ထေရ၀ါဒဗုဒ္ဓဘာသာ (၂)
ထိုသို့ ယူဆပါက ဘုရားအောက် နိမ့်ကျသော သံဃာတော်များက ဘုရားကို မြှင့်တင်ပေးသည်၊ ဘုရား ဖြစ်အောင် ဆောင်ရွက်ပေးသည်ဟု အဓိပ္ပာယ် ရသဖြင့် ယုတ္တိရှိမည် မဟုတ်ပါ။ အသက်သွင်းသည်ဟု ယူဆလျှင်ကား ထေရ၀ါဒ ဗုဒ္ဓတရားတော် အရ တကယ်မရှိသော အသက်၊ အတ္တ၊ လိပ်ပြာ၊ ၀ိညာဉ် ကောင်ကို လက်ခံသဖြင့် အလွန်အဆင့်နိမ့်သော ဘာသာဝင် တစ်ယောက်၊ မိစ္ဆာဒိဋ္ဌိနယ်သို့ ချင်းနင်း ၀င်ရောက်သူ တစ်ယောက်အဖြစ် ကျရောက်သွား ပေလိမ့်မည်။ အနေကဇာတင် ကိစ္စတွင် စွမ်းနိုင်လျှင် လူပုဂ္ဂိုလ်မျးပင် ရွတ်ဆို ပူဇော်နိုင်ကြပါသည်။ ဆရာတော် သံဃာတော်များအား ပင့်ဖိတ် ဆောင်ရွက်ခြင်း အားဖြင့် ဒါနမှု၊ သီလမှု၊ ဘာဝနာမှု၊ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ စုံအောင် ပြုလုပ်နိုင်သဖြင့် ပို၍ အကျိုးကြီးနိုင်ကြောင်း လက်ခံကြရပါမည်။
ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်တတ်သည် ဟူသော ယူဆချက်မှာ ဗုဒ္ဓဘာသာ ၀င်တို့၏ ဘာသာရေး ကိုးကွယ်မှု အပေါ် ယုန်ထင် ကြောင်ထင်ဖြစ်အောင် ဘာသာရေး တစ်ပိုင်း ကြောင်ပုဂ္ဂိုလ်တို့၏ တတ်ရောက်ကား ဆရာကြီး လုပ်ရာမှ ပေါ်ပေါက်လာသော အယူအဆ ဖြစ်ပါသည်။ ကိုးကွယ်မှုသည် ကောင်းကျိုးရသည့် လုပ်ငန်းဖြစ်ရကား မိမိတို့ ကိုးကွယ်သည့် ကျောက်ဆင်းတုက မိမိတို့ကို ဆိုးကျိုး ပေးသည်ဆိုလျှင် ယုတ္တိမတန်ရာ၊ ကျောက်ဆင်းတု ဖြစ်စေ၊ ကြေးဆင်းတု ဖြစ်စေ၊ သစ်သား ဆင်းတုဖြစ်စေ ကိုးကွယ်သူ၏ အာရုံပြုနိုင်မှု ပုံဖော်နိုင်မှု ပညာအဆင့်အတန်းအပေါ် မူတည်၍ ကောင်းကျိုးရမှု ကွာခြားမည် ဖြစ်ပါသည်။
သက်တော်ထင်ရှား မြတ်ဘုရား၌ လည်းကောင်း၊ ပရိနိဗ္ဗာန်စံ ၀င်ပြီး ဘုရား (ရုပ်ပွားဆင်းတု စေတီပုထိုး) ၌ စိတ်ထားတူလျှင် အကျိုးပေး တူသည် ဟူ၍သာ ကျန်းဂန်ဝည ဆိုပါသည်။ ဘုရားကိုးကွယ်ရာ၌ ပုံတော်သည် အဓိကမဟုတ်ဘဲ ကျေးဇူးတော်၊ ဂုဏ်တော်များကသာ အဓိက ဖြစ်ပါသည်။ ထုလုပ်သူများက နည်းစနစ်တကျ၊ ပုံစံတကျဖြစ်အောင် မစွမ်ဆောင်နိုင်လျှင် ကိုးကွယ်သူများမှာ အကြည်ညို ပျက်ဖွယ်၊ အပြစ်ရဖွယ် ရှိပါသည်။
ဘုရားစစ် ဘုရားမှန်ကို ရုပ်ပွား ဆင်းတုတော်များက ကွယ်နေကြောင်း၊ တရားစစ် တရားမှန်ကို ကျမ်းစာအုပ်များက ကွယ်နေကြောင်း၊ သံဃာစစ် သံဃာမှန်များကို ဘုန်းကြီးများက ကွယ်နေကြောင်း အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ဟောပြော ရေးသားချက်များကို ကြားနာ မှတ်သား ရဖူးပါသည်။ လူအများစုသည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး၊ ဂုဏ်တော်ကို အာရုံမပြုနိုင်ဘဲ ရုပ်ပွား ဆင်းတု စေတီပုထိုး၊ ကျမ်းစာအုပ်၊ ဘုန်ကြီးများလောက်သာ အာရုံရောက် တတ်သဖြင့် ဂုဏ်တော်အထိ အာရုံပြုဖို့ လိုကြောင်း သွန်သင်ဆုံးမ လိုရင်း ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီး၏ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ကျောင်းအဆောက်အအုံ များစွာရှိသော်လည်း စေတီတော် တစ်ဆူနှင့် ရုပ်ပွား ဆင်းတုတော် ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက် တစ်လုံးသာ ဘုရားပူဇော်ရာ အဖြစ် ထားရှိပါသည်။ အခြား မည်သည့် အဆောက်အအုံ၌မျှ ရုပ်ပွား ဆင်းတုတော်များကို ပူဇော်ထားခြင်း မရှိပါ။ ထိုသို့ ပူဇော်ခြင်းမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ် ထားပါသည်။ နေရာတကာ ရုပ်ပွားဆင်းတုတော် များထားရှိပြီး ထင်သလို နေပါက အဂါရ၀ ဖြစ်စေသည်ဟု ဆိုပါသည်။
ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပြီးခဲ့သည့် အခမ်းအနား တစ်ခု၏ ဖိတ်စာနောက်ကျောတွင် ဖော်ပြထားချက်မှ ထုတ်နုတ်ချက် ဖြစ်ပါသည်။ အဆိုပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် ဖော်ပြပါ ပဋ္ဌာန်းပစ္စည်းများက ထိုအဓိပ္ပာယ်များကို မပြဆိုနိုင်သဖြင့် လုံးဝ မှားယွင်းများသာ ဖြစ်ပါသည်။ ယင်းမှားယွင်းမှုသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်၏ အထွတ်အထိပ် ပဋ္ဌာန်း တရားတော်ကြီးကို စော်ကားရာ ရောက်သည့်အပြင် ဘာသာရေး သရော်မှုအဖြစ် မှတ်ယူသွား နိုင်ပါသည်။ အဓမ္မကို ဓမ္မအဖြစ် ဖန်တီးထားသဖြင့် ကြီးလေးသော ဘာသာရေးပြစ်မှုကို ကျူးလွန်ရာ ရောက်ပါသည်။ ထိုအဓိပ္ပာယ်များကို အမှန်ဟု လက်ခံထားသူများ ရှိပါက ၄င်းတို့၏ ဘာသာရေး အသိအမြင်ကို အမှားနယ်သို့ ပို့ဆောင်ပေးရာ ရောက်ပြီး အဆင့်ဆင့် အမှားသံသရာလည်ကာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အစစ်အမှန်ကို ညစ်နွမ်း မှေးမှိန် ပျောက်ကွယ် စေနိုင်သဖြင့် အထူး သတိမူ အပ်ပါသည်။ မကျူးလွန်မိအောင် ရှောင်ရှားသင့်သည့် အမှားများ ဖြစ်ပါသည်။
လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟူသော ယူဆချက်ကား ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်းက လက်ခံထားသော ယူဆချက်ဖြစ်သည် ဆိုလျှင် မှားအံ့မထင်၊ ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်း တို့သည်လည်း ဗုဒ္ဓဘာသာတရားတော်၏ အဆုံးအမ၊ အနှစ်သာရကို နားမလည် ကြသူများ ဖြစ်ကြသည် ဆိုလျှင်လည်း လွန်အံ့မယ်မထင်ပါ။ လူသေလျှင် (၀ါ) သတ္တ၀ါသေလျှင် သောတာပန် (အရိယာ) အဆင့် မရောက်သေးသော ဘ၀အပြည့်ရှိသူ ဖြစ်ပါက ဒေ၀ (နတ်ဗြဟ္မာ) ဘ၀၊ မနုဿ (လူ) ဘ၀၊ နိရယ (ငရဲ) ဘ၀၊ ပေတ (ပြိတ္တာသရဲ တစ္ဆေ) ဘ၀၊ တိရစ္ဆာန (တိရစ္ဆာန်)ဘ၀ ဟူသော ဘ၀(၅)မျိုးတွင် တစ်မျိုးမျိုးသို့ သေပြီးချက်ချင်း နာရီ မိနစ် စက္ကန့် မခြား ရောက်ရှိသွားပါသည်။ ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်ပါမူ အိမ်နှင့် အိမ်ဝန်းကျင်တွင် ကျင်လည်နိုင်ပါသည်။ သို့သော် (၇)ရက် ဖြစ်ချင်ဖြစ်မည်။ တစ်လ ဖြစ်ချင် ဖြစ်မည်။ တစ်မိနစ်လည်း ဖြစ်ချင်ဖြစ်မည်။ ဤသည်မှာ ထေရ၀ါဒ ဗုဒ္ဓတရားတော်၏ သွန်သင် ညွှန်ပြချက် ဖြစ်ပါသည်။ အကယ်၍
