Monday, January 14, 2013

ပညာ လူ့အဖွဲ့အစည်း



 ပညာ လူ့အဖွဲ့အစည်း
စာရေးသူသည် စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် ပညာအကြောင်းကို စီးပွားရေး ရှုထောင့်မှ ချဉ်းကပ်လိုသည်။ မျှမျှတတ ဖြစ်သွားစေရန်အလို့ငှာ ဒဿနပိုင်းမှလည်း အနည်းငယ် တို့ထိလိုသည်။
စီးပွားရေးပညာရှင်တို့က မျက်မှောက်ခေတ်ကို "အရင်း လူ့အဖွဲ့အစည်း" (Capitalist society) ဟု မခေါ်လိုတော့ပေ။ ဤအသုံးအနှုန်းကို တစ်စတစ်စ ရုပ်သိမ်းနေကြသည်။ ထိုအစား "ပညာ လူ့အဖွဲ့ အစည်း" (Knloledge society) ဟု ခေါ်လာကြသည်။ လူ့အဖွဲ့အစည်း၏ သဘာဝ လက္ခဏာသည် အခြေခံကျကျပြောင်းလဲသွားပြီဆိုသည့် သဘောပင်ဖြစ်သည်။

အများနားလည်နေခဲ့သော အရင်းရှင်လူ့အဖွဲ့အစည်းတွင် အရင်း (အရင်းအနှီး) က အရာရာကို ဆုံးဖြတ်သည်။ အရင်းသည် အခရာဖြစ်၏။ သော့ချက်ဖြစ်၏။
ယခု ဤသဘောပြောင်းလဲသွားပါပြီ။ မျက်မှောက်ခေတ်နှင့် လာမည့်အနာဂတ်တို့တွင် ပညာကသာ အရာရာကို ဆုံးဖြတ်ပါလိမ့်မည်။ ပညာသည် လူ့အဖွဲ့အစည်းတွင် အရေးပါအရာရောက်ဆုံးနှင့် သော့ချက်အကျဆုံး ဖြစ်ပါလိမ့်မည်။ လူ့အဖွဲ့အစည်း၏ ဗဟိုမဏ္ဍိုင်တွင် ပညာက တစ်ခမ်းတစ်နား ရပ်နေပါလိမ့်မည်။

ဤနေရာ၌ အလျင်းသင့်၍ ပညာ၏ သမိုင်းကို အတိုကောက် ရှင်းလိုပါသည်။ ဆင့်ကဲဖြစ်ပေါ်မှုတရား ကိုဟောသော ဒါဝင်သီအိုရီအရဆိုလျှင် ပညာမှန်သမျှသည် လူသားတို့အသက်ရှင် နေထိုင်ရေး အတွက်သာ ဖြစ်သည်။ ဘဝရုန်းကန်မှု ပြိုင်ပွဲတွင် အသက်ရှင်တည်တံ့ ကျန်ရစ်လေအောင် ပညာ တို့ကိုရှာကြသည်။ လေ့လာသင်ကြားကြသည်။ ရှာသောပညာတို့မှာလည်း အသက်ရှင်တည်တံ့ရေးကို အထောက်အကူပြုသော ပညာတို့သာ ဖြစ်မည်။ အခြားပညာတို့မဖြစ်နိုင်ဟုပြောသည်။ ဒါဝင်သီအိုရီက တစ်ဆက်တည်းဆက်ပြောသည်မှာ ဤသို့သော် အသက်ရှင်တည်တံ့ရေးအတွက် ပညာတို့ကို ရှာဖွေ သည်မှာ လူ့သဘာဝအရပင် ဖြစ်သည်ဆိုသောအချက် ဖြစ်ပါသည်။

အချို့သောပညာရှင်တို့က ဤအချက်ကို မငြင်းဆိုသော်လည်း မပြည့်စုံဟု ဝေဖန်သည်။ လူတို့၌ ကြည်ညိုဆည်းကပ်ကိုင်းရှိုင်းလိုစိတ် (reverential impules) ရှိသည်။ အမှန်တရားနှင့် အလှတရား တို့ကို သိရှိလိုစိတ်ရှိသည်။ ဤစိတ်တို့ကြောင့်လည်း ပညာရှာမှီးကြသည်ဟု ထောက်ပြသည်။
ထို့ကြောင့် လူ၏ ပညာကဏ္ဍ၌ "အသက်ရှင် တည်တံ့ရေး အလို့ငှာဖြစ်သော ပညာ" နှင့် "အမှန်တရား နှင့် အလှတရားတို့ အလို့ငှာဖြစ်သော ပညာ" ဟူ၍ ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်လာသည်။
ဆောင်းပါးတစ်ပုဒ်၌ Wisdom ကို ပညာဟု သုံးနှုန်းထားသည်ကို ဖတ်လိုက်မိသည်။

