရုဏာတရားပါ။ သာမန်ကရုဏာတော့လည်းမဟုတ်ပါဘူး။ သိပ်ပြီးတော့အင်အားကြီးတဲ့ကရုဏာမို့ 'မဟာ'တပ်ပြီး 'မဟာကရုဏာ' လို့တင်စားခေါ်ကြပါတယ်။ လောကမှာ အခက်ခဲဆုံးအရာဟာဘုရားဖြစ်ဖို့ပါ။ အဲဒီလိုအခက်ခဲဆုံးဖြစ်တဲ့ ဘုရားလိုပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီး ဘ၀မျိုးကိုတောင် ကရုဏာသွန်းလောင်းပုံထုနိုင်ပါတယ်။ အဲဒီလောက်စွမ်းပါတယ်။

'အတ္တ' ကို တဏှာ၊ မာန၊ ဒိဋ္ဌိ တို့နဲ့ထူထောင်ပါတယ်။ 'ပရ' ကိုတော့ ကရုဏာနဲ့ထူထောင်ရပါတယ်။အကြင် နာတရားနဲ့ထူထောင်ရပါ တယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိ အားကြီးတဲ့သူဟာ 'အတ္တ' ကိုပဲထူထောင်ပါတယ်။ 'ပရ' ကိုမသိကျိုးကျွံပြုထားပါတယ်။ 'ပရ' ဆိုတာ တဏှာ၊ မာန၊ ဒိဋ္ဌိတို့က အပြင်အပဖြစ်တဲ့လူမျိုးစု၊ ဆွေမျိုးစု၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည်နဲ့အတူ တစ်သီး၊ ပုဂ္ဂလတို့လည်းပါဝင်ပါတယ်။ ဘုရားရှင် လိုပုဂ္ဂိုလ်မျိုးတောင်မှအကြင်နာတရားနဲ့ထူထောင်လို့၊တည်ဆောက်လို့ရတယ်ဆိုရင် ကျန်တာတွေကတော့ ပြောစရာမရှိတော့ပါဘူး။ တကယ်လိုအပ်တာက အကြင်နာတရားပါ။ ကြင်နာသနားတတ်တဲ့နှလုံးသားပါ။


 အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)