Tuesday, January 15, 2013

ရှင်သန်ခြင်းဟူသည်...

                                                       ရှင်သန်ခြင်းဟူသည်...

အသက်ရှင်နေခိုက်တွင် စားဝတ်နေရေးနှင့် လူမှုကိစ္စအ၀၀တို့ တွင် လူသားတို့ ကျင်လည်နေကြသည်။ စားဝတ် နေရေးပြည့်စုံဖို့ ပဓာနအဖြစ် အားပြုအလေးထား သက်ဝင်လှုပ်ရှားကြသော လူသားတို့ တွင် မိမိတို့ ၏ ဘာသာအယူ ၀ါဒကို ကိုးကွယ်ရင်း ဘ၀၏မျှော်လင့်ချက် ပန်းတိုင်အရောက် ရှာဖွေကြသူများက လူနည်းစုသာဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် အ၀ိဇ္ဇာ၏မသိမှုကြောင့် အမှန်ကိုမမြင်တော့ကာ တဏှာစေခိုင်းချက်အတိုင်း ရုန်းကန်ရှင်သန်လျက် လူသားသည် မိမိဘ၀အမှန်ကို မမြင်တော့ပေ။

 လောဘကြီးလိုက်ရတာများ ကိုယ်ဆောက်ထားတဲ့အိမ်မှာတောင် မနေနိုင်။ အလုပ်အကိုင်၊ သံယောဇဉ်၊ စည်းစိမ် ချမ်းသာတို့ ၏အောက်တွင်သာ နစ်မြှုပ်နေကြတော့သည်။
ထိုသို့ ကြိုးပမ်းရင်း ရုန်းကန်ရင်းနှင့်ပင် သေခြင်းတရားအတွင်း၌ နစ်မြှုပ်ပျောက်ကွယ်သွားကြပုံကို Leo Tolstoy ကမူ ဤသို့ ဆိုဖူးသည်။

တစ်ခါက ခရီးသည်တစ်ဦးသည် လွင်ပြင်တစ်ခုကိုဖြတ်၍ ခရီးသွားရာ လမ်းတွင် သတ္တ၀ါကြီးတစ်ကောင်က ၄င်း ၏နောက်သို့ အမီလိုက်လာ၏။ ခရီးသည် သည် ထိုသတ္တ၀ါကြီးဘေးမှလွတ်ရန် ရေမရှိသော ရေတွင်းပျက်တစ်ခုအတွင်း သို့  တွယ်ကပ်ဆင်းလိုက်၏။ သို့ ရာတွင် မိမိအား စားမျိုရန်ပါးစပ်ကြီးဟ၍ စောင့်နေသော နဂါးကြီးတစ်ကောင်ကို ရေ တွင်းအောက်ခြေ၌ မြင်လိုက်ရ၏။

ခရီးသည် သည် သတ္တ၀ါကြီး၏ရန်ကို ကြောက်သောကြောင့် ရေတွင်းပေါ်သို့ လည်း မတက်ရဲ။ နဂါးကြီး၏အစား မျိုခံရမည်စိုးသောကြောင့် ရေတွင်းအောက်သို့ လည်း မဆင်းဝံ့သောကြောင့် ရေတွင်းအုတ်ကြားတွင် ပေါက်နေသော သစ်ပင်မှသစ်ကိုင်းတစ်ခုကိုဆွဲ၍ တွဲလောင်းခိုထား၏။ တဖြည်းဖြည်းသူ၏လက်များသည် အားအင်ဆုတ်ယုတ်လာကြ သည်။ မကြာမီ သူသည် ရေတွင်းအောက်သို့ ဖြစ်စေ ရေတွင်းအပေါ်သို့ ဖြစ်စေ သွားမှဖြစ်တော့မည်။ ဆင်းသည်ဖြစ်စေ တက်သည်ဖြစ် စေ မိမိဘ၀ဆုံးရှုံးရမည်ကို ခရီးသည် သိသည်။ သို့ ရာတွင် အားခဲ၍သာ သစ်ကိုင်းကိုဆွဲထားမိသည်။

ထိုအခိုက် ဆွဲခိုထားသော သစ်ကိုင်းပေါ်ဘက်ရှိ ပျားအုံမှ ပျားကောင်များသည် ပျံဝဲလာကာ မိမိအားထိုးတုပ်ကြ သည်။ ထိုအခိုက်မှာပင် ကြွက်မည်းကြီးတစ်ကောင်နှင့် ကြွက်ဖြူတစ်ကောင်သည် မိမိဆွဲခိုထားသော သစ်ကိုင်းကိုဝိုင်း၍ ကိုက်ဖြတ်နေကြသည်။ မကြာမီပင် သစ်ကိုင်းသည် ကျိုးပြတ်၍မိမိသည် နဂါးကြီး၏ပါးစပ်အတွင်းသို့  ရောက်တော့မည် မိမိမုချသေဆုံးရတော့မည်ကို သူသိမြင်လေသည်။

