Sunday, January 20, 2013

ကျောခိုင်းသူ




 
ကျောခိုင်းသူ 

ခရီးသည်တစ်စုဟာ ညအချိန်မှာ ကြယ်ရောင်ကို အားကိုးပြီး ကန္တာရကို မြင်းတွေနဲ့ ဖြတ်ကျော်လာကြတယ် ။နေ့အချိန်မှာ ပူလောင်လွန်းတဲ့အတွက် ညချမ်းအချိန်ရောက်မှ အခုလို ခရီးဆက်ထွက်လာခဲ့ကြတာဖြစ်တယ် ။
မကြာခင်မှာ အဲဒီ  

ခရီးသည်တွေဟာ ရေခန်းနေတဲ့ မြစ်ကြိးတစ်ခုနားကို ရောက်လာကြတယ် ။ရေခန်းနေတဲ့မြစ်ဆိုတော့ ခရီးသည်တွေဟာ မြင်းတွေပေါ်က မဆင်းတော့ဘဲ မြစ်ကိုဖြတ်ကြတယ် ။
ဒီလိုဖြတ်ကျော်နေတုန်းမှာ ညဥ့်ဟာအမှောင်ကြီးမှောင်သွားတယ် ။စောစောက ကြယ်ရောင်တွေကိုလည်း မမြင်ရတော့ဘူး ။ ဒါကြောင့် စမ်းတ၀ါးဝါးနဲ့ သတိကြီးစွာထားပြိး ခရီးသည်တွေဟာ မြစ်ကိုဖြတ်ကျော်နေကြတယ် ။ အဲဒိလိုဖြတ်ကျော်နေတုန်းမှာ ……..အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ အသံကြီးတစ်သံပေါ်လာတယ် ။ …အားလုံးရပ်…..ဆိုတဲ့ အသံနက်ကြီးတဲ့ဗျ ။  

အားလုံးမြင်းတွေပေါ်ကဆင်း…ဆိုတဲ့အသံ…
ခရီးသည်တွေဟာ ကြောက်ကြောက်ရွံ့ရွံ့တုန်တုန်လှုပ်လှုပ်နဲ့ မြင်းတွေပေါ်ကနေပြီး စမ်းဝါးဆင်းကြတယ် ။ ဒီလိုမြင်းတွေပေါ်ကဆင်းလို့ အောက်မှာခြေလည်းချမိရော ….နောက်တစ်ခါ အသံကြီးပေါ်လာပြန်တယ် ။
သင်တို့အောက်ကအရာတွေကိုကောက်….ဆိုတဲ့အသံ ၊
ဆက်တိုက်ပေါ်လာပြန်တာက…အိတ်တွေထဲကိုထည့်…၊ မြင်းပေါ်တက်..၊ အမြန်ဒုန်းစိုင်း…ဆိုတဲ့ အမိန့်ပေးသံတွေ …တဲ့ဗျ ။

ခရီးသည်တွေဟာလည်း ကြောက်လန့်စွာနဲ့ ကုန်းပြီးကောက်ယူထားတဲ့ ဘာမှန်းမသိတဲ့အရာတွေကို ထည့်မိထည့်ရာ အိတ်တွေထဲကိုထည့် ၊ မြင်းတွေပေါ်ကိုအမြန်တက်ပြီး ဒုန်းစိုင်းကြတယ် ၊ မကြာခင်မှာပဲ မြစ်ကိုကျော်ပြီး တစ်ဘက်ကမ်းကို တက်ခဲ့ကြတယ် ။ ဒါပေမဲ့ အသံကြီးကို သိတ်ကိုကြောက်ရွံ့ခဲ့ကြတာဆိုတော့ မနားဘဲဆက်ပြီး ဒုန်းစိုင်းကြတယ် ။ 

အာရုဏ်တက် ……….. နေလုံးကြီးထွက်လာလို့ အသေအချာ မိုးလင်းသွားတော့မှ မြင်းတွေကို ဒုန်းအစိုင်းရပ်ကြတယ် ။နားကြတယ် ။ ပြီးတော့ ….. သူတို့ မကောက်ချင်ဘဲနဲ့ ကြောက်လို့ ကောက်ယူပြီး ထည့်မိထည့်ရာ ထည့်ယူလာခဲ့ကြတဲ့ အရာတွေကို ဘာတွေများလဲလို့ သိရအောင် ထုတ်ကြည့်ကြတယ် ။
ခရီးသည်တွေဟာ သိတ်ကိုအံ့သြနေကြတယ် ။