 ဆောင်းပါးရှင်က ဘာသာရေးအကြောင်းကို ရှင်းပြနေခြင်းဖြစ်၍ ထိုဆောင်းပါးပါ "ပညာ" မှာ အမှန်တရားနှင့် အလှ တရားအလို့ငှာ ဖြစ်ထွန်းသော ပညာကိုသာ ရည်ညွှန်းခြင်းဖြစ်ကြောင်း အကဲခတ်လိုက်မိသည်။
စာရေးသူက ယခုဆောင်းပါးထဲတွင် Knowledge ကို ပညာဟုသုံးထားသည်။ မြန်မာဝေါဟာရတစ်ခု တည်းကိုပင် အင်္ဂလိပ်အဓိပ္ပာယ် တစ်မျိုးစီဖြင့် ခြားနားပြီးသုံးစွဲနေရ၍ စာရေးဆရာများ အခက်အခဲ ရှိပုံကို သဘောပေါက်စေအပ်ပါသည်။ ရှုထောင့်ခြားနားပုံကိုလည်း မြင်စေအပ်ပါသည်။

Knowledge ကို ဗဟုသုတဟု စာရေးသူ ပြန်ကြည့်သည်။ ပေါ့နေသည်ဟု ထင်၏။ စာရေးသူရေးသား လိုသောအကြောင်းအရာမှာ အထွေထွေသုတမဟုတ်။ ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုနည်းနည်း ဒီနည်းနည်း သိနေသောပညာမျိုးမဟုတ်။ အထူးသီးသန့် ရေရေလည်လည် ပတ်ပတ်နပ်နပ် ကျွမ်းကျင်သော ပညာ တို့ကို ရည်ညွှန်းသည်။ "Specialized Knowledge" ဖြစ်သည်။

အမှန်တရား၊ အလှရသတို့နှင့်လည်း သိပ်သက်ဆိုင်ခြင်းမရှိ။ အထက်တွင်ဖော်ပြသည့် အသက်ရှင် တည်တံ့ရေးကို အထောက်အကူပြုသော ပညာတို့ကိုသာ ဆိုလိုသည်။
ဤတွင် ဂရုပြုရန်မှာ အသက်ရှင်တည်တံ့ရေးဆိုသော အချက်ဖြစ်သည်။ ယခင်ကဆိုလျှင် အထွေထွေ ဗဟုသုတ ရှိရုံမျှဖြင့် လူ့လောကတွင် အသက်ရှင်နေထိုင်နိုင်သော်လည်း ယခုမူ ဤသို့မရတော့ပေ။ အထွေထွေသမား (generalist) သည် အသက်ရှင်မတည်တံ့နိုင်။ ခက်ခဲလာသည်။ သီးသန့်ကျွမ်းကျင် သူတို့သည်သာ အသက်ရှင်တည်တံ့နိုင်သော ခေတ်ဖြစ်လာပြီ။

ဤအချက်ကိုညွှန်း၍ လူ့အဖွဲ့အစည်းသည် ပညာလူ့အဖွဲ့အစည်းဖြစ်လာပြီဟု ဆိုနေကြခြင်းဖြစ်သည်။
သီးသန့်ကျွမ်းကျင်သော ပညာတို့ကလည်း အမြန်ပြေးလမ်းမပေါ်ရောက်နေကြသည်။ အလွန်လျှင်မြန် စွာ ခုန်ပေါက်ပြောင်းလဲနေကြသည်။ ခေတ်မီဆန်းကြယ်သလား မမေးနှင့်။
ထို့ကြောင့် အမီလိုက်ရေးဆိုသောအချက်သည် ဘဝရုန်းကန်မှု၏ အမှတ်အသားဖြစ်လာပါပြီ။ အမီ လိုက်နိုင်မှ ဘဝတွင် ရပ်တည်ရှင်သန်နိုင်မည်ဟု အဓိပ္ပာယ်ထွက်လာခြင်း ဖြစ်သည်။
ဤသဘောကို နှလုံးမူမိလျှင် တက္ကသိုလ်မှ တစ်ခါက သင်ကြားတတ်မြောက်ခဲ့သည့် ပညာဖြင့် အငြိမ်း စားယူသည်အထိ တစ်သက်လုံး အလုပ်လုပ်စားနေလို့ရသောခေတ်သည် နိဋ္ဌိတံပြီဆိုသောအချက်ကို ကောင်းစွာသဘောပေါက်နိုင်ကြပါလိမ့်မည်။

ယနေ့ကျောင်းမှ သင်ကြားလိုက်သော ပညာသည် မနက်ဖြန်၌ အသုံးမဝင်တော့။ "အောက်" သွားခြင်း ဖြစ်၍ပညာ၏ သင်္ခါရသည် အလွန်လျင်မြန်လာကြောင်း နှလုံးမူမိဖို့ လိုသည်။
တဟုန်ထိုး တိုးတက်လာသောပညာတို့တွင် "အဆိပ်" တွေရှိသည်ကလည်း အမှန်ပင်ဖြစ်လေ၏။ ပညာအဆိပ်ကို ဖြေဆေးမှာ ပညာကိုပိုသင်ရန်ဖြစ်လေသည်။ More Knowledge ဟုဆိုသည်။ ပညာကို ပိုတတ်ရန် ဖြစ်လေသည်။

ဤအဓိပ္ပာယ်ဖြင့် "စဉ်ဆက်မပြတ် လေ့လာသင်ကြားရေး" (Continuous learning) ဆိုသော ယခု ခေတ်စားနေသည့် ဆောင်ပုဒ်ကို နားလည်အပ်ပါကြောင်း။

Written by မောင်စူးစမ်း