သူသည် သစ်ကိုင်းတွင်တွဲလောင်းခိုရင်း ပတ်ဝန်းကျင်ကိုကြည့်မိရာ သစ်ကိုင်းရှိသစ်ရွက်လေးများပေါ်တွင် ပျား ရည်စက်ကလေးများ တင်နေသည်ကိုမြင်လိုက်ရသည်။ ထို့ ကြောင့် သူသည် ထိုပျားရည်စက်ကလေးများကို လျှာဖြင့် လှမ်း၍လျက်လိုက်သေးသည်။
ကျွန်ုပ်တို့ သည် ထိုခရီးသည်နှင့်တူပါသည်။

ဘ၀တည်းဟူသော သစ်ကိုင်းငယ်တွင် ဆွဲခိုရင်း နေ့ နှင့်ညတည်းဟူသော ကြွက်မည်း၊ကြွက်ဖြူနှစ်ကောင်က ကျွန်ုပ်တို့ ဆွဲခိုထားသော ဘ၀သစ်ကိုင်းငယ်ကို ကိုက်ဖြတ်လျက်ရှိသည်။ သေခြင်းတရားတည်းဟူသော သတ္တ၀ါကြီးနှင့် နဂါးကြီးတို့ ကလည်း အခါမလင့်စောင့်နေကြသည်။ ဘ၀အရသာနှင့်တူသော ပျားရည်သည် ကျွန်ုပ်တို့ အတွက် မချိုနိုင် အားသော်လည်း မျက်စိမလွှဲနိုင်။ ရသမျှ အချိန်လေးတွင် အာသာငမ်းငမ်း သောက်သုံးမိသေးသည်။

အထက်ပါအတိုင်းပင် လူသားတို့ သည် မိမိဘ၀အမှန်ကို မစဉ်းစားမိလောက်အောင်ပင် အလုပ်အကိုင်၊အနှောင် အဖွဲ့ ၊ မျှော်လင့်ချက်များဖြင့် ရှင်သန်နေကြခြင်း၌ပင် ပျော်မွေ့ နေကြပါသည်။
ဆင်ခြင်တုံတရားရှိတာ သိသော်လည်း မကြောက်နိုင်အား။ ဘာကြောင့်နည်း။ ထိုသို့ ပြုမူခြင်းမှာ သူ မနက်ဖြန် မသေနိုင်သေးဟု ထင်သောကြောင့်သာဖြစ်သည်။

ဆင်ခြင်တုံတရားကြောင့် လူသည် အခြားသောသတ္တ၀ါတို့ ထက် ပို မြင့်မြတ်လာရသည်ဆိုလျှင်ဖြင့် စားဝတ် နေရေးပြည့်စုံသောဘ၀ဖြင့် သေခြင်းကိုစောင့်ကာ ဘ၀ကိုရင်ဆိုင်နေကြသည့် ကျွန်ုပ်အပါအ၀င်လူသားတို့ ၏ ဘ၀သည် အဓိပ္ပာယ်ရှိသော ရှင်သန်ခြင်းဖြစ်ပါ၏လော။

ဗုဒ္ဓကမူ အဓိပ္ပာယ်ရှိသော ဘ၀၏အမှန်တရားကိုရှာဖွေရန်အတွက် အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်ကျင့်စဉ် ကိုလမ်းပြ ခဲ့သည်။ ဘ၀ဆိုင်ရာ အမှန်တရားကိုသိမြင်ရေးတွင် စဉ်းစားဆင်ခြင်ခြင်းဖြင့်ရသောဥာဏ်( စိန္တာမယဥာဏ် ) ဖြင့် သာမက ကိုယ်တွေ့  ကျင့်စဉ်ကို ကျင့်ခြင်းဖြင့်ရအပ်သော (ဘာဝနာမယဥာဏ်)တို့ ဖြင့်သာ ဘ၀ဆိုင်ရာ အမှန်တရားကို သိမြင်နိုင်သည်ဟု လမ်းညွှန်ခဲ့ပါသည်။
ပြောင်းလဲခြင်းသဘောတရားကြောင့် ရှင်သန်ခြင်းတို့ သည်လည်း လူ့ ဆန္ဒတို့ နှင့် ဆန့် ကျင်စွာ သူ့ အမူသူသာ ဖြစ်ပျက်မည်သာဖြစ်၏။ ထို့ ကြောင့် ရှင်သန်ခြင်းတွင် အဓိပ္ပာယ်ရှိပါစေကြောင်း ……………

ဧပရယ်ဆွေဆွေ