သူတို့ကောက်ယူလာတဲ့အရာတွေဟာ ဘာတွေလဲဆိုတော့ အင်မတန် အရည်အသွေးကောင်းတဲ့ စိန်တုံးတွေဖြစ်နေတာကို တွေ့မြင်ကြရလို့တဲ့ …….။ကာရက် CARATS ရာကျော်ရှိတဲ့ စိန်တွေဖြစ်မှာပေါ့ ။
ခင်ဗျားဘယ်လိုထင်လဲ ဒီလောက်အရည်အသွေးကောင်းတဲ့ တန်ဖိုးတွေ အလွန်မြင့်တဲ့ စိန်တုံးတွေကို မြင်လိုက်ရလို့ သူတို့သိတ်ကို ပျော်သွားလိမ့်မယ် ၊ ၀မ်းသာကြည်နူးဖြစ်လိမ့်မယ်လို့ ထင်သလား ။

ဝေးပါသေးဗျာ….။အဲဒီခရီးသည်တွေဟာ ၀မ်းမသာနိုင်ဘူး..မပျော်နိုင်ဘူးတဲ့ဗျ..။ ဘာပြုလို့လဲဆိုတော့ အသံနက်ကြိးက “အောက်ကအရာတွေကို ကောက်” လို့ သူတို့ကို အမိန့်ပေးစဉ်က တို့တတွေ အများကြီးမကောက်ခဲ့မိတာ နာလိုက်တာ….၊ သိပ်ကို မှားခဲ့တာဘဲ ..” နဲ့ တဖွဖွ တဖျစ်တောက်တောက်နဲ့ စိန်တုံးတွေကို များများမကောက်ခဲ့မိခြင်းကို နောင်တတွေကြီးစွာရပြီး ၀မ်းနည်းပက်လက်နဲ့ စိတ်မချမ်းမသာတွေ အကြီးအအကျယ် ဖြစ်နေကြလို့တဲ့ဗျ…။
ဖြစ်မှဖြစ်ရလေဗျာ…။ အလိုလောဘဆိုတာ ဘယ်တော့မှ ကျေနပ်နိုင်တယ်မရှိဘူး ။ လောဘရဲ့အလိုကို ဘယ်အခါမှ ဖြည့်နိုင်တယ်လို့ မရှိဘူး ၊ ဘယ်လောက်ပဲမိုးတွေရွာချရွာချ ၊ ဘယ်လောက်များတဲ့ မြစ်တွေ ၊ ချောင်းတွေ ၊ စီးဝင်စိးဝင် ၊ ….မပြည့်နိုင်တဲ့ ပင်လယ်ကြီးလိုပါဗျာ…။

တကယ့်သူတော်စင်တွေ…ရဟန်းသူမြတ်တွေကတော့ ..အလိုလောဘကိုပယ်သတ်ကြတယ် ။ လူအများလိုချင်နေကြတာတွေကို သူတို့မလိုချင်ကြတော့ဘူး ။အလိုလောဘတွေနဲ့ လူအများ အမြတ်တနိုး စားသောက်သုံးဆောင်နေတာတွေကို သူတော်စင်တွေကတော့ အညှီအဟောက်တွေ မသတိစရာတွေလို့ မြင်ကြတယ် ။ အဲဒီမသတီစရာတွေကို သုံးဆောင်စားသောက်ကြသူတွေထဲမှာ သူတို့ မပါဘူး ၊ လိုချင်တပ်မက်မှုတွေကို ကျောခိုင်းလိုက်ကြပြီ အလိုလောဘတွေ ၊ တဏှာကိလေသာတွေနဲ့ ယောက်ယက်ခတ်နေတဲ့ လူ့လောကကြီးကို သူတို့ကျောခိုင်းလိုက်ပြီ ။ ပြန်စောင်းတောင် လှည့်မကြည့်ကြတော့ဘူး

 လောကကို ကျောခိုင်းသွားတဲ့အဖြစ်ကို သဘောကျလွန်းလို့ ကျွန်တော်ကရဟန်းသူမြတ်ကို သရုပ်ဖော်တဲ့အခါမှာ အခုလိုကျောခိုင်းနေတဲ့ အသွင်သဏ္ဍာန်နဲ့ ရေးဆွဲဖြစ်နေတာ…………” ဟု ထိုနေ့က …ဆရာပေါ်ဦးသက်က ပြောပြနေသည် ။

( ၂ )
အထက်ပါအကြောင်းအရာတို့ကို ရေးရန်တိုက်တွန်း၍ “ လောကကို ကျောခိုင်းသူ “ သရုပ်ဖော်ပုံကို ရေးဆွဲပေးခဲ့သော ဆရာပေါ်ဦးသက်အား ….ဤရက်များအတွင်း ထူးထူးခြားခြား သတိရလျှက်ရှိပါသည်…။

နန္ဒာသိန်းဇံ
ကွယ်လွန်သွားပြီဖြစ်သော ဆရာနန္ဒာသိန်းဇံ အားအောက်မေ့သတိရလျှက်….