လူသေတိုင်း အိမ်မှာ (၇)ရက်နေသည် ဟုယူဆလျှင် လူသေတိုင်း ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်သည်ဟု လက်ခံရာ ရောက်ပါသည်။ ထိုသို့ လက်ခံလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သဖြင့် ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ပါ။ (၀ါ) ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် မဖြစ်နိုင်ပါ။
သာသနာပြုကြစို့
စာဖတ်သူသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လိုပါက ဖော်ပြပါ ထေရ၀ါဒ၏ သွန်သင် ညွှန်ပြချက်များကို ကိုယ်တိုင် လက်ခံ ကျင့်သုံးလိုက်နာပြီး အခြားထေရ၀ါဒ ဗုဒ္ဓဘာသာဝင် များကိုလည်း လက်ခံ ကျင့်သုံး လိုက်နာစေရန် ကြိုးပမ်း အားထုတ် သာသနာပြု သင့်ပါကြောင်း တိုက်တွန်းလိုက် ရပါသည်။
- (၁) ထေရ၀ါဒသည် အရှင်မဟာကဿပ အစရှိသော ပထမ သင်္ဂါယနာတင် ထေရ် အရှင်များမှ ဆဋ္ဌသင်္ဂါယနာတင် ထေရ်အရှင်များအထိ မထေရ် အဆက်ဆက်တို့ လက်ခံကျင့်သုံးလာသော ၀ါဒဖြစ်သည်။
- (၂) ထေရ၀ါဒသည် ထွက်ရပ်ပေါက်၊ သိဒ္ဓိပေါက်၊ တန်ခိုးရှင် ဖန်ဆင်းရှင်၊ အင်းအိုင် ဓားလှံလက်ဖွဲ့၊ ဓာတ်ရိုက် ဓာတ်ဆင်၊ ဆေးဝါး၊ ယတြာ၊ ဂါထာမန္တာန်များဖြင့် အခြေပြုသော တန္တရမန္တရ၀ါဒ တို့ကို အားမပေး။
- (၃) ထေရ၀ါဒသည် သတ္တ၀ါတိုင်း မိမိတို့ ရရှိခံစားသော ကောင်းကျိုး ဆိုးပြစ်များကို မိမိတို့ကိုယ်တိုင် ပြုလုပ်သော ကံတရားများ၏ စီမံမှု အကျိုးရလဒ် များရရှိရန် ဘုရားရှင် က ပြုလုပ်ပေးခြင်း၊ တာဝန်ယူခြင်း မရှိဘဲ ကောင်းကျိုး ရရှိနိုင်စေရန် နှင့် နောက်ဆုံး ဒုက္ခခပ်သိမ်း အေးငြိမ်းရာ အထိ ချမ်းသာသုခ ရရှိရန် နည်းပေးလမ်းပြသာ ပြုပေးသည်။
- (၄) ထေရ၀ါဒသည် ရုပ်နာမ်နှင့် ခန္ဓာတို့၏ ကြောင်းကျိုးဖြစ်စဉ်ကို ဖော်ပြသော ခေတ်အဆက်ဆက် အမြဲ မှန်ကန် တိကျသော အဘိဓမ္မာ တရားတော်ဖြင့် ရပ်တည်သည်။
- (၅) ထေရ၀ါဒသည် သြကာသ လောကဖြစ်သော ၃၁ ဘုံတည်ရှိသည်ကို ဖော်ထုတ်ပြီး ထို ၃၁ ဘုံ၌ ဖြစ်ရန် အကြောင်းတရားများ၊ ၃၁ ဘုံမှ လွတ်မြောက်ရန် နည်းလမ်းများ ကို ညွှန်ပြသည်။
- (၆) ထေရ၀ါဒသည် ၀ိပဿနာ၏ အခြေခံဖြစ်သော သမထလမ်းစဉ်နှင့် လောကမှ လွတ်မြောက်ရေး ၀ိပဿနာ လမ်းစဉ်တို့ကို အခိုင်အမာ ချမှတ်၍ ဝေနေယျ သတ္တ၀ါတို့အား ဘ၀သံသရာ မှ လွတ်မြောက်ရေး ဦးတည်သည်။
- (၇) ထေရ၀ါဒသည် ဓာတ်တော် မွေတော်၊ စေတီပုထိုး၊ ရုပ်ပွားဆင်းတု တော်များကို ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်တို့ကို အာရုံပြု၍ ကိုးကွယ်ဆည်းကပ်ရာ အဖြစ် ခွင့်ပြုသည်။
- (၈) ထေရ၀ါဒသည် ဂင်္ဂါဝါဠု သဲစုမက ဘုရားရှင်များ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း ဟောကြား၍ သတ္တ၀ါတိုင်း မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ရောက်အောင် ကြိုးပမ်းအားထုတ်ခွင့် ရှိကြောင်း ဘုရား ဖြစ်နိုင်ကြောင်း အခွင့်အရေးပေးသည်။
